Monday, March 9, 2015

“မေတ္တာ”

“မေတ္တာ”

“မေတ္တာ” ဆိုတဲ့ ဥစ္စာဟာ ဘာများလဲလို့ အဲဒီပုဒ် အကြောင်းကို 
ပါဠိ အဋ္ဌကထာ ဋီကာမှာ ရှိတဲ့အထဲ ဘုန်းကြီးတို့ နည်းနည်း 
Commentary လုပ်ပြမယ်။ အဲဒီတော့ ရှေးဦးစွာ ပါဠိတော်မှာ 
အဋ္ဌကထာ ဋီကာ မဟုတ်ဘူး။ 
ပါဠိတော်မှာ “မေတ္တာ” ဆိုတဲ့ စကားလုံး ဟိုး “ဒီပင်္ကရာ”
ဘုရားခြေရင်းမှာ ဗျာဒိတ်လို့ခေါ်တဲ့ Confirmation ပေါ့၊
ဘုရားဖြစ်ဖို့ သေချာပြီဆိုတဲ့ အတည်ပြုချက် ရပြီးတဲ့အခါ
“သုမေဓာ” ရသေ့က ဘုရားဖြစ်လိမ့်မယ်ဆိုတဲ့
အတည်ပြုချက်တော့ ငါရပြီ၊ ဘုရားဖြစ်ကြောင်း
အကျင့်ကောင်းတွေဟာ ဘာလဲ ဆိုပြီးတော့ သူ
လိုက်ပြီးတော့ ရှာဖွေတာ ပါရမီဆိုတဲ့ ကျင့်စဉ်ဆယ်ပါးကို
သွားတွေ့တယ်၊ ဘာသွားတွေ့သလဲ..... “ပါရမီ”။

“ပါရမီ” ဆိုတဲ့ပုဒ်ကို ဘုန်းကြီးတို့ အဋ္ဌကထာ ဋီကာ မှာတော့
“ပရမာနံ ဥတ္တမပုရိသာနံ ကမ္မံ” ဒီလို တွေ့တယ်။
ဘုန်းကြီးတို့လည်း ကြိုက်တယ်။
“ပရမ” ကို “ဥတ္တမပုရိသ” လို့ ဘာသာပြန်တယ်။
“လူမြတ်” ပေါ့။
“ကမ္မံ” ဆိုတာ “စရဏံ” ပဲ။ လူမြတ်တို့ရဲ့ အကျင့်။
“ပါရမီ”ပုဒ်ကို ဘယ်လိုပြောချင်လဲ။
“လူမြတ်တို့အကျင့်”။
အဲဒီတော့ Noble conduct ပြောဖို့ ကောင်းတယ်။

သို့သော်လည်းပဲ အဲဒီပါရမီဆယ်ပါး ပါရမီ ဒီစာလုံးကို
ကမ္ဘာအရပ်ရပ် ပညာရှိတွေ ဘုန်းကြီးတို့ဆရာ ၊
ဆရာတော်ကြီး အရှင်သေဋ္ဌိလတို့ ၊
ဘုန်းကြီး အလွန်ကြည်ညိုတဲ့ ဆရာတော်ကြီး အရှင်နာရဒတို့ ၊
သဒ္ဓါတိဿတို့ ဒီဆရာတော်ကြီးတွေ ဟို Pali Text Society က
Rhys Davids တို့ အပါအဝင်ပေါ့လေ၊
ဒီ “ပါရမီ” ပုဒ်ကို ဘာသာပြန်တဲ့အခါမှာ “Perfection” လို့ပဲ
ဘာသာပြန်ကြတယ်၊ Perfect ဆိုတာက ပြည့်စုံတာ။

“သိဒ္ဓတ္တဂေါတမဗုဒ္ဓ”ဟာ ပရိသတ်ရေ ခြေနှစ်ချောင်းပေါက်တဲ့
သတ္တ၀ါတွေထဲမှာ အကျင့်ကောင်း မှန်သမျှနဲ့ ဘာဖြစ်လဲ.. ...
အပြည့်စုံဆုံးသော ပုဂ္ဂိုလ်ပဲ မဟုတ်လား။
Most perfect one ပေါ့။ ခြေနှစ်ချောင်းပေါက်တဲ့
လူထဲမှာရော နတ်ထဲမှာရော၊ ဗြဟ္မာထဲမှာရော၊
သူတော်ကောင်း အကျင့်မှန်သမျှ အကုန်လုံးနဲ့
ဘာဖြစ်လဲ.... ပြည့်စုံလို့ “Perfect one” လို့ခေါ်တယ်။

အဲဒီတော့ “Perfect” ဆိုတာဘာလဲ “ပြည့်စုံခြင်း”။
“Perfect one” ဆိုတာဘာတဲ့လဲ “ပြည့်စုံသူ” ဒီလို။
အဲဒါ တိုင်းပြည်တပြည်လုံး စီးပွားရေး ၊ကျန်းမာရေး ၊
ပညာရေး အကုန်လုံး ငြိမ်းချမ်းရေး ပြည့်စုံချင်ရင်
ဘာလုပ်ရမလဲ ပြည့်စုံတဲ့အကျင့်ကို ကျင့်။
Perfect အဲဒီအကျင့် ကျင့်မဲ့ ခေါင်းဆောင်တွေ
အကုန်လုံးလဲပဲ ဘာဖြစ်ဖို့လိုလဲ။
Perfect ဖြစ်ရမယ်။ ဘုန်းကြီးက ဒီလို ဆိုချင်တယ်။

အဲတော့ ကိုယ်ကိုယ်တိုင်က Lead လုပ်နေပြီးတော့
Imperfect ဖြစ်နေလို့ရှိရင် ကိုယ့်ရဲ့ Leadership အောက်မှာ
နေတဲ့ လူလည်းပဲ Imperfect ဖြစ်သွားနိုင်တယ်။
အဲဒါကြောင့် ကိုယ်ကိုယ်တိုင် Perfect ဖြစ်အောင် ကျင့်ပါ၊

ဒါကို ဘုန်းကြီးက ဆီလျှော်အောင် ဘယ်လိုပြောလိုက်သလဲ
ဆိုတော့ ခေါင်းဆောင်တို့ ကျင့်စဉ်တရား ဒီလိုလေး ပြောတာ။
အဲဒါကို U.N မှာ ပြောတယ်။
လာနားထောင်တဲ့ ပရိသတ်က ထိုင်ခုံမဆန့်ဘူး။
ထိုင်ခုံ ကုန်ပြီးတော့ မတ်တတ်တွေလည်း အများကြီး။
အဲဒါ ပြောလည်းပြီးတော့ တီးတဲ့ လက်ခုပ်သံက
U.N အမိုးများ ပွင့်ထွက်သွားမလား အောက်မေ့လိုက်တယ်နော်။
ပွင့်တော့ မပွင့်ပါဘူး။ အဲတော့ Leader တွေ အကုန်လုံး
Perfect ဖြစ်ဖို့ လိုတယ်။ ဒါလေး ပြောပြတာ။
ဒါ ဒီကနေ့ အဲဒီထဲက တစ်ခုကို ဘုန်းကြီးတို့
အချိန်လေးကြည့်ပြီးတော့ ပြောသွားတာ၊
အဲဒီတော့ “မေတ္တာ” သူလည်းပဲ ဘယ်ထဲပါလဲ?
ပါရမီထဲမှာ မပါဘူးလား?

ပါပါတယ်ဘုရား.....။

ခန္တီကော မပါဘူးလား?

ပါပါတယ်ဘုရား.....။

ခန္တီတော့ နောက်တစ်ပွဲကျမှ ပြောတော့မယ်။
ဒီကနေ့တော့ “မေတ္တာ” လောက်နဲ့ ဘုန်းကြီးတို့ ရပ်မယ်။
“မေတ္တာ” ချစ်တာကို မဆိုလိုပါဘူး။
မေတ္တာပုဒ်ကို ခုနက သုမေဓာ ဘုရားဖြစ်ဖို့ သေချာပြီဆိုတဲ့
အတည်ပြုချက် ဒါကို ဗမာတို့ နားလည်ထားတာက
ဘာတဲ့လဲ... “ဗျာဒိတ်စကား”၊ အင်္ဂလိပ်လိုကတော့
Conformation ပေါ့။ အဲဒါ ရပြီးတဲ့အခါ ငါ
Perfect ဖြစ်အောင် ဘာကျင့်မလဲ။

လောကမှာ ပြည့်စုံဆုံးသော လူတစ်ယောက် ပုဂ္ဂိုလ်
တစ်ယောက် ဖြစ်အောင် ငါ ဘာကျင့်မလဲ။
ကျင့်စဉ်တွေကို ရှာတော့ သုမေဓာရသေ့
ရှာတွေ့တာ ဆယ်ခုတွေ့တယ်။
အဲဒီထဲက တစ်ခုက.......

“ယထာပိ ဥဒကံ နာမ၊
ကလျာဏေ ပါပကေ ဇနေ။
သမံ ဖရတိ သီတေန၊
ပဝါဟေတိ ရဇော မလံ။
(အဘိ၊ဋ္ဌ၊၁။၅၂)

“မေတ္တာ” ဆိုတာ ရေနဲ့ တူတယ်။
ပရိသတ်ရေ နားလည်ဖို့ မခက်ဘူး။
“မေတ္တာ” ဆိုတာ
(ရေနဲ့ တူပါတယ်ဘုရား)၊

အဲဒါဆိုရင် နိုင်ငံခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊
ဘာသာရေးခေါင်းဆောင် Any leader ပေါ့။
ဘယ်ခေါင်းဆောင်မဆို ဘာလုပ်မလဲ။
ရေနဲ့ တူအောင် ကျင့်ရမယ်။
“မေတ္တာတရား လက်ကိုင်ထားတယ်”ဆိုရင်
ရေနဲ့အတူ ကျင့်ရမယ်။

ခုနက ရှေ့နားက ဆိုထားတဲ့ ပါဠိတော်အရဆိုရင်
ဒါဟာ Defence power ။
တစ်ဖက်က နှိပ်စက်လာတာ ၊ညှင်းဆဲလာတာ ၊
ဆဲရေးလာတာ ၊တိုက်ခိုက်လာတာတွေကို
ကာကွယ်ဖို့ရန်အတွက် အကောင်းဆုံး Defence power
ဟာ ဒီမေတ္တာတရား။

ဘယ်လိုကျင့်မလဲ..... မေတ္တာကျင့်တော့မယ် ဆိုလို့ရှိရင်
ချစ်တာကို မဆိုလိုဘူး။ “သဗ္ဗေသတ္တာ အဝေရာ ဟောန္တု” ကို
ပရိသတ်ရေ နောက်က ရွတ်။
Concept နှလုံးသားထဲက ခံယူချက်က ဘယ်လိုထားမလဲ....။

ငါသည် သတ္တလောကကြီး တစ်ခုလုံးအပေါ်မှာ
ရေနဲ့တူအောင် ကျင့်ရမယ်တဲ့။
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်းလူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးတယ်။

ပရိသတ်ရေ ပြန်နားထောင်....
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်း လူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးတယ်။
ရေဆိုတာက လူကောင်းတွေကိုရော ၊
လူဆိုးတွေကိုရော အညီအမျှ ပရိသတ်ရေ
ဘာဖြစ်စေသတဲ့လဲ..... အေးချမ်းစေတယ်။

“လူကောင်းတွေလည်းပဲ အေးချမ်းပါစေ” ဆိုရင်၊
“လူဆိုးတွေလည်းပဲ”။
“ငါနဲ့ တည့်တဲ့လူတွေလည်း အေးချမ်းပါစေ” ဆိုရင်
“ငါနဲ့ မတည့်တဲ့လူတွေလည်းပဲ အေးချမ်းပါစေ”
ရေလိုကျင့်ရမယ်။
“ငါနဲ့ Policy ကိုက်ညီတဲ့လူတွေလည်း အေးချမ်းပါစေ” ဆိုရင်
“ငါ့ Policy နဲ့ ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးလည်းပဲ
အေးချမ်းပါစေ” ပဲ။

သြော် ခံယူချက် သဘောထားကနော်။
ချစ်တယ်ဆိုတဲ့ စာလုံးကို ပရိသတ်ရေ သုံးချင်လည်းသုံး၊
နောက်မှသုံး။ ဒီခံယူချက်ကို နှလုံးသားထဲမှာရှိမှ
“သမံ ဖရတိ သီတေန၊ ပဝါဟေတိ ရဇော မလံ။ ရဇောမလံ”
- ခန္ဓာကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေး မှန်သမျှကိုလည်းပဲ၊
“သမံ”- အညီအမျှပဲ၊
“ပဝါဟေတိ”- ဖယ်ရှားပေးမယ်။

သြော် လောကကြီးရဲ့ အညစ်အကြေး ၊ဒုက္ခ ၊သုခမှန်သမျှ
အကုန်လုံး Sorrow and suffering ပေါ့။
လောကကြီးရဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတွေ ၊ဒုက္ခတွေ ၊
အကုန်လုံးကို ငါ့အမျိုးတွေ ငါနဲ့ Policy ကိုက်ညီတဲ့လူတွေ၊
ဒို့ဘက်တော်သားတွေ ဒုက္ခ မရောက်ပါစေနဲ့။
ရောက်နေရင် ဒုက္ခမှ လွတ်မြောက်ပါစေ ဆိုရင်
ငါနဲ့ မတည့်တဲ့လူတွေ ဆန့်ကျင်ဘက်တွေ ၊
Policy မတူတဲ့ လူတွေ ပရိသတ်ရေ.. ..
အကုန်လုံး အပေါ်မှာလည်းပဲ ဒီစိတ်ပဲ ထားရမှာပဲ
မဟုတ်လား။ နှစ်ချက် ပြောထားတယ်နော်။

“ငါ့ဘက်တော်သားတွေ အေးချမ်းပါစေ” ဆိုရင်
“တခြားဘက်တော်သား အားလုံးလည်းပဲ အေးချမ်းပါစေ”၊
“ငါ့ဘက်တော်သားတွေမှာ ဒုက္ခမဖြစ်ပါစေနဲ့” ဆိုရင်၊
“အခြား ကိုယ်နဲ့ ဆန့်ကျင်ဘက် ဘက်တော်သား
အားလုံးလည်းပဲ ဒုက္ခမဖြစ်ပါစေနဲ့”၊
အဲလို ရေလို တစ်ညီတည်း ကျင့်ရမယ်။

မန္တလေးက ထုတ်လုပ်တဲ့ ရေမျိုးစုံကို ရန်ကုန်ပို့လိုက်လို့
ရန်ကုန်သူ ရန်ကုန်သား သောက်တော့လည်းပဲ
အေးချမ်းခြင်းနှင့် ချိုးတော့လည်းပဲ သန့်ရှင်းခြင်းဟာ၊
မန္တလေးသူ မန္တလေးသားနဲ့ အတူတူပဲ၊
ရန်ကုန်သူ ရန်ကုန်သားလည်း ရတာပဲ မဟုတ်လား။

သြော် ဗမာ့ရေကို ကုလားပြည် ပို့လိုက်တော့လည်းပဲ
အေးချမ်းခြင်းနဲ့ သန့်ရှင်းခြင်းက ကုလားတွေအပေါ်
အကျိုးသက်ရောက်တာ အတူတူပဲ မဟုတ်လား။
Switzerland က ဟို A.B.M ဆိုတဲ့ တောင်ကြီးပေါ်က
ထွက်တဲ့ နှင်းရေလေးတွေ Switzerland က လူတွေ
ချိုးရင် သောက်ရင်လည်းပဲ ဒီအကျိုးပဲ ရတယ် မဟုတ်လား။
ရေနဲ့တူစွာ ကျင့်။ မေတ္တာကို ဘယ်လိုကျင့်.....

ရေနဲ့တူအောင် ကျင့်ရမှာပါဘုရား....။

အေး...
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်းလူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- ထပ်တူညီမျှ၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးမယ်၊
“မေတ္တာနာမ”- မေတ္တာဆိုတာဟာလည်းပဲ၊
“ကလျာဏေ ပါပကေ ဇနေ”- လူဆိုး၊လူကောင်း နှစ်မျိုးစလုံးတို့ကို၊
ပရိသတ်ရေ ဘယ်လိုလူတဲ့လဲ။
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်း၊လူဆိုး နှစ်မျိုးစလုံးတို့ကို၊
နောက်တစ်ခါ လာသေးတယ်....
“ဟိတာဟိတေ”- ကိုယ့်အတွက် ကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့
ကိုယ့်အပေါ်မှာ ကောင်းကျိုးမပြုတဲ့ ပုဂ္ဂိုလ်။ ဘယ်နှစ်မျိုးလဲ?

နှစ်မျိုးပါဘုရား....။

ကိုယ့်ကိုဒုက္ခပေးတဲ့ လူရော၊ ကိုယ့်ကိုသုခပေးတဲ့ လူရော၊
ကိုယ့်ကို ထောက်ခံအားပေးတဲ့ လူရော၊
ကိုယ့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လူရော၊
နှစ်မျိုးစလုံး မဟုတ်လား။
အဲဒီလို “ဟိတာဟိတေ”- ကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်နဲ့ ဆိုးကျိုးပြုတဲ့
ပုဂ္ဂိုလ် ဒီနှစ်မျိုးတို့ကို၊
“မေတ္တာယ”- မေတ္တာတရားဖြင့်၊
“ဖရတိ”- ဖြန့်နှံရမယ်။
“မေတ္တာယ ပါရမိတံ ဂန္နာ”- အဲဒီမေတ္တာဓာတ်ရဲ့ အထွဋ်အထိပ်ကို
သင်ရောက်မယ်ဆိုရင်။
“သမ္ဗောဓိံ”- သမ္မာသမ္ဗောဓိဆိုတဲ့ လောကဓာတ်တစ်ခွင်လုံး
အပြည့်စုံဆုံးဆိုတဲ့ ဘုရားအဖြစ်သို့၊
“ပါပုဏိဿတိ”- ရောက်လိမ့်မယ်ရယ်လို့၊
“သတ္တာ”- နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။
“အဝေါစ”- ကရုဏာရှေ့ရှူ ဟောပြတော်မူခဲ့ပါပေသတည်း။

သာဓု … သာဓု … သာဓုပါဘုရား.။

(စာရိုက်ပူဇော်သူ - ကိုလှိုင်တိုး)
Dhamma Dãna Source ► ကိုလှိုင်တိုး &

0 comments:

Post a Comment