Friday, March 6, 2015

မဂ်ဥာဏ်ဆိုသည်မှာ



မဂ်ဥာဏ်ဆိုသည်မှာ…
---------------------
ဝင်းလက်တောက်ပသော ဥာဏ်စဉ်တို့ဖြစ်ပေါ်ခြင်း ခန္ဓာကိုယ် လေထဲမြောက်တက်သွားခြင်း အေးမြသွားခြင်း ခန္ဓာကိုယ်ထည် ဝါဂွမ်းလေးကဲ့သို့ ပေါ့ပါးသွားခြင်းတို့သည် ဥာဏ်ဖြစ်ခြင်းမဟုတ်။
ဟာ… ဟုတ်ပါလား ဒါအမှန်တရားဘဲဟု မသိမှုမောဟမှ လွန်မြောက်ပြီး ပိုင်းခြားထင်ထင် ယုံမှားခြင်းမရှိ ထိုးထွင်းသိမြင်သွားခြင်းသည်သာ မဂ်ဥာဏ်ဖြစ်လေ၏။ သစ်ကိုင်းခြောက်ငယ်တစ်ခုကို လက်နှစ်ဘက်ဖြင့် ကိုင်၍ ချိုးချလိုက်သည် သစ်ကိုင်းသည် ဖြောက်ကနဲတစ်ချက်တည်း နှစ်ပိုင်းကျိုးသွားလေတော့သည်။ ဖြောက်ကနဲကျိုးသွာပြီးဖြစ်သော အဆိုပါ သစ်ကိုင်းအား မည်သည့်တန်ခိုးရှင်ကမျှ နဂိုမူလသစ်ကိုင်းအဖြစ် ပြန်မဆက်နိုင်တော့လေပြီ။
ဟာ… ဟုတ်ပါလား။ ဒါအမှန်တရားဘဲ ဒါဟာဓမ္မဘဲ ဟယ်… ဒါအမှန်တရား…ဟု ဟုတ်တိုင်းမှန်ရာ ဥာဏ်ဖြင့်တစ်ချက်တည်း ထိုးထွင်းသိမြင်လိုက်သူသည် တစ်ချက်ထဲနှင့် ဖြောက်ကနဲ ကျိုးသွားသော သစ်ကိုင်းနှင့်တူလှသည်။ ယုံမှားခြင်းမရှိ မှန်ရာဟု တစ်ချက်တည်းသိမြင်ပြီးသည်၏ နောက်တွင် ထိုဥာဏ်ကို ပယ်ဖျက်ခြင်းငှာ မည်သူမျှမတတ်နိုင်တော့လေပြီ။ ဤသည်ပင် မဂ်ဥာဏ်ဟု ခေါ်ဆိုလေသတည်း။
ပင်လယ်ပြင်ကြီးတွင် ကူးခတ်နေသောသူတို့နှင့် ဥပမာထားရလေသော် ကျွန်ုပ်တို့အားလုံး မောဟပင်လယ်ပြင်ကြီးထဲ၌ ကူးခတ်နေကြသည်။တကြိမ်တခါမျှ ရေပေါ်မပေါ်ခဲ့ဖူးပါဘဲ အကန်းမျှသက်သက် မမြင်ရနိုင်သော ရေထဲတွင် ကူးခတ်နေကြသည်။
သစ္စာတရားတို့ကို နာကြားလိုက်ရပြီး ဥာဏ်ဖြင့် ပိုင်းခြားသိမြင် ယုံမှားခြင်းမရှိ မှန်စွာစတင်သိရှိသူသည် ရေပေါ်သို့ မျက်စိနှစ်လုံးစတင်ပေါ်သူသာ ဖြစ်လေတော့သည်။ သူသည် လောဘ ဒေါသ မောဟစသော ကိလေသာပင်လယ်ထဲ၌သာတည်း။ သို့သော် သူမြင်နိုင်သော မျက်လုံးနှစ်လုံးက ရေအထက်သို့ ပေါ်လေပြီ သူမြင်နိုင်လေပြီ သောတာပန်ဟုခေါ်လေမည်။
သောတာပန်ဟုဆိုအပ်သော အကြင်လူသည် ကိလေသာရေပြင်ထဲမှာသာ ရှိနေ၏။ ရေပေါ်၌ ပေါ်နေသော မျက်စေ့(ဥာဏ်)ဖြင့် ရှုမြင်လေသော် အဝေးရပ်၌ ကုန်းမြေနှင့် လောကမိုးကောင်းကင်တခွင်လုံး တွေ့မြင်လေတော့၏။ သူကတော့ ကိလေသာဟူသော ရေထဲမှာသာ ဖြစ်နေသည်။
အကြင်လူသည် ကုန်းမြေရှိရာသို့ ရှေ့ရှု၍ စတင်ကူးခတ်လေသည်။ (စရဏတရားဟူသော သိပြီး သိသလိုနေသော အကျင့်ဖြင့် နေထိုင်ကျင့်ကြံလေသည်။) တဖြည်းဖြည်းနှင့် ကမ်းစပ်နှင့် နီးလာလေ၏။
တဖြည်းဖြည်းနှင့် ရေအောက်မှ ကုန်းမြေကို ခြေဖျားထောက်မိလေပြီ။ ဆက်လက်ကူးခတ်ရင်းဖြင့် ကမ်းစပ်ရေသည် တဖြည်းဖြည်းတိမ်လာ၏။ ရေသည် လည်ပင်းမျှသာ ရှိလေတော့၏။ ဆက်လက်ကူးခတ်ရင်းဖြင့် ကမ်းစပ်ရေသည် ပိုပိုပြီး တိမ်လာလေပြီ ရင်ခေါင်းမျှအထိ ရေပေါ်သို့ပေါ်လေပြီ။ ကိလေသာ ရေထုအတွင်းမှ အရှင်းတော့မလွတ်မြောက်သေး။ တဖြည်းဖြည်းလျှောက်လှမ်း၍ ကုန်းမြေဆီသို့ တိုးတိုးတက်လေ၏။ ရေသည် ဒူးခေါင်းမျှရောက်ပြန်သည်။
ထပ်တိုး၍တက်ရင်း ရေသည် ခြေမျက်စိမျှသာရှိလေတော့၏။ ထပ်တိုး၍တက်သော် ရေနှင့် အရှင်းလွတ်ကင်း ကုန်းပေါ်သို့လွတ်မြောက်စွာ ခြေချနိုင်လေပြီ။ ရေဟူသော ကိလေသာအနှောင်အဖွဲ့ မသိမှုမောဟကပ်ငြိခြင်းမရှိ လုံးဝလွန်မြောက်လေတော့သည်။
ဤသည်ပင် ရဟန္တာဟုခေါ်သတည်း။
ကိလေသာအာသဝေါတရားတို့ ကပ်ငြိခြင်းမရှိသောကြောင့် ငြိမ်းအေးမှုနှင့်တကွ ဖြစ်သော အာသဝက္ခရဥာဏ်ထိ သိမြင်သွားခြင်းသည် ရေနှင့်အရှင်းမထိတော့ဘဲ ကုန်းမြေပေါ်၌ လွတ်မြောက်လျှက် စံပါယ်တော်မူခြင်းသည် ရဟန္တာ။
(ဓမ္မပါလ)

0 comments:

Post a Comment