Friday, March 6, 2015

ဘုရားဆိုသည်မှာ…



ဘုရားဆိုသည်မှာ…
------------------

ဘုရားကိုကြည်ညိုလွန်းသောကြောင့် အမြဲသာဖူးမြင်ခြင်နေသူ အရှင်ဝက္ကလိကို အကြောင်းပြု၍ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏ ဟူ၍ ဘုရားဆုံးမစကား ပြောကြားခဲ့သည်။

သို့သော် ကျွန်ုပ်တို့ဘုရားကို မမြင်ခဲ့ကြ စိတ်ကူးဖြင့် ကြည်ညိုဖွယ်ရာ ရုပ်ဆင်းအင်္ဂါတို့ဖြင့် လွန်စွာသပ္ပါယ်သော ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးနေမှသာ ဘုရားဟုမြင်လေသည်။

ဘုရားသည် ထူးကဲကြီးကျယ်သူ လူယောက်ျားတစ်ဦးသာ ဖြစ်လေ၏။ ကျွန်ုပ်တို့နှင့်မတူ ထူးခြားကြီးကျယ်သူ ယောက်ျားမြတ် ဥတ္တမပုရိသ မဟာပုရိသသာ ဖြစ်လေ၏။ လူသားပီသရာတွင် ချွတ်ယွင်းချက်မရှိ အပြစ်အနာအဆာကင်းစွာ ပြည့်စုံလှသဖြင့် ကာလရွေ့လျောသောအခါ လူသားအသွင်ဖြင့် မမြင်နိုင်တော့ပဲ ထူးခြားသော ရုပ်သွင်နှင့် ဖန်ဆင်းရှင်တန်ခိုးရှင်တစ်ဦးအသွင် လူတို့မြင်ကြလေတော့၏။

ဗုဒ္ဓသည် ဘုရားဖြစ်စက တရားဦးကို ဟောကြားရန် ဗာရဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တောသို့ ကြွစဉ် ဂယာနှင့်ဗောဓိပင်အကြား လမ်းခရီး၌ ဥပကအာဇီဝကတက္ကတွန်းနှင့် ဆုံလေ၏။ ဥပက က ဆိုလေသည်။

" ငါ့ရှင်…သင်၏ ဣနြေ္ဒတို့သည် အထူးကြည်လင်၏။ အသားအရေသည် စင်ကြယ်ဖြူစငိ၏။ သင်၏ ဆရာကား အဘယ်သူနည်း။ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း။ "

ထိုအခါဘုရားက ဥပက ငါသည် အလုံးစုံသိ၏။ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် ကိလေသာအားလုံးမှလွတ်ပြီ ငါ့အား ဆရာမရှိ လောက၌ ငါနှင့်တူသော သူမရှိ ငါသည် ဓမ္မစကြာတရားကို ဟောရန် ဗာရဏသီပြည်သို့ သွားအံ့။ ဥပက ငါကဲ့သို့သော ပုဂ္ဂိုလ်တို့သည် အာသဝေါတရားတို့ကုန်၍ အကုသိုလ်တရားတို့ကို ပယ်ရှားပြီးဖြစ်သောကြောင့် " ဇိန "မည်၏ဟု မိန့်တော်မူ၏။

ဥပကသည် ခေါင်းကိုညိတ်လျှက် "ငါ့ရှင် ဟုတ်ပေရာ၏ " ဟုဆိုကာ လမ်းဖယ်၍ သွားလေ၏။။

မိဂဒါဝုန်သို့ ရောက်လေသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် ဘုရားရှင် အဝေးမှ ကြွလာသည်ကို မြင်သည်။ ရဟန်းဂေါတမသည် တရားအားမထုတ်တော့ဘဲ လာဘ်လာဘများရန် လှည့်လည်သွားလာနေသည်။ ရဟန်းဂေါတမကို မရှိခိုးရ ခရီးဦးကြိုမပြုရ သပိတ်သင်္ကန်းလှမ်းမယူရ ဟု အချင်းချင်းကတိကဝတ်ပြုကြသည်။ တကယ်ချဉ်းကပ်မိလေသော် သူတို့ ကတိကဝတ်၌ မတည်နိုင်တော့ဘဲ ခရီးဦးကြိုပြုသည်။ သပိတ်သင်္ကန်းလှမ်းယူကြသည်။ နေရာခင်းကြသည်။ ခြေဆေးရေပေးကြ၏။ သို့သော် ဘုရားကိုမူ ဂေါတမဟူ၍၎င်း ခေါ်ဝေါ်သုံးနှုန်းကြသည်။ ဘုရားက ထိုသို့ မခေါ်မပြောဆိုသင့်ကြောင်း ငါသည် အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိ၍ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်း မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် မျက်မှောက်ပြုနိုင်ရန် တရားဟောမည်ဖြစ်ကြောင်း ဆိုလေ၏။

ပထမ၌ ပဉ္စဝဂ္ဂီတို့အယုံကြည်မရှိကြ။ ရဟန်းဂေါတမသည် ဒုက္ကရစရိယာကို ပင်ပန်းစွာ ပြင်းပြင်းထန်ထန်ကျင့်ပါလျှက် ဥာဏ်အမြင်ထူး မရရှိခဲ့ဘဲ လာဘ်လာဘအတွက် လှည့်လည်နေကာမှ ဥာဏ်အမြင်ထူး အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုလေ၏။

ဘုရားကငါသည် ကမ္မဋ္ဌာန်းလုပ်ငန်းကို စွန့်လွတ်၍ လာဘ်များခြင်းငှာ လှည့်လည်နေသည်မဟုတ်ကြောင်း အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော ဘုရားအဖြစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း ပြောပြသည်။ နောက်ဆုံးမှ ပဉ္စဝဂ္ဂီရဟန်းတို့သည် ဘုရားစင်စစ်ဖြစ်ကြောင်း ယုံကြည်လာကြလေ၏။
(မဇ္ဈိမနိကာယ်။ မူလပဏ္ဍာသ ပါသရာသိသုတ်)

ပုက္ကုသာတိမင်းသည် ဘုရားရှင်၏တရားကို နာကြားလိုလှသဖြင့် ထီးနန်းစည်းစိမ်ကိုစွန့် ရသေ့ရဟန်းအဝတ်ကို ဆင်မြန်းကာ တစ်ဦးတည်း ရာဇဂြိုလ်ပြည်အရောက် ၁၉၂ ယူဇနာခရီးပြင်းနှင်ခဲ့ပြီး နေဝင်ရီသရောအချိန်တွင် အိုးထိမ်းသည် တင်းကုတ်သို့ရောက်ရှိပြီး အိုးထိမ်းသည်ထံ ခွင့်ပန်ကာ တစ်ညတာနားခဲ့သည်။

ဘုရားကလည်း မိုးသောက်ယံနံနက် မိုးသော်တစ်ခွင် တစ်လောကလုံး ဆင်ခြင်သုံးသပ်မူမြဲအတိုင်းဆင်ခြင်လေသော် ပုက္ကုသာတိမင်းကို မြင်တော်မူသည်။ ငါဘုရားသည် ပုက္ကုသာတိမင်းရှိရာအရပ်သို့ယနေ့အရောက်မသွားခဲ့သော် ပုက္ကုသာတိမင်းသည် အောက်ဖိုလ်သုံးပါးတို့ကို ထိုးထွင်းမသိနိုင်ဘဲ တစ်ညလွန်လျှင် ကွယ်လွန်တော့မည်။ ငါသွားသည်ရှိသော် ပုက္ကုသာတိမင်းသည် အောက်ဖိုလ်သုံးပါးကို ထိုးထွင်း၍ သိလတ္တံ့။ ပုက္ကုသာတိမင်းကို ကူညီချီးမြှင့်ပေးအံ့ဟု နှလုံးပိုက်ပြီး အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စသော သာဝကကြီးများကိုပင် အသိမပေးဘဲ သပိတ်သင်္ကန်းတို့ကို ယူဆောင်၍ တစ်ပါးတည်း ရာဇဂြိုလ်ပြည်သို့ ရှေ့ရှုထွက်လေရာ အိုးထိမ်းသည်၏ တဲကုတ်သို့ ပုက္ကုသာတိရဟန်းနှင့် မရှေးမနှောင်း ရောက်သွားလေ၏။ အိုးထိမ်းသည် ဘဂ္ဂဝအား တစ်ညမျှနေရန် ခွင့်တောင်းလေရာ ဘဂ္ဂဝက ရှေ့ဦးစွာရောက်နှင့်နေသော ရဟန်းတစ်ပါးရှိ၏။ ထိုရဟန်းခွင့်ပြုလျှင် ချမ်းသာစွာနေလော့ ဟု လျှောက်၏။ ထိုရဟန်းထံ မြတ်စွာဘုရားက တစ်ညမျှနေခွင့်တောင်း၏။ ချမ်းသာစွာနေတော်မူပါဟု ပုက္ကုသာတိရဟန်းက ခွင့်ပြုလေ၏။

ပုက္ကုသာတိရဟန်းနှင့် ဗုဒ္ဓသည် တစ်ပါးနှင့်တစ်ပါး သိကျွမ်းခြင်းမရှိဘဲနှင့် အိုးထိမ်းသည်တင်းကုတ်တွင် တစ်ညတာ နားနေရင်း တွေ့ဆုံခဲ့ကြခြင်းသာဖြစ်သည်။ ပုက္ကုတိသာရဟန်းသည် ဘုရားကို ဘုရားမှန်းပင် မသိလိုက်ရဘဲ တရားတော်တို့အား သဘောပေါက် ဥာဏ်ရောက် ထိုးထွင်းသိမြင်ခဲ့လေ၏။ တရားကို မြင်သောအခါမှသာ တရားကိုဟောသူသည် ဘုရားရှင်ဖြစ်ကြောင်း သိရှိရခြင်းသာ ဖြစ်လေတော့သည်။

ဘုရားဆိုသည်မှာ ကျွန်ုပ်တို့ နားလည်ထားသကဲ့သို့ သပ္ပာယ်လှစွာသော ရုပ်သွင်မှ ရောင်ခြည်တော်တို့ ကွန့်မြူးယှက်ဖြာနေသည် ဟူသော အဓိပ္ပာယ်မသက်ရောက်ပါချေ။ ဥပက ပဉ္စဝဂ္ဂီ ပုက္ကုတိရဟန်းတို့သည် လူ့ရုပ်သွင်သဏ္ဍာန်ဖြင့်သာ မြင်ရသဖြင့် မြင်ရုံမျှဖြင့် ဘုရားဟု မြင်နိုင်ခြင်း မရှိခဲ့ကြ။ ပုက္ကုသာတိရဟန်းကဲ့သို့ တရားကို မြင်သောကြောင့် ဘုရားကိုမြင်ခြင်းသာ ဘုရားက ဘုရားကိုမြင်ခြင်းဟု ဟောတော်မူခဲ့သည်။ ဘုရားအား ကြည်ညိုခြင်း သက်သက်မျှသာဖြစ်ပြီး တရားကို မမြင်သူဝက္ကလိရဟန်းကို ဘုရားချီးမွမ်းတော်မမူ။

ဗုဒ္ဓဘုရားသည် လူသားတစ်ဦး ယောက်ျားတစ်ဦးရုပ်သွင်သာဖြစ်သည်။ ရောင်ခြည်တော် ကွန့်မြူးနေမှ ဘုရားဟု ကျွန်ုပ်တို့ မြင်နေခြင်းသာဖြစ်သည်။ သဗ္ဗညုတဥာဏ်တော် ရရှိခြင်းသည်သာ ဘုရားဖြစ်လေ၏။ ဘုရား၏တော်ကို သိမြင်ကျင့်သုံးနိုင်ခြင်းသည်သာ ဘုရားကိုမြင်ခြင်း ဖြစ်လေသည်။

0 comments:

Post a Comment