Tuesday, March 17, 2015

မဟာကပ္ပိနမင်း



မဟာကပ္ပိနမင်း

ရှေးကဘုရားလက်ထက်မှာ ကျွတ်တန်းဝင်ကြတဲ့
မဟာကပ္ပိနမင်းတို့ အနောဇာဒေ၀ီတို့ ရှေးတုန်းက
လည်း အိမ်ခြေတစ်ထောင်ရှိတဲ့ရွာမှာ ခေါင်းဆောင်
ဖြစ်ခဲ့ကြတယ်။ အားလုံးရွာသားတွေဟာ တယ် ညီ
ညွတ်တယ်။ သံဃာတော်တစ်ထောင်လောက်ဝါတွင်း
နေစရာမရှိလို့ သူတို့က ကျောင်းကလေးဆောက်လို့
ဆွမ်းပါပြုစုလို့နေကြတယ်။

နောက်တစ်ခါ ဘုရားတစ်ဆူရဲကလက်ထက်ကျတော့
သူတို့ပဲ စုစုဝေးဝေး ဖြစ်ကြတယ်။ ကျောင်းဆောက်ကြ
တယ်။ သံဃိကကျောင်းဆောက်ကြတယ်။ ကျောင်း
ဆောက်ရုံတင်မဟုတ်ဘူး။ သူတို့ဘုရားနဲ့ တရားနဲ့
သံဃာနဲ့အင်မတန်ရင်းနှီးကြတယ်။ ရင်းနှီးတယ်ဆို
တဲ့ဥစ္စာ ဟိုအနေရင်းနှီးတာမဟုတ်ဘူး။ စိတ်ရင်းနှီးနေ
တာ ဘုရားအပေါ်မှာ။ ဒီတော့ ဘ၀များစွာ သံသရာက
ဒီလိုဘုရားနဲ့ ရင်းနှီးပြီးတော့ သာသနာနဲ့ရင်းနှီးလာခဲ့
တဲ့ စိတ်ဓါတ်ဟာ နောက်ဆုံးကျတော့ မဟာကပ္ပိနမင်း၊
အနောဇာဒေ၀ီမိဖုရား၊ အမတ်တစ်ထောင် အမတ်
ကတော် တစ်ထောင်၊ ဟိုးတုန်းက အိမ်ခြေတစ်ထောင်
ရွာတုန်းက အလှူရှင်တွေနောက်ကို ကျောင်းဒကာ
ကျောင်းအမအဖြစ်နဲ့ သာသနာနဲ့ရင်းနှီးလာကြတဲ့
သာသနာ့ ဒါယကာ ဒါယိကာမတွေ ဒီမှာ ရှင်ဘုရင်
မိဖုရား အမတ်ကြီးတွေ အမတ်ကတော်တွေဖြစ်ကြ
တယ်။

ရှင်ဘုရင်က နေ့စဉ်နားထောင်တဲ့ဥစ္စာ ဘုရားပွင့်တဲ့
ဥစ္စာကို သူသိပ်ကြားချင်နေတယ်။ နေ့စဉ်နားထောင်
တယ်။ သုံးယူဇနာလောက်ထိ မြင်းလျဉ်တော်တွေကို
သွားကြစမ်းဟေ့၊ ဘာများသတင်းထူးကြားတုန်းလို
ဒီလို လွှတ်လေ့ရှိတယ်။ တစ်နေ့တော့ ဥယျာဉ်ထဲမှာ
အမတ်တစ်ထောင်နဲ့နေကြတယ်။ နောက်တော့ 
ဟိုးအဝေးက ကုန်သည်လက္ခဏာရှိတဲ့ လူတွေလာ
ကြတော့ ခေါ်စမ်းဟေ့ ဟိုလူတွေ အဝေးကလာတာ
နဲ့တူတယ်။ ခေါ်ကြတော့ အမောင်တို့ ဘယ်ကတုံး
ကျွန်တော်တို့သာဝတ္ထိကပါ။ အမောင်တို့ဆီမှာဘာများ
သတင်းထူးရှိတုံး။ ဟာ သတင်းအထူးရယ်လို့တော့
မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘုရားပွင့်တော်
မူနေပြီ။ သူကြားချင်တဲ့သတင်းဟာ ဒီသတင်းပဲ။
ပြီးတော့ ကြားလိုက်တယ်ဆိုတော့ ၀မ်းသာလိုက်တာ။
မြန်မာလို နားလည်အောင် ပြောရလို့ရှိရင် ပီတိတွေ
ဖြစ်ပြီးတော့ တစ်ခါထဲမေ့သွားတာပဲ။

နောက်တော့ ဒိ့ပြင်များ ဘာသတင်းထူးရှိပါသေးတုံး
ဆိုတော့ ဗုဒ္ဓမြတ်စွာပွင့်တော်မူလို့ ဗုဒ္ဓမြတ်စွာရဲ့ထူးခြား
တဲ့တရားတော်တွေ ပေါ်ထွန်းနေပါပြီ။ ဆိုပါတော့ မိမိ
တို့လေ့လာနေတဲ့ ဓမ္မစကြာတရားကိုပဲကြည့်ဦးတော့
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ
ဒုက္ခံ။ ပဋိသန္ဓေနေရတာလဲ ဒုက္ခပါပဲ။ အိုရတာ နာရ
တာ၊ သေရတာလဲ ဒုက္ခပဲနဲ့ အားလုံးဒုက္ခတွေစီကာ
စဉ်ကာ တစ်လောကလုံးအများဖြစ်နေတဲ့ ဒုက္ခတွေ
ကို ဟောပြီးသည့်နောက်ဒီဒုက္ခတွေ ဘာကြောင့်ဖြစ်
တုံးဆိုလို့ရှိရင် တဏှာလောဘ သမုဒယကြောင့်
ဖြစ်ရတာပဲလို့ ဒီလိုဟောတော်မူတယ်။ ဒီလိုတရား
တွေကို ဘယ်တုန်းကမှ ဘယ်သူမှမကြားဖူးသေး
ဘူး။ အဲဒီခေတ်၊ အဲဒီခေတ်ရဲ့ရှေးကခေတ် အတော်
ကြာကြာကြီးခေတ်၊ ဟိုကဿပဘုရားရှင်လက်ထက်
တုန်းကသာ ကြားဖူးတာ။ ဘယ်သူမှမကြားဖူးဘူး။
သိပ်ထူးခြားတဲ့တရားတော်တွေ ဒီမှာပေါ်နေပြီ။

ကောင်းပြီ ဒီဒုက္ခတွေ တဏှာလောဘ သမုဒယ
တွေကြောင့်ဖြစ်တဲ့ ဒုက္ခတွေကို ဒီအတိုင်းပဲ ကုန်း
ခံရတော့မှာလားဆိုတော့ ဟာဘယ်ဟုတ်မလဲ။
ဒုက္ခမှလွတ်ရာဖြစ်တဲ့ နိရောဓနိဗ္ဗာန်ရှိသေးတယ်။
ဟောတော်မူတယ်။ အံမယ် ဒီနိရောဓကိုရောက်ဖို့
ရာလမ်းစဉ်ကော မရှိပါဘူးလားလို့ဆိုတော့မဂ္ဂင်
ရှစ်ပါး မဂ္ဂသစ္စာဆိုတဲ့ လမ်းစဉ်ရှိတယ်လို့ ဒီသစ္စာ
လေးပါးတရားဟာ ဘယ်လောက်ဆန်းတုံးဒါပထမ
ဆုံးတရားပွဲ။

နောက် ဒုတိယတရားပွဲက အနတ္တလက္ခဏာတရား
တွေ ဟောတော်မူလိုက်တာ ဒီလိုတရားတွေပေါ်နေ
တယ်လို့ဆိုတော့ တစ်ခါထဲမေ့သွားပြန်တယ်။
အင်မတန်ကြားချင်တဲ့ သတင်းကောင်းကိုး။

နောက်တစ်ခါ သတိရလာလို့ ဒီ့ပြင် ဘာများပေါ်ပါ
သေးတုံး၊ ဒီတရားတော်အတိုင်း ကျင့်ပြီးတော့တရား
ထူးပေါက်နေတဲ့ အရိယာသံဃာတော်တွေလဲပေါ်
ထွန်းနေတယ်လို့ အဲဒီလို သံတော်ဦးတင်တော့မေ့
သွားပြန်တယ်။ ဘုရား တရား သံဃာနဲ့ ဘယ်လောက်
ရင်းနှီးသတုံး။

နောက်တော့ ကောင်းပြီ အမောင်တို့ အင်မတန်ထူးတဲ့
သတင်းကို ပြောဖော်ရလို့ မောင်တို့ကို ပထမဘုရား
အကြောင်းပြောဖော်ရတဲ့အတွက် အသပြာတစ်သိန်း
ဆုချပါ့မယ်။ ဒုတိယ တရားအကြောင်းပြောဖော်ရ
တဲ့အတွက် အသပြာတစ်သိန်း၊ တတိယသံဃာ
အကြောင်း ပြောဖော်ရတဲ့အတွက်အသပြာတစ်သိန်း
ဆုချပ့ါမယ်ဆိုပြီးတော့ မိဖုရားဆီစာရေးပြီးတော့ 
လွှတ်လိုက်တယ်။ မိမိတို့ကို ဘယ်သွားတုန်းဆိုလို့
ရှိရင် အဲဒီဘုရားတရားသံဃာများထွန်းပေါ်တဲ့နေရာ
မှာ အမတ်တစ်ထောင်နဲ့အတူသွားကြပါပြီလို့ အဲဒီလို
သံတော်ဦးတင်ပါလို့ မှာပြီးတော့လွှတ်လိုက်တယ်။

တစ်ခါ နဂိုထဲကလဲ မြင်းတွေနဲ့ဥယျာဉ်ထဲက ထွက်လာ
ကြတာဆိုတော့ မြင်းစီးပြီးသွားကြတာပဲ။ လမ်းမှာမြစ်
တွေတွေ့တယ်။ ဘာမှရေကူးစရာဖောင်တွေဘာတွေ
မရှိဘူး။ ကဲဘုရားကိုအာရုံပြုပြီးတော့ ဘုရားအာရုံနဲ့
ကူးသွားတယ်။ ဘာမှမဖြစ်ဘူး။ သာမန်မြင်းခွါလောက်
မြှုပ်တဲ့ရေကလေးသွားနေရသလိုပဲ။ နောက်တစ်ခါ
မြစ်တစ်စင်း မြစ်တစ်စင်း ဘုရားအာရုံယူ တရား
အာရုံယူ သံဃာအာရုံယူ ဒီလိုနဲ့ သွားလိုက်တာ
မြတ်စွာဘုရားက အဆင်သင့် လာမယ်ဆိုတာ
ကြိုသိလို့ ကြွပြီးတော့ သစ်ပင်အောက်ကထိုင်ပြီး
တော့ စောင့်ဆိုင်းကြိုဆိုတော်မူတယ်။ အဲဒီတော့
မြတ်စွာဘုရားဆီ ရောက်တယ်။ ဆိုပါတော့ ဘုရား
ဆီ တရားနာလို့ မြတ်စွာဘုရားက တရားတွေဟော
လို့ ရဟန်းပြုကြတယ်။ သူတော်ကောင်းကြီးတွေ
ချက်ချင်းသောတာပန်ဖြစ်ကြတယ်။ နောက်တော့
ရဟန္တာဖြစ်ကြရော။

နောက်ခုနက သတင်းသွားပို့တဲ့ ကုန်သည်တွေ
က မိဖုရားဆီရောက်တော့ မိဖုရားက စာကြည့်
ပြီးတော့ နေပါဦး မောင်တို့ကိုသုံးသိန်းတောင်
ဆုလာဘ်ပေးရအောင် ဘာမျိုးမောင်တို့က
ကျေးဇူးပြုလို့တုန်းလို့ဆိုတော့ အဲဒီမှာဘုရား
အကြောင်း သံတော်ဦးတင်လို့ဆိုတော့ မိဖုရား
ကြီးမေ့သွားတယ်။ နောက်တရားအကြောင်း
သံတော်ဦးတင်လို့ ပြောတော့လည်းမိဖုရား
ကြီးမေ့သွားတယ်။ သံဃာအကြောင်းသံတော်
ဦးတင်လို့ပါလို့ ပြောတော့လဲ မိဖုရားကြီးမေ့
သွားတယ်။ ဒီတော့မိဖုရားကြီးက ဒီလောက်
ကောင်းတဲ့သတင်းကိုကြားရတာဟာ မင်း
တရားကြီးက တစ်သိန်းစီသာဆုတော်လာဘ်
တော်ပေးသနားတော်မူတယ်တဲ့လား
ထိပ်ထားကတော့ သတင်းတပုဒ်အတွက်
သုံးသိန်း သုံးသိန်း သုံးသိန်း ကိုးသိန်းပေါ့
လေ ဆုပေးသနားပါမယ်။ မင်းတရားကြီး
က ဒီသတင်းကြားလို့ ဘယ်လိုများလုပ်ကြ
တုံးလို့ဆိုတော့ အားလုံးဘုရားရှိတဲ့ နေရာ
ကို အမတ်တစ်ထောင်နဲ့အတူသွားပါပြီ။

ကောင်းပြီဆိုပြီးတော့ အမတ်ကတော်တွေ
ကို ခေါ်တယ်။ ဒီသတင်းကိုပြောပြတယ်။
ပြောပြတော့ ကဲရှင်မတို့ဘယ်လိုလုပ်ကြ
မလဲမေတော့ သခင်မကောဘယ်လိုလုပ်
မလဲ။ အာ ကျုပ်ကတော့ သူတို့စွန့်ပစ်
သွားတဲ့ စည်းစိမ်ကို ဘာပြုလို့ ထွေးတဲ့
တံတွေးကို ကောက်မျိုသလိုမျိုရမလဲ။
ဒီစည်းစိမ်ဘာလုပ်မလဲ။ ဘာသုံးဖို့ရှိသေး
သလဲ။ ကျုပ်တို့သွားမယ်။ ရှင်မတို့ဘယ့်
နှယ့်တုံး။ အာ အားလုံလိုက်မယ်လို့ပြော
ကြတယ်။ တစ်ခါထဲ အမတ်ကတော်
တစ်ထောင်လဲ မြင်းယဉ်စီးပြီးတော့ 
သွားကြတာပဲ။ ခုနက မြစ်တွေကူးသွား
တယ်။ ဘုရားအာရုံ၊ တရားအာရုံ သံဃာ
အာရုံနဲ့ ကူးသွားတာပဲ။ ဟိုကျတော့ 
မြတ်စွာဘုရားနဲ့တွေ့တယ်။ နောက်ဆုံး
တော့ ဘိက္ခုနီမတွေဖြစ်ကြတယ်။

ဒီတော့ကာ ကျောင်းဆောက်တယ်
ကျောင်းတိုက်တည်တယ်။ တစ်ခါဒီလို
ကျောင်းတိုက်တွေထဲ သံဃာအဖြစ်နဲ့
နေကြတယ်ဆိုတဲ့ အားလုံးအစုအရုံးဟာ
ရှေးပါရမီမနည်းဘူးပါတယ်။ အင်မတန်
ကြီးကျယ်တဲ့ ပါရမီတွေလို့ နောက်ကို
ပေါ့လေ ကျွတ်တမ်းဝင်ဖို့ရန် အရည်
အချင်းရှိကြလို့ရှိရင်ရှေးပါရမီဟာ
အင်မတန်ကြီးကျယ်လာတယ်။ ခုနက
ပြန်ပြီးတော့ အမတ်မင်းများရဲ့ဝတ္ထုကို
ကြည့်ရင် တစ်ချိန်တုန်းက သံဃာ
တစ်ထောင်ကို ပစ္စေကဗုဒ္ဓါတစ်ထောင်
ကိုကျောင်းဆောက်ပြီးတော့ လှူဒါန်း
ဆွမ်းပြုစုခဲ့ကြပါတယ်။ နောက်ကိုဘုရား
လက်ထက်ကျတော့ ကျောင်းဆောက်
ပြီးတော့ ဘုရားတရားတော်နဲ့ဘုရား
ပွင့်တော်မူပြီတဲ့လို့ဆိုရင်ပဲ ဘာသတင်းနဲ့
မှ မတူဘူး၊ စိတ်ကိုဆို့ပြီးတော့ သွားလောက်
အောင် မြင့်မြတ်တဲ့သတင်းကြားရတယ်။

ဒီတော့ကာ ဘုန်းကြီးက ခုကျောင်းဒကာ
တွေကျောင်းဆောက်တယ်။ ဒီလိုကျောင်း
ကြီးပြီးသွားပြီ။ ငါ့ကျောင်းကသူများသာဓု
ခေါ်တာတော့ ခေါ်ပါစေပေါ့။ ကိုယ်က
သာယာပြီးတော့ ဒီလိုနေဖို့မဟုတ်ဘူး။
ဒီကျောင်းကြီးကို လာဝင်ကြည့်တိုင်း
ဒီဝတ္ထုကို သတိရလို့ တစ်ချိန်တို့ကျွတ်
တန်းဝင်ရမှာ ဆိုတဲ့ဥစ္စာဟာဒီလိုသူလို
ငါလိုနေရင်လဲ သူ့လိုလောဘကလေးနဲ့
လောဘကြီးနဲ့ပေါ့လေ။ လောဘကလေး
ကတော့ မကင်းဘူးပေါ့။ သူ့လိုငါ့လိုမာန်
မာနတွေ ဒေါသတွေနဲ့ ဒီလိုနေလို့ကတော့
တို့ကဟိုးနောက်ဆုံး ကျွတ်တမ်းဝင်ဖို့ရန်
အဆင်ပြေချင်မှပြေမယ်။ ဒီတော့ကာတို့
ဟာ ကြမ်းကြမ်းလောဘတွေတို့ကလျှော့
ရမယ်။ ဘုရားအာရုံနဲ့နေရမယ်။ အကြမ်း
ဗလမ်းလောဘတွေ ဒေါသတွေ မာနတွေ
မရှိစေရဘူး။ 

အရှင်ဇနကာဘိဝံသ
သာသနာပြုသြ၀ါဒတရားတော်များ

0 comments:

Post a Comment