ဒါနအကျိုးနှင့် ဒါနသည် သံသရာကို ရှည်စေသလား
***********************************
ဒါနအကျိုး
***********
ဒါန၏အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ်မလိုပါ။ တိရစ္ဆာန်ကလေး တစ်ကောင်အား ၀၀လင်လင်ရှိအောင် ထမင်း တစ်ထပ်ကျွေးသော ဒါနကလေးသည်ပင် ဘ၀ပေါင်း တစ်ရာတို့၌ “အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း)”ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြားကုသိုလ်ကြောင့် လူနတ်ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။
ကဿပဘုရားရှင်လက်ထက်တော်တုန်းက မိတ်ဆွေရဟန်း ၂-ပါးရှိရာ တစ်ပါးက ဒါနရှင်၊ တစ်ပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတို့ ဘုရားလက်ထက်တိုင်အောင် လူ့ပြည်နတ်ပြည် ကျင်လည်ကြရာဝယ် ဒါနရှင်ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘ၀၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ်ဆွေရင်း ၂-ဖော် တွေ့ဆုံပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သား ဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြားစွာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။
ဒါနသည် သံသရာကို ရှည်စေသလား
****************************************
ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏”ဟု အယူသည်းကြသည်။ ပြခဲ့သော ၀တ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာဝယ် သူတို့၏ စိတ် မစင်ကြယ်မူကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူချမ်းသာ နတ်ချမ်းသာကို ခံစားရတော့မည်”ဟု ရည်ရွယ်မူ တဏှာဇောက သံသရာ ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။
အချို့က “ဘုရားရှင်သည်ပင် ဒါနတွေအားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်”ဟု သူတို့ အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေး၏။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါနအားကြီးနေလို့ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မီ ၂-ဘ၀မြောက်က အကြီးအကျယ် ဒါနကိုပြုတော်မူသည်။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်း။
ထို့ကြောင့် ဒါနသည် သူ၏ သဘောအားဖြင့် သံသရာ ကြာရရှည်စေသည် မဟုတ်ပါ။ မစင်ကြယ်သော တဏှာဇောကြောင့် သံသရာမှာ မျောကြရသည်ဟု မှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗညုတဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီအခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရသောကြောင့်သာ ဖြစ်သည်။ ဥပမာ = ရင့်မှ မှည့်နိုင်သော သရက်သီကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်း။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
0 comments:
Post a Comment