Friday, March 27, 2015

သညာသိနဲ့ပညာသိ



သညာသိနဲ့ပညာသိ
==============
ကျွန်တော် နားလည်မိတာက စာပေဆိုတာ လူတွေပြောဟောတဲ့ စကားတွေကို မျက်စိနဲ့ မြင်ပြီးဖတ်လို့ရအောင် တနည်းအားဖြင့် မျက်စိနဲ့ကြားနိုင်အောင် ပြုပြင်ထားတာပါပဲ.. စာသိ ဆိုတာလဲ၊ စကားလုံးတွေက သိတဲ့အသိပါပဲ..
လူအများစု မြင်နေကြတာက ပရိယတ္တိဆိုရင် စာအုပ်ထဲက စာတွေကိုပဲလို့ မြင်ကြတယ်။ နားလည်နေကြတယ်။ တရားဟော၊ တရားနာ၊ တရားပြ၊ ဆရာက လမ်းညွှန်မှုတွေ ပြုလုပ်တာကို နာယူ မှတ်သားနေတာဟာလည်း စာလုံးတွေမပါပေမယ့် ပရိယတ္တိသဘောလို့ နားလည်ထားပါတယ်။ စာသိနဲ့ သဘောအတူတူပါပဲ။
စွန်းလွန်းဆရာတော်ဘုရားကြီဟာ ပိဋကစာပေတွေ မသင်ကြားဖူးပေမယ့် လယ်သမားဘ၀ သူ့(ဆရာတော်အလောင်းအလျာ)အိမ်ရှေ့မှာ ဘာသာရေးသမားတွေ တရားထိုင်ပုံထိုင်နည်းနဲ့ ပတ်သက်ပြီးဆွေးနွေး ငြင်းခုန်ကြတာကို နားရည်ဝ မှတ်သားမိနေခဲ့တယ်။ တကယ်တော့ ဒါဟာလည်း သမထ၊ ၀ိပဿနာ တို့နဲ့ပတ်သက်ပြီး စာတွေ့သဘော လေ့လာမှတ်သားခြင်း၊ သညာသိ အနေနဲ့ သိမြင်ထားခြင်းလို့ နားလည်မိပါတယ်။ တရားဆွေးနွေးသူတွေဆီက ပရိယတ္တိကို သင်ယူမှတ်သားခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တကယ်တမ်း ပညာသိအထိ လျှောက်လှမ်းဖြစ်ခဲ့တာကတော့ လက်တွေ့ကျင့်ကြံမှုအပိုင်းပေါ့..
ဒါကြောင့်.. စာသိ၊ ခန္ဒာသိရယ်လို့ ခွဲခြားမနေပဲ.. လေ့လာမှတ်သား၊ လမ်းညွှန်သင်ယူမှုကတော့ ဘုရားကလွဲရင် လိုအပ်နေဦးမှာပါ။ အခြေခံတွေကို ဆရာနည်းကျ လေ့လာမှတ်သားမှု မရှိရင် တရားလမ်းလွဲနိုင်ပါတယ်။ ဒါကြောင့် စာသိ(လမ်းညွန်ခံယူမှု)ကင်းတဲ့ ပညာသိဆိုတာ မရှိကောင်းလို့ နားလည်မိပါတယ်။ တခုပဲ ခံယူထားဖို့က စာဆိုတာ.. ပြောစကားတွေကို စာရွက်ပေါ်မှာ မျက်လုံးနဲ့ ကြားလို့ရအောင် ဖန်တီးထားတာပဲဆိုတာ သံသယမရှိ သဘောပေါက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခုက ပညာသိသဘောနဲ့ သညာသိသဘောကို ခွဲခြားနားလည်ဖို့တော့ လိုပါတယ်။ ပညာသိ သဘောကို စကားလုံးတွေနဲ့ ပုံဖော်သညာပြုလို့ မရနိုင်ပါဘူး၊ သကြားဆိုတဲ့ အရာရဲ့ ပညတ်သဘောကို စကားလုံးတွေနဲ့ ပုံဖော်လို့ရကောင်းပေမယ့် သူ့အထဲမှာ ရှိတဲ့ ချိုတဲ့သတ္တိ အမှန်တကယ်ရှိနေတဲ့ ပရမတ်သဘောကို စကားလုံးတွေနဲ့ ဘယ်လိုမှ ပုံဖော်လို့ မရနိုင်ပါဘူး။ သူကိုယ်တိုင် စားကြည့်ပြီး သိတဲ့အသိသာလျှင် တကယ့်အမှန်သိ သဘောပါ။ ဒါဟာ ဥပမာပါ.. ပြည့်စုံတိကျတဲ့ ဥပမာတော့ မဟုတ်ပါဘူး။ ရေကူးနည်းအကြောင်းရေးထားတဲ့ စာအုပ်ကို အခါတစ်သိန်းဖတ်ပြီး သည်..၏ မရွေး စာတွေကို အလွတ်ရနေပေမယ့်.. တကယ်ရေမကူးတတ်သမျှ သညာသိပါပဲ။ ရေထဲဆင်းပြီး ရေတကယ်ကူးတတ်သွားမှ ပညာသိပါ။ သူ ရေထဲမှာ မြုပ်မသွားအောင်၊ ဘယ်လိုကိုယ်ဖော့တယ်၊ ဘယ်လိုကူးတယ်ဆိုတာ ပြန်ပြီး စကားလုံးတွေနဲ့ ပုံဖော်လို့ မရနိုင်ပါဘူး၊ စက်ဘီး စီးတတ်သွားတာလည်း အဲဒီလိုပါပဲ။ ဒါတွေက ဥပမာပါ။ ဥပမာဆိုတာ ပြည့်စုံတဲ့ ခိုင်းနှိုင်းတင်ပြမှုမဟုတ်ပါဘူး။ ဥပမာကို ဥပမာလို့ပဲ နားလည်စေချင်ပါတယ်။
သညာသိဆိုတာ.. စာဖတ်ပြီးလည်း သိနိုင်ပါတယ်။ တွေးပြီးလည်းသိနိုင်ပါတယ်။ နားနဲ့ ကြားနာပြီးလည်းသိနိုင်ပါတယ်။ နည်းယူမှတ်သားပြီးလည်း သိနိုင်ပါတယ်။
လူတစ်ယောက်ကို မွေးကတည်းက ဘယ်သူနဲ့မှ ပေးမတွေ့ပဲ၊ စကားလုံးများနဲ့ ဆက်သွယ်မှုမရှိစေပဲ သူ့အလိုလို တရားမရနိုင်ပါဘူး၊ ခန္ဒာသိဆိုတာ မဖြစ်နိုင်ပါဘူး။ သာသနာပကာလ ပစ္စေကဗုဒ္ဒါကလွဲလို့ပေါ့။ စကားလုံးတွေနဲ့ ဆက်သွယ်ပြောကြားနေခြင်းသည်ပင်လျှင် စာသိ ပဲလို့ လက်ခံလိုက်ရင် စာသိတွေ၊ ခန္ဒာသိတွေကို တစ်သီးတစ်ခြားကြီးလို ခွဲခြားမြင်နေတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။ တကယ်တမ်းခွဲမြင်ရမှာက သညာသိနယ် နဲ့ ပညာသိနယ်ပါ။ သညာသိအလုပ်ကို လုပ်မိနေသမျှ သညာသိပါပဲ။ ပညာသိ ဖြစ်မယ့်အလုပ်ကို လုပ်မိမှ ပညာသိဖြစ်မှာပါ။ တကယ်တမ်းတော့ ကိုယ်ဘယ်လမ်းကြောင်းကို လုပ်နေသလဲနဲ့ ပါရမီဓါတ်ခံ ဘယ်လောက်ရှိတယ် ဆိုတာမှာပေါ်ပဲ မူတည်ပါတယ်။
အနှစ်ချုပ်ပြောချင်တာက..
စာမတတ်ပေမယ့် တရားနည်းလမ်းတကျ မှန်ကန်အောင်ကျင့်ကြံနိုင်ရင် တရားထူးရနိုင်တယ်ဆိုတာ ချွင်းချင်မရှိလက်ခံပါတယ်။ နည်းလမ်းမှန်အောင့် လေ့လာနာယူမှတ်သားခြင်းသည်ပင်လျှင် စာသိသဘောနဲ့ အတူတူပဲဆိုတာ ပြောချင်တာပါ။

0 comments:

Post a Comment