Monday, March 16, 2015

သဘာဝဓမ္မ အကျင့်တရား။



သဘာဝဓမ္မ အကျင့်တရား။
============
ဘုရားသာသနာတော်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့ တခြားကျင့်စရာမရှိပါ။
မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုတာကလည်းပဲ လူတိုင်းလူတိုင်း သန္တာန်မှာ အခြေခံအားဖြင့် ရှိနေတဲ့
တရားပဲ။ ရှိနေတဲ့တရားကို အရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။ ကိုယ့်သန္တာန်မှာဘာတွေရှိတုန်း
ဆိုရင် အာရုံပြုကြည့်၊ ဘုန်းကြီးတို့တတွေမှာ ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ရှိတယ်နော်၊ အာရုံကို
သိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာလို့ဆိုတဲ့ ခံစားချက်တွေရှိတယ်၊ မှတ်သိမှု
တွေးကြံမှုဆိုတဲ့ သဘာဝဓမ္မတွေရှိပါတယ်။
သြော် ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို သူ့သဘာဝအတိုင်းမြင်အောင် ရှုမှတ်ပွား
များနေတာဟာ မဂ္ဂင်ရှစ်ပါး ကျင့်နေတာပဲ ဖြစ်တယ်။ ဥပမာ ထွက်လေ ၀င်လေလေးကို ရှုနေလို့ရှိရင်
ကာယာနုပဿနာပဲ၊ ၀မ်းနည်းတယ်၊ ၀မ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်
လေးကို ရှုနေလို့ရှိရင် ဝေဒနာနုပဿနာ၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ 
ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင် 
စိတ္တာနုပဿနာ၊ ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေ စသည် ရှုမယ်ဆိုလို့ရှိရင်
ဓမ္မာနုပဿနာ၊ အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်ဖို့ လို
အပ်ပါတယ်။
အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့
အတွက်ဆိုရင် သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုပါတယ်၊ မှန်မှန်ကန်ကန် 
စဉ်းစားတတ်ဖို့အတွက် ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါက- သမ္မာဝါယာမ၊ ထိုကြိုးစားတဲ့အခါမှာ 
စိတ်စိုက်ဖို့ လိုအပ်ပါသေးတယ်၊ ဒါက -သမ္မာသတိ၊ အာရုံတစ်ခုထဲမှာ စိတ်ကို ငြိမ်အောင်
ထားတာက သမ္မာသမာဓိပါ၊ ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊ ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊
“ကာရာပကမဂ္ဂင်” သို့မဟုတ် “ကာရကမဂ္ဂင်” လို့ ခေါ်ပါတယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် 
အားထုတ်တဲ့ အခါမှာ ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုလို့ရှိရင် သဘာဝတွေ
ကို အမှန်အတိုင်း သိနိုင်မှာဖြစ်ပါတယ်။
ဆိုပါစို့ ထွက်လေ ၀င်လေလေးကို ရှုမှတ်နေတယ် ဆိုလို့ရှိရင် ထွက်လေ၀င်လေလေးကို 
သူ့သဘာဝလေးအတိုင်း မသိသိအောင်ကြိုးစားတာ သမ္မာဝါယာမ၊ ထို ထွက်လေ ၀င်လေလေးကို 
အမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ၊ ထိုထွက်လေ၀င်လေလေးကို အာရုံတစ်ခုထဲပေါ်မှာ 
စိတ်ကိုတည်ငြိမ်အောင် ထားတာက သမ္မာသမာဓိ၊ ထွက်လေ ၀င်လေလေးရဲ့ သဘာဝကို
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပပါ။
အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ သမ္မာဒိဋ္ဌိ၊ ထွက်လေ ၀င်လေလေးရဲ့ သဘာဝတ
ရားကို အမှန်မြင်လိုက်တာက သမ္မာဒိဋ္ဌိ၊ ထွက်လေ ၀င်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်
လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ ပေါ်လာပါတယ်၊ အဲဒီလို အမှန်မြင်လိုက်တယ်ဆိုတာ ထွက်လေ ၀င်လေ
လေးဟာ သူ့သဘာဝပါပဲ၊ ထွက်လေ၀င်လေပဲ “ငါမဟုတ်ပါလား” ဆိုတာ မြင်လာတယ်၊ ငါမဟုတ်ဘူး
ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပါ။ အဲဒီ အမှန်မြင်လိုက်တဲ့အခါကျတော့မှ ရုပ်နာမ်ဓမ္မ” သင်္ခါရတွေနဲ့ 
ပတ်သက်လာပြီးတော့ အမှန်မြင်လာတာနဲ့ တစ်ပြိုင်ထဲ ““ငြီးငွေ့မှု”” ဆိုတာ ပေါ်လာပါတယ်၊ 
ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ ““တွယ်တာမှု””ဆိုတာ မရှိတော့ပါ။ တွယ်တာမှုမရှိတာနဲ့
တစ်ပြိုင်နက် ““လွတ်မြောက်”” သွားပါတယ်။
အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကာယ၊ 
စိတ္တ၊ ဝေဒနာ၊ ဓမ္မလို့ ဆိုတဲ့ သတိပဋ္ဌာန် အာရုံလေးပါးအပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာ
ပဲဖြစ်ဖြစ် မိမိတို့ အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ 
အသိဉာဏ်တွေအားလုံး ပေါ်လာကြမှာပါ။ အဲဒီလိုပေါ်လာတဲ့အခါမှာ ၀ိမုတ္တ လွတ်မြောက်မှုဆိုတာ
ကို ရမှာဖြစ်ပါတယ်။
အဲဒီလိုမှ မကြည့်နိုင်ဘူးဆိုရင် အတွယ်အတာတွေနဲ့ လူတွေမှာ ဘာတွေဖြစ်မလဲ?၊ တွယ်တာ
မှုရှိရင် သောကတွေလာပါမယ်၊ သောကတွေဖြစ်ရင် ဒုက္ခတွေ ဖြစ်ပါမယ်။ ဒေါမနဿတွေ ဖြစ်ပါ
မယ်။ သောကတွေနဲ့ လူ့လောကမှာ လူတွေနေကြရပါတယ်၊ အဲဒီသောကတွေ ပရိဒေ၀တွေ၊ ငိုကြွေး
ရပါတယ်၊ စိတ်ဆင်းရဲရပါတယ်၊ ကိုယ်ဆင်းရဲရပါတယ်၊ အဲဒါတွေ လွန်မြောက်ဖို့အတွက် နည်းလမ်း
ကတော့ တစ်ခုထဲပဲရှိပါတယ်၊ ဒီနည်းလမ်းဟာ မြတ်စွာဘုရား ချမှတ်တော်မူတဲ့ ဒီမဂ္ဂင်ရှစ်ပါး သတိ
ပဋ္ဌာန်အကျင့်တရားပါပဲ။
တရားချစ်ခင် သူတော်စင် ပရိသတ်တို့ကလည်း ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်
ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

0 comments:

Post a Comment