Monday, March 23, 2015

ကိုယ်ခန္ဓာပေါ်က ခန္တီဆိုတဲ့နေရာ။



ကိုယ်ခန္ဓာပေါ်က ခန္တီဆိုတဲ့နေရာ။
===================
လွန်လေပြီးသော အတိတ်ကာလက ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် 
မင်းပြုအုပ်စိုးနေစဉ် ဘုရားလောင်းဟာ ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ကုဏ္ဍလ 
မည်သော လုလင်ဖြစ်လေ၏။ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်း
သော အတတ်ပညာတို့ကိုသင်ယူကာ ပစ္စည်း ဥစ္စာတိုးပွားစေ၏။ မိဖကွယ်လွန်သဖြင့် ဥစ္စာစုကို
ကြည့်၍ ဤဥစ္စာတို့ကို “ငါ၏ဆွေမျိုးတို့သည် မယူဆောင်၊ ငါသည်ကား ထိုဥစ္စာကို ယူ၍သွား
ခြင်းငှာ သင့်၏”ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ပေးကမ်းလှူဒါန်း၏။ 
ဘုရားလောင်းသည် ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြုပြီး သစ်သီးကြီးငယ်တို့ဖြင့် မျှတ
လျက် ကြာမြင့်စွာ နေ၏။ ချဉ်,ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မြို့၌ ဆွမ်းခံ
လတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။ စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုတ်
တို့ကို ကြည်ညို၍ အိမ်သို့ ပင့်ကာ မိမိတို့စီရင်သော ဘောဇဉ်ကို ကျွေးပြီး၊ ဝန်ခံခြင်းကို ယူစေ၍ 
ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။
ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် ကျွမ်းကျင်ကုန်သော ကချေ
သည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ သွား၏။ မင်္ဂလာကျောက်ဖျာ၌ 
အိပ်ရာခင်းစေပြီး သီဆိုတီးမှုတ်စေကာ တစ်ယောက်သော ချစ်နှစ်သက်သည့်မိန်းမ၏ ရင်ခွင်၌ 
အိပ်ကာ သိကြားနတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်ခံစားကာ မင်းသည် အိပ်
ပျော်ခြင်းသို့ ရောက်၏။ ထိုမင်း အိပ်ပျော်နေစဉ် ကချေသည်တို့သည် ဥယျာဉ်၌ လှည့်လည်
ကုန်လျက် အပွင့် အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည်ဖြစ်၍ ဥယျာဉ်၌ 
မွေ့လျော်ကုန်၏။
ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာ ပွင့်သော အင်ကြင်းပင်ရင်း၌ 
ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏။ ထိုဥယျာဉ်၌ လှည့်လည်
ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ “ရှင်မတို့ …ထိုသစ်ပင်ရင်း၌ ရဟန်းသည် 
နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကို နာလျက် နေကုန်အံ့”ဟု 
သွား၍ရှိခိုးကာ ခြံရံလျက် နေကုန်၍ “အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသော တရားကို 
ဟောပါလော့”ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။
ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကို လှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် 
နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ “ထိုအယုတ်မတို့သည် အဘယ်သို့ သွားကုန်သနည်း”ဟု 
မေး၏။ “မြတ်သောမင်းကြီး … ထိုမိန်းမတို့သည် တစ်ယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏”
ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက်ထွက်၍ သန်လျက်ကို ကိုင်၍ “ထိုရသေ့စဉ်းလဲကို 
သတ်အံ့”ဟု လျင်မြန်စွာ သွား၏။
ထိုကလာဗုမင်းသည် ဘုရားလောင်း၏ အထံ၌ တည်၍ “ရဟန်း … သင်သည် အဘယ်ဝါဒ
ရှိသနည်း”ဟု ဆို၏။
“မြတ်သောမင်းကြီး … ခန္တီဝါဒရှိ၏”ဟု ဆို၏။
“ထိုခန္တီမည်သည်ကား အဘယ်နည်း”ဟု မေး၏။
“ဆဲရေးကုန်သော သူတို့၌လည်းကောင်း, ပုတ်ခတ်ကုန်သော သူတို့၌လည်းကောင်း အမျက်မထွက်
သော အဖြစ်သည် ခန္တီမည်၏”ဟု ဆို၏။
မင်းသည် “ယခု သင့်အား ခန္တီရှိသည်၏အဖြစ်ကို သိအံ့”ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။
ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန်,အဆူးတပ်သောကြိမ်ကို ယူလာ၍ မင်းကို ရှိခိုးလျက် 
“အရှင်မင်းကြီး … အဘယ်အမှုကို ပြုရအံ့နည်း”ဟု ဆို၏။
“ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် 
နံပါးနှစ်ဘက်ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့”ဟု ဆို၏။
ခိုးသူသတ်သည် မင်းဆိုတိုင်း ပြု၏။
ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေသည် စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယိုစီး၏။
လက်ခြေတို့ ပြတ်ပြီ။ 
မင်းသည် တဖန် “ရဟန်း … သင်ကား အဘယ်ဝါဒရှိသနည်း”ဟု ဆို၏။“မြတ်သောမင်းကြီး …
ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တီသည် အရေကြား၌ 
ရှိသည်မဟုတ်။ သင်မင်းကြီးသည် ခန္တီကို မြင်ခြင်းငှာ မတတ်ကောင်း။ မြတ်သောမင်းကြီး … ငါ၏
ခန္တီသည် စိတ်အတွင်း၌ တည်၏”ဟု ဆို၏။
ခိုးသူသတ်သည် တဖန် “မြတ်သောမင်းကြီး … အသို့ပြုရအံ့နည်း”ဟု မေး၏။
“ဤရသေ့စဉ်းလဲ၏ လက်နှစ်ဘက်တို့ကို ဖြတ်လော့”ဟု ဆို၏။
ခိုးသူသတ်သည် ပုဆိန်ကို ယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။
ထိုနောက် “ခြေတို့ကို ဖြတ်လော့”ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။
ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။
နားနှာခေါင်းတို့ ဖြတ်ပြီ။
တဖန်လည်း မင်းကြီးသည် “ရဟန်း … သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။
“မြတ်သောမင်းကြီး … ငါသည် ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တီသည် လက်စွန်း ခြေစွန်း
တို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ခန္တီသည် လက်စွန်း,ခြေစွန်းတို့၌ မရှိ။ နက်နဲသော အရပ်၌ တည်၏”
ဟု ဆို၏။
မင်းသည် “ရသေ့၏ နား,နှာခေါင်းတို့ကို ဖြတ်လော့”ဟု ဆို၏။
ခိုးသူသတ်သည် နား,နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။ ခြေဖြင့် ကန်ကျောက်ခံရပြီ၊
တဖန် “ရဟန်း … သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။“မြတ်သောမင်းကြီး … ခန္တီဝါဒရှိ၏”
ဟု ဆို၏။
“သင်မင်းကြီးသည် ရသေ့၏ ခန္တီကား နား,နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်။ 
ငါ၏ခန္တီသည် နက်နဲသော စိတ်အတွင်း၌ တည်၏”ဟု ဆို၏။
မင်းကြီးသည် “ရသေ့စဉ်းလဲ … သင့်ခန္တီကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့”ဟု ဆို၍ 
ဘုရားလောင်း၏ ရင်ကို ခြေဖြင့် ကျောက်၍ သွား၏။
မင်းသည် ဥယျာဉ်မှ ထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သော 
ကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့် ဖွဲ့အပ်သော 
ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်ကာ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသ
ကဲ့သို့ ရုံ၍ ယူ၏။ ထိုကလာဗုမင်းသည် ဥယျာဉ်တံခါး၌သာလျှင် မြေသို့ ဝင်၍ အဝီစိငရဲကြီး၌ 
တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ပရိသတ်တို့သည်လည်း
ကောင်း၊ ပြည်သူပြည်သားတို့သည်လည်းကောင်း နံ့သာ, ပန်းအခိုးအထုံ လက်စွဲကုန်လျက် လာ
လတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။
(ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု မှကောက်နုတ်ရေးသားပူဇော်ပါသည်။)

0 comments:

Post a Comment