Tuesday, October 13, 2015

လူသိနည်းသော လူယုတ်မာ



လူသိနည်းသော လူယုတ်မာ
===============
သုတ္တနိပါတ်ပါဠိတော်၊ ဝသလသုတ်မှာ အိုမင်းလာတဲ့ မိဘတွေကို လုပ်ကျွေးနိုင်စွမ်းရှိပါလျက်
လုပ်မကျွေးတဲ့ သားသမီးဟာ “လူယုတ်မာ” သာဖြစ်တယ်လို့ ဘုရားက ဟောထားတယ်။
ဒီအကြောင်းကို ခေတ်လူငယ်တွေ နားလည်အောင် ရွှေဟင်္သာတောရ၊ စံကျောင်းဆရာတော်ကြီးက...
“အနန္တဂိုဏ်းဝင် အဓိကထားရသည့်မိဘနှစ်ပါး ကြီးကျယ်စွာ။လက်ဦးဆရာ ဗြဟ္မာအလားသို့
ဘဂဝါဘုရား ဟောခဲ့တာ။သူတို့မွေးတာ ကျေးဇူးအမြတ်ကို
ကြွေးအထူးဆပ်ဖို့ နားလည်ပါ။စွမ်းနိုင်လျှက်သား အိုမင်းငြား ပစ်ထား လူယုတ်မာ။
အဲဒါကြောင့် ဗုဒ္ဓထုတ်ဟော အယုတ်သဘောကင်းစေရာ။”လို့ လင်္ကာလေးသီပြထားတယ်။

နောက်ဇာတ်အဋ္ဌကထာ “သုဝဏ္ဏသာမဇာတ်”အဖွင့်မှာ မိဘကိုလုပ်ကျွေးတဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေ
ခံစားရမယ့် ကောင်းကျိုးသုံးမျိုးကိုလည်း ဖွင့်ပြထားတယ်။ အဲဒီ ကောင်းကျိုး သုံးမျိုးက မိဘကိုလုပ်ကျွေးတဲ့
သားလိမ္မာ၊ သမီးလိမ္မာတွေကို ပညာရှိသူတော်ကောင်းတွေကလေးစားကြတယ်။
ချီးကျူးကြတယ်။
သေတဲ့အခါမှာလည်း နတ်ပြည်ကို ရောက်တယ်။ကုသလို့မရတဲ့ရောဂါတွေဖြစ်ရင် နတ်ကောင်း၊
နတ်မြတ်တွေက ဆေးကုပေးတယ်။ ဘယ်နေရာရောက်ရောက် ၊ဘေးမရောက်အောင်လည်း
စောင့်ရှောက်ပေးတယ်။
-【အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】

စဉ်းစားပါဦး



စဉ်းစားပါဦး
======
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့
ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက်
နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။
မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။
“ချစ်သားရာဟုလာ....
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။
မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ....
လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ....
လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သားရာဟုလာ....
အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....
ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။
ချစ်သားရာဟုလာ....
အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။
တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”
Posted by Dr. Ashin Indaka 

စိတ်အလှကို ပြင်ဖို့ဆိုတာ။



စိတ်အလှကို ပြင်ဖို့ဆိုတာ။
============
စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ 
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို 
စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်
အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြပါတယ်။ 
သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာ ကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက 
သတိမရကြပါ။ လွှတ်ထားကြပါတယ်။ လူ့သဘာဝလို့လည်း တွက်ကြပါတယ်။ “ လူဆိုတာ လှတာ
မြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ ” 
ဆိုပြီးတော့ လွှတ်ထားကြပါတယ်၊ စိတ်ရဲ့အညစ်အကြေးမှန်း မသိကြပါ၊ အညစ်အကြေးလို့ အသိအ
မှတ်မပြုကြပါ။ အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို 
ဘယ်သူမှ လုပ်မှာ မဟုတ်ပါ။ 
ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့
အညစ်အကြေးဆိုတာ ဘာတွေလဲ ?၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ ?၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့
အညစ်အကြေးတွေကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာတွေ သိရှိနားလည်ဖို့ လိုပါတယ်။ 
တရားပွဲကြီးတွေ ကျင်းပတာဟာ ဒါတွေသိအောင် လုပ်နေကြတာပါ။ တကယ်ကတော့ 
ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊
ကောင်းအောင် ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘော ဖြစ်ပါတယ်။
တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် “ မြတ်စွာဘုရားဟော
တဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့တစ်တွေနာယူကြမယ်၊ နာပြီးရင်သင်ခန်းစာယူသင့်
တဲ့ဟာ ယူကြမယ်၊ ရှောင်သင့်တာ ရှောင်ကြဉ်ကြမယ်၊ ဆောင်သင့်တာကို ဆောင်မယ်၊ ဒီတရားတွေ
အတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်ကြမယ် ” ဆိုတဲ့ ဒီလို နှလုံးသွင်း ရှိရပါမယ်။ 
တရားပေါ်မှာ စိတ်ဝင်စားမှု ဆိုသည်မှာ နားလည်ဖို့ အတွက် စိတ်ဝင်စားတာ ဖြစ်ရပါမယ်။ 
ကိုယ့်ဘ၀နဲ့ ပတ်သက်ပြီး ဘ၀ကို ရှင်းရှင်းလင်းလင်း မြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရား
အဆုံးအမတွေ နာယူကြရမှာ ဖြစ်ပါတယ်။ အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်
ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်ပါလိမ့်မယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်
ရောက်မှုဆိုတာ မဖြစ်နိုင်ပါ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို 
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။ 
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊ 
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
{သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ 
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ 
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌ အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင် 
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

“ကြီးပွားတိုးတက်ရေး ကျင့်စဉ် (၇)သွယ်”



“ကြီးပွားတိုးတက်ရေး ကျင့်စဉ် (၇)သွယ်”
•••••••••••••••••••••••••••••••••
ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော ဘာသာရေး
ခေါင်းဆောင်တို့က လောကလူသားတို့
ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင်၊
မိမိတို့ ရှုထောင့်အသီးသီးကနေ
ဟောပြောညွှန်ပြခဲ့ကြပါသည်။
ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော
“ဂေါတမဗုဒ္ဓ”သည် ပစ္စုပ္ပန်လက်တွေ့
လောကကြီးပွား ချမ်းသာတိုးတက်ရေး၊
တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက်ရေး၊
နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက်
နည်းလမ်းများ၊ကျင့်စဉ်များကို
သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊
ဝိနည်းဒေသနာဖြင့်တစ်သွယ်၊
အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့်
လမ်းညွှန်ဟောကြားခဲ့ပါသည်။
ဂေါတမဗုဒ္ဓက“အတ္တဟိ အတ္တနော နာထော”
မိမိကိုယ်ကို အားကိုလုပ်ပါ။ဆုတောင်း၍မရ လုပ်မှရမည်။
လုပ်ရာတွင် “ကံ၊ဉာဏ်၊ ၀ိရိယ”
ဉာဏ် နှင့် ယှဉ် လုံ့လ၀ိရိယဖြင့်
ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။
ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန် ၊တမလွန်
ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုး
အစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံး
ချမ်းမြေ့ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်မည်ဟု
ဟောကြားထားပါသည်။
ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁)။ထကြွလုံ့လရှိရမည်။
(၂)။သတိရှိရမည်။
(၃)။စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄)။စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅)။စောင့်စည်းသောဣနြေ္ဒရှိရမည်။
(၆)။တရားသဖြင့် အသက်မွေးရမည်။
(၇)။မမေ့မလျော့ရှိရမည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
[၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ် ထေရ၀ါဒဓမ္မစာစောင်မှ-]

လူပျိုဘုရားရှိပါသလား



လူပျိုဘုရားရှိပါသလား
============
ဘုရှားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတော် ဂုဏ်တော် ပါရမီတော်တို့ ကို ဦးထိပ်ထားပြီးပူဇော်ပါတယ် အရှင် ဘုရား။
★ လောကမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ မရေမတွက်နိုင်အောင် အသေင်္ချေအနန္တပွင့်တော်မူခဲ့ကြပြီးပါပြီ။
နောင်လည်းမရေမတွက်နိုင်အောင် အသင်္ချေအနန္တပွင့်တော်မူကြဦးမှာပါ။ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေထဲမှာ လူပျိုဘုရား တစ်ဆူမှ မပါပါဘူး။ဘုရားအားလုံးအိမ်ထောင်ရှင်ဘုရားတွေချည်းပဲ။
★ လူပျိုဘုရား ဘာကြောင့်မရှိသလဲဆိုတာ ကျမ်းဂန်မှာတိုက်ရိုက်ပြမထားပေမယ့် ကျမ်းဂန်လာဒေသနာ
အမျိုးမျိုးနဲ့ ချိန်ထိုး ဆက်စပ်ကြည့်မယ်ဆိုရင်တော့ ကျေနပ်လောက်တဲ့အဖြေ ထွက်လာနိုင်ပါတယ်။
★ မွေးဖွးရာဇာတိက သက္ကတိုင်း ကပိလ၀တ်မြို့ ခမည်းတော်ကသုဒ္ဓေါဒနမင်းကြီး မယ်တော်က မာယာဒေ၀ီ လူ့ဘ၀အမည်ကသိဒ္ဓတ္တ ကြင်ရာတော်က ယသော်ဓရာ သားတော်က ရာဟုလာ
နန်းစံသက်က (၁၃)နှစ် တော်ထွက်ချိန်က အသက် (၂၉) နှစ်စသည်အားဖြင့်လူသားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရေးရာဇ၀င်
အချက်အလက်တွေ ကိုဖော်ပြလိုက်ခြင်းက ဗုဒ္ဓဆိုတာ နတ်ဒေ၀ါ မဟုတ်ဘူး သိကြားဗြဟ္မာမဟုတ်ဘူး အနန္တတန်ခိုးရှင်လည်းမဟုတ်ဘူး။
လူသားအစစ် လူသားဆိုမှ တကယ့်လူသားအစစ် ဆိုတာကို အထင်အရှားသက်သေပြပြီးသားဖြစ်သွားပါတယ်။
"လူသားစစ်စ်ဖြစ်ကြောင်းပြသနိုင်ခြင်း" ဆိုတဲ့အချက်က လူပျိုဘုရားမရှိခြင်းရဲ့ ပထမအကြောင်း
တစ်ချက်ဖြစ်ပါတယ်။
★ ဒီလိုမှ မဟုတ်ရင် ဗုဒ္ဓက နတ်ဒေ၀ါပဲ တန်ခိုးကြီးမှာပေါ့ ဗုဒ္ဓကနတ်ဗြဟ္မာ
ပဲဟောနိုင်မှာပေါ့ ဟောအား၇ှိမှာပေါ့ဆိုပြီး မြတ်ဗုဒ္ဓရဲ့ တရားစကားတော်တွေကို
မလေးမစားနဲ့ ယုကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်။အဲ့ဒိလိုဆိုရင် ဗုဒ္ဓပွင့်ထွန်းပေါ်
ပေါက်လာခြင်းရဲ့အကျိုးတရားကို လူတွေခံစားခွင့်ရမှာ မဟုတ်ဘူး။
ဗုဒ္ဓပွင့်ပေါ်ပေါက်လာတာဟာ လူသားတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိသလို
ဖြစ်သွားမယ်။
★ ဘုရားဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမယ့် ပါရမီ(၁၀)ပါး ထဲမှာ နေက္ခမ္မပါရမီဆိုတာ တစ်ခုအပါအ၀င်ဖြစ်တယ်။ကာမဂုဏ်အာရုံတွေကနေ ရုန်းထွက် အနှောင်အဖွဲ့တွေကို စွန့်ခွာပြီး
တောထွက်ခြင်းပါပဲ။ပါရမီဆယ်ပါး အပြားသုံးဆယ် ဆိုတဲ့အတိုင်းပါရမီတစ်ခုတစ်ခုမှာ မူလပါရမီ ဥပပါမီ ပရမတ္ထပါရမီ လို့သုံးမျိုးစီကွဲပါတယ်။မြန်မာလိုပြောရင်တော့ ရိုးရိုးပါရမီ ၊ ဥပပါရမီ ဆိုတာ
အင်္ဂါစွန့်တာ ၊ ပရမတ္ထပါရမီဆိုတာက အသက်စွန့်ပါရမီ ပါ။
★ နေက္ခမ္မပါရမီ ဖြည့်ကျင့်တဲ့နေရာမှာလည်း ရိုးရိုးနေက္ခမ္မပါရမီ အင်္ဂါစွန့်နေက္ခမ္မပါရမီ အသက်စွန့် နေက္ခမ္မပါရမီ လို့သုံးမျိုးရှိပါတယ်။တွယ်တာ တပ်မက်စရာ ကာမဂုဏ် အနှောင်အဖွဲ့ အထူးအထွေမရှိဘဲ စွန့်လွှတ်တောထွက်တာကို ရိုးရိုးနေက္ခမ္မပါရမီ လို့ခေါ်တယ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်လို့ပါ။
ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း တွေနဲ့ အလားသဏ္ဌာန်တူတဲ့မိဘဆွေမျိုး ညီအစ်ကို မောင်နှမ အိုးအိမ်တိုက်တာ ရတနာရွှေငွေတိုင်းပြည်ထီးနန်း စတဲ့ပိုငဆိုင်မှုအရပ်ရပ်ကို မစွဲမတွယ် မငြိမကပ်ဘဲ
စွန့်လွတ် တောထွက်တာကိုတော့ "အင်္ဂါစွန့်နေက္ခမ္မပါရမီ" လို့ခေါ်တယ်။ခက်ခက်ခဲခဲစွန့်လွှတ်ရတယ်။
★ ကိုယ့်အသက်နဲ့ ဥပမာတူတဲ့ ကိုယ့်အသက်နဲ့ထပ်တူထပ်မျှ မြတ်နိုးစုံမက်
နှစ်သက်ချစ်ခင်ရတဲ့ ဇနီးမယား သမီးသားကို
သံယောဇဉ် ရိုက်ဖြတ်ချိုးပြီး ငဲ့ကွက်ကင်းစွာ စွန့်လွှတ်တောထွက်တာကို
အသက်စွန့်နေက္ခမ္မပါရမီ လို့ခေါ်တယ်။
အသက်စွန့်ရသလို ခက်ခက်ခဲခဲကြီးစွန့်လွှတ်ရလို့ပါ။
ပရမတ္ထနေက္ခမ္မပါရမီ ဖြည့်ကျင့်ကြောင်း ပြသနိုင်ခြင်းဆိုတဲ့ အချက်က
လူပျိုဘုရား မရှိရခြင်းရဲ့ ဒုတိယ အကြောင်းတစ်ခုဖြစ်ပါတယ်။
★ ကာမဂုဏ်ချမ်းသာကို ငြိကပ်စါာခံစားတဲ့လမ်းကို မြတ်စွာဘုရားက
ယုတ်ညံ့တယ် သာမန်လူတွေအကျင့် ကိလေသာထူပြောသူတွေ
ရဲ့အလုပ် သန့်စင်မြင့်မြတ်ခြင်း မထိုက်တန်တဲ့ စစ်မှန်တဲ့ အကျိုးစီးပွားကို
မဖြစ်ထွန်းနိုင် လို့ကဲ့ရဲ့ရှုတ်ချထားပါတယ်။
တကယ်လို့ ဘုရားရှင်က လူပျိုဆိုရင် သူမခံစာဖူးတိုင်း
ကာမဂုဏ်ချမ်းသာကို အပြစ်လျောက်ပြောနေတာ။
ကာမဂုဏ် ချမ်းသာရဲ့ အပြစ်ကို သူဘယ်လောက်သိလဲ
ဓာတ်ခံညံ့တဲ့သူတွေ အပြစ်ထောက်ပြစရာ ဖြစ်နေပါလိမ့်မယ်။
★ ကြီးကျယ်တဲ့ ကာမဂုဏ်စည်းစိမ်တွေကို စွန့်လွှတ်လာခဲ့သူက
ကာမဂုဏ်စည်းစိမ် စွန့်လွှတ်သင့်ကြောင်းဟောတာဟာ
သဘောတရားနဲ့ လက်တွေ့တစ်ထပ်တည်းကျတဲ့အတွက်
နာကြားရသူအဖို့ လက်ခံကျေနပ်တဲ့အပြင် လိုက်နာကျင့်သုံးဖို့လည်းမခက်ဘူး။
"ကာမဂုဏ်ခံစားတဲ့ လမ်းဟာ နိဗ္ဗာန်မရောက်စေနိုင်တဲ့ အစွန်းဖြစ်ကြောင်း
လက်တွေ့ပြသနိုင်ခြင်းဆိုတဲ့ "အချက်က လူပျိုဘုရား မရှိရခြင်းရဲ့ တတိယ
အကြောင်းတစ်ခုဖြစ်ပါတယ်။
★ ကာမဂုဏ်ချမ်းသာဟာ ကမ္မသစ္စာရှု့ထောင့်က ကြည့်ရင်တော့
ကုသိုလ်ဘုန်းကံရှိမှ ခံစားရတာပါ။မြတ်စွာဘုရားဟာ
သတ္တ၀ါအားလုံးပြုထားတဲ့ ကုသိုလ်ကောင်းမှုအားလုံးထက်တောင်
အဆပေါင်းများစွာ သာလွန်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုထားတာမို့
ကာမဂုဏ်ချမ်းသာကို အဆင့်အတန်းအမြင့်ဆုံး အထက်တန်းအကျဆုံး
ခံစားလိုက်ခြင်းအားဖြင့် လူသားတစ်ဦးရဲ့ လူရည်လူသွေး ပြည့်စုံ
ခြင်း လူ့ဂုဏ်ပုဒ် ပြည့်ဝခြင်းကို သက်သေထူပြီးသားဖြစ်သွားတယ်။
"ကုသိုလ်ဘုန်းကံ ဟာကွက်မရှိအောင် ပြည့်စုံကြောင်း ပြသနိုင်ခြင်း "
ဆိုတဲ့ အချက်က လူပျိုဘုရားရှိရခြင်းရဲ့စတုတ္ထအကြောင်း
တစ်ခုဖြစ်ပါတယ်။ဒီလေးချက်လောက်ဆိုရင် ကျေနပ်မယ်လို့ ထင်ပါတယ်
ဒိထက်မကလည်း ထုတ်ပြနိုင်ပါသေးတယ်။
(အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ)
(လူပျိုဘုရား လုံးဝမရှိ တရားမှ ကောက်နှုတ်ချက်)

သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။




သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။
=================
လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။
မကောင်းတဲ့ဘက်မှာ အားသာနေသူအတွက် ကောင်းတဲ့ဘက် ရောက်အောင် 
လုပ်တယ်ဆိုတာ ရေဆန်ကိုတက်ရတာနဲ့ အလားသဏ္ဍန်တူပါတယ်။
လူတွေက အကုသိုလ်လုပ်ဖို့ရာ လွယ်ပေမယ့် (အကုသိုလ်အကျိုးကျ အင်မတန်မှ 
ကြောက်စရာ ကောင်းတော့) အကုသိုလ်က အကျိုးပေးတဲ့ ဒုက္ခကိုတော့ ဘယ်သူမှ မခံချင်ကြ
ပါ။ ခံချင်တာက ကုသိုလ်က အကျိုးပေးတဲ့ သုခကိုပဲ ခံချင်ကြပါတယ်။ ဒါပေမယ့် သုခရချင်လို့ 
ကုသိုလ်လုပ်ဖို့ ကျတော့ လုပ်ဖို့ရာ ခက်ပြန်ရော။ 
ဒါကြောင့် မြတ်စွာဘုရား သာသနာတော်နဲ့ကြုံပြီး သိတတ်တဲ့အသိဉာဏ် ရ,ထားတဲ့ 
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ကောင်းအောင်ပြင်ဖို့ မမေ့သင့်ပါ။ ကောင်းအောင်ပြင်ဖို့အတွက်ဆို
ရင် စဉ်းစားဆင်ခြင်မှု ရှိရပါမယ်။ “ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် ” 
ကောင်းအောင်ပြင်ဖို့အတွက် စဉ်းစားတယ်၊ ဆင်ခြင်တယ်ဆိုတာ အမှတ်တမဲ့ မနေရပါ။
“ တို့တစ်တွေ တရားပွဲလာတာဟာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေကို တစ်လုံး
သိသိ၊ နှစ်လုံးသိသိ တရားဟော ဓမ္မကထိကတွေဆီက ကြားနာရပါမယ်၊ ကြားနာရလို့ရှိရင်
တို့မှာ အသိဉာဏ်တွေတိုးပါမယ်၊ အဲဒီ တိုးလာတဲ့ အသိဉာဏ်နဲ့ တို့ဘ၀ခရီးကို မှန်မှန်ကန်ကန် 
လျှောက်နိုင်အောင် တို့တစ်တွေ ကြိုးစားကြပါမယ် ” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ တရားနာလာပါ။ 
အဲဒီရည်ရွယ်ချက်နဲ့ တရားနာမှ တရားပွဲကရတဲ့ အမြတ်ဆိုတာ ဖြစ်နိုင်ပါမယ်။ အဲဒီလို မလုပ်
နိုင်ရင် အချိန်ကုန်ပြီးတော့ တရားပွဲကိုလာ၊ တရားနာပြီး ပြန်သွားတော့ ဘာမှမကျန်တဲ့ဟာမျိုး
ဖြစ်တတ်ပါတယ်။
ကိုယ့်ဘ၀အတွက် သင်ခန်းစာရတာချင်းက တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါ။ သင်ခန်းစာယူ
တတ်ပုံချင်းလည်း မတူကြပါ။ စကားလုံးတစ်လုံးနဲ့ ပတ်သက်ပြီးတော့ အတွေးအမြင်ချင်းလည်း 
မတူကြပါ။
( ဘုန်းကြီးတို့ဇေယျသုခလမ်းမှာ မဟာသတိပဋ္ဌာနအနှစ်ချုပ်ဆိုတာ ငါးရက်ဟောတယ်၊ အဲဒီ 
ငါးရက်ဟောတဲ့အထဲက စကားလုံးလေးတစ်လုံးက သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ ပုဂ္ဂိုလ်တစ်
ယောက် ရှိခဲ့တယ်။ စကားလုံးတစ်လုံး တည်းပဲ။ ဒီ့ပြင်တရားတွေက ပြောင်းမပြောင်းတော့
မသိဘူး၊ ဒါက သူလျှောက်လို့သိတာ )။
တစ်ခါတုန်းက တရားတစ်ပုဒ်အထဲက စကားလုံးလေးတစ်လုံးက သူ့ဘ၀ကို ပြောင်းလဲ
သွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ပါတယ်။ သူ့ဘ၀ ဘယ်လိုပြောင်းသွားလဲ ?၊“ ကောင်းတာ
ကို ရချင်ရင်တော့ တစ်ခုခုတော့ လက်လွှတ်ရမယ်၊ တစ်ခုခုကို မလွှတ်ဘဲနဲ့ နောက်တစ်ခုရတယ်
ဆိုတာ မဖြစ်နိုင်ဘူး၊ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ် ” လို့ အဲဒီလို တရား
ထဲမှာ ဟိုဘက်ကမ်း ရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်၊ သံသရာဝဋ်က လွတ်ချင်တယ်၊ 
နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်လည်း ဒီဘက်ကမ်းက ခွာရမယ်။ စွန့်လွှတ်ရမယ်၊ မစွန့်လွှတ်ရင် 
မရဘူးဆိုတာ၊ ဒီတော့ သူ့နားထဲမှာ ဘာစွဲသွားတုန်းဆိုရင် “ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီ
ဘက်ကမ်းက ခွာရမယ် ” ဆိုတာ သဘောပေါက်လို့ “ ငါ နိဗ္ဗာန်ရချင်တယ်ဆိုတာ ဒီအတိုင်း
ထိုင်ဆုတောင်းနေလို့ မဖြစ်ဘူး၊ ဒီဘက်ကမ်းက ခွာမှပဲ ” ဆိုပြီးတော့ ဘုန်းကြီးဝတ်သွားပါ
တယ်။ ဆိုလိုတာက စကားလုံးလေး တစ်ခုဟာ တချို့ပုဂ္ဂိုလ်တွေအတွက် တွန်းအားတစ်ခု
ရပါတယ်။ တချို့ပုဂ္ဂိုလ်တွေအတွက်တော့ စကားလုံးထောင်သောင်းသန်းချီပေမယ့်လို့ တွန်း
အားဘာမှမဖြစ်တာလဲ ရှိနိုင်ပါတယ်။ ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို 
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။ 
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊ 
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
{သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ 
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ 
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌ အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင် 
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်



အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်
=====================
ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ၀ိပဿနာ ရှုရန် ညွှန်ကြား-
ထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်း
နှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အနတ္တလက္ခဏသုတ္တန်မှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
ဘုရားရှင်သည် သောတာပန်ဖြစ်တော်မူကြပြီးကုန်သော ပဉ္စ၀ဂ္ဂီဟူသော အမည်တော်ကို ရရှိကြသည့်
ရဟန်းတော်တို့အား ခန္ဓာ ငါးပါးတို့၏ မိမိတို့၏ အလိုအကြိုက်သို့ မလိုက်ပါနိုင်သည့် အ၀သ၀တ္တနဋ္ဌ =
အနတ္တသဘောကို ရှင်းလင်းတင်ပြပြီးသောအခါ ယင်း ခန္ဓာငါးပါးတို့ကို အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့
အနတ္တတစ်ကျော့ အမေးအဖြေများ ပြုလုပ်တော်မူ၏။ ပဉ္စ၀ဂ္ဂီရဟန်းတော်တို့က ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ
အနတ္တ တရားတို့သာ ဖြစ်ကြောင်းကို ပြန်လည်တင်ပြ လျှောက်ထားကြသောအခါ ဘုရားရှင်က ၀ိပဿနာ
ရှုကွက်ကို အောက်ပါအတိုင်း ညွှန်ကြားပြသတော်မူ၏။
တသ္မာ တိဟ ဘိက္ခဝေ ...ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ
သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ ၀ါ ၊ သဗ္ဗံ ရူပံ "နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော
အတ္တာ"တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)
ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်နေကြခြင်းကြောင့် ဤ
သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ---
အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ရုပ်တရားအားလုံးကိုလည်းကောင်း၊ မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ
ရုပ်တရား ပြင်ပဖြစ်သော ဗဟိဒ္ဓရုပ်တရား အားလုံးကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိက
ရုပ်တရား သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံးကိုလည်းကောင်း၊ ယုတ်ညံ့သော ဟီနရုပ်တရား မွန်မြတ်
သောပဏီတရုပ်တရားအားလုံးကိုလည်းကောင်း၊ ဝေးသော ဒူရရုပ်တရား နီးသော သန္တိကရုပ်တရား
အားလုံးကိုလည်းကောင်း ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို ----
"နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ"
၁။ ဤ ရုပ်တရားသည် ငါ့ဟာ မဟုတ် smile emoticon ဒုက္ခ ဟု)
၂။ ဤ ရုပ်တရားသည် ငါ မဟုတ် smile emoticon အနိစ္စ ဟု)
၃။ ဤ ရုပ်တရားသည် ငါ၏အတ္တ မဟုတ် smile emoticon အနတ္တ ဟု) ---
ဤသို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ၀ိပဿနာပညာ မဂ်ပညာဖြင့် ရှုပါ။ (သံ၊၂၊၅၆။)
ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့၌လည်း ပုံစံတူပင်ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူပေသည်။
ဤသို့လျှင် ဤအနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုပါ
ထည့်သွင်း၍ ၀ိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလိုက်၏။ ထိုညွှန်ကြားချက်များကို
ဦးထိပ်ရွက်ပန်ဆင်လျက် မဂ္ဂသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် (ပဉ္စ၀ဂ္ဂီ-ရဟန်း
တော်များအတွက် အထက်မဂ်သုံးပါးကို ဆိုလိုပါသည်။) ၀ိပဿနာသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ြ်ဖင့်
ယင်း (၁၁)မျိုး သောအခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနကန္ခ္ဓာ ငါးပါးတို့ကို (ဒေသနာဉာဏ-်တော်၏
နောက်သို့ အစဉ်လိုက်လျက်) ၀ိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသဖြင့် ပဉ္စ၀ဂ္ဂီဟူသော
အမည်ကို ရရှိတော်မူကြသည့် ရဟန်းတော်တို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၏ အဆုံး၌
အရဟတ္တဖိုလ်၌ တည်တော်မူကြလေကုန်သည်။ ။ (သံ၊၂၊၅၆။)
Dhamma Dãna Source ► Bhikkhu's Dhamma's

သောတာပန်ဆိုတာ ဒီလိုပါ



သောတာပန်ဆိုတာ ဒီလိုပါ
===============
" သောတာပန် " ဆိုတဲ့ အဓိပ္ပါယ်ကို သံယုတ္တနိကာယ် သောတာပတ္တိသံယုတ် ဒုတိယသာရိပုတ္တသုတ်မှာ
မြတ်စွာဘုရားရှင်က ……
" ချစ်သားသာရိပုတ္တရာ သောတ သောတ လို့ ပြောနေကြတယ်။ဘာကို သောတလို့ခေါ်တာလဲ "
" ဘုန်းတော်ကြီးသော မြတ်စွာဘုရား သောတဆိုတာ မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား "
ဒီအဓိပ္ပါယ်ကို ယူရမှာ။
သောတဆိုတာ သဒ္ဓါအနက်အားဖြင့် " နား " လို့လည်း ပြောလို့ရတယ် " ရေအလျဉ် " လို့လည်း ပြောလို့ရတယ်။
ဒီနေရာမှာ " ရေအလျဉ် " လို့ယူရမယ်။ ရိုးရိုးရေ မဟုတ်ဘူး။ ဓမ္မရေစီးကြောင်း။
မြစ်ထဲကရေတွေဟာ စီးဆင်းသွားတဲ့အခါ နောက်ဆုံးမှာ ပင်လယ်သမုဒ္ဓရာထဲကို ရောက်သလို မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်လို့ရှိရင်လည်း နောက်ဆုံးမှာ နိဗ္ဗာန်ကို ရောက်လိမ့်မယ်။ရေက ပင်လယ်ထဲကို စီးဆင်းတယ်။
မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန်ကို စီးဆင်းတယ်။ စီးဆင်းတာချင်းတူလို့ ……
မဂ္ဂင်ရှစ်ပါးရေအလျဉ် ဓမ္မရေအလျင်ကို " သောတ" လို့ခေါ်တယ်။
တချို့ကျတော့ " သောတ " ဆိုတာ " နား " အာပန္န " ဆိုတာ ရောက်တာ။ နားကို တရားရောက်တာ။
တရားနာရင် သောတာပန်ဖြစ်တယ်။ ဒီလိုဟောတဲ့သူတွေလည်း ရှိတယ်။
မြတ်စွာဘုရားလက်ထက်ကတော့ ဟုတ်တာပေါ့။ တရားနာရင်း သောတာပန်ဖြစ်တဲ့သူတွေ အများကြီး။
ရဟန္တာတောင် ဖြစ်ကြတယ်။ အခုခေတ်က ဖြစ်ပါ့မလား။ ဘယ်ဖြစ်ပါ့မလဲ။ ပုဂ္ဂိုလ်ချင်းမှ မတူတာ။
အခုခေတ်က နေယျပုဂ္ဂိုလ်နဲ့ ပဒပရမပုဂ္ဂိုလ်တွေပဲ ရှိတာ။
ဘုရားလက်ထက်ကလို ဥဂ္ဃါဋ္ဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ်တွေ မရှိတော့ဘူး။
ဥဂ္ဃါဋ္ဋိတညူပုဂ္ဂိုလ်ဆိုတာ တစ်ပုဒ်တစ်ပါဒနာရုံနဲ့ ရဟန္တာဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ။ အင်မတန်ဥာဏ်ကောင်းတယ်။
ဝိပဉ္စိတညူပုဂ္ဂိုလ်ကျတော့ တရားတစ်ပုဒ်ကို အကျယ်ဟောရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်တယ်။
ကဲ တို့သူငါတွေက အပုဒ်တစ်ထောင်လောက် ဟောတာတောင် ဖြစ်နိုင်ပါ့မလား။
ဟောတဲ့သူတောင် မဖြစ်တာ နာတဲ့သူက ဘယ်လိုလုပ်ဖြစ်မလဲ။ ဟောရုံနဲ့မရဘူး။ တရားအားထုတ်ရအုံးမယ်။
နာတဲ့သူကလည်း နာရုံနဲ့မရဘူး။ တရားအားထုတ်မှ ရမယ်။ အဲဒါ " နေယျပုဂ္ဂိုလ် " လို့ ခေါ်တယ်။
အခုခေတ်မှာ " နေယျပုဂ္ဂိုလ် " နဲ့ " ပဒပရမပုဂ္ဂိုလ် " တွေပဲ ရှိတယ်။
ဒါကြောင့်မို့ တရားလည်း နာရမယ်။ တရားလည်း အားထုတ်ရမယ်။ တစ်ခါတည်း နာလို့ မရဘူး။
ထပ်ခါထပ်ခါ နာရမယ်။ထပ်ခါထပ်ခါအားထုတ်ရမယ်။
တစ်နှစ်မှ ( ၁၀ ) ရက်လောက် အားထုတ်တာဆိုရင် မဂ်တော့ မရဘူး။ ကုသိုလ်ပဲရမယ်။
ကိလေသာက မြင့်မိုရ်တောင်လောက်ရှိတာဗျာ။ ( ၁၀ ) ရင် ( ၁၅ ) ရက်နဲ့ ဘယ်ရမလဲ။
ဒုတိယသာရိပုတ္တသုတ်မှာ မြတ်စွာဘုရားရှင်က ဆက်မေးတယ်။
" ချစ်သားသာရိပုတ္တရာ သောတပန္န ဆိုတာ ဘာကိုခေါ်တာလဲ "
" မဂ္ဂင် ရှစ်ပါး ရေအလျဉ်သို့ ဦးစွာ ရောက်တဲ့သူကို ခေါ်တာပါဘုရား "
ဆိုလိုတာက သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ် ရတဲ့သူကို ပြောတာ။
မဂ္ဂင်ရှစ်ပါးရေအလျဉ်ကို ဦးစွှာရောက်တဲ့ ပုဂ္ဂိုလ်ဟာ သောတာပန်
ပုဂ္ဂိုလ်ပဲ။ မဂ္ဂင်ရှစ်ပါးရေအလျဉ်ကို ရောက်တယ်ဆိုတာ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါပဲ။
ဘာနိဗ္ဗာန်လဲဆိုတော့ ခန္ဓာအကြွင်း ရှိလျက်နဲ့ မျက်မှောက်ပြုတဲ့ နိဗ္ဗာန်။
သဥပါဒိသေသနိဗ္ဗာန်။ အဲဒီနိဗ္ဗာန်ကို ဦးစွာရောက်သူ။ ဒီလိုမှသာလျှင် အဓိပ္ပါယ် ပြည့်စုံတယ်။
အပါယ်လေးပါးတံခါးပိတ်ပြီး အနုပါဒိသေသနိဗ္ဗာန်ကို ရောက်ဖို့ စိတ်ချရတဲ့ ပုဂ္ဂိုလ်လို့လည်း ဆိုနိုင်တယ်။
အနုပါဒိသေသနိဗ္ဗာန်ဆိုတာက ယခုဘဝမှာ သေပြီးတဲ့နောက် ခန္ဓာငါးပါးအသစ် ထပ်မဖြစ်တော့ဘဲ အကြွင်းမဲ့ ရုပ်သိမ်းချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်။
မြတ်စွာဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ စံဝင်သွားတဲ့ နိဗ္ဗာန်ကို ဆိုလိုတာ။
- မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ
ဆရာတော်၏ " သောတာပန်ဆိုတာ ဒီလိုပါ " တရားတော်မှ ကောက်နုတ်ဖော်ပြထားပါသည်။