Sunday, March 8, 2015

မင်းကွန်းဆရာတော်ဘုရားကြီး နှင့် ပွဲကြည့်မှု



မင်းကွန်းဆရာတော်ဘုရားကြီး နှင့် ပွဲကြည့်မှု
********************************************
"မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး"ထံသို့ "ဒါယကာတစ်ဦး"ချဉ်းကပ်လာပြီး-
"တပည့်တော်တို့ကတော့ ဆရာတော်ဘုရားကိုပဲ ကြည်ညိုလေးစားနေပါတယ်။
မြို့ကြီးပြကြီး က ကိုယ်တော်တွေတော့ မကြည်ညိုနိုင်ပါဘူးဘုရား" ဟု လျှောက်ထားရာ"မင်းကွန်းဆရာတော်ကြီး"က
"ဒကာကြီး၊ဘာအကြောင်းကြောင့်လဲ" ဟုမေးတော်မူ၏။
ထို "ဒကာ"က-
"မြို့ပြကကိုယ်တော်တွေရုပ်ရှင်ပွဲ,အငြိမ့်ပွဲ,ဇာတ်ပွဲ,မှအစနေရာတကာ သူတို့ပါ,ပါနေလို့ပါဘုရား"ဟူ၍လျှောက်ထားခဲ့လေသည်။
ထို အခါ "မင်းကွန်းဆရာတော်ကြီး"က-
"ဒကာကြီး၊ သစ်တို့တွင် ကျွန်းသစ်,ရှားပင် တို့ဟာအဖိုးမတန်ဘူးလား၊အေး-ဒီ ကျွန်း တို့၊ရှား တို့ မယ် အကာရယ်,အနှစ်ရယ်လို့ နှစ်မျိုးရှိကြရာမှာ အနှစ်ကပို၍အဖိုးတန်ပေတာပ။
ဒီလို အနှစ်ပြည့်ဝလာဖို့ရာ နှစ်ပေါင်းများစွာကြာအောင်မွေးယူရ
တယ်။အနှစ် မပြည့်သေးတဲ့ ကျွန်းပင်တို့ ,ရှားပင်တို့၊ ပင်အနုတွေကို အနှစ်မရှိရပါ့မလားလို့ မမွေးဘဲ ခုတ်လှဲသတ်ပစ်လိုက်
မယ် ဆိုရင် အနှစ်ရှိတဲ့ ကျွန်းပင်၊ ရှားပင် ရပါဦးတော့မလား။
ဒီလိုပဲ အခုတော့ မြို့ကကိုယ်တော်လေးက အနှစ်မပြည့်မီ ပွဲကြည့်ကြဦးမှာပဲ၊အနှစ်ပြည့်လာတဲ့အခါ ဒကာကြီးများအနေနဲ့ဘောပွဲ,ရုပ်ရှင်ပွဲ ကြွ ပါဘုရား လို့ ကား နဲ့သွားပင့်တောင် ဘယ်လိုမှ မလိုက်တော့ဘူး။
အခုနေ နုနုငယ်ငယ် အနှစ်ထည့်နေခိုက် အချိန် အနှစ်မပြည့်ရပါ့မလား လို့ မကြည်ညိုမလေးစားဘဲ ခုတ်လှဲထားလိုက်မယ်ဆိုရင် တန်ဖိုးရှိတဲ့ သီလအနှစ်တရား,သမာဓိအနှစ်တရား,ပညာအနှစ်တရားတွေ ပြည့်ဝလာနိုင်မှာ မဟုတ်တော့ဘူး ဒကာကြီး" ဟု မိန့်ကြားတော်မူပါသည်။
(အရှင်ဝဇီရပါဏိ(မြေထဲ)၏ ရင့်စေလိုပါသည်။တတိယသုံးနှစ်ခရီးစာစောင်။စာ-၂၁၃)
ကျွန်တော်တို့လက်လှမ်းမီရာ ခေတ်ကာလအတွင်းကပေါ်ထွန်းခဲ့သော မထေရ်ကြီးတို့၏နေပုံ၊ထိုင်ပုံ စသည်အမူအရာတို့ကိုကြည်ညိုနိုင်ကြစေရန် တင်ပြအပ်ပါသည်။
အချို့သောသူတို့က မူ-"ဤအကြောင်းအရာမျိုးဖြစ်ခဲ့ဖူးသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား"ဟူသောယုံမှားသံသယရှိပါလျှင်ထို သံသယ ပယ်ဖျောက်နိုင်စေခြင်းအကျိုးငှာဆိုင်ရာစာအုပ်ကိုဖတ်ရှုနိုင်ရန်အတွက်ရည်ရွယ်၍အညွှန်းတပ်ဖော်ပြလိုက်ရပါသည်။

0 comments:

Post a Comment