Friday, March 27, 2015

အာဂါရလမ်း (သတိ-ဒါဖတ်ပြီးမှဝိပဿနာလုပ်ပါ။)



အာဂါရလမ်း
=========
(သတိ-ဒါဖတ်ပြီးမှဝိပဿနာလုပ်ပါ။)
နိဗ္ဗာန်သို့ ရည်မှန်း လျှောက်လှမ်းနေကြသော ဓမ္မ မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ မိတ်ဆွေတို့ ယ္ခုလျှောက်လှမ်းနေသော ကျင့်စဉ် လမ်းစဉ် နည်းလမ်းကို မိတ်ဆွေတို့ ကိုယ်တိုင်ကောသိရှိပါရဲ့လား သင်ကိုယ်တိုင် ဘယ်လမ်းမှ လျှောက်နေသည်ကို သိဖို့အရေးကြီးပါသည်၊ ဗုဒ္ဓမြတ်ဘုရားက အနာဂါရလမ်း အာဂါရလမ်း ဟူ၍ လမ်းနှစ်သွယ် ကို ဥဂ္ဂသေနသူဋ္ဌေး တောင်းပန်လျှောက်ထာ်းခြင်းကြောင့် ဟောပြခဲ့သည် သူဋ္ဌေးက “အရှင်ဘုရား တပည့်တော်၏ မယားသည် တပည့် တော် ခရီးထွက်သွားလျှင် တပည့်တော်လာမည့်လမ်းကို တမ်းတ၍ ထမင်းမစား ဟင်းမစား လေသာ ပြတင်းက ဘယ်ကိုမှမကြည့်ဘဲ တပည့်တော်ကို မျှော်တ၍သာ နေပါ၏၊ လင်၏၀တ္တရားကိုလည်း ကျေပြွန်ပါ၏၊ သည်လောက် လင်ကိုချစ်သော မယားကိုလည်း တပည့်တော် မပစ်နိင်ပါ၊ ကျေးကျွန် သင်းပင်း ရတနာ၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွှဲ၊ နွား၊ တို့ကိုလည်း မစွန့်ပစ်နိင်ပါ ၎င်းစည်းစိမ်ကြီးကိုပစ်၍ ရဟန်းလည်း မပြုနိင်ပါ၊ ဆင်းရဲသော ဘ၀နှင့် အပါယ်လားမည် ကိုလဲ မလိုလားပါ၊ လောကီ စည်းစိမ်ကို ခံစားစံစားလျှက် ကာမဂုဏ်ကို လက်မလွှတ်ဘဲ နိဗ္ဗာန်ကို ရောက်လို ပါသည်၊” ဟုလျှောက်ထားလေ၏….၊
ဤအခါ ဘုရားရှင်က ကာမဂုဏ် တန်းလန်းနှင့် ပုဂ္ဂိုလ်များ ကျင့်ကြံ၍ နိဗ္ဗာန်သို့ သွားသော ဘုံစဉ်စံစခန်း သောတာပန်ဖြစ်သော အာဂါရ လမ်းစဉ်ကို ဟောကြားတော်မူလေသည်။
ဤသောတာပန်ဘုံစဉ်စံလမ်းသည် ရှေးဦးစွာ ဉာတပရိညာစခန်း တည်းဟူသော ရုပ၊်နာမ် ခန္ဓာ ၊ပဋိစ္စသမုပ္ပါဒ်၊ ဓာတ်သစ္စာတရားတို့ကို သင်ကြားပြီးလျှင် တက်မြောက်သောအခါ အိမ်ထောင်မှုကိစ္စ များကိုမပယ်ချဘဲ ဤရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပဋိစ္စသမုပ္ပါဒ်၊ ကောင်သာရှိသည်ဟု ထင်အောင်၊မြင်အောင် မိမိခန္ဓာပေါ်မှာ ပုံမှန်နေထိုင် စားသောက်ရင်း ရှုကြည့်၍ ပုဂ္ဂိုလ် ငါ သူတပါး အမြင်ပျောက်ပြီး ဓာတ်ကောင်၊ ရုပ်နာမ်ကောင်မှန်း သိသည်ကိုပင် အတ္တပျောက်၍ အနတ္တပေါက်သူ သောတာပန်ဖြစ်သူဟု ခေါ်နိင်ပေမည်။
အပါယ်ကိုတကယ်ကြောက် သူဖြစ်ကြကုန်သော သူတော်ကောင်းတို့သည် မိမိတို့၏သားမယား စည်းစိမ် ကာမဂုဏ် တို့ကို မစွန့်ပစ်ရဘဲ ခံစား စံစား ၍နိဗ္ဗာန်သို့သွားသော သိကြားမင်း၊ ၀ိသာခါကျောင်းအမ၊ တို့ဥပမာစံထား၍ သောတာပန် ဖြစ်ခြင်း တရားကိုလိုလားကျင့်ကြံပါက သမထလမ်းများလို ရသေ့ ရဟန်းပြုလုပ်ပြီး သမာဓိအထူးထူထောင်ကာ ကျင့်ရသော လမ်းမဟုတ် နိဗ္ဗာန်သို့အကြာဆုံး ခုနှစ်ဘ၀ နှင့် သွားနိင်သောနည်းလမ်း ဖြစ်ပေသည်။
သောတာပန်ဆိုသောစကား၊ ကလျာဏဆိုသောစကား၊ စူဋ္ဌသောတာပန်ဆိုသော စကား၊ သဘော တူတူု ဖြစ်သည်၊ ဤပုဂ္ဂိုလ် သုံးမျိုးဖြစ်မှ ကျင့်စဉ်လမ်းကိုကျကျ နနသိရုံရှိသေးသည် ဤပုဂ္ဂိုလ်မျိုးသည် သမထလမ်းများ ကဲ့သို့ ကမ္မဋ္ဌာန်းထိုင် ကျင့်ရသည်မဟုတ်၊ ရုပ်နာမ် ခန္ဓာဓာတ်သစ္စာ တရားတို့ကို သင်ရင်းကြားရင်း မေးမြန်းရင်း တရားနာရင်းဖြစ်ကြသော ဒဿနဘုမ္မိ ဒဿန ကိစ္စသာဖြစ်၍ အမြင်မှန် အယူမှန်လျှင် သောတာပန်ဖြစ်လေသည်။
ဝိပဿနာတရားကို မကျင့်ဘဲ ဒိဋ္ဌိ၊၀ီစိက္ကိစ္စ ပြုတ်၍ သာမန်လူလိုနေထိုင် သွားလာနေသော၊ သောတာပန်သည် ခုနှစ်ဘ၀ ဘုံစဉ်စံ၍၊ နောက်ဘ၀များ၌ တဖြည်းဖြည်းကျင့်ကြံ နိဗ္ဗာန်ဝင်သည်၊ သာမန်လူလိုနေထိုင်ပြီး ၀ိပဿနာ ဖြစ်ပျက်ရှုနေသော၊ သောတာပန်သည်၊ ဧကဗီဇသောတာပန် ဟုခေါ်၍ နောက်တဘ၀နှင့် နိဗ္ဗာန်သွားသောပုဂ္ဂိုလ်၊ ကောလံကောလ သောတာပန်သည်၊ နှစ်ဘ၀ မှခြောက် ဘ၀အတွင်း နိဗ္ဗာန်ကို သွားနိင်သော ပုဂ္ဂိုလ် ဖြစ်ကုန်၏။
***သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါး***
(သုတ်ပါထေယျ၊ပါဋ္ဌိတော်)
*စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိ ယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊
သပ္ပုရိသသံသေဂေါ သဒ္ဓမ္မသ၀နံ ယောနိသော မနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တီတိ။
*သံသရာဝဋ်ကျော့ကွင်း ညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့၊ လေးပါးသော တရားတို့သည်၊ သောတာပန် ဖြစ်ဖြင်း အကြောင်း အင်္ဂါတို့တည်း၊ အဘယ်အကြောင်း တရားလေးပါး တို့နည်းဟုမှုကား။
‪#‎ရုပ်‬ နာမ် ခန္ဓာ ဓာတ်သစ္စာတို့၌ ကျွမ်းကျင် လိမ်မာသော သူတော်ကောင်း တို့နှင့် ပေါင်းဖော်ရခြင်းတပါး..။
#ရုပ်၊နာမ်၊ ခန္ဓာ၊ ဓာတ်သစ္စာ၊ တို့နှင့် စပ်သော တရားစကားကို ကြားနာ နာခံ မှတ်သား သင်ကြား ရခြင်းသည် လည်းတပါး။
‪#‎ရုပ်ဓာတ်‬ နံဓာတ် ခန္ဓာဓာတ် ပရမတ်တရားတို့ကို မြင်အောင် ထင်အောင် အသင့်အတင့် နှလုံးသွင်းရခြင်း သည်လည်းတပါး။
‪#‎မဂ်ဥာဏ်‬၊ ဖိုဥာဏ်၊ နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိကို ပယ်ရှား ရခြင်းလည်း တပါး။
စသည်တို့သည်သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးပေတည်း။
ရုပ် နာမ်၊ ခန္ဓာ ဓာတ်သစ္စာတို့ကို ဟောပြော ပြနိင်သော သူတော်ကောင်းနှင့် ပေါင်းမိခြင်း၊ရုပ်နာမ် ခန္ဓာ ဓာတ်သစ္စာတို့ကို မိမိက ကြားနာ နာခံ သင်အံ ကျက်မှတ်ခြင်း၊ မိမိစိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိင်ခြင်း၊ ဤအင်္ဂါသုံးပါးနှင့်ပြည့်စုံသော်လည်း၊ မဂ်ဥာဏ် ဖိုဥာဏ် နိဗ္ဗာန် တရားတော် မြတ်ကိုရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ တရားကို မပယ်သတ် နိင်က မဂ် ဖို နိဗ္ဗာန်ကို မရနိင်ဟူ၏၊ ဤလေးပါး တပါးပါး ပျက်ကွက်က သောတာပန်မဖြစ်နိင်၊
သောတာပတ္တိမဂ် ဆိုသော စကားသည်၊ မဂ္ဂေါ၊ သံသရာနယ် စခန်းမှ ထွက်လမ်းတည်းဟူသော ခရီးအစ သို့။ သောတော၊ စီးဝင်ခြင်းသည်၊ ပတ္တိ၊ ရောက်ကုန်၏ တနည်း သောတ နား၊ မဂ္ဂ၊ မဂ်တရား၊ ပတ္တိ၊ေ၇ာက်ခြင်း၊ အဓိပ္ပါယ်မှာ သံသရာကို ထွက်တက်သော မဂ်တရား နားသို့ ရောက်သူဟု ခေါ်သည်။
သံသရာ ထွက်ကြောင်း တရားနားကို ရောက်လျှင် သောတာပန်ဖြစ်မည်လောဟု မေးစရာ ရှိပါ၏၊ နားကိုရောက်ရုံ ကြားရုံမျှနှင့် မဖြစ်နိင်၊ သောတာပန်ဖြစ်တက်သော နည်းလမ်းစဉ်ကို နားမှာ ကြားသည့်အတိုင်း မိမိစိတ်က ပယ်ရမည့် တရားကိုပယ် ယူရမည့်တရားကို တခါတည်း စွဲမြဲယူ လိုက်မှ သောတာပန်ဖြစ် မည်ဟု မှတ်ပါလေ ။
သောတာပန်မဖြစ်နိင်ဘူးဆိုသော လူ ရှင် ရဟန်းများမှာ သူတို့၏ နား၌ ဒါန သီလ သမထ တရားကို များများကြီးကြားရ၍ ဒါန သီလ သမထ ကိုစွဲသဖြင့်၊ မဂ်တရားနှင့်လွဲနေသူများ ဖြစ်၍ သောတာ ပန်ဖြစ်စေနိင်သော နည်းလမ်း တရားစကားများကိုကြားလျှင် တီကို ဆားပက်သလို တွန့်ကာ တွန့်ကာ နောက်ဆုတ်၍ သွားတက်သည် တကြောင်း မဂ်တရားကို အလွယ်ဆုံး နည်းဖြင့် ရနိင်အောင် ဟောပြော ပြသ နိင်သော သူတော်ကောင်းကို ပြစ်မှား၍ မဂ္ဂန္တရာယ် သင့်နေခြင်းကြောင့်တကြောင်း ဤကဲ့သို့ အကြောင်းများကြောင့် သောတာပန်မဖြစ်နိင်ပါ။
သောတာပန် အလုပ်သည် လွယ်လွယ် ကူကူ ဖြစ်နိင်ကြောင်း မြတ်စွာဘုရား လက်ထက်တော်မှ ယ္ခုတိုင် သောတာပန် ဖြစ်သူ လူ ရှင် ရဟန်းတို့သည် ၀ိပဿနာဘာဝနာတရားကို ကျင့်ကြံ ပွားများ၍ သောတာပန် ဖြစ်သည်မရှိ၊ တရားနာရင်းသော်၎င်း သောတာပန်ဖြစ်ကြလေသည်။ သောတာ ပန်ဖြစ်လို၍ ၀ိပဿနာကိုပွားများလျှင် ထိုသူသည် သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာ၊ အထက်မဂ် တပါးပါး၌ တည်နိင်သည် မဖြစ်လျှင်လည်း ပုထုဇဉ် အတိုင်းဒိဋ္ဌိမဖြုတ်နိင်ဘဲ နေသည်၊ ဘယ်မဂ်ကိုမှ မရဖြစ်မည်။
အဘယ်အတွက်ဆိုသော် မဂ်လေးပါး တရား၌ သောတာပတ္တိမဂ်သည် အောက်မဂ်ဖြစ်၍ ဒိဋ္ဌိ သတ်ဖြစ်သည် အထက်မဂ်သုံးပါးသည် တဏှာသတ် ဖြစ်သည်၊ တဏှာဆိုသော တရားသည် မိမိကိုအားကုန် တွယ်တာ သာယာ ကပ်ငြိခြင်း လက္ခဏာ ရှိခြင်းကြောင့် ဘာဝေတဗ္ဗ ဘုမ္မိ၊ ဘာဝေတဗ္ဗ ကိစ္စဖြစ်၍ ၀ိပဿနာ ဘာဝနာဖြင့်သာ ကျင့်မှရနိင်သော အထက်မဂ် သုံးပါးဖြစ်သည် ။
သောတာပန်ဆိုသော အောက်မဂ်တပါးသည် ဒဿန ဘုမ္မိ ဒဿန ကိစ္စ ဖြစ်၍ မိမိ၌ အယူမှား အမှတ်မှား အထင်မှား ပျောက်၍ စင်ကြယ်လျှင် ကိစ္စပြီးလေတော့သည်။
(သက္ကာယဒိဋ္ဌိကို မသတ်ဘဲ တဏှာကိုသတ်၍ မဖြစ်နိင်သော အကြောင်း)
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ကာယနုပဿနာ သိဝထိ ပိုင်းတို့ကို ဟောတော်မူရာ၌ အောက်မဂ်တပါး နှစ်ပါး ပြီးပြီးသော ပုဂ္ဂိုလ်ကို အထက်မဂ် နှစ်ပါးအတွက် ဟောတော်မူသည် ၊ယ္ခုအခါ ဗုဒ္ဓဘာသာဝင် အားလုံးနီးပါး သိသော သတိပဋ္ဌာန် တရား သည် တဏှာသတ်ရန် ဟောတော်မူသော ပါဋ္ဌိတော် များဖြစ်သည်၊“ ဒွိန္နံဖလာနံ” အထက်မဂ် နှစ်ပါးအတွက် သက်သက် ဟောသော တရားဖြစ်၍ သတိပဋ္ဌာန်အဓိပါယ်ကောက်ရာမှာ ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက် နှင့် အနည်းဆုံး အနာဂမ် တည်သည် ဆိုသောကြာင့် ပုထုဇဉ် ပုဂ္ဂိုလ်တို့ ကျင့်သောတရား မဟုတ်ကြောင်း သိရလေသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ဇေဂုစ္ဆိ အနေ စက်ဆုပ်ရွှံ့ရှာဖွယ် ဟောတော်မူရာ၌ ဒိဋ္ဌိကွာပြီး သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်များကို အထက်မဂ် အတွက် တဏှာကွာ အောင် ဟောတော်မူသည်။် တခါတခါ ၀ိပဉ္ဖိတညူ ပုဂ္ဂိုလ်၊ ဥဂ္ဃဋိတညူ ပုဂ္ဂိုလ် များကို မဂ်လေးပါး၊ မဂ်သုံးပါး၊ တရှိန်ထိုး ရနိင်သည်ကို ထောက်၍ ၎င်းကာယနုပဿနာ ကမ္မဋ္ဌာန်းကို တဏှာသတ်၊ ဒိဋ္ဌိသတ်၊ နှစ်ပါးတွဲ၍ “ကေသာသုညာ အတ္တေန၀ါ အတ္တနိယေန၀ါ” အစရှိသဖြင့် ဆံပင်၌ ငါမရှိကြောင်း ဒိဋ္ဌိသတ် ဆံပင်သည် ငါမဟုတ်ကြောင်း တဏှာသတ် ဤကဲ့သို့ ဒိဋ္ဌိသတ်၊ တဏှာသတ် နှစ်ပါးတွဲ၍ ဟောတော် မူလေသည်။ ကမ္မဋ္ဌာန်းပြ ဆရာတို့သည် ဒိဋ္ဌိသတ်ကမ္မဋ္ဌာန်း၊ တဏှာသတ် ကမ္မဋ္ဌာန်း နှစ်ပါး ကွဲကွဲ ပြားပြား ရှိရသည်၊ ကမ္မဋ္ဌာန်းပြဆရာ မလိမ္မာက သမထနှင့် ၀ိပဿနာ မကွဲဘဲ ရှိတတ်သည်၊ ဒိဋ္ဌိ တဏှာ မကွဲ၍ အလွဲလွဲ ဖြစ်တက်သည် မဂ်လမ်း ဖိုလမ်း ဝေးတတ်သည်၊ သို့ဖြစ်၍ ဒသဂုင်္တ္တရ ပါဋ္ဌိတော်တွင် မြတ်စွာဘုရား ဟောတော်မူသည်မှာ…..
“ တယောမေ ဘိက္ခဝေ ဓမ္မေ အပ္ပံဟာယ အဘဗ္ဗောရာဂ ပဟာတုံ ဒေါသံ ပဟာတုံ မောဟံ ပဟာတုံ ကတမေ ယော သက္ကာယဒိဋ္ဌိ‘ အပ္ပဟာယ၊ ၀ိစိကိစ္ဆိ အပ္ပဟာယ သီလဗ္ဗတ ပရာ မာသ အပ္ပဟာယ ဣမေခေါ ဘိက္ခဝေ တယော ဓမ္မေ အပ္ပဟာယ အဘဗ္ဗော ရာဂံ ပဟာတုံ ဒေါသံ ပဟာတုံ မောဟံ ပဟာတုံ”…….။
သံသရာဝဋ် ကျော့ကွင်းညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့ သုံးပါးကုန်သော ဤဆိုလတ္တံ့ သော တရားတို့ကို၊ မထမဦးစွာ မဖယ်ခွါမူ၍ ရာဂတရားကို ဖယ်ခွါခြင်းငြာ ဒေါသကို ဖယ်ခွါခြင်းငြာ မောဟကို ဖယ်ခွါခြင်းငြာ မထိုက်လေတော့ပြ၊ီ အဘယ်တရား သုံးပါးတို့နည်း ဟူမူကား သက္ကာယဒိဋ္ဌိကို ပထမဦးစွာ မဖယ်ခွါဟူမူ၍ ၀ိစိက္ကိစ္ဆာကို ပထမဦးစွာ မဖယ်ခွါဟူမူ၍ သီလဗ္ဗတပရာမာသကို ပထမဦးစွာ မဖယ်ခွါဟူမူ၍ သံသရာဝဋ် ကျော့ကွင်းညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့ မုချဧကန် အမှန်စင်စစ် အားဖြင့် သုံးပါးကုန်သော ဤသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ တရားတို့ကို ပထမ ဦးစွာ မဖယ်ခွါမူ၍ ရာဂတဏှာကို ဖယ်ခွါခြင်းငှာ ဒေါသကို ဖယ်ခွါခြင်းငှာ မောဟကို ဖယ်ခွါခြင်းငှာ အစဉ်အတိုင်သာ ရနိင် တက်နိင်သည့် မဂ်စဉ်နှင့် မကိုက်ညီ၍ မထိုက်လေ တော့သည်။
***ရှုနည်းကား***
ဒိဋ္ဌိကွာအောင် ရှုလိုလျှင် နာမ်ဓာတ်ကို အာရုံစိုက်၍ ကြပ်ကြပ်ဖိရှု ၊ဒိဋ္ဌိကွာ၍ သောတာပန်ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့မှာ ရုပ်ဓာတ်ကို ဖိ၍ ရှုရသည်၊ ဒိဋ္ဌိသည် နာမ်မှာ များများ စူးစိုက်သည်၊ ရုပ်မှာများစွာ မစူးစိုက် တဏှာသည် ရုပ်မှာ များများ စူစိုက်သည်၊ နာမ်မှ များများ မစူးစိုက်၊ သို့ဖြစ်၍ သောတာပန် ဖြစ်လို သူတို့သည် အခံဓာတ်နှင့် အတိုက်ဓာတ် ပြိုင်ဆိုင်သော အခါ သိမှုစိတ်လေး ပေါ်လာသည်ကို နာနာ ကြပ်ကြပ်မှတ် ၎င်းသိစိတ်ကလေးသည် လူ. နတ် ဗြဟ္မာ သတ္တ၀ါ မဟုတ် သိမှုသာ ဟုတ်သည်ဟု ဥာဏ်အမြင်သန် သည့်အတိုင်း ပယ်လိုက် ယူလိုက်လျှင် ဒိဋ္ဌိကွာ၍ သောတာပန် ဖြစ်ပြီဟု မှတ်ပါလေ.။
ရတနသုတ် ပါဋ္ဌိတော်၌ သောတာပန် ပုဂ္ဂိုလ်သည် ၀ိပဿနာ ဘာဝနာကို ဘယ်လိုပင် မေ့လျော့သော် လည်း နတေဘ၀ံ အဋ္ဌမမာဒိယန္တိ ရှစ်ကြိမ်မြောက်သော ဘ၀ကိုမယူ ခုနှစ်ဘ၀ သာယူ၍ နိဗ္ဗာန်စံဝင်သူဖြစ်ကြောင်း မြတ်စွာဘုရား ဟောတော်မူသည်။
သောတာပန်သည်၊ တဘ၀ထက် တဘ၀မြင့်မြတ် သောအထက်ဘုံ များ၌စံစား နိဗ္ဗာန်ဝင်ပုံ၊ သောတာပန်များသည် ဆောက်တည်စရာ အထူးမလိုဘဲ အဓိသီလမြဲပုံ၊ သောတာပန်များ ရတနာ သုံး ပါးကို အသက်ပေးယုံကြည်ခြင်းမှာ သဒ္ဓါတရားတခုထဲကြောင့် မဟုတ်ဘဲ ခိုင်လုံသော အကြောင်း များစွာ ရှိခြင်း၊ သောတာပန် ပုဂ္ဂိုလ်တို့ ပယ်နိင်သော ၀ိစိကိစ္ဆ ရှစ်ပါး စသော စသော အကြောင်းများစွာ ရှိသော်လည်း လွန်စွာရှည်လျား သဖြင့်နောင် အခါအခွင့် သင့်တိုင်း တင်ပြသွားပါမည်…..။
ဤတွင် အာဂါရ ကျင့်စဉ်လမ်း ပြီး၏…..။

0 comments:

Post a Comment