Tuesday, April 29, 2014

သုပ္ပိယဥပါသိကာမ

သုပ္ပိယဥပါသိကာမ

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါ
ဗာရဏသီပြည်ရှိ သူဋ္ဌေးကြီးတွင် အလွန်ချော
မောလှပသော သမီးတစ်ဦး ရှိလေသည်။
အရွယ်ရောက်သောအခါ သုပ္ပိယသူဋ္ဌေးသား
နှင့်လက်ထပ်ထိမ်းမြားသဖြင့် သုပ္ပိယသူဋ္ဌေး
ကတော်ဟုအမည်တွင်ခဲ့၏။ ဗုဒ္ဓမြတ်စွာသည်
ရဟန်းအပေါင်းခြံရံလျှက် ဗာရာဏသီပြည်သို့
ကြွရောက်လာသောအခါဣသိပတနမိဂဒါဝုန်
ကျောင်းတိုက်၌ သီတင်းသုံးတော်မူပါသည်။
သုပ္ပိယ သူဋ္ဌေးကတော်သည် ဗုဒ္ဓမြတ်စွာကို
ပထမအကြိမ် ဖူးမြင်ရပြီး မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပန်ဖြစ်
သွားသည်။

သုပ္ပိယ သောတာပန် သူဋ္ဌေးကတော်မှာ
မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်သွားပြီး
နောက် မိဂဒါဝုန် ကျောင်းတိုက်အတွင်း၌
ကျောင်းစဉ် လှည့်လှည်၍ကြည့်ရှုလေသည်။
ထိုသို့လှည့်လည်ကြည့်ရှုသောအခါ ရဟန်း
တစ်ပါးသည် ၀မ်းလျှော၍ အားအင်ကုန်ခမ်း
လျှက် မကျန်းမမာဖြစ်နေသည်ကို တွေ့ရှိ၏။
သုပ္ပိယဥပါသကာမသည် ထိုရဟန်းကိုဖူး
တွေ့ရှိခိုးပြီးလျှင် အခြေအနေကိုစုံစမ်းမေး
မြန်းလျှောက်ထား၏။

အရှင်ဘုရား ကျန်းမာရေးအတွက်ဘာများ
လိုအပ်ပါသလဲဘုရား။

ဒါယိကာမကြီး သားမျိုးဟင်းရည်ဖြစ်သော
စွပ်ပြုပ်ရည်ကို အလိုရှိနေပါတယ်။

ကောင်းလှပါပြီ ။ အရှင်ဘုရားလိုအပ်လျက်
ရှိသော စွပ်ပြုပ်ရည်ကို တပည့်တော်မ ပို့
လိုက်ပါ့မည်။

သုပ္ပိယ ဥပါသိကာမသည် ဂိလာနရဟန်း
အား လိုအပ်သည်များကိုမေးမြန်းပြီးနောက်
မြို့တွင်းသို့ ပြန်လာခဲ့၏။ မိမိ နေအိမ်သို့ပြန်
ရောက်လျှင် အလိုလို ဖြစ်သော အသား
ပံသကူအသား ရရှိစေရန် အိမ်စေကျွန်မတို့
အား မြို့တွင်းအနှံ့ စေလွှတ်လိုက်၏။ အိမ်
စေကျွန်မတို့လည်း မြို့တွင်းအနှံ့ သွား၍ ပံ့
သကူအသား ရှာဖွေပါသော်လည်း မိမိ
ပယောဂမပါပဲ အလိုလို ရသော ပံ့သကူ
အသား ရှာမရသောကြောင့်သူဋ္ဌေးကတော်
အား ပြန်ပြောကြ၏။

သုပ္ပိယဥပါသိကာမလည်း ဂိလာနရဟန်း
ဖြစ်သော အရှင်သူမြတ်အား သားမျိုး စွပ်
ပြုပ်ရည် ပို့မည်ဟု တာဝန်ယူခဲ့၏။ ပံသကူ
အသားမရ၍ မပို့နိုင်သော် ငြိုငြင်ပင်ပန်းရှာ
လိမ့်မည်ဟု ကြံစည်တွေးတောမိသည်။
ထို့ကြောင့် အိမ်အခန်းအတွင်း ၀င်သွား၍
မိမိပေါင်သားအားလှီးဖြတ်ကာ အိမ်စေတို့
ကိုပေးအပ်၏။

သုပ္ပိယဥပါသိကာမသည် အိမ်စေတို့အား

ရှင်မ ... ဤအသားကို ငရုတ်၊ ကြက်သွန်
စသည်ဖြင့် ကောင်းစွာချက်ပြုတ်၍ မိဂ၀ါ
ဝုန် ကျောင်းတိုက်ရှိ ဂိလာနရဟန်းထံသို့
စွတ်ပြုတ်ရည် ပို့ပေးပါ။ ငါ့အား မေးလျှင်
ကောင်းစွာ မကျန်းမာ၍ ကိုယ်တိုင်မလာ
နိုင်ကြောင်း လျှောက်ထားပါဟု မှာကြား
၏။

အိမ်စေကျွန်မသည်လည်း သူဋ္ဌေးကတော်
ပြောသည့်အတိုင်းပြုလုပ်၏၊ မြတ်စွာဘုရား
သည် သုပ္ပိယသူဋ္ဌေးပင့်လျှောက်သဖြင့်
ထိုအကြောင်းကိုသိတော်မူပြီးနောက်တစ်
နေ့ နံနက်ဆွမ်းခံချိန်တွင် ရဟန်းအပေါင်း
ခြံရံလျှက် ကြွရောက်တော်မူလာ၏။

မြတ်စွာဘုရားသည် သုပ္ပိယဥပါသိကာမ
အားတွေ့ဆုံပြီးလျှင် အပြန်အလှန်မေးမြန်း
ခြင်းပြု၏။

သုပ္ပိယဥပါသိကာမ ဘယ်မှာလဲ။

မကျန်းမမာဖြစ်နေပါသည်ဘုရား။

ငါဘုရားတွေ့လိုပါသည် ပွေ့ချီ၍ခေါ်ဆောင်
လာခဲ့ပါ။

သုပ္ပိယသူဋ္ဌေးလည်း သုပ္ပိယဥပါသိကာမ
အား ပွေ့ချီ၍ ခေါ်ယူလာခဲ့၏။ သုပ္ပိယဥပါ
သိကာမသည် မြတ်စွာဘုရားရှင်ကိုဖူးမြင်
ရသည်နှင့် အနာပျောက်ကင်း၍ ပကတိ
အသွင်အတိုင်း ကျန်းမာစွာဖြင့်ရှိခိုးလေ၏။

ဗုဒ္ဓမြတ်စွာ၏ အာနုဘော်သည် အံ့မခန်း
ကြီးမြတ်လှ၏။ မဖြစ်စဖူးထူးကဲလှပေ၏။
မြတ်စွာဘုရားအားဖူးမြင်ရသည်နှင့်တပြိုင်
နက် အနာသည်ပကတိအတိုင်းဖြစ်သွား
၏ဟု ဇနီးမောင်နှံနှစ်ဦးလုံး၏စိတ်၌ တက်
ကြွစွာ သဒ္ဓါစိတ်ဖြစ်ပေါ်လျှက် ဘုရားအမှူး
ရှိသောသံဃာတော်အရှင်သူမြတ်တို့အား
တရားဟောကြားတော်မူပြီး၍ ကျောင်း
တော်သို့ပြန်ကြွတော်မူပါသည်။ ကျောင်း
သို့ပြန်ရောက်သည့်အခါ၌ သံဃာ့အစည်း
အဝေးကျင်းပ၍ အစည်းအဝေး၌အောက်ပါ
အတိုင်း မိန့်မြွက်တော်မူသည်။

ရဟန်းတို့ အဘယ်သူသည် သုပ္ပိယဥပါသိ
ကာမအား အသားတောင်းသနည်း။

တပည့်တော်သည် သုပ္ပိယဥပါသိကာမ
အား အသားတောင်းမိပါသည် ဘုရား။

ရဟန်း ... အသားပို့ဆောင်လိုက်ရဲ့လား။

ပို့ဆောင်ပေးလာပါသည်ဘုရား။

ရဟန်း .. သင်သည် သုံးဆောင်လိုက်ပါ
သလား။

သုံးဆောင်မိပါသည် မြတ်စွာဘုရား။

ရဟန်းသင်သည် မည်သည့်အသားဖြစ်
သည်ဟု စုံစမ်းမေးမြန်းမိပါရဲ့လား။

မစုံစမ်း မမေးမြန်းမိပါဘုရား။

ထိုအခါ မြတ်စွာဘုရားသည် အသားတောင်း
သည့်ရဟန်းကို များစွာသော အကြောင်းဖြင့်
ကဲ့ရဲ့ ရှုတ်ချတော်မူပြီးလျှင် လူသား မစားရ၊
စားလျှင် ဒုက္ကဋ် အာပတ် သင့်စေဟု သိက္ခာ
ပုဒ်ပညတ်တော်မူခဲ့သည်။

ဤသို့ဖြစ်ပြီးနောက် နောင်အခါ မြတ်စွာဘုရား
သည် ဇေတ၀န်ကျောင်းတော်၌ လူဝတ်ကြောင်
အမျိုးသမီးတို့အား ဧတဒဂ်ထားရာ၌

ငါ၏ တပည့်မ ဥပါသိကာမတို့တွင် သူနာကို
ပြုစုလုပ်ကျွေးရာတွင် သုပ္ပိယဥပါသိကာမသည်
အမြတ်ဆုံးဟု ဂိလာနပဋ္ဌာကီအရာတွင်ဧတဒဂ်
ထားတော်မူပါသည်။

ကျန်းကိုး ။ မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ(ဒုတိယပိုင်း)
ကိုမှီငြမ်းပါသည်။

မျိုးမြင့်-အောင်လံ
သီလ၀ဘာသာရေးမဂ္ဂဇင်း
အတွဲ-၉၊ အမှတ်-၁၂၊ ၁၉၉၈။

သြကာသမူကွဲတွေဘယ်နှစ်မျိုးရှိသလဲ

သြကာသမူကွဲတွေဘယ်နှစ်မျိုးရှိသလဲ။

ဗုဒ္ဓဘာသာဝင် မှန်သမျှ သြကာသ ကန်တော့
ချိုးကို ငယ်စဉ်ကပင် ရထားကြသည်။ 
သို့သော် ထိုသြကာသ ကန်တော့ချိုးသည် တစ်
ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့်
စကားနှင့်အညီ နေရာဒေသတစ်ခုနှင့်တစ်ခု မတူ
ကွဲပြားနေသည်လည်း ရှိကြသည်။ ထိုသြကာသ
မူကွဲတို့သည် ၈ မျိုးရှိကြောင်းသိရှိရပေသည်။
၎င်းတို့မှာ-
၁။ မူလသြကာသ
၂။ ဒွါရသြကာသ
၃။ နှစ်ရပ်ပေါင်းစပ်သြကာသ
၎။ ပမာသြကာသ
၅။ သြကာသမူသစ်
၆။ အများသုံးသြကာသ
၇။ မဟာစည်သြကာသ
၈။ မွန်သြကာသကန်တော့ချိုးတို့ပင်ဖြစ်ကြသည်။

၁။ မူလသြကာသ
ဤသြကာသသည် ပုဂံခေတ်မှစ၍ အစဉ်အလာ
အသုံးပြုခဲ့ကြသည့်သြကာသဖြစ်သည်။
သြကာသ သြကာသ သြကာ၊ ကာယကံ ၀စီကံ
မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပထမ
ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြောက်အောင် ဘုရားရတနာ တရားရတနာ
သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံး
ပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ဖူး
မြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါရသော
အကျိုးအားဖြင့် အပါယ်လေးပါး ကပ်သုံးပါး
ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါးတို့မှ ကင်းလွတ်
သည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၂။ ဒွါရသြကာသ
အထက်ပါကန်တော့ချိုး၌ပါသည့် ကံဖြင့်ရှိခိုး
ခြင်းသည် အဋ္ဌသာလိနီအဋ္ဌကထာနှင့်မညီ
ဟုဆို၍ ဒွါရဂိုဏ်းကြီးကိုတည်ထောင်တော်
မူခဲ့သည့် အုတ်ဖိုဆရာတော်သည်အောက်
ဖော်ပြပါအတိုင်း သြကာသကန်တော့ချိုးကို
ပြင်ဆင်ရေးသားတော်မူခဲ့လေသည်။
သြကာသ သြကာသ သြကာ၊ ကာယဒွါရ
ဝစီဒွါရ မနောဒွါရ တည်းဟူသော သုံးပါး
သောဒွါရတို့ဖြင့် ပထမ ဒုတိယ တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ တရားရတနာ သံဃာရတနာ
တည်းဟူသော ရတနာမြတ်သုံးပါးတို့အား
အရိုအသေ အလေးအမြတ်လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏
အရှင်ဘုရား။
ဤသို့ကန်တော့ရသောကုသိုလ်ကံစေတနာ
တို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်
ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ အနာမျိုးကိုးဆယ့်
ခြောက်ပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသနတ
ရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်း
သည်ဖြစ်၍ အဆုံးစွန်သောမဂ်တရား ဖိုလ်
တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏
အရှင်ဘုရား။

၃။ နှစ်ခုပေါင်းစပ်သြကာသ
အထက်ဖော်ပြပါ သြကာသနှစ်မျိုးတို့ဖြင့်
ကံဖြင့်ရှိခိုးသူများကို ကံဂိုဏ်းဟုခေါ်ကြ၍
ဒွါရဖြင့်ရှိခိုးသူများကို ဒွါရဂိုဏ်းဟုခေါ်ကြ
သည်။ ကံ၊ ဒွါရ အငြင်းပွားနေသည့်အတွက်
အချို့သောသူများက နှစ်မျိုးလုံးမှန်ကန်သည်
ဟု လက်ခံကာ အထက်ပါသြကာသနှစ်မျိုး
ကိုအောက်ပါအတိုင်း ပေါင်းစပ်ရှိခိုးကြပြန်
သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ တည်းဟူသောကံသုံးပါး၊
ကာယဒွါရ ၀စီဒွါရ မနောဒွါရ တည်းဟူ
သော သုံးပါးသောဒွါရတို့ဖြင့် ပထမ ဒုတိယ
တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်
အောင် ဘုရားရတနာ တရားရတနာ သံဃာ
ရတနာ တည်းဟူသောရတနာမြတ်သုံးပါးတို့
အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူ
ဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ၏ အရှင်
ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရား
လေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည် ဖြစ်၍ အဆုံးစွန်သော
မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်
ကို ရပါလို၏ အရှင်ဘုရား။

၎။ ပဏာမသြကာသ
အချို့သူများကမူ အထက်ပါကံဒွါရအငြင်း
ပွားမှုကိုရှောင်လွဲလိုသည့်အတွက်အောက်
ပါအတိုင်း ပဏာမဖြင့်ရှိခိုးကြပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယ
ပဏာမ ၀စီပမာဏ မနောပမာဏ တည်း
ဟူသော သုံးပါးသော ပမာဏတို့ဖြင့် ပထမ
ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြောက်အောင် ဘုရားရတနာ တရားရတနာ
သံဃာရတနာ တည်းဟူသောရတနာမြတ်
သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု
၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ
၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရား
လေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်
တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို
ရပါလို၏ အရှင်ဘုရား။

ထို့အပြင် ကံကို စေတနာဟုအမည်တပ်၍
ဒွါရ ပမာဏတို့ဖြင့်ရှိခိုးနည်းကို အောက်ပါ
အတိုင်းရေးသားရှိခိုးခဲ့ကြပြန်သည်။

သြကာသ သြကာသ သြကာသ၊ ကာယ
ဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာ
ဒွါရပမာဏဖြင့် ဘုရားရတနာ တရားရတနာ
သံဃာရတနာ ရတနာမြတ်သုံးပါး ဆရာ
သမားတို့အား ဘုရားတပည့်တော် ရိုသေ
မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရ
သော ကောင်းမူကံစေတနာတို့ကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသ
နတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်
ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၅။ သြကာသမူသစ်
အချို့သောသူများသည်ကား ကံဖြင့်ရှိခိုးခြင်း
ဒွါရဖြင့်ရှိခိုးခြင်း ပမာဏဖြင့်ရှိခိုးခြင်းတို့ကို
ရှောင်လွှဲလိုသောကြောင့် ကာယကံ ၀စီကံ
မနောကံတို့ကို ပြစ်မှားမိသောကံအဖြစ်ရေး
သားထားသည့် အောက်ပါသြကာသမူသစ်
တစ်မျိုးသည်လည်း ထွက်ပေါ်လာခဲ့ပြန်
သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ ကံသုံးပါးတို့တွင်တစ်ပါးပါး
သော ကံတို့ဖြင့် ပြစ်မှား ကျူးလွန်မိသည်ရှိ
သော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုး
ငှါ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား
ရတနာ သံဃာရတနာ ရတနာမြတ်သုံးပါး
ဤရတနာမြတ်သုံးပါးအပေါင်းကို ရိုသေ
မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမျှော် မာန်လျော့ ကန်
တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသ
နတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်
ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၆။ အများသုံးသြကာသ
အထက်ပါသြကာသမူသစ်ကိုပင် ထပ်မံ
အဓိပ္ပါယ်ဖွင့်ဆိုသည့် အနေဖြင့် အများသုံး
သြကာသမူသစ်ကို အောက်ဖော်ပြပါအတိုင်း
ပြုပြင်ရေးသားခဲ့ကြပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ သဗ္ဗဒေါသခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ
ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား
ရတနာ သံဃာရတနာရတနာမြတ် သုံးပါးတို့
ကို အရိုသေအလေးအမြတ်နိုးလက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏
အရှင်ဘုရား။
ကန်တော့ရသောအကျိုးအားကြောင့် အပါယ်
လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး
ငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါး
ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်
ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရား
တော်မြတ်ကို ရပါလို၏အရှင်ဘုရား။

၇။ မဟာစည်သြကာသ
အထက်ပါ ဖော်ပြပါ သြကာသတို့ အပြင်
မဟာစည် ဆရာတော် ဘုရားကြီးသည် ပို၍
ပြည့်စုံသည် သြကာသ ကန်တော့ချိုးကိုရေး
သား စီရင်တော်မူခဲ့ပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း
ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး၊
ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါ
စေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ
သံဃာရတနာရတနာမြတ် သုံးပါး ဆရာသမား
တို့ကို အရိုအသေအလေးအမြတ်နိုးလက်အုပ်
မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့
ပါ၏ အရှင်ဘုရား။
ကန်တော့ရသောဤကောင်းမှုကံ စေတနာတို့
ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်
ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါး အနာမျိုးကိုးဆယ့်ခြောက်
ပါး၊ မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့မှ အခါခပ်
သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား
ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို
၏အရှင်ဘုရား။

၈။ မွန်လူမျိုးတို့၏ သြကာသ
မွန်လူမျိုးတို့သည် ရတနာမြတ်သုံးပါး၊ မိဘ
ဆရာသမားတို့ကို ရွတ်ဆိုကန်တော့ရာ၌
ပါဠိဘာသာဖြင့်ရွတ်ဆိုကန်တော့ကြသည်။
ဤ၌အထူးမှတ်သားသင့်သည်ကား မြန်မာ
တို့၏မူလ သြကာသကန်တော့ချိုးမှာ မွန်
လူမျိုးတို့၏ပါဠိဘာသာ ကန်တော့ခန်းကို
ဘာသာပြန်၍ ပြုပြင် စီမံထားခြင်း ဖြစ်နိုင်
ကြောင်း ပညာရှိများက မိန့်ဆိုခဲ့ကြသည်။
အကြောင်းကမူပုဂံခေတ်အနော်ရထာမင်း
ကြီးလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓသာသနာ
တော်ကို ရှင်အရဟံအမှူးပြုသည့်မွန်ရဟန်း
တော်များ ဦးစီး ဦးဆောင်ပြု၍ သင်ကြားပို့
ချပေးခြင်း၊ ဖြန့်ချီခြင်းပြုခဲ့ကြသောကြောင့်
ပင်ဖြစ်သည်။

သြကာသ၊ သြကာသ၊ သြကာသ၊ ယော
ဒေါသော မောဟစိတ္တေန၊ ဗုဒ္ဓသ္မိံ၊ ဓမ္မသ္မိံ၊
သံဃသ္မိံ၊ အာစရိယသ္မိံ၊ ပကတောမယာ၊
ခမထမေ ကတံ ဒေါသံ၊ သဗ္ဗပါပံ ၀ိနဿတု။
ဒုတိယမ္ပိ ....
တတိယမ္ပိ ..... စသည်ဖြင့်ဆက်ဆိုပါ။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
မယာ- တပည့်တော်သည်။ မောဟစိတ္တေန-
တွေဝေမိုက်မဲသောစိတ်ဖြင်။ ဗုဒ္ဓသ္မိံ-ဘုရား
အပေါ်၌လည်းကောင်း။ ဓမ္မသ္မိံ- တရားအ
ပေါ်၌လည်းကောင်း၊ သံဃသ္မိံ- သံဃာအ
ပေါ်၌လည်းကောင်း၊ အာစရိယသ္မိံ-ဆရာ
သမားအပေါ်၌ လည်းကောင်း။ ယောဒေါ
သော - အကြင်အပြစ်ကို။ ပကတော - ပြစ်
မှားကျူးလွန်မိပါပြီ။ မေ- တပည့်တော်၏။
ကတံ - ပြစ်မှားကျူးလွန်မိသော။ တံဒေါသံ-
ထိုအပြစ်ကို။ ခမထ- သည်းခံတော်မူကြပါ
ကုန်ဘုရား။ သဗ္ဗပါပံ - အလုံးစုံသော
မကောင်းမူ ဟူသမျှသည်။ ၀ိနဿတု -
ပျောက်ပျက်ငြိမ်းပါစေသတည်း။
ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း စသည်
ဆက်ဆိုပါ။
တတိယမ္ပိ - သုံးကြိမ်မြောက်လည်း စသည်
ဆက်ဆိုပါ။

အထက်ပါသြကာသတို့သည် ပုဂံခေတ်မှ
သည် ယနေ့ထိတိုင် ပေါ်ပေါက်ခဲ့သည့်
သြကာသ မူကွဲတို့ပင် ဖြစ်ကြသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် - ၁၀၀ 

ပထမဦးဆုံးသိမ်

ပထမဦးဆုံးသိမ်

လျှောက်ထားပါရစေအရှင်ဘုရား။
အဘယ်ကြောင့်သိမ်သမုတ်ရပါသနည်း။
မြတ်စွာဘုရား လက်ထက်က သိမ်သမုတ်ပါ
သလား။ ဗုဒ္ဓသာသနာမှာ ပထမဆုံး သမုတ်
သည့် သိမ်ကိုသိလိုပါသည်ဘုရား။
ဘုန်းနိုင်

သိမ်ဆိုတာ ရဟန်းခံ၊ ဥပုသ်ပြု၊ ကထိန်ခင်း စတဲ့
ရဟန်းတွေချည်းသာ ဆောင်ရွက်တာကို ဗုဒ္ဓသာ
သနာသုံးဝေါဟာရနဲ့ ကံကြီးကံငယ် လို့ခေါ်တယ်။
ရှင်တော်ဗုဒ္ဓကတစ်နေရာတည်းမှာစုဝေးနေကြတဲ့
ညီညွတ်တဲ့ ရဟန်းတွေပဲ အဲဒီကံကြီးကံငယ်ကိုပြု
ရမယ်လို့မိန့်တော်မူတဲ့အခါ ဘယ်လောက်အတိုင်း
အတာနဲ့ စုဝေးမှ ညီညွတ်ပါသလဲလို့ ရဟန်းတွေ
က မေးလျှောက်ကြတဲ့အတွက် တောင်၊ ကျောက်၊
တော၊ သစ်ပင်စတဲ့ရှစ်မျိုးနဲ့ နယ်နိမိတ်ကိုစနစ်တ
ကျပိုင်းခြားပြီး နေရာကိုသတ်မှတ်ဖို့ ညွှန်ကြားပါ
တယ်။ အဲဒီလို သတ်မှတ်ထားတဲ့နေရာကို သိမ်
လို့ခေါ်တာပါ။ သိမ်ရှိမှ သာသနာ့မျိုးဆက်ဖြစ်တဲ့
ရဟန်းသံဃာအသစ်တွေဖြစ်လာမှာဖြစ်လို့ သိမ်
ဟာ ဗုဒ္ဓသာသနာမှာ အရေးကြီးတယ်။

အာဏာပိုင်တွေက နယ်နိမိတ်သတ်မှတ်ထားပြီ
ဖြစ်တဲ့ မြို့တွေ ရွာတွေဟာ အလိုလိုသိမ်ဖြစ်နေ
ပြီး သံဃာ့ကံတွေကိုဆောင်ရွက်နိုင်တယ် ( ၀ိ
၃၊ ၁၅၀ )။ ဒါပေမယ့် သံဃာတွေကံဆောင်တဲ့
အခါ သံဃာတွေ အားလုံး တစ်နေရာတည်းမှာ
စုဝေးရလို့ နယ်နိမိတ် ကျယ်ဝန်းတဲ့ မြို့တွေရွာ
ကြီးတွေမှာ တစ်ပြိုင်နက် သံဃာတွေ စည်းဝေး
ဖို့ခက်တယ်။ ဒါ့အပြင် သံဃာတွေကံပြုနေတုန်း
အခြား မြို့ရွာက သံဃာတွေ ကား၊ ရထား၊ လေ
ယာဉ်တွေနဲ့ ၀င်လာဖြတ်သွားခိုက် မကြုံဖို့လည်း
ပိုခက်နိုင်တယ်။ ဒါကြောင့် အဲဒီရွာသိမ်ကြီးထဲ
မှာပဲ တစ်နေရာတည်းစုဝေးနိုင်လောက်တဲ့နေရာ
ဥပမာ မိမိတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းဝင်း
အတွင်းမှာပဲ ဖော်ပြပြီးရှစ်မျိုးတည်းက တစ်ခုခု
နဲ့ နယ်နိမိတ်ပြန်ပိုင်းခြားပြီး ကမ္မ၀ါစာနဲ့သမုတ်
ရတာဖြစ်ပါတယ်။

ရွှေလက်ထက်တော်၌ ဂိဇ္ဈဂုဋ် တောင်ခြေရင်း
သိမ်နဲ့ မဒ္ဒကုစ္ဆိ မိဂဒါဝုန်သိမ်တို့သည် လက်ဦး
ဖြစ်၏ပင်တည်း ဆိုတဲ့အစဉ်အလာအဆိုနဲ့ပတ်
သက်ပြီး ဆင်ခြင်ဖွယ်ရှိတယ်။ မဒ္ဒကုစ္ဆိကိုလေ့
လာတဲ့အခါ .... မဒ္ဒကုစ္ဆိဆိုတာ ဂိဇ္ဈဂုဋ်တောင်
ခြေက ဘေးမဲ့ဥယျာဉ်ဖြစ်ပြီး ဝေဒေဟီမိဘုရား
ဟာ အဲဒီဥယျာဉ်မှာ အဇာတသတ်ဖြစ်မဲ့ကိုယ်
ဝန်ကိုဖျက်ဖို့ကြိုးစားဖူးတာကြောင့် မဒ္ဒကုစ္ဆိလို့
တွင်သွားခဲ့တာ ( သံ-ဋ္ဌ ၁၊ ၇၃ )။

အရှင်ဒဗ္ဗမထေရ်က ဒီဥယျာဉ်မှာ ဧည့်သံဃာ
တွေအတွက် နေရာပြင်ပေးတာ ( ၀ိ ၁၊ ၂၄၅)
ဒေ၀ဒတ်လုပ်ကြံလို့ ခြေထောက်မှာဒဏ်ရာရ
သွားတဲ့ ဘုရားရှင်ဟာ ဇီဝကရဲ့သရက်တော
ကျောင်းကို မကြွခင် မဒ္ဒကုစ္ဆိမှာ ညကျိန်းပြီး
အနားယူတာ ( သံ ၁၊ ၂၅ ) တွေကိုထောက်
ရင် သံဃာသီတင်းသုံးတဲ့ မဒ္ဒကုစ္ဆိကျောင်း
တော့ရှိတယ်။

ရာဇဂြိုလ်မြို့ကိုဝန်းရံထားတဲ့ ကျောင်းတိုက်ကြီး
၁၈ခုလုံးကိုပေါင်းပြီး အရှင်သာရိပုတ္တရာက တစ်
ခုတည်းသော မဟာသိမ် ( ဧရာမသိမ် )အနေနဲ့
သမုတ်ခဲ့တယ် ( ၀ိ-ဋ္ဌ ၂၊ ၃၃၁ )။ ကျောင်းတိုက်
တွေရဲ့အတွင်းမှာရှိနေတဲ့ ရာဇဂြိုလ်တစ်မြို့လုံး
ဟာ သိမ်ပါပဲ။ ဥပုသ်ပြုခြင်းစတဲ့သံဃာ့ကံကို
ဆောင်ရွက်တဲ့အခါ သိမ်တွင်းရှိသံဃာအားလုံး
တစ်ပါးနဲ့တစ်ပါးနှစ်တောင့်ထွာအတွင်းမှာရှိနေ
ရတယ်။

ဒါကြောင့်တစ်ခါမှာ အရှင်မဟာကဿပဟာ
ရာဇဂြိုလ်မြို့ရဲ့အနီးကျောင်းတိုက်ကြီး ၁၈ခုထဲ
ကတစ်ခုဖြစ်တဲ့ အန္ဓက၀ိန္ဓ တောကျောင်းကနေ
ဝေဠုဝန်ကျောင်းကို ဥပုသ်ပြုဖို့ကြွတော်မူတယ်။
(၀ိ ၂၊ ၁၄၇)။ အရှင်မဟာကပ္ပိနလည်း မဒ္ဒကုစ္ဆိ
ကျောင်းမှာ သီတင်းသုံးခိုက် ဥပုသ်ပြုဖို့သွားသင့်
မသွားသင့်စဉ်းစားနေတုန်း ဂိဇ္ဈဂုဋ်တောင်ပေါ်မှ
ရှင်တော်ဗုဒ္ဓတန်ခိုးနဲ့ကြွလာပြီး ဥပုသ်ပြုရာသို့
သွားဖြစ်အောင်သွားဖို့ တိုက်တွန်းတာကို ခံရဖူး
တယ် ( ၀ိ ၃၊ ၁၄၄ )။

ရာဇဂြိုလ်ဝန်းကျင် ကျောင်းတိုက်ကြီး ၁၈ခုက
သံဃာတွေ အားလုံးဟာ သိမ်ကြီးတစ်ခုရဲ့ပရိ
ဝုဏ်အတွင်းမှာ နေကြရတာဖြစ်တော့ သံဃာ့
ကံပြုတိုင်း ရဟန်းသံဃာတွေဟာ သံဃာစုဝေး
တဲ့နေရာကို အရောက် သွားကြရတယ်။ နေရာ
ထိုင်ခင်း ကျယ်ဝန်းပြီး သံဃာအများ မျှတဖွယ်
ရှိတဲ့ဘုရင်ဗိမ္ဗိသာရလှူဒါန်းတဲ့ ဝေဠုဝန်ကျောင်း
တိုက်ဟာ သံဃာစုဝေးတဲ့ နေရာတစ်ခု ဖြစ်နိုင်
တယ်။ ဂိဇ္ဈဂုဋ်တောင်ခြေနဲ့ မဒ္ဒကုစ္ဆိ မိဂဒါဝုန်တို့
လည်း ဖြစ်နိုင်တာပဲ။ သိမ်အနေနဲ့ကတော့ သာ
ရိပုတ္တရာ မဟာသိမ်ပဲ အဦးဆုံးဖြစ်မယ်လို့ယူဆ
ပါတယ်။

အရှင်ကေလာသ (USA)
ဓမ္မမေးအဖြေများ

လှလှပပဘဝ

လှလှပပဘဝ

လူတွေဟာ အများအားဖြင့်တော့ အကျင့်
စရိုက်ကောင်းရှိသူ ဖြစ်ချင်ကြတာပါပဲ.။
ငါဟာ အကျင့်စရိုက်ကောင်းသူဖြစ်အောင်
နေမယ်လို့ဆုံးဖြတ်တော့ထားတာပဲ။ ဒါပေ
မယ့် စိတ်ဆန္ဒတွေက မပြင်းထန်တော့ အ
ကျင့် စာရိတ္တပျက်ပြားစရာအခြေအနေတစ်
မျိုးမျိုးနဲ့ကြုံတဲ့အခါ ပျက်ပြားသွားပြန်တာပဲ။
မပြည့်စုံ သူကလည်း မပြည့်စုံတဲ့ အတွက်
အကျင့်ဖောက်ပြားမိတာပဲ။

တစ်ခါတုန်းက ဂင်္ဂါမြစ်ကမ်းဘေးကကျောက်
ဖြာပေါ်မှာ သစ်ကျုတ်(ကျားသစ်)တစ်ကောင်
ရှိသတဲ့။ တနေ့တော့ မမျှော်လင့်ပဲ ဂင်္ဂါမြစ်ရေ
တွေရုတ်ချည်းလျှံလာတယ်။ မြစ်ရေကဒီသစ်
ကျုတ်နေတဲ့ ကျောက်ဖျာကို ၀ိုင်းပတ်မိသည်
အထိလျှံတက်လာတယ်။ ဒီအခါမှာ သစ်ကျုတ်
ကတွေးတယ်.။ ငါ့မှာ အစာထွက်ရှာဖို့လမ်းလဲ
မရှိတော့ဘူး။ ငါတော့ငတ်ပြီးသေတော့မှာပဲ။
ရေတွေထဲဖြတ်ပြီး အစာရှာထွက်လဲ ငါသေမှာ
ပဲ။ ဒီတော့ သေမယ့်အတူတူ ဥပုသ်စောင့်ရင်း
သေတာကမှ အကျိုးရှိဦးမယ်လို့တွေးပြီးဥပုသ်
စောင့်ယင်း ကျောက်ဖျာပေါ်မှာ အိပ်နေတယ်
တဲ့။

သူအိပ်နေတုန်း သူ့အနီးအနားမှာ အသံကြား
လို့ ခေါင်းထောင်ကြည့်လိုက်တော့ သူနဲ့မနီး
မဝေးမှာ ဆိတ်တစ်ကောင်ကိုမြင်ရတယ်။
ဒီတော့ သစ်ကျုတ်က အင်း .. နောက်နေ့မှ
ဥပုသ်စောင့်တာပေါ့။ ဒီနေ့တော့ဆိတ်ကိုသတ်
ပြီး ဆိတ်သားစားလိုက်ဦးမယ်လို့ ကြံပြီးဆိတ်
ကို လိုက်ဖမ်းတယ်။ ဒါပေမယ့်ဆိတ်ကအ
ရှောင်အတိမ်း အပြေးအလွှားကောင်းတော့
ဘယ်လိုမှ ဖမ်းမရဘူး။ ဆိတ်ဟာမကြာခင်
ပဲသူ့မျက်စိအောက်ကပျောက်သွားတယ်။
ဒီအခါမှာ သစ်ကျုတ်ဟာ သူအိပ်တဲ့နေရာ
ပြန်လာပြီး အင်းငါ့မှာ ဥပုသ်သီလမှမပျက်
သေးပဲ ဆက်ပြီးစောင့်လိုက်ဦးမယ်ဆိုပြီး
ပြန်အိပ်သွားတယ်တဲ့။

ပြင်းထန်တဲ့ဆန္ဒနဲ့မြင့်မြတ်တဲ့ရည်မှန်းချက်
တွေမရှိတဲ့အခါ လူဟာ မကောင်းတဲ့အပြု
အမူတွေကိုရှောင်ပြီး ကောင်းတဲ့အပြုအမူ
တွေကို ပြုဖို့ မလွယ်လှဘူး။ ဖောက်ပြန်ချင်
ရင်လဲ မဖောက်ပြန်အောင် တောင့်မခံနိုင်
ပြန်ဘူး။ ငွေစကားပြောလာတဲ့အခါ အမှန်
တရားဟာ ဆိတ်ငြိမ်နေတယ်။ When
money speaks, the truth is silent တဲ့။
သဘောတရားအရ အသိဉာဏ် ဆင်ခြင်
ဉာဏ် Reason and Intellet တွေကဤ
သို့ပြုမူခြင်းက ကောင်းတယ်။ ထိုသို့မသိ
မြင်ခြင်းက မကောင်းဘူးလို့ ခွဲခြားသိတတ်
ပါရဲ့။ တခြားတပါးသူတွေရဲ့အပြုအမူတွေ
ကိုလည်း ဘယ်ဟာကမှားတယ်၊ ဘယ်
ဟာကမှန်တယ်လို့ ပြောတတ်ပါရဲ့။ ဒါပေ
မယ့် တကယ့် မက်မောလောက်တဲ့လိုချင်
လောက်တဲ့ငွေကြေး လာဘ်လာဘတွေရဲ့
ဆွဲဆောင်မှုကို ကိုယ်တိုင်ကြုံလာတဲ့အခါ
ဘာမှအမှားနဲ့အမှန်မပြောတော့ပဲ ဆိတ်
ဆိတ်ငြိမ်ငြိမ်လက်ခံမိလိုက်တာပဲ။ ဒါဟာ
ဘာကြောင့်လဲ ဆိုတော့ မမှန်တာတော့
မလုပ်ဘူးလို့ စိတ်က တောင့်မခံနိုင်တော့
လို့ပဲ။ စိတ်မှာ မြင့်မြတ်တဲ့ ရည်မှန်းချက်နဲ့
ပြင်းထန်တဲ့ဆန္ဒ ခိုင်ခံ့တဲ့စိတ်ဓာတ်မရှိတဲ့
အခါ ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ မောဟာ
အစရှိတဲ့အဂတိတရားတွေကိုလိုက်စားမိ
နိုင်တာပဲ။

မြင့်မြတ်တဲ့ဘ၀မျိုးကိုရောက်ဖို့ချမှတ်ထား
တဲ့ ရည်မှန်းချက်တွေ ဆန္ဒတွေအားနည်း
လို့ ... အိုဒါလောက်ကလေးတော့လုပ်
လိုက်ဦးမယ်ဆိုပြီး မဟုတ်တာကလေးတွေ
ကို တစတစ နည်းနည်း နည်းနည်းပြုလုပ်
မိရာက နောင်ကြာလာတဲ့အခါမှာ ဖျောက်
ဖျက်မရတဲ့ အကျင့်စရိုက်ကြီးတွေ အဖြစ်
လူမှာ ဖွဲ့စည်းမိသွားတာပဲ။ တခါ နှစ်ခါ
လောက်နဲ့တော့ ကိစ္စမရှိပါဘူးဆိုပြီး တစ
တစ အရက် သောက်ရာက အကြိမ်များ
လာတဲ့အခါ သွေးသားတွေကပါ ကြိုက်
တတ်တဲ့အကျင့်ရလာပြီးအရက်မသောက်
ရမနေနိုင်တဲ့အကျင့်ရသွားတာမျိုးပဲ။
တရားဥပဒေနဲ့မညီတဲ့အလုပ်မျိုးကို အို
ဒါလောက်ကလေးတွေနဲ့တော့ ဖြစ်လောက်
ပါဘူးဆိုပြီး တစတစလုပ်မိရာက ပိုမိုလက်
ရဲဇက်ရဲ ဖြစ်လာပြီး တရားဥပဒေနဲ့ဆန့်ကျင်
တဲ့ ကြီးကျယ်တဲ့မသမာမှုကြီးတွေ မကောင်း
မှုကြီးတွေကို လုပ်မိခြင်းမျိုးတွေလဲ ဖြစ်လာ
နိုင်တာပဲ။ ကြီးကျယ်တဲ့မကောင်းမှုကြီးဟာ
အနည်းငယ်အနည်းငယ် မကောင်းတာလေး
တွေစုပေါင်းမိရာက မကောင်းမှုဒုစရိုက်ကြီး
ဖြစ်ပေါ်လာတာပဲ။ Great evil has small
beginning ဆိုတဲ့စကားအတိုင်းပဲပေါ့။ ဒီလို
စွဲမြဲတဲ့အကျင့်စရိုက်မျိုးကို ရပြီဆိုရင် ဖျောက်
ဖျက်ပစ်ဖို့မလွယ်တော့ဘူး။ ဒီနေရာမှာဆက်
စပ်နေလို့ ပန်းပုဆရာကြီးတဦးပြောပြတဲ့
စကား တခုကိုပြောရဦးမယ်။ သူကပန်းပု
ထုတဲ့အခါ မလိုတာတွေကို ဖဲ့ထုတ်၊ ဖယ်
ထုတ်ပြီးတော့မှ လှပတဲ့ရုပ်လုံးပေါ်လာနိုင်
တာတဲ့။ ဒီနည်းတူပဲ လူဟာကိုယ့်ဘ၀မှာ
မလိုအပ်တဲ့အရာတွေကို ဖဲ့ဖဲ့ထုတ်၊ ပယ်
ထုတ်ပစ်ရတယ်တဲ့။ ကိုယ့်ဘ၀ကိုယ့်ခန္ဓာ
က ဖဲ့ထုတ်ပယ်ထုတ်ပစ်ရမှာက အကျင့်
ဆိုး စရိုက်ဆိုးစတဲ့အရာတွေပဲတဲ့။ အကျင့်
ဆိုးစရိုက်ဆိုးစတဲ့ မလိုလားအပ်တာတွေ
ကို ဖဲ့ထုတ်ပယ်ထုတ်ပစ်မှ တလှတပဘဝ
မျိုးဖြစ်နိုင်တာတဲ့။

နန္ဒသိန်းဇံ ၏
ခရောင်းလမ်းကိုကျော်ဖြတ်ခြင်းမှ
ဖော်ပြသည်
 —

စစ်မှန်တဲ့ ဗုဒ္ဓဘာသာတစ်ယောက်

ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူငယ်
တစ်ယောက်ဟာ စစ်မှန်တဲ့ဗုဒ္ဓဘာ
သာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့
ဘာတွေလိုအပ်ပါသလဲ ဘုရား။

ကမ္မဿကတာသမ္မာဒိဋ္ဌိ=ကောင်းတာ
လုပ်ရင် ကောင်းကျိုး ရမယ်၊ ဆိုးတာ
လုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ
ဉာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း တခြားဘာသာများနဲ့
ဗုဒ္ဓဘာသာဟာ အရှေ့နဲ့အနောက်၊ သ
မုဒ္ဒရာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊
မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနား
လှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့
လူသားတွေကို ငါ ဖန်ဆင်းထားတာလို့
ဟောတယ်။ဂေါတမဗုဒ္ဓကတော့ မင်းတို့
လူသားတွေကိုဖန်ဆင်းထားတာဟာ မင်း
တို့ ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့
ဘုရားရှင်တွေဟာ မေတ္တာရှင်၊ ကရုဏာ
ရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်း
မှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေသာ ဖန်ဆင်း
သင့်တယ်၊ အသက်တိုတဲ့ သူတွေ ဖြစ်
အောင် မဖန်ဆင်းသင့်ဘူး။

၂။ အနာရောဂါ ကင်းတဲ့ သူတွေဖြစ်
အောင်သာ ဖန်ဆင်း သင့်တယ်၊ အနာ
ရောဂါများတဲ့ သူတွေဖြစ်အောင် မဖန်
ဆင်းသင့်ဘူး။

၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်
ဆင်း သင့်တယ်၊ ရုပ်ဆိုးတဲ့ သူတွေ ဖြစ်
အောင် မဖန်ဆင်းသင့်ဘူး။

၎။ အခြွေရံများတဲ့ သူတွေဖြစ်အောင်သာ
ဖန်ဆင်း သင့်တယ်၊ အခြွေရံ နည်းတဲ့သူ
တွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။

၅။ ဆင်းရဲသူတွေ ဖြစ်အောင် မဖန်ဆင်း
သင့်ဘူး၊ ချမ်းသာတဲ့သူတွေ ဖြစ်အောင်
သာ ဖန်ဆင်းသင့်တယ်။

၆။ အမျိုးယုတ်သူတွေ ဖြစ်အောင် မဖန်
ဆင်း သင့်ဘူး၊ အမျိုးမြတ်သူတွေ ချည်း
ဖြစ်အောင် ဖန်ဆင်းသင့်တယ်။

၇။ ဉာဏ်ထိုင်းသူတွေ ဖြစ်အောင် မဖန်
ဆင်းသင့်ဘူး၊ ဉာဏ်ကောင်းသူတွေချည်း
ဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်
လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦး
ဦးက ဖန်ဆင်းတာမဟုတ်ကြောင်းထင်ရှား
ပါတယ်။ လူသားတွေဟာ မိမိကိုယ် မိမိ
ဘယ်လိုဖန်ဆင်းခဲ့သလဲ ဆိုတာကို ဘုရား
ရှင်က `စူဠကမ္မ၀ိဘင်္ဂသုတ်´မှာ အခုလို
ဟောထားတယ်။
၁။ သူ့အသက်သတ်သူမှာ အသက်တိုပြီး၊
မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်
ရှည်ပါသည်။

၂။ သူတစ်ပါးကို ညှဉ်းဆဲသူများ အနာ
ရောဂါများပြီး၊ သနားစောင့်ရှောက်သူများ
အနာရောဂါကင်းပါသည်။

၃။ ဒေါသကြီးသူများ အရုပ်ဆိုးပြီး၊ မေတ္တာ
ထားသူများ ရုပ်လှပါသည်။

၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ
အခြွေရံနည်းပြီး၊ ကိုယ့်ထက်သာတာကို
ဝမ်းမြောက်သူများ အခြွေရံများပါသည်။

၅။ မပေးလှူသူများ ဆင်းရဲပြီး၊ ပေးလှူသူ
များ ချမ်းသာပါသည်။

၆။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို
မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူ
များ အမျိုးမြတ်ပါသည်။

၇။ မသိတာကို မေးမြန်းသူများ ဉာဏ်
ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ
ဉာဏ်ထိုင်းပါသည်။

ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ
လူငယ်တွေ ပြတ်သားစွာယုံကြည်ထားရမှာ
က အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊
ကျန်းမာရေး ကိစ္စတွေအဆင်ပြေတာဟာ
ကုသိုလ်ကံကြောင့်ဖြစ်ပြီး၊ အဆင်မပြေတာ
ဟာ အကုသိုလ်ကံကြောင့်ဆိုတဲ့ အချက်ကို
ပါပဲ။

မေတ္တာရှင်-ရွှေပြည်သာ
စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ

Thursday, April 24, 2014

ကထိန်အကြောင်းသိကောင်းစရာ

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

သင်္ကြန်ရက်နှင့် သိကြားမင်း


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


သင်္ကြန်ရက်နှင့် သိကြားမင်း

ဆရာတော်ဘုရား၊ နတ်ပြည်မှာ တရက်, လူ့
သက်တမ်း တစ်ရာ-ဟု စာပေ ကျမ်းဂန်များမှာ 
ဖတ်ရှု ရပါသည်၊ ဆရာတော်ကြီးများ ဟော
သည်ကိုလည်း နာကြားရဖူးပါသည်။ ထို့ကြောင့် 
သင်္ကြန် ၃-၄ ရက်အတွင်း သိကြားမင်း လူ့ပြည်
သို့ ဆင်းသည် ဟူသည်မှာ မဖြစ်နိုင်-ဟု မှန်းဆ
မိပါသည်၊ ယင်းအချက်ကို ဖြေရှင်းပေးတော်မူပါ
ဘုရား။
( ဦးတင့်ဆွေ-စံပြ ဖဆပလ၊ မင်္ဂလာတောင်ညွှန့် )

( ဖြေ )
သင်္ကြန်အခါ၌ သိကြားမင်း ဆင်းသည်-ဟူသော 
ဝေါဟာရမှာ ကလေးသူငယ်တို့ စကားသဖွယ်သေး
သိမ်နုန့်နဲ့သော ဝေါဟာရသာဖြစ်သည်။

တနှစ်ကုန်ဆုံး၍ မိန်ရာသီမှ မိဿရာသီတို့ ပြောင်း
ခြင်းကို သင်္ကန္တ-သင်္ကြန်-ဟု ခေါ်ဆိုခြင်းဖြစ်သည်။

တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းဖြစ်၍လည်း သိကြားမင်း
မဟုတ်၊ တနင်္ဂနွေဂြိုဟ်မင်းဟူ၍ တင်စားပြောဆိုက 
ပြောဆိုနိုင်စရာ ရှိပါသည်။ တနှစ်ကုန်ဆုံးရက်သို့ 
ကျရောက်သဖြင့် သင်္ကြန်ကျခြင်း-ဟု ခေါ်ဆိုကာ 
တနှစ် ကုန်ဆုံးသော်လည်း နှစ် မကူးသေးဘဲ ရက်
ကြွင်း နှစ်ရက်, လေးနာရီ, လေးမိနစ်, လေးဆယ်
စက္ကန့် ကျန်နေသေး၍ ယင်းကို အကြတ်ရက်-ဟု 
သတ်မှတ်ကြသည်။ ရက်ကြွင်းကုန်၍ နှစ်သစ်သို့ 
တက်ရောက်ကူးပြောင်းသွားသည်ကို အတက်နေ့-
ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။

ယင်းကို ကလေးများက သိကြားမင်း ဆင်းသည် 
တက်သည်-ဟု လွယ်လွယ်ခေါ်ခြင်းသာ ဖြစ်သည်။

အမှန်အားဖြင့် ဤသင်္ကြန်ကိစ္စတို့မှာ ဗုဒ္ဓဘာသာရေး
ဆိုင်ရာ ကိစ္စများ မဟုတ်သော်လည်း လူမျိုးယဉ်ကျေး
မှုနှင့် နှစ်သစ်ကူးခြင်းဆိုင်ရာများဖြစ်၍၄င်း၊ ဤသင်္ကြန်
ကာလတွင် ဒါနပြုခြင်း, သီလစောင့်ခြင်း, ဘာဝနာပွား
ခြင်း စသော ဘာသာရေး ကိစ္စများကို တွင်တွင် ကျယ်
ကျယ် လုပ်ဆောင်ကြလေ့ရှိသဖြင့်၎င်း ဤတွင် ဘာ
သာရေးပြဿနာတရပ်အနေဖြင့်လေးလေးစားစား ဖြေ
ဆိုလိုက်ပါသည်။

ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ


“ဝါးခြောက်လုံး ဒါနကြောင့် ငရဲဘေးမှလွတ်ခဲ့သူ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
“ပဲခူးရိုးမအစပ်မှာ တောင်ငူဘုရင် တပင်ရွှေထီးတည်ခဲ့သော
စိန်ကြီးဘုရား ဆိုတာရှိတယ်။ နှစ်ကြာလာပြီး ပြုပြင်မယ့်သူမရှိတော့ 
ပျက်စီးယိုယွင်း နေတာပေါ့။”

“တစ်ခါတော့ အဲဒီစေတီနားမှာ ရဟန်းတော်တစ်ပါး 
တရားလာအားထုတ်တယ်။ ကျောင်းမရှိတော့ သစ်ပင်အောက်မှာပဲ 
ဖြစ်သလိုနေရှာတယ်။ နေပူထဲ၊ မိုးရွာထဲ ဒီအတိုင်း ပဲနေရတော့
ကြာရင် ကျန်းမာရေး ထိခိုက်လာနိုင်တာပေါ့။ 
အဲဒါကို စဉ်းစားမိတဲ့ ဦးမောင်ကြီး လို့အမည်ရတဲ့ 
ဗုဒ္ဓဘာသာ ဒကာကြီးတစ်ယောက်က တစ်ပါးနေတဲ့ကျောင်းလေး 
တစ်ကျောင်း ဆောက်လှူတယ်”။

“အားလုံးပြည့်စုံပြီး အခင်းနေရာကျမှ ဝါးခြောက်လုံးလိုနေတယ်။ 
ဦးမောင်ကြီး ရွာကလည်း အဝေးကြီးဆိုတော့ ပြန်ယူဖို့အချိန်မရဘူး။ 
ဒါနဲ့ အနီးနားရွာက သာသာခြားဖြစ်တဲ့ စောထီလအမည်ရ 
ကရင်အမျိုးသားကြီးဆီက ဝါးခြောက်လုံး အလှူခံရတယ်။ 
ဘာသာမတူပေမယ့် ကူညီတဲ့ အနေနဲ့ စောထီလက 
ဝါးခြောက်လုံး လှူလိုက်ပါတယ်။ 
စောထီလရဲ့ ဘဝ တစ်သက်တာမှာ ဒါနဆိုလို့ 
အဲဒီဝါးခြောက်လုံး လှူတာပဲရှိတယ်”။

“စောထီလဟာ တစ်ရက်တော့ တောင်ပေါ်က
ငှက်ပျောခိုင်တွေ ခုတ်ရင်း တောင်ပြိုကျလို့ မြေတွေပိပြီး
သေသလိုဖြစ်သွားတယ်။ အများအမြင်ကတော့ သေသွားတယ်ပေါ့။ 
စောထီလဟာ သုံးရက်လောက်ထိ မေ့မျောနေပြီးမှ 
သတိပြန်ရလာတယ်။ သတိရလာတာနဲ့ စိန်ကြီးဘုရားက 
သူဝါးခြောက်လုံးလှူခဲ့တဲ့ ဆရာတော်ဆီအတင်း 
လိုက်ပို့ခိုင်းပြီး သရဏဂုံ ဆောက်တည်ကာ ဗုဒ္ဓဘာသာထဲ ဝင်လိုက်တယ်။”

“သူမေ့မျောနေတဲ့အချိန်မှာ ဘာတွေတွေ့ခဲ့ရလို့လဲဘုရား”

“သူပြောပြချက်အရ တောင်ပြိုပြီးတာနဲ့ သူ့ကိုလူမည်းမည်းကြီး 
နှစ်ယောက်က မြေကြီးအောက်ထဲကို ညှပ်ခေါ်သွားသတဲ့။ 
မြေကြီးအောက်ထဲ ကျတော့ လူဝါဝါကြီး တစ်ယောက်က 
သူ့ကိုဘာကုသိုလ်တွေ လုပ်ခဲ့သလဲ ဆိုတာကို စစ်ဆေးတယ်တဲ့။
ဒေဝဒူတ သုတ္တန်မှာ ယမမင်းက လွှတ်ထားတဲ့ တမန်ငါးမျိုး ရှိတယ်”။ 

“ယမမင်းလွှတ်ထားသော တမန်ငါးမျိုး”
•••••••••••••••••••••••••••••••
အဲဒီတမန် ငါးမျိုးက-
၁။ ကလေး
၂။ သူအို 
၃။ သူနာ
၎။ သူသေ
၅။ အကျဉ်းသား တို့ပါပဲ။

“ယမမင်းမေးစစ်ပုံကတော့ အသင်လူသား အသင်လူ့ဘဝမှာ ရှိစဉ်တုန်းက သူသေကောင်ကို တွေ့ဖူးလိမ့်မည်။ ထိုသို့ သူသေကိုတွေ့သည့်အခါ ငါလည်းတစ်နေ့ကျဒီလိုသေရမှာပါလားလို့ သံဝေဂမဖြစ်ခဲ့ဘူးလား။ အဲဒီသံဝေဂနဲ့အတူ သေခြင်းတရား ရောက်မလာမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ပြုထားမှတော်မယ်ဆိုပြီး ကုသိုလ်တွေ အားမထုတ်ခဲ့ဘူးလားလို့ ငါးမျိုးလုံးစုံအောင် မေးတယ်”

“တစ်မျိုးမျိုးကို မေးမြန်းစိစစ်နေရင်းနဲ့ ပြုခဲ့တဲ့ကုသိုလ်ကို အမှတ်ရ သွားရင် ငရဲကချက်ချင်းလွတ်ပြီး နတ်ပြည်ရောက်သွားတဲ့ သူတွေ အများကြီးရှိပါတယ်။ တကယ်တော့ “ယမမင်း” ဆိုတာ သူတော်ကောင်းကြီးပါ။ ငရဲမကျထိုက်သူတွေ မကျရအောင် မေးမြန်းစိစစ်ပေးနေရှာတာပါ။ တမန်ငါးမျိုးလုံးကုန်တဲ့အထိ ကုသိုလ် ပြုတာတစ်ခုမှ မရှိတော့ဘူးဆိုရင်တော့ ယမမင်းလည်း ဘာမှ မတတ်နိုင်တော့ပဲ”

“ဒုစရိုက်အကုသိုလ်ကံများကို အသင်လူသားကိုယ်တိုင်ပြုခဲ့ခြင်း ဖြစ်တယ်။ တခြားသူတွေပြုခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အသင်လူသား ပြုခဲ့တဲ့ အကုသိုလ် ဒုစရိုက်များရဲ့ ဆိုးကျိုးကို အသင်လူသားကိုယ်တိုင် ခံပေတော့လို့ ပြောပြီး စိတ်မကောင်းစွာနဲ့ မျက်နှာကိုတစ်ဖက် လှည့်သွားတယ်။”

“အဲဒီအချိန်မှာပဲ ငရဲသားကြီးနှစ်ယောက်က စောထီလကို ဆွဲခေါ်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီဒယ်အိုးကြီးထဲကို ပစ်ချလိုက်တယ်။ အံ့သြစရာ ကောင်းတာက ဒယ်အိုးထဲကိုမကျခင် လမ်းခုလတ်မှာ “ဝါးခြောက်လုံး”က စောထီလအောက်ကနေ ဒယ်အိုးထဲမကျအောင် လာခံထားတယ်”

“ငရဲသားတွေလည်း အံ့သြသွားပြီး စောထီလကို ပြန်မ,ယူလိုက်တယ်။ စောထီလကို ပြန်မ,ယူလိုက်တာနဲ့ ဝါးခြောက်လုံးက ပျောက်သွားပြန်တယ်။ ဒီအခါ ငရဲသားများက စောထီလကို ဒယ်အိုးထဲပြန်ပစ်ချ လိုက်တာနဲ့ ဝါခြောက်လုံးက လာခံနေပြန်တယ်။ သုံးကြိမ်တိုင်အောင် ပစ်ချလို့မရမှ ငရဲသားတွေက စောထီလကို ယမမင်းကြီးထံ ပြန်ခေါ်သွားတယ်”

“ယမမင်းကြီးက သေချာစစ်ဆေးကြည့်တော့ စိန်ကြီးဘုရားနားမှာ သီတင်းသုံးတဲ့ ရဟန်းတစ်ပါးကို ဝါးခြောက်လုံးလှူခဲ့တာကို သတိရသွားတယ်။ အဲဒီမှာ ယမမင်းကြီးက စောထီလ အဲဒီလိုကုသိုလ်တွေ ဆက်လုပ်ပါ လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီမှာတင် စောထီလ ပြန်သတိရလာတာပါပဲ”

“............................”

အမိုးဆီမှ စကားထောက်မရ၍ လှမ်းကြည့်လိုက်သောအခါ အမိုးတစ်ယောက် မျက်နှာကို ပုဝါအုပ်ပြီး ငိုကြွေးနေသည်ကို တွေ့ရ၏ ။

“အမိုး - ဘာဖြစ်လို့ ငိုနေတာလဲ”

“တပည့်တော်မ ဝမ်းနည်း, ဝမ်းသာခံစားရလို့ပါဘုရား။ ဝမ်းနည်းတာကတော့ အနှစ်သာရဘာမှမရှိတဲ့ ဘာသာခြားဘဝမှာ အနှစ် ၇၀- အထိ နေခဲ့ရလို့ပါဘုရား။ ဝမ်းသာတာကတော့ ရတနာသုံးပါးရဲ့ ကြည်ညို အားထားထိုက်ပုံတွေကို မသေခင် သိခွင့်ရသွားလို့ပါပဲဘုရား။ ဆရာတော်ထံက ဘုရားရတနာအကြောင်းကို နာယူရစဉ်ကတည်းက တပည့်တော် ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူချင်နေတာပါဘုရား”။

“ဒါပေမယ့် အသက် ၇၀- အရွယ်ရောက်ကာမှ တတိယမြောက် ဘာသာကို ပြောင်းရမှာ တပည့်တော်မ သိပ်ဝန်လေးနေပါတယ်ဘုရား။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူချင်လျက်နဲ့ မခံယူပဲအောင့်ပြီး နေတာပါပဲ။ အခုတော့ တပည့်တော်မ မနေနိုင်တော့ပါဘူးဘုရား။ နောက်ထပ်ဘယ်လောက်ပဲ နေရနေရ ဗုဒ္ဓဘာသာ အဖြစ်နဲ့ပဲနေပြီး ဗုဒ္ဓဘာသာ အဖြစ်နဲ့ပဲ သေချင်ပါတယ်ဘုရား”

မေတ္တာရှင်(ရွှေပြည်သာ)၏
‘အရှုံးမရှိတဲ့ ဒဿန” မှမျှဝေပါတယ်။



" အင်းခန်းလို့ လယ်တီ၊
လယ်တီတော့ ငှက်ကျ၊
ငှက်ကျတော့ ကြောင်ခုတ်၊
ကြောင်ခုတ်တော့ ထွန်ဆင်း၊
ထွန်ဆင်းတော့ မိုးရွာ၊
ဒီတစ်ခါရွာတဲ့မိုး ၊ 
ချိုးမိအောင် ချိုး
မချိုးရင် ချိုးကပ်လိမ့်မယ် "

"အင်းခန်း" ဆိုတာက အင်းကန်း ဆရာတော်ကြီးကို ဆိုလိုတာပါ။ ဒုတိယမြောက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးဖြစ်တဲ့
မဟာဝိသုဒ္ဓါရုံဆရာတော်
ဘုရားကြီးဖြစ်ပါတယ်။
ဆိုလိုတာက အဲဒီ ဆရာတော်ကြီး မရှိတော့ - (အင်းခန်းတော့ လယ်တီ)

"လယ်တီ" ဆိုတာက လယ်တီဆရာတော်ကြီးဦးဉာဏ (1208-1285) ကိုပြောတာပါ။ ဒီပနီ ကျမ်းပေါင်းများစွာကိုြ့ပုစုပြီး (အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် D.Litt ပိဋကတ္တယပါရဂူဘွဲ့) ကိုဆက်ကပ်ခံခဲ့ရတဲ့ ဆရာတော်ကြီးလည်းဖြစ်သည်။
လယ်တီဆရာတော်ဘုရားကြီး ပြီးတော့ 

(လယ်တီတော့ ငှက်ကျ)
"ငှက်ကျ" ဆိုတာက ငှက်တွင်းဆရာတော်ကြီးကို ပြောချင်တာပါ။ 

(ငှက်ကျတော့ ကြောင်ခုတ်)
"ကြောင်ခုတ်" ဆိုတာက ကြောင်ပန်းတောရ ဆရာတော်ကြီး(1222-1288) ရဟန်းဘွဲ့အမည် ဦးဣန္ဒက ဖြစ်ပါတယ်။ လယ်တီဆရာတော်ကြီးရဲ့ တပည့်လည်းဖြစ်ပါတယ်။

"ကြောင်ခုတ်တော့ ထွန်ဆင်း"

"ထွန်းဆင်း" ဆိုတာက စွန်းလွန်းဆရာတော်ကြီးဦးက၀ိ
ိ (1239-1314) ကိုပြောတာပါ။

စွန်းလွန်းဆရာတော်ကို 
ထွန်ထောင် ကိုယ်တော်၊ ထွန်ဆင်းကိုယ်တော့ စသည်ဖြင့် ခေါ်ကြပါတယ်။ ယာထွန်နေရင်း သတိသံဝေဂပြင်းပြလို့
သာသနာဘောင် ဝင်ရောက်ခဲ့တဲ့
အတွက် ခေါ်ဆိုကြတာဖြစ်ပါတယ်
(1314-ခု၊ ကဆုန်လပြည့်ကျော် (9)ရက်၊ စနေနေ့ညနေ 5 နာရီအချိန်တွင် ခန္ဓာဝန်ချတော်မူပါတယ်။)

"ထွန်းဆင်းတော့ မိုးရွာ"
"မိုးရွာ" ဆိုတာက မိုးကုတ်ဆရာတော်ကြီးကို ဆိုလိုတာပါ။
"ဒီတစ်ခါ ရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး"
ဆိုတာက မိုးကုတ်ဆရာတော်ကြီးက သစ္စာတရားများကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားခဲ့ပါတယ်။ 

ဆရာတော်ကြီး ဟောကြားတဲ့ သစ္စာတရားများဟာ မိုးရွာချသလိုပဲ များပြားလှပါတယ်။ ဒီတစ်ခါ ရွာချတဲ့ သစ္စာမိုးရေကို ချိုးပါမှ ကိလေသာ အညစ်အကြေးများ ကင်းစင် ပြီး
သံသရာဒုက္ခမျိုးစုံနဲ့ ခရီးသွားခြင်းကနေ
ပ်တန့်လို့ နိရောဓ သစ္စာ
(နိ=မရှိ၊ ရောဓ= သွားခြင်း။ နိရောဓ=။သွားခြင်းမရှိ (သို့) ရပ်တန့်ခြင်း) ဆိုတဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်…


ဒု - သ - န - သော

" အိပ်မပျော်၍ နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။
ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။ "
................................
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။
ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက

“ဒု” ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော” ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။