Saturday, March 21, 2015

ဝိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး



ဝိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး။
==================
မြတ်ဗုဒ္ဓသည် ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါဝေနေယျတို့၏ အကျိုးစီးပွားအလို့ငှာ ဓမ္မ
ဒေသနာတော်များကို ဟောဖော်ညွှန်ပြတော်မူခဲ့ပါ၏။ ထို ဓမ္မဒေသနာများမှာ ပိဋကတ်အားဖြင့်
သုံးပုံ၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်း
လှပါ၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုသော ဓမ္မဒေသနာတော်အားလုံးသည် လူ၊ နတ်၊ ဗြဟ္မာ
ရဟန်း၊ ရှင်၊ လူတို့ သိဖို့နှင့် သိသည့်အတိုင်း လိုက်နာကျင့်သုံးရန် ရည်သန်ပြီး ဟောကြားတော်
မူခြင်း ဖြစ်ပါ၏။
ဝိနည်းဒေသနာတော်မှာ ရဟန်းသံဃာတို့ လိုက်နာကျင့်သုံးရန် ဘုရားရှင်က အာဏာ
ဒေသနာတော်အဖြစ် ပြဌာန်းတော်မူခဲ့သည်မှာ မှန်ပါ၏။ သို့တစေ ရဟန်းသံဃာတို့ လိုက်နာ
ကျင့်ကြံရမည့် ၀ိနည်းဒေသနာတော်တို့ ဖြစ်သောကြောင့် လူဒါယိကာ၊ ဒါယိကာမတို့ မသိသင့်၊
မသိထိုက်၊ မသိအပ်ဟူ၍ မြတ်စွာဘုရားက တစ်လုံး တစ်ပါဒမျှ မိန့်တော်မမူခဲ့ပါ။ အမှန်စင်စစ်
လူ ဒကာ၊ ဒကာမတို့ အနေဖြင့် ၀ိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး ပိုမိုဖြစ်ထွန်းလာစရာ
သာ ရှိပါ၏။
သာသနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ပြန့်ပွားအောင် အဓိကတာဝန်ယူနေရသော
သံဃာ့အဖွဲ့အစည်းကြီးအား လူဒါယကာ၊ ဒါယိကာမများက ပစ္စည်းလေးပါး အစရှိသည်တို့ဖြင့်
လှူဒါန်းထောက်ပံ့လျက်ရှိရာ ၀ိနည်းကို သိရှိနားလည်လျှင် သိနားလည်သည့် အလျောက် ပို၍
အပ်စပ်အောင် လှူဒါန်းနိုင်မည်။ ပို၍ အကျိုးရှိအောင် လှူဒါန်းနိုင်ပေမည်။ *
သာသနာ့သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ၀ိနည်းသိသော ဒကာ၊ ဒကာမတို့
ကြောင့် သာသနာတော်ဝယ် အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည်ကို တွေ့နိုင်ပေမည်။ ဥပမာအား
ဖြင့် ၀ိနည်းနှင့်မညီဘဲ နေချင်သလိုနေသော ဆဗ္ဗဂ္ဂီရဟန်းဆိုးတို့အကြောင်းကို ၀ိနည်းနားလည်
သော ဒါယကာကြီးတစ်ဦးက ရဟန်းတော်တစ်ပါးမှတစ်ဆင့် ဘုရားရှင်ထံ လျှောက်ထားတော်
မူခဲ့ပါသည်။ ဘုရားရှင်က လက်ဝဲတော်ရံ၊ လက်ယာတော်ရံ ရဟန္တာမထေရ်မြတ်ကြီးနှစ်ပါးကို
စေလွှတ်တော်မူ၍ ထိုရဟန်းဆိုးတို့ကို နှင်ထုတ်စေတော်မူခဲ့ပါသည်။
ဒကာ၊ ဒကာမများက ၀ိနည်းကို မသိနားမလည်ဘဲ လှူဒါန်းမှုကြောင့် ရဟန်းသံဃာ
တော်များတွင် အာပတ်သင့်ရောက်မှုများလည်း ရှိတတ်ပါသည်။ ဥပမာအားဖြင့် ရှင်ပြုရဟန်း
ခံပွဲ သိမ်ဆင်းလောင်းလှူစဉ် ၀ိနည်းနားမလည်သော ဒကာ၊ ဒကာမများက ငွေစက္ကူများကို
ရှင်ရဟန်းများလက်ထဲ အရောက် ဆက်ကပ်လှူဒါန်းမှုမျိုး ဖြစ်ပါ၏။ ၀ိနည်းနားမလည်သော
ဒကာ၊ ဒကာမများကြောင့် ရဟန်းအဖြစ် ရောက်ပြီးစ ပူပူနွေးနွေးကာလမှာပင် “ နိဿဂ္ဂိယ
ပါစိတ်အာပတ်” သင့်ရောက်ရချေတော့၏။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကာလက စိတ္တသူကြွယ်၊ ခုဇ္ဇုတ္တရာ စသောလူ
ဝတ်ကြောင် ဒကာ၊ ဒကာမများသည် ၀ိနည်းတော်တို့ကို နှုတ်ငုံဆောင်ခဲ့ကြပါသည်။ ရဟန်း
တော်တို့ အနေဖြင့်မူ အခြားရဟန်းတစ်ပါးအား “ အရှင်ဘုရား၊ ၀ိနည်းကိုသင်လို့ ဘာအကျိုး
ရှိမလဲ” ဟု ပြောဆိုလျှင် “ပါစိတ်အာပတ်”သင့်ပြီး လူ သာမဏေတို့ကို ထိုစကားမျိုးပြောကြား
လျှင် “ ဒုက္ကဋ်အာပတ်” သင့်၏ဟူ၍ ၀ိနည်းဒေသနာတော်တွင် ပြဌာန်းထားပါသည်။ * *
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ၀ိနည်းတရားတော်ကို လေ့လာ
သင်ယူကာ ၀ိနည်းနှင့်အညီ သိရှိနားလည်သည့်အလျောက် ပို၍အပ်စပ်အောင် သာသနာအကျိုး
ဆောင်ရွက်နိုင်ကာ ထိုမှတစ်ဆင့်တက် ဘ၀သံသရာလွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်
နိုင်ကြပြီးမြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ။ ။

0 comments:

Post a Comment