Sunday, March 22, 2015

အရှင်ဆေကိန္ဒ၏ လက်ကိုင်လေး။



အရှင်ဆေကိန္ဒ၏ လက်ကိုင်လေး။
=================
လူငယ်၊ လူလတ်၊ လူကြီး အရွယ်မရွေး အသစ်အဆန်းဆို ကြိုက်ကြပါတယ်။ ကိုယ်ဖြတ်သန်း
လာရတဲ့ အရွယ်တိုင်းမှာ မသိသေးတဲ့ဟာ သိချင်တယ်။ မတတ်သေးတဲ့ဟာ တတ်ချင်တယ်။ ဒါပေမဲ့
စူးစူးစမ်းစမ်း လုပ်ချင်တဲ့ အရွယ်ကျတော့ ကြီးကောင်ပေါက် လူရာဝင်တဲ့ အရွယ်မှာ။ သိချင်တာတွေ
အများကြီး၊ တတ်ချင်တာတွေ အများကြီး၊ သင်ချင်စရာတွေ အများကြီး ဖြစ်လာတယ်။
စူးစမ်းတဲ့အနေနဲ့ ဆေးလိပ်သောက်ကြည့်တယ်၊ ကွမ်းစားကြည့်တယ်၊ ဘာအရသာမှမရှိ ။ 
စိတ်ကလက်မခံ မကြိုက်တော့ မလုပ်ဖြစ်ဘူး။ ဒီတော့..စဉ်းစားမိတယ်။ ငါသင်စရာတွေ အများကြီး
ကိုယ့်ဘ၀အတွက် အသုံးကျမယ့်ဟာပဲ သင်မှာပေါ့၊ အသုံးမကျတဲ့ဟာကြီးကို ဘာဖြစ်လို့သင်မှာလဲ။
ဒါလေးတစ်ချက် စဉ်းစားတယ်။ 
ဒါပေမဲ့ အသုံးကျမယ့်ဟာဆိုရင် ဘာတုန်း.. ၇ တန်းကျောင်းသားအရွယ် စက်ဘီးစီးချင်တယ်၊
ဘုန်းဘုန်းမှာ စက်ဘီးမရှိဘူး၊ ဘုန်းဘုန်းတို့ သူငယ်ချင်း ၃ ယောက်တွဲတာ၊ သုခရယ် ဘုန်းဘုန်းရယ်
မြင့်ထွန်းရယ်။ မြင့်ထွန်းမှာ စက်ဘီးရှိတယ်၊ စက်ဘီးစီးတတ်တယ်၊ သူ့စက်ဘီးကတောင့်တယ် ဘား
တန်း ၂ ဘားနဲ့စက်ဘီး။ စက်ဘီးမရှိပေမယ့် စက်ဘီးစီးတတ်ချင်တယ်၊ သင်ချင်တယ်။
ဒီတော့ သူငယ်ချင်း ၃ ယောက် တောင်ကုန်းပေါ် သွားကြတယ်။ တစ်ယောက်က စက်ဘီး
ခွတက်ထိုင်စီးရင် ၂ ယောက်ကထိန်းတယ်။ စက်ဘီးသင်ကတည်းက လဲမှာကြောက်သလို ဒူးကွဲဒူးပြဲ
မှာ ကြောက်တယ်။ ဒါပေမယ့် ဒီအရွယ်ကလည်း သင်ချင်တာကိုး။ ဘုန်းဘုန်းနဲ့ မြင့်ထွန်းကသင်တာ။
လားလား...ဘုန်းဘုန်းအလှည့် တိုးရင်းတိုးရင်း၊ တိုးရင်းတိုးရင်းနဲ့ လွှတ်ချလိုက်မယ်နော်..ဟဲ့ကောင်
နေအုံးကွာ၊ နေအုံးကွာ၊ ပြောရင်းပြောရင်းနဲ့ ကိုယ်ကမှ အဆင်သင့်မဖြစ်သေးဘဲ လွှတ်ချလိုက်တယ်။
ဝုန်းဝုန်းနဲ့ အမြင့်က အနိမ့်သို့ အရှိန်နဲ့ဆင်းကျလာတာ စက်ဘီးကဘယ်ဘက်ယိုင်ရင် ကိုယ်ကညာ
ဘက်ကိုယိုင်လိုက်၊ စက်ဘီးကညာဘက်ကိုယိုင်ရင် ကိုယ်ကဘယ်ဘက်ကိုယိုင်လိုက် ဘုံးဆို စက်ဘီး
ကလဲပြီ။ စက်ဘီးသင်တာ သင်ဘူးမှသိတာ။
အိုး..မလဲချင်လို့ မလဲအောင်လုပ်ရက်နဲ့ ဘာဖြစ်လို့ လဲတာလဲ။ စိတ်ကူးလေးကပေါ်လာတယ်။
ဒီတစ်ခါတော့ စက်ဘီးစောင်းရင် ကိုယ်မစောင်းဘူး။ လက်ကိုင်လေးပဲ ကွေ့ပေးရတယ်။ စက်ဘီး
စောင်းရင် ကိုယ်က လက်ကိုင်လေး ကွေ့ပေးတယ်။ အမယ်..အဆင်ပြေသွားတယ်၊စက်ဘီးမှာ လက်
ကိုင်ကြီးပါတာကိုက စက်ဘီးစောင်းရင် တည့်အောင်လုပ်ဖို့အတွက်ပါ။ ကိုယ်ကလည်း မသိဘူးလေ၊
စက်ဘီးစောင်းရင် လူစောင်းရမယ်၊ လူစောင်းရင် စက်ဘီးတည့်မယ် အောက်မေ့တာ။
ပထမ တစ်ချက်က မလဲချင်လို့ မလဲအောင်လုပ်ပေမယ့် လဲတယ်။ ဒုတိယ တစ်ချက်က မလဲ
အောင် ချိန်လို့ရတဲ့ လက်ကိုင်လေး ထည့်ထားပြီးသား။ နည်းစနစ်ကျကျသာသိရင် စက်ဘီးစီးတာ မ
လဲတော့ဘူး။ ဟိုယိုင်ဒီယိုင် မယိုင်တော့ဘူး။ နောက်ဆုံး ဘုန်းဘုန်းတို့ စက်ဘီး ဘယ်လောက်နင်း
တတ်သွားသလဲဆိုတော့ သူငယ်ချင်း ၃ ယောက် စက်ဘီးတစ်စီးတည်းစီးကြတယ်။
ဘ၀တစ်ခုမှာ ကိုယ်မတတ်သေးတာကို တတ်အောင်သင်ကြတာ၊ ကိုယ်မသိသေးတာကို သိ
အောင်သင်ကြတာ နည်းလမ်း မမှန်လို့ကတော့ လဲနေကြအုံးမှာ။ ရှေးတုံးက စက်ဘီးစီးတတ်သွားတဲ့
သူတွေက လက်ကိုင်လေးနဲ့ ထိန်းရတယ်လို့ ပြန်ပြောပေးတဲ့သူ ရှားတယ်။ ဘ၀မှာမြန်မာလူမျိုးတွေ 
လုပ်ငန်းတစ်ခုလုပ်လို့ ကြီးပွားရင် ကြီးပွားသွားမယ်၊ တိုးတက်ရင် တိုးတက်သွားမယ်၊ အောင်မြင်ရင် 
အောင်မြင်သွားမယ်၊ ဘယ်လို စနစ်တကျ လုပ်ကိုင်လို့ ဒီလိုကြီးပွားတာ၊ ဒီလိုတိုးတက်တာ၊ ဒီလို
အောင်မြင်တာလို့ နည်းလမ်းကို မှတ်မှတ်သားသား ထားတဲ့သူ အလွန်နည်းတယ်။
ငယ်ငယ်ကတည်းက ဘုန်းဘုန်းအလုပ်တစ်ခုလုပ်ရင် ပြီးပြည့်စုံအောင်လုပ်တယ်။ ဒီအလုပ်မှာ
အဆင်မပြေလို့ အလုပ်ပြောင်းလုပ်တာ မရှိဘူး။ ဒါပေမယ့် ခုခေတ်လူငယ်တွေက စက်ဘီးစီးမသင်ခဲ့
ရလို့လားမသိ။ ဟိုဘက်ယိုင်ရင် ဒီဘက်ကိုပြောင်ကြတယ်၊ ဒီဘက်ယိုင်ရင် ဟိုဘက်ကို သွားကြတယ်၊
ဘုန်းဘုန်းပြောပေးပါလားဆိုတော့...ပြောပေးလိုက်ပါတယ်၊ ဒီအလုပ်မှာ အဆင်မပြေရင် ပြေအောင်
ကြိုးစားပါလားလို့ .. ၊ လက်ကိုင်လေး ဘယ်လိုလှည့်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သိရမယ်။ ဒီအလုပ်
အဆင်မပြေလို့ ဟိုအလုပ်ကိုပြောင်းရင် ဟိုအလုပ်မှာလည်း အဆင်ပြေမှာ မဟုတ်ဘူး၊ အဆင်မပြေ
ဘူးဆိုတာ လုပ်ငန်းခွင်နဲ့ ကိုယ့်အနေအထိုင်၊ အပြောအဆို၊ ကိုယ့်ပညာရပ်က အန်ဝင်ကျမဟုတိလို့၊
ဒါမှမဟုတ်ရင် လက်ကိုင်လေး ထိန်းရမယ်ဆိုတာ မသိလို့ အဆင်မပြေတာပါ။ 
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသော်မှ ဘုရားလောင်းကာလ ဘယ်ဘ၀များ အဆင်ပြေခဲ့သ
လဲ၊ အဆင်ပြေလိုက် အပြေလိုက်၊ ဒီလိုအဆင်မပြေလို့ ဟိုဘက်ပြောင်းရင်၊ ဘုရားလောင်းဆိုတာ
ဖြစ်မလာဘူး၊ ဘုရားလောင်းက စက်ဘီးစောင်း လူစောင်းမဟုတ်ဘူး၊ လက်ကိုင်လေးနဲ့ ထိန်းလာ
တာ။ အဲဒီတော့မှ အသိဉာဏ်ရှိလာတယ်၊ အတွေ့အကြုံရှိလာတယ်၊ ပါရမီပြည့်လာတယ်၊ စိတ်ဓာတ်
ကောင်းရှိလာတယ်၊ အဲဒီလက်ကိုင်လေးနဲ့ပဲ ထိန်းပြီးတော့ ဘ၀ဖြောင့်သထက်ဖြောင့်လာတာပါ။ 
သူတော်စင်တို့ကလည်း နားလည်သဘောပေါက်ကြပြီးလျှင် ဘ၀ဖြောင့်သထက်ဖြောင့် မြင့်
မြတ်သထက် မြင့်မြတ်အောင် ကျင့်ကြံကြိုးစားနိုင်ကြပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံးပန်းတိုင်
မြတ်နိဗ္ဗာန်သို့ ရရောက်နိုင်ကြပါစေ ကုန်သတည်း။

0 comments:

Post a Comment