Monday, March 23, 2015

ပုထုဇဉ် လူသားတို့၏ ယစ်မူးခြင်းများ



__________________________
ပုထုဇဉ် လူသားတို့၏ ယစ်မူးခြင်းများ
__________________________
စာတစ်စောင်ပေတစ်ဖွဲ့ရေးဖို့ မဆိုထားနှင့် ရေးရေးရာရာ လုပ်ပြီး မည်သူ့ကိုမျှ မပြောခဲ့ဖူးသော အကြောင်းအရာတစ်ခုကို ရေးလိုက်ရပါဦးမည်။တစ်ခြား မဟုတ်ပါ။ပုထုဇဉ်လူသားတို့ အကြောင်းအားလျော်စွာဖြစ်တတ်သော "ယစ်မူးခြင်း(၂၇)ပါး" အကြောင်းဖြစ်ပါသည်။
"ယစ်မူးခြင်း" ကို ဝေါဟာရဒေသနာတော်အားဖြင့်"မဒ" ဟူ၍ ဗုဒ္ဓမြတ်စွာဘရားရှင်က ဟောတော်မူပါသည်။ပရမတ္ထတရားကိုယ်မှာ"မာန"တရားသာ ဖြစ်ပါ၏။ "မာန" သည်"လောဘ" နှင့်ယှဉ်၍ဖြစ်လာသော"အကုသိုလ်စိတ်"ဖြစ်ပါသည်။ ထို့ကြောင့် "မဒ" ကို "အကုသိုလ်" ဟူ၍ မှတ်ယူရပါမည်။
"ယစ်မူးခြင်း(မဒ)"(၂၇) ပါး ကို စာဖတ်သူ ဓမ္မမိတ်ဆွေများ သိနားလည်မှု လွယ်ကူစေရန် စုစည်းတင်ပြအပ်ပါ၏။
(က) အသက်အရွယ်ကြီးရင့်သော "သက်ကြီးရွယ်ရင့်" တို့၏ "ယစ်မူးခြင်း" မှာ (၃)မျိုး ရှိပါ၏။
(၁) သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်များ သည် အနာရောဂါ ကင်း၏။ အနာရောဂါကင်းခြင်းကိုစွဲ၍ ၀င့်ကြွား၏။ တံခွန်ထူ၏။ သူတစ်ပါးကို သိစေ၏။ ဤသည်ကို"အာရောဂျံ မဒ" ဟုဆိုပါ၏။
(၂) အသက်အရွယ်ကြီးသော်လည်း အရွယ် က နုပျိုဆဲဖြစ်၏။ အရွယ်နုပျိုခြင်းကိုစွဲ၍ ဂုဏ်ယူဝင့်ကြွား၏။ သူတစ်ပါးကို သိစေ၏။ ဤသည်ကို"ယောဗ္ဗန မဒ" ဟုဆိုပါ၏။
(၃)ကျန်းမာရေးကောင်းသော သက်ကြီးရွယ်အိုများသည် အသက်ရှည်ခြင်းကို စွဲ၍ ဂုဏ်ယူဝင့်ကြွား၏။ သူတစ်ပါးကို သိစေ၏။ ဤသည်ကို"ဇီဝိတ မဒ" ဟုဆိုပါ၏။
(ခ)ရုပ်ရည်ချောမောလှပ၍ ငယ်ရွယ်သူ တို့၏ ယစ်မူးခြင်း(၅)မျိုး ရှိပါ၏။
(၁) အရပ်အမောင်း မနိမ့်၊မမြင့် တင့်တယ်ခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "အာရောဟ မဒ" ဟုဆိုပါ၏။
(၂) လှပ၍ အချိုးကျသော ကိုယ်လုံးကိုယ်ပေါက် ရှိခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "ပရိဏာဟ မဒ" ဟုဆိုပါ၏။
(၃) မြင်ရသူတို့၏ စိတ်နှလုံးကို စွဲလမ်းနှစ်သက်စေသော ပုံသဏ္ဌာန် အမူအရာထူး ရှိခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "သဏ္ဌန မဒ" ဟုဆိုပါ၏။
(၄) တစ်ပါးသူတို့ ဝေဖန်ပြောဆိုစရာမရှိသော အပြစ်ကင်းသော အလှဂုဏ် နှင့်ပြည့်စုံခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "ပါရိပူရိ မဒ" ဟုဆိုပါ၏။
(၅) ရုပ်အဆင်းလှသောဂုဏ်ဖြင့် ထင်ရှားကျော်ကြား ခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "၀ဏ္ဏ မဒ" ဟုဆိုပါ၏။
(ဂ)ချမ်းသာကြွယ်ဝ ဥစ္စာဓနရှိသူတို့၌ ဥစ္စာဓန ချမ်းသာကြွယ်ဝခြင်း ကို စွဲ၍ ယစ်မူးခြင်း ကို "ဘောဂ မဒ" ဟုဆိုပါ၏။
(ဃ) စာပေကျမ်းဂန်တတ် ပညာရှင်များ၌ဖြစ်သော ယစ်မူးခြင်း(၄) မျိုးရှိပါ၏။
(၁) သင်ယူ ၊ မှတ်သား ၊ဆည်းပူး ထားသော စာပေ၊ ပရိယတ္တိ နှံ့စပ်ပြည့်စုံခြင်း ကိုစွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "သုတ မဒ" ဟုဆိုပါ၏။
(၂) ရှေးရှု ထင်သာသောဉာဏ် ဖြင့် ယုတ္တိ၊သာဓကများကို ဖော်ထုတ်၍လျင်မြန်စွာ တင်ပြ၊ ပြောဆိုနိုင် ခြင်း ကိုစွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ပဋိဘာန မဒ" ဟုဆိုပါ၏။
(၃) ဗုဒ္ဓ၀င်၊ မဟာဝင်၊ ရာဇ၀င် .စသည့် ရှေးဟောင်းစာပေတို့၌ ကျွမ်းကျင်စွာတတ်မြောက်ခြင်း ကိုစွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ရတ္တညု မဒ" ဟုဆိုပါ၏။
(၄)သူတစ်ပါးတို့၏ "အထင်သေး မခံရခြင်း" ခြင်း ကိုစွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "အနုဝညာတ မဒ" ဟုဆိုပါ၏။
(င)အာဏာရှိသူများ နှင့်သြဇာတိက္ကမကြီးသူတို့၌ ယစ်မူးခြင်း (၇)မျိုး ရှိပါ၏။
(၁)အကြောင်းအားလျော်စွာ အလိုအလျောက် ရရှိသော လဘ်၊ လာဘ ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "လာဘ မဒ"ဟုဆိုပါ၏။
(၂)၀တ္ထုပစ္စည်းတို့ဖြင့် အပူဇော်ခံရခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "သက္ကာရ မဒ"ဟုဆိုပါ၏။
(၃)အရိုအသေ၊အလေးအမြတ်ပြုမှု ကို ခံယူရခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "ဂရုကာရ မဒ"ဟုဆိုပါ၏။
(၄)ဦးစီးခေါင်းဆောင်ဖြစ်ခြင်း၊ရှေ့တန်း၌နေရာပေးခံရခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "ပုရေက္ခာရ မဒ"ဟုဆိုပါ၏။
(၅)အခြံအရံများခြင်း၊ပရိသတ်ပေါခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "ပရိဝါရ မဒ"ဟုဆိုပါ၏။
(၆)မိမိ အလိုရှိသော အရာဝတ္ထုများကို ရအောင်ဖန်တီးနိုင်စွမ်းရှိခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူးခြင်း ကို "ဣဒ္ဓိ မဒ"ဟုဆိုပါ၏။
(၇)အမိန့်၊အာဏာဖြင့် စီမံဆုံးဖြတ်နိုင်ခြင်း ကို စွဲ၍ ဖြစ်သော ယစ်မူး ခြင်း ကို "ယသ မဒ"(တစ်နည်း)"ပဠာပက မဒ"ဟုဆိုပါ၏။
(စ) တရားအလုပ်ကို အားထုတ်ကြသော ပုဂ္ဂိုလ်များ၏ ယစ်မူးခြင်း(၄)မျိုး ရှိပါ၏။
(၁) သီလ စင်ကြယ် ခြင်း ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "သီလ မဒ"ဟုဆိုပါ၏။
(၂) ကမ္မဋ္ဌာန်းအားထုတ်၍"ဥပစာရ သမာဓိ၊ အပ္ပနာ သမာဓိ"ရ ခြင်း ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ဈာန မဒ"ဟုဆိုပါ၏။
(၃) ကြည်ညိုဖွယ်ရာဖြစ်သော "လျောင်း,ထိုင်,ရပ်,သွား" လေးပါးသော ဣရိယာပုတ် နှင့် ပြည့်စုံခြင်း ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ဣရိယာပထ မဒ"ဟုဆိုပါ၏။
(၄)ဆွမ်းခံသော"အကျင့်ဓူတင်"ကို ဆောင်သောရဟန်းတော်၏ ဆွမ်းခံ၍ရသော ဆွမ်းမျှဖြင့် ရောင့်ရဲ ခြင်း ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ပိဏ္ဍပါတိက မဒ"ဟုဆိုပါ၏။
(ဆ)မိမိ အထူးပြုတတ်မြောက် ကျွမ်းကျင်သော သိပ္ပ-အတတ် ကို စွဲ၍ ယစ်မူးခြင်း ကို "သိပ္ပ မဒ" ဟုဆိုပါ၏။
(ဇ) လူသားအားလုံးနှင့်သက်ဆိုင်သော ယစ်မူးခြင်း(၂)မျိုး ရှိပါ၏။
(၁) မျိုးရိုး ဇာတိ ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ဇာတိ မဒ"ဟုဆိုပါ၏။
(၂) မျိုးနွယ်စဉ်ဆက် ကို စွဲ၍ဖြစ်သော ယစ်မူးခြင်း ကို "ဂေါတ္တ မဒ"ဟုဆိုပါ၏။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း "ယစ်မူးခြင်း" ကို ဝေါဟာရဒေသနာတော်အားဖြင့်"မဒ" ဟူ၍ ဗုဒ္ဓမြတ်စွာဘရားရှင်က ဟောတော်ရာ၌ ပရမတ္ထတရားကိုယ်မှာ"မာန"တရားသာ ဖြစ်ပါ၏။ "အကုသိုလ်စိတ်" စစ်စစ်ကြီးသာ ဖြစ်ပါသည်။
"မာန"-ဟူသည်မှာ"အဟံကာရော မညတိ၊ ဥန္နတိ လက္ခဏော"
အဟံကာရော=ငါ-တကားဟု ထောင်လွှားပြုလျှက်
မညတိ=မှတ်ထင်၏။
ဥန္နတိ လက္ခဏော=ထောင်လွှားတက်ကြွခြင်းသဘောရှိ၏။ ဟု ကျမ်းဂန်များက ဖွင့်ဆိုပါသည်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး ၏တင်ပြချက်မှာတော့ အတော်ပင် ရှင်းလင်းလှပါသည်။သူ၏ "ပရမတ္ထသံခိပ်ဋီကာ"(ပတွဲ၊ စာ-၁၃၃)၌ ရေးသားထားခြင်းဖြစ်ပါသည်။သူ ကတော့ ဟိုဟိုသည်သည် အကျယ်ချဲ့၊ ဖွဲ့နွဲ့၍ ရေးမထားပါ။
"စိတ်၏ ယစ်မူးခြင်း သည် [မဒ] မည်၏ ။ အရူး တစ်မျိုးပင်တည်း" ဟု လိုတိုရှင်း ရေးသားဖော်ပြထားပါ၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဒေသနာတော်အရ မိမိ၌ အများနှင့်မတူ ထူးခြားသော "၀ိသေသ-လက္ခဏာ"ရှိခြင်းသည် ရှေးကပြုခဲ့သော ကုသိုလ်ကံ၏အကျိုးဆက်ကြောင့် လည်းကောင်း၊ မိမိ ကိုယ်တိုင် အားထုတ်ကြိုးပမ်းသော ကံ,ဉာဏ်,၀ီရိယ စွမ်းအားတို့ကြောင့် လည်းကောင်း အများနှင့်မတူ ထူးခြားသော အကျိုးတရား ရရှိခြင်းဖြစ်ပါ၏။
ပုထုဇဉ် တို့၏ ဓမ္မတာ အတိုင်း မသိ၊မိုက်မဲခြင်း (အ၀ိဇ္ဇာ) တရား၏ ဖုံးလွှမ်း ခြင်းကိုခံရ၍ မာန်တက်ခြင်း၊ မာန်ယစ်ခြင်း၊ မာန်မူခြင်း ၊ ယစ်မူးခြင်း ဟူသည်များ ဖြစ်ပေါ်လာရပါ၏။
ပညာမျက်စိ ရှိသူတို့က သိမြင်နိုင်သဖြင် ရှက်ဖွယ်ကောင်းလှပါသည်။ သူတစ်ပါးတို့၏ ကဲ့ရဲ့စွပ်စွဲသောဘေး(ပရာနုဝါဒ)မလွတ်ပါ။ သတိထား ဆင်ခြင် ရှောင်ကြဉ်နိုင်ရန် တင်ပြလိုက်ပါသည်။
မှီခိုရာကျမ်းကိုး-
-၀ိဘင်းပါဠိတော်၊သမ္မော အဋ္ဌကထာ၊ သဂြိုလ် ဘာသာဋီကာ။
- "ပရမတ္ထသံခိပ်ဋီကာ"(ပတွဲ၊ စာ-၁၃၃) (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

0 comments:

Post a Comment