Saturday, March 14, 2015

သံသယဖြစ်စရာ ကြုံလာလို့ရှိရင်



သံသယဖြစ်စရာ ကြုံလာလို့ရှိရင်။
================
ကေသမုတ္တမှာနေတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ
လျှောက်ကြတယ် “ အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေ ရောက်
ရောက်လာကြပါတယ်ဘုရား၊ လာသမျှ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒ ကောင်းကြောင်းပြောပြီး သူများ
ဝါဒကို ရှုံ့ချပြီး ပြောဆိုသွားကြတာချည်းပဲ၊ နောက်တစ်စုကလာပြန်လဲ ဒီလိုပဲ ကိုယ့်ဝါဒ အကောင်း
ပြော ကိုယ့်ဟာ အမှန်ပြောပြီး သူများဝါဒကို ရှုံ့ချပစ်ပယ်ပြီးသွားကြပါတယ်၊ အဲဒီတော့ ဘယ်သူမှား
လို့ ဘယ်သူမှန်တယ်ဆိုတာ တပည့်တော်တို့ မဝေခွဲနိုင်ဘူးဘုရား ” တဲ့၊ သံသယတွေ ဖြစ်နေပါတယ်။
အဲဒီတော့ မြတ်စွာဘုရားက “ အေး၊ ဟုတ်တယ်ပေါ့၊ မင်းတို့ဟာ သံသယဖြစ်ထိုက်တဲ့ နေ
ရာဖြစ်တာပေါ့၊ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာ သိဖို့ခက်တာပဲ၊ ဟိုက တစ်မျိုးပြော
ဒီက တစ်မျိုးပြော ဆိုတော့ မင်းတို့ သံသယဖြစ်ထိုက်ပါတယ်၊ "
မြတ်စွာဘုရားက ဆက်ပြီးရှင်းပြပါတယ်....
(က)အမှန်တရားကို ရှာဖွေတဲ့အခါမှာ====
၁။ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၂။ ယုတ္တိဗေဒ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၃။ လူပြောသူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
၎။ စာထဲမှာ ပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။
၅။ အကြောင်းအကျိုး ဆီလျော်အောင် တွေးတောဆင်ခြင်မှု၊ တတ္တဗေဒနည်း နည်းနဲ့လည်း
မဆုံးဖြတ်နဲ့။
၆။ အနုမာန အတွေးအခေါ် မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။
၇။ ကြောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့လည်း မဆုံးဖြတ်နဲ့။
၈။ ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
၉။ ဖြစ်နိုင်တယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
၁၀။ တို့ဆရာပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့မှ
ဆုံးဖြတ်ပါတဲ့။
(ခ) ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့ လက်ခံကျင့်သုံးလို့ မကောင်းကျိုးတွေ
ပေးမယ်ဆိုရင် ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်း စွန့်လိုက်ပါ။
(ဂ) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ်ဆိုရင် ချက်ချင်း ကျင့်သုံးပါ၊
(ဃ) အဲဒီလို မကောင်းတာတွေကိုစွန့်ပယ်၊ ကောင်းတာတွေကို ကျင့်သုံးတဲ့ အခါမှာ
အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားများ ပွားများအားထုတ်
ပြီးတော့နေပါ။
(င) အဲဒီလို အားထုတ်ပြီးတော့ နေလို့ရှိရင် နောင်ဘ၀ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်
စေ၊ အကုသိုလ်ကံရဲ့အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာ
ဘုရားက ဒီလိုအဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင်ဓမ္မမိတ်ဆွေ သူတော်စင်ပရိသတ်တို့ကလည်း မြတ်စွာဘုရား
ဟောကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘ၀မှာ တကယ် ဆင်ခြင်စဉ်းစားရမှာက
အပြစ်ရှိတဲ့အရာလား အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့
အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်သ
လား ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်ပါတယ်။ ဒီ- အတိုင်းအတာတွေနဲ့ ဆင်ခြင်
သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။

0 comments:

Post a Comment