ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။
============
နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။
ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ်
ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်
သွယ်မှုကို အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ သြော် ဒီ ငါးမျိုးလာတာပါပဲ။
အဲဒီ ငါးမျိုးလုံးဟာ တစ်ခုမှ မြဲတာမဟုတ်ဘူး၊ အခိုက် အတန့်လေးမှာ ပျက်စီး ပျက်စီးသွားသည့်
အတွက်ကြောင့် အနိစ္စပဲ။ အနိစ္စဖြစ်လို့ ဒုက္ခပဲ၊ ဒုက္ခ ဖြစ်သည့်အတွက်ကြောင့် အနတ္တပဲ။ အဲဒီ
အနတ္တ ဖြစ်နေတဲ့ အရာတစ်ခုကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာ
လည်း မဟုတ်ဘူးလို့ ဒီလိုပဲ ကြည့်ရတော့မှာပဲ။ သဘာဝအတိုင်း ဖြစ်နေတာပါ။
ဒါ- လောကလူတွေဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် တွေ့နေတာပဲ။ မျက်စိနှစ်လုံး ဖွင့်လိုက်ရင်
ခုနက သဘာဝတရားတွေ ပေါ်လာပါတယ်။ နားစွင့်လိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားတွေ
ပေါ်လာမှာပါ။ နှာခေါင်းထဲက အနံ့ရလိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားငါးခု ပေါ်လာတာပါပဲ။
အဲတော့ အဲဒီ သဘာဝတရားတွေ အားလုံးဟာ မမြဲတဲ့ သဘာဝတရားတွေ။ မမြဲသည့်အ
တွက်ကြောင့် ဒုက္ခဖြစ်တဲ့ သဘာဝတရားတွေ။ ဒုက္ခဖြစ်သည့်အတွက်ကြောင့် အတ္တမဟုတ်တဲ့
သဘာဝတရားတွေကို “ငါ၊ ငါ့ဟာ” လို့မရှုရဘူးတဲ့။ “ငါ၊ ငါ့ဟာ” မဟုတ်ဘူးလို့ ရှုမြင်ရမယ်လို့
မြတ်စွာဘုရားက ရှင်အာနန္ဒကို ၀ိပဿနာ ကမ္မဋ္ဌာန်း တရားကို ဟောပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
0 comments:
Post a Comment