Friday, March 6, 2015

သိပ္ပံနည်းကျ ဗုဒ္ဓဝါဒ



သိပ္ပံနည်းကျ ဗုဒ္ဓဝါဒ
---------------------
ဗုဒ္ဓ၏ အဆုံးအမဒေသနာတို့သည် အကြောင်းအကျိုး ရှေ့နောက်အားဖြင့် ဆင်ခြင်တုံတရားနှင့် ဝိဘဇ္ဇကိုသာ အခြေတည်နေ၏။ မမြင်ရသော အတိတ်ဘဝကာလ တွေးတောကြံစည်ခြင်းဖြင့်သာ အာရုံ၌ ထင်မြင်ယူဆရသော နောင်နောက်ဘဝ စသည်တို့အပေါ် အခြေပြုထားခြင်းမဟုတ်သကဲ့သို့ မရေရာမသေချာမှုတို့အပေါ် ယုံကြည်ရမည် စွဲလမ်းရမည် မှတ်ယူရမည်ဟု ဟောပြောဆုံးမခြင်းတို့ မရှိခဲ့။
ဝိဇ္ဇာပညာ သိပ္ပံပညာတို့သည် အကြောင်းအကျိုးဖြင့် စဉ်းစားသည် ဆင်ခြင်သည် သုံးသပ်သည် ဝေဖန်သည် အဖြေထုတ်သည်။ ထိုသို့ဆင်ခြင် သုံးသပ်ဝေဖန် အဖြေထုတ်သော အဆင့်တိုင်းအဆင့်တိုင်း၌ သချာင်္နည်း ဆင်ခြင်တုံနည်း လောဂျစ်တို့ကဲ့သို့ စနစ်တကျ ဆက်စပ်မှုရှိ၏။
ဗုဒ္ဓဘာသာကို စနစ်တကျသုံးသပ်လေသော် လွန်စွာသိပ္ပံနည်းကျလေ၏။ အကြောငအရာတစ်ခုကို ဆင်ခြင်သုံးသပ်တိုင်း သိပ္ပံနည်းကျသကဲ့သို့ စနစ်တကျ ဆက်စပ်မှုတို့ဖြင့်သာ အတိပြီးလေ၏။
ဝိဇ္ဇာဘာသာ သိပ္ပံဘာသာတို့သည် လောကလူသား၏ အကျိုးအတွက် လက်တွေ့အသုံးချဘာသာရပ် (Apply Sbject) တို့သာဖြစ်ပြီး စိတ်ကူးမျှသာ မဟုတ်သကဲ့သို့ ဗုဒ္ဓဓမ္မဒေသနာတို့သည်လည်း လောကလူသား၏ ချမ်းသာတရားအကျိုးအတွက် လက်တွေ့အသုံးချ ဘာသာရပ်တစ်ခုအနေဖြင့် တွေ့ရလေဦးမည်။ အဓိကကွာခြားချက်မှာ ဝိဇ္ဇာဘာသာ သိပ္ပံဘာသာတို့သည် လူသား၏ ချမ်းသာတရားကို မဆုံးသောလမ်းမှ ရှာဖွေသည်။ ဗုဒ္ဓ၏ ဓမ္မဒေသနာတို့သည် လူသားအကျိုးချမ်းသာတရားတို့ကို အဆုံးရှိသောလမ်းသို့ လမ်းညွှန်လေသည်။ လောကကို မှန်ရာမှန်ရာဟု ဟုတ်တိုင်းမှန်ရာကို ရှုမြင်သွားခြင်းသည်ပင် လောကမှလွန်မြောက်ခြင်း (လောကုတ္တရာ)ဟု ခေါ်ဆိုသုံးနှုန်းရသော သဘာဝ၌ မှန်ရာ မှန်ရာဟု ရှုမြင်နိုင်သူတို့အတွက် ဤဟာသည် လောကုတ္တရာဟု မရှိနိုင်တော့လေပြီ။
လူပုဂ္ဂိုလ် ယောက်ျား မိန်းမတို့ လက်တွေ့ကျင့်သုံးနိုင်သော ဗုဒ္ဓအဆုံးအမ၏ ဒေသနာတို့ကို ဟုတ်တိုင်းမှန်ရာ သိမြင်ပြီး သိမြင်သည့်အတိုင်း လောကလူသားတို့သည် အိမ်ရာတည်ထောင်သောဘဝ မှန်သောကောင်းသော သမ္မာအာဇီဝဖြင့် အသက်မွေးနေထိုင်သွားခြင်းသည်ပင် လောကဆင်းရဲမှ လွတ်မြောက်ရာလမ်း " မဂ္ဂင် " ဖြစ်၍နေလေပြီ။
ဗုဒ္ဓစာပေများတွင် သာမန် ယောက်ျားမိန်းမတို့သည် လောကအလယ်တွင် ပုံမှန်အိမ်ရာတည်ထောင် အသက်မွေးဝမ်းကျောင်းပြုကြရင်း ဗုဒ္ဓ၏ အဆုံးအမစကားကို အောင်မြင်စွာ လိုက်နာကျင့်သုံးမှုကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုကြပုံ သာဓက အမြောက်အများရှိသည်။ ဗုဒ္ဓ အဆုံးအမကို လိုက်နာကျင့်သုံးနိုင်ရန် ရိပ်ကြီးခိုတောထွက်ရလိမ့်မည်ဟု နားလည်ယူဆနေကြခြင်းသည် လွဲမှားစွာ ယူဆနေကြခြင်းသာဖြစ်သည်။
(ဓမ္မပါလ)

0 comments:

Post a Comment