"ကရုဏာ နဲ့ ပြောလိုက်ချင်တယ်.."
-----------------------------------------
ကျွန်တော် ဖျားနေပါသည်။ အတော်ကြာပါပြီ။ တစ်ကိုယ်လုံး ကိုက်ခဲ၍ နှာရည်ယို ၊ ခေါင်းများကိုက် ၊အစာမစားချင်၊ ညဖက်ဆိုလျှင် ပုံမှန် အဖျားငွေ့ငွေ့ဖြင့် ဖျားခြင်းဖြစ်ပါသည်။ နီးစပ်ရာ ဆရာဝန် ထံ ပြ၍ လိုအပ်သည့် ဆေးဝါးများသောက်၊ ဆေးထိုးနေရတာတောင်မှ ကောင်းကောင်း မပျောက်ကင်းသေးပါ။
နေမကောင်းဖြစ်နေသောကြောင့် ရေးလက်စ စာများဆက်မရေးဖြစ်သဖြင့် စာဖတ်သူများ နှင့် အဆက်ပြတ်သလို ဖြစ်သွားမှာလည်း စိတ်ပူရပါသည်။ ကွန်ပြူတာ ရှေ့တွင် စာရေးမည် ကြံလိုက်လျှင် မျက်ရည်ပူများကျ၊ ခေါင်းများကိုက်လာပြီး စာတစ်ကြောင်းပင် ရိုက်လို့မရပါ။
ယမန်နေ့ည-၁၁ နာရီ ခန့်က အတူတရားအားထုတ်ခဲ့ဖူးသော ဓမ္မမိတ်ဆွေတစ်ဦး ကွယ်လွန်ကြောင်း ဖုန်းဆက် လာပါသည်။ရုတ်တရက်မို့ အံ့သြ လွန်းစိတ်ဖြင့် တုန်လှုပ်မိပါသည်။ဓမ္မသံဝေဂ သည်လည်း ကျွန်တော် ၏ ရင် ကို လှုပ်ခတ်လွန်းလှပါသည်။
အံ့သြစရာကောင်းသည် က ၀ိပဿနာ တရားအားထုတ်နေကြသော သူတော်ကောင်းပုဂ္ဂိုလ်ကြီးများ၏ ကွယ်လွန်သည်ဟူသောသတင်း နှင့်အတူ နောက်ဆက်တွဲ ပေါ်ပေါက်တတ်သော "ဘ၀ကူးမှ ကောင်းပါ့ မလား" ဟူသည့် စိတ်ပူပန်မှုမျိုးသည် ကျန်ခဲ့သည့် ကျွန်တော်များ၏စိတ်၌ လုံးဝ မပေါ်ပေါက်ပါ။ ထိုမိတ်ဆွေ ၏ သံသရာ ခရီးလမ်းသည် သွားလမ်း လာလမ်း ဖြောင့်နေမှာ သေချာနေသောကြောင့်ဖြစ်ပါသည်။
ဆိုပါစို့ ရဲ့၊ လာလည်းလာတတ်သူများ..ပြီးတော့… ပြန်လည်း ပြန်တတ်သူများပေါ့..။
နေ့လည်ပိုင်း အချိန်တွင်မူ ကျွန်တော် လက်ရှိနေထိုင်ရာ အခန်းအနီးမှ ဆူဆူညံညံ အသံတစ်ချို့ ကိုကြားရပါသည်။ကျွန်တော့်အခန်း ၏ တစ်လမ်းကျော် အိမ် မှ ကွယ်လွန်သူအတွက် (၃)နှစ်မြောက် ဆွမ်းကျွေးအလှူတွင် အိမ်သားတစ်ဦး (ကွယ်လွန်သူ အမျိုးသား၏ သမီးငယ်)အား ၀င်ရောက် ပူးကပ်သည့် သတင်းဖြစ်ပါသည်။
''သုံးနှစ်ကြာ မှ လာပြီး ၀င်ပုးတာတော့ တို့တော့ဖြင့် မယုံနိုင်ပေါင်"
"အေးလကွယ်၊ အရင်နှစ် တွေ ဆွမ်းသွတ် တုန်း ကတော့ ဘာသံမှလဲ မကြားဘဲနဲ့"
"သြော်…ဒါကလဲ၊ အဲဒီ အချိန်တုန်းက သူ က တခြားနေရာ ရောက်နေသလားမှ မသိတာ"
ထို အသံများ ကိုသယ်ဆောင်လာသူများကတော့ ကျွန်တော့်ကို လူမမာ လာမေးသူ အန်တီမေ တို့ သုံးယောက် အဖွဲ့ ထံမှ ဖြစ်ပါသည်။
"အဲဒါ တကယ်ပဲလား အန်တီမေ ရဲ့..။"
"အို..တကယ်ပေါ့ကွဲ့..၊ မင်း နေမကောင်းဖြစ်နေလို့ မကြားမိဘူးထင်တယ်..။"
"နေမကောင်းတဲ့ကြားက သဲ့သဲ့တော့ ကြားလိုက်မိပါတယ် အန်တီမေ ရဲ့..၊ နော့ပေတဲ့ သူ က ၀င်ပူးတော့ ဘာတွေပြောသေးသလဲဗျ..။"
"အဲ..လူတွေက ၀ိုင်းမေးတာပေါ့။ အခု ၀င်လာတာ ဘယ်သူလဲ..၊ ဦး------ မဟုတ်လား ဆိုတော့..ခေါင်းညိတ်တယ်လေ။
ပါးစပ်နဲ့ ပြောပါ ဆိုတော့ ခေါင်းယမ်းပြီး သူ့ ပါးစပ် ကို လက် နဲ့ ရိုက်ရိုက်ပြတယ်..၊ သနားစရာပါဟယ်..။
ပါးစပ် က ဖွင့်မရဘူး ထင်တယ်..။"
"သြော်…"
"ဟဲ့…မောင်ညီညီ..၊ ဒါဆို သူ့အတွက် အလှူလုပ်၊ အမျှဝေရင် သူ ကျွတ် မှာပေါ့နော့..။ သေသူ လဲ မှန်ရင် ပေါ့လေ..။"
"ရော်..၊ ပါးစပ်မှ ဖွင့်လို့မရတာ ဘာနဲ့ သာဓုခေါ်ဦးမှာလဲ အန်တီမေ ရဲ့..၊"
"ဟယ်…ဒါဆို ဘယ်လိုလုပ်ပေးမှ ရမှာလဲ..၊ ဒုက္ခပါပဲ..။"
"ဘယ်လို လုပ်သင့်သလဲ ဆိုတော့ ကျွန်တော့် ရဲ့ ပုဂ္ဂလဓိဋ္ဌာန် နဲ့ ပြောရရင် ၊ ကျွန်တော် ကတော့ နာနာ ရိုက်ပစ်ချင်တယ်..အန်တီမေ။"
"အို…ညီညီ် တို့ကတော့လုပ်ပြီ..။ အဲဒါကြောင့် နင် နဲ့ စကားသိပ် မပြောချင်တာ..၊ နင် ပြောလိုက်ရင် ကန့်လန့်ချည်းပဲ..။တကယ့် လူ့ဂွစာ..။"
"မဟုတ်ဘူး အန်တီမေ..၊ အန်တီမေ သေချာစဉ်းစားကြည့်နော်..။
အသက် မသေခင်မှာ ပြုသင့်တဲ့ အလုပ်တွေ ကောင်းစွာမပြုမိဘဲ..၊
မိသားစု တွေနဲ့ပဲ သားသရဏံ၊သမီးသရဏံ လုပ်နေခဲ့ရင်..၊ မြေးမြစ်တွေနဲ့ အချိန်ကုန်ခဲ့ရင်..၊
သူ့ ရဲ့စုတိစိတ် ဟာ ဘယ်ကို ပဋိသန္ဓေ ပေးမလဲ အန်တီမေ..။
ဤဟာဖြင့် အပါယ်သွားရာလမ်း..၊ဤဟာဖြင့် သုဂတိသွားရာလမ်း..၊ဤဟာဖြင့် နိဗ္ဗာန် ရောက်ကြောင်းလမ်း ဆိုပြီး..
ကျွန်တော် တို့ ဗုဒ္ဓမြတ်စွာဘုရားရှင် က လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ရလာတဲ့ သဗ္ဗညုတဉာဏ်တော် နဲ့ (၄၅)၀ါ ပတ်လုံး ဟောဖော် ညွှန်ပြ ခဲ့တာ..။
အသက်ရှင်စဉ် မှာ ဗုဒ္ဓံသရဏံ ၊ ဓမ္မံသရဏံ၊ သံဃံသရဏံ ကို ထိထိမိမိ မလုပ်ခဲ့မိဘဲ စောစော ကပြောခဲ့တဲ့ ဘာညာသရဏံ တွေ လုပ်ခဲ့မိလို့ ဒီလို ပေတဂတိ၊ပြိတ္တာဘုံ ရောက်နေရတာ မဟုတ်လား..။
အခုချိန်ကျမှ မစားရလို့..၊ မသောက်ရလို့..၊ပါးစပ် ဟ မရ လို့..၊ဆင်းရဲ ကြီးငယ် တွေနဲ့ တွေ့နေရလို့..။
အချို့ ဆို..၀င်ပူးပြီး..( နင်တို့ က သတိတောင်မရကြဘူး၊ငါ့မှာတော့ ဘာဖြစ်နေပြီ..၊ ငါ လုပ်ကိုင် ကျွေးမွေးခဲ့သမျှ နင် တို့က ငါ့ အပေါ် အလှူအတန်းကလေး တောင် မလုပ်ပေးကြဘူး) လို့ ကြိမ်းမောင်းသွားကြသေးတယ်..။
ဒီတော့…။
အချိန်အခါ ရှိတုန်း အသိဉာဏ်ရှိတဲ့ လူ့ဘ၀မှာ ဟုတ်တိပတ်တိ ဘာမှ လုပ်မလာဘဲနဲ့
အခုလို မိုးလွန်မှ သူများ ကိုလာပြီး ထွန် ချခိုင်းနေတာ။ အဲဒီလူတွေကို နာနာရိုက်ဖို့ပဲ ကောင်းတာပေါ့ အန်တီမေ ရဲ့..။"
(မှတ်ချက်။ ။ ပါးစပ်ဖွင့်ရမှ သာဓုခေါ်နိုင်သည်မှာ မှန်သော်လည်း မနောကံ အရ ၀မ်းမြောက်လျှင် (အသိစိတ် အားရှိသေး၍ သိသည့်အတိုင်း နှစ်သက်လျှင်) ကုသိုလ် ၊ အမျှ ရနိုင်ကြောင်း၊ ကျွတ်နိုင်ပါကြောင်း..။)
အန်တီမေ တို့ သုံးဦးသာ အနည်းငယ် တွေဝေသွားကြပါ၏။ ပြီးမှ တစ်ယောက်သော အန်တီကြီး မှ ၀င်၍-
"တချို့ မသေခင် ကောင်းတာလုပ်ခဲ့ပေမယ့်လည်း သေခါနီး မကောင်းတဲ့ အာရုံ နိမိတ်တွေ ထင်လာခဲ့ရင် အဲဒါကိုပဲစွဲသွားတတ်ပြီး ဘ၀ လွဲ သွားတတ်တာပဲ ဆို.."
"ဒီလို..ဒေါ်လေး ရဲ့..။သေခါနီး က အာသန္နကံ ခေါ်တာပေါ့..။
နေ့စဉ်ပြုလုပ်နေတဲ့ ကံ က အာစိဏ္ဏကံ ဆိုတော့ ..အာစိဏ္ဏကံ ဟာ အမြဲ ပြုလုပ်တဲ့ အလုပ်မို့ လို့ အားကောင်းနေတတ်ပါတယ်..။
အာသန္နကံ က သေခါနီး ဇော ဖြစ်ပြီး ဘ၀တစ်ခု ကိုပြောင်းဖို့အတွက် ဦးဆောင်ပေးရတာမို့သာ ရှေ့ဆုံးရောက်နေတာပါ..။
အဲဒီ အာသန္နကံ ဖြစ်ခွင့်ကလဲ အာစိဏ္ဏကံ ရဲ့ အကျိုးပေါ်မှာ အများကြီး မူတည်တတ်ပါတယ်..။
ဥပမာ- မုဆိုး..၊ ဒါမှ မဟုတ် သားသတ်သမား တစ်ဦးဟာ သေခါနီး အာသန္နကံ အချိန်ကျရင် သူ နေ့စဉ် ပြုလုပ်နေတဲ့ အာစိဏ္ဏကံ က အာသန္နကံ ဖြစ်ဖို့ အကျိုးပြုသွားမှာပါပဲ..။ကောင်းမှုလုပ်ခဲ့တဲ့သူဆိုလည်း ဒီလိုပဲ တွေးယူလို့ရပါတယ်..။
လက်ဝှေ့ပွဲတစ်ခု ၀င်သလိုပေါ့..။ အပြင်မှာ နေ့စဉ် လေ့ကျင့်ခန်း ကောင်းကောင်း ရှိနေတဲ့သူကတော့ ပြိုင်ပွဲ စဉ် ပေါ်မှာ ဒုက္ခရောက်လေ့ မရှိပါဘူး..။သာမန် နေရိုးနေစဉ် နေတဲ့သူကတော့ ပြိုင်ပွဲစင်ပေါ် မတက်မဖြစ် တက်ရတဲ့အခါ ဒုက္ခလှလှ တွေ့ရတော့တာပါပဲ..။"
"နေပါဦးကွယ်..၊ အန်တီမေ လည်း ၀င်ပြောပါရစေဦး..၊
အဲဒီလို သေခါနီးအချိန်မှာတော့ ပတ်ဝန်းကျင် က သိပ်လိုတာကွဲ့..၊ အဲဒါ မင်း လက်ခံသလား..။
ပတ်ဝန်းကျင် က တရားဘာဝနာသံတွေ..ပေးတာတို့..၊ ပြုစုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ကလေးတွေ ပြန်သတိရအောင် ပြောပေးတာတို့..၊ကုန်ကုန်ပြောမယ် ကွယ်..။
ခွေးဟောင်သံ တောင်မှ မကြားစေရဘူး..၊ သေသူရဲ့ အာရုံနိမိတ်ပေါ် ထင်သွားမှာစိုးလို့..၊ ဒီလို ပတ်ဝန်းကျင် က ကောင်းစွာ ပြုပေးနိုင်ရင် သေသူ အတွက် ဂတိ စိတ်ချရတယ် ကွဲ့..။
ဒါ အဓိက ပဲ..၊ ညီညီ…မင်း..အဲဒါ လက်ခံ သလား..၊လက် မခံ လို့မရဘူးနော်..။ ဇာတ်နိပါတ်တော်၊ဒေသနာ တွေနဲ့ အထင်ကရ ရှိတယ်..။"
"ဒါကိုလည်း လက်ခံရမှာပါပဲ အန်တီမေ..၊ နော့ပေတဲ့..တကယ် အားမကိုးလောက်ပါဘူး..။"
"အလိုတော်…၊..ဘာဖြစ်လို့..၊"
"ကဲ…အန်တီမေ့ ကိုရော..၊ ဟောဒီ က အန်တီကြီးတွေကိုရော..ကျွန်တော် မေးမယ်..။
ကိုယ်စိတ်ကိုယ် အားကိုး မလား…၊ သူများတကာ ကို အားကိုးမလား..။"
အားလုံး တုံဏှိဘာဝေ ဖြစ်ကာ တစ်ယောက်မျက်နှာ၊တစ်ယောက်ကြည့်နေကြပါ၏။ သူတို့ပြောခဲ့သည့် အကြောင်းအရာပေါ် "အားမကိုးလောက်ပါ"ဟူသော ကျွန်တော်၏ အဖြေစကား ကို နှစ်သက်ပုံမရပါချေ။
ဘာမျှမဖြေဘဲ ဆိတ်ဆိတ်သာ နေကြ၏။
"ကဲ…ကျွန်တော် ပဲ ဖြေပါ့မယ်..။
ကိုယ့်စိတ်ကိုယ် ပိုင်နိုင်အောင်လုပ်ပြီး အားကိုးရမှာပဲ အန်တီမေ..။
ဇာတ်နိပါတ်တော်တွေမှာ အန်တီမေ ပြောသလို မျိုးရှိပါတယ်..။
သား ဖြစ်သူ ရဟန်း က ဖခင်မုဆိုး သေခါနီးမှာ မကောင်းတဲ့ နိမိတ် ထင်မြင်နေတာကို ကောင်းတဲ့ နိမိတ် ထင်သာလာအောင် ပတ်ဝန်းကျင် အထောက်အပံ့နဲ့ လုပ်ပေးခဲ့တာ..။
အဲဒါ သေမယ့်သူတိုင်း လုပ်လို့ရမယ် ထင်သလား အန်တီမေ..။
သေခါနီးသူ တော်တော်များများ အန်တီမေ မြင်ဖူး၊ကြားဖူး မှာပေါ့..။သူ တို့ပြောတတ်ကြတယ်လေ..။
(ငါ ဘာမှ မကြားရတော့ဘူး) တဲ့..၊ကဲ..သူ့ကို ဘယ်လို တရားသံ ဟောဟော ကြားပါတော့မလား..။
တချို့ဆို ( ငါ ဘာမှ မမြင်ရတော့ဘူး) ဆိုပြီး ငိုတယ်။
သူ့ကိုရော..၊သားကလေးရှင်ပြုထားလို့ ချီပြတာတို့ ၊သင်္ကန်းတွေ၊ ဘုရားဆင်းတုတွေ ပြတာတို့ မြင်နိုင်ပါ့မလား။
မမြင်ရ..၊ မကြားရတော့ပါဘူး..။
အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့..။
အဲဒီ အဆင်း ကိုမြင်စေတတ်တဲ့မျက်လုံး တို့..၊အသံ ကိုကြားစေတတ်တဲ့ နားစည် တို့ ဆိုတာ..၊
ကံ ကပေးလိုက်တဲ့ ကမ္မဇရုပ် တွေမို့ သေခါနီး မှာ စုတိစိတ်ရဲ့ အရင် (၁၇)ခုမြောက် စိတ် ကတဲက ကမ္မဇရုပ် တွေမဖြစ်တော့ဘဲ အဲဒီ (၁၇)ခုမြောက် စိတ် နဲ့အတူဖြစ်ခဲ့တဲ့ နောက်ဆုံးဖြစ် ကမ္မဇရုပ် တွေကလည်းချုပ်ဖို့ပဲ ရှေးရှု နေကြတယ်..၊မမြင်ရ..၊ မကြားရတော့ဘူး..။
နောက်တော့ စုတိစိတ် နဲ့ ကမ္မဇရုပ် တွေချုပ်ပြီး သေတော့တာပါပဲ တဲ့..။
နောက်..စိတ္တဇ..၊အာဟာရ..၊ ရုပ် တွေပါ ချုပ်သွားကြတာ..။ ဒါကြောင့် အသုဘနာရေးကြော်ငြာတွေမှာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ် အား လို့ ထည့်ပေးရတာပေါ့..။
ဒီတော့..အဲဒီအချိန်မှာ ဘယ်သူတွေ ဘာပြောပြော၊ ဘာပြပြ..၊အားကိုးဖို့ မလွယ် လို့..အဓိက ဟာ မိမိစိတ်သန္တာန် မှာ တည်ငြိမ်ရင့်ကျက်တဲ့ ကမ္မဋ္ဌာန်းတရား တစ်ခုခု ကိုပဲ နှလုံးသွင်းနေပြီး
ကိုယ့်စိတ်ကိုယ် ပိုင်နိုင်အောင်ကြိုးစား၊ အားကိုး ရမှာပဲ မဟုတ်လား..အန်တီမေ ရဲ့..။
ဒါကြောင့် အပါယ်လေးဘုံ ရောက်ရတယ် ဆိုတာ လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ အကုသိုလ်တရားတွေကြောင့်ပါ။သဗ္ဗေဓမ္မော အနတ္တာ-ဆိုတဲ့ အနတ္တသဘောကိုပိုင်ပိုင်နိုင်နိုင် သဘောသွင်းနိုင်မှ"အတ္တ"ဆိုတာပြုတ်မှာ အဲဒီ အတ္တပြုတ်မှ လာဘ၊ဒေါသ၊မောဟ တွေပြုတ်နိုင်မှာ အန်တီမေ ရဲ့..။
ရူပံ ဘိက္ခဝေ အနတ္တာ- တဲ့..။
အပါယ်ရောက်ကြောင်း အတ္တ ကို တော်လှန်ဖြုတ်ထုတ်ခဲ့ပြီး အနတ္တ လို့ အမှန်ကြွေးကြော်ခဲ့တဲ့ တရားပိုင်ရှင် ဗုဒ္ဓဘုရားရှင် ရဲ့ မျက်နှာ ကိုမှ မထောက်မညှာ အားမနာဘဲ..၊
ပေါ့ပေါ့နေ..၊ ပေါ့ပေါ့စား..၊အချိန်ကုန်ခဲ့ပြီး သေခါနီး အထိ ငါ့ကိုယ်..၊ ငါ့ ဟာ..၊ ငါ့ ဥစ္စာ..၊ငါ့မိသားစု ဆိုတဲ့ အတ္တ အတွေးတွေ ထွေးပိုက်လို့ ပြိတ္တာဘုံ ရောက်ရတာပါ..။
အဲဒါကြောင့် ကရုဏာ နဲ့ “ နာနာရိုက်ပစ်ချင်တယ် "လို့ ပြောခဲ့မိတာ..။
ကျွန်တော် တို့မှာ သိနိုင်၊ ကျင့်နိုင် တဲ့ လူ့ဘ၀..ဗုဒ္ဓဘာသာ ၀င် ဖြစ်နေပါလျက် ..
သေလွန်တဲ့အခါ ဟိုနား ချွတ်ချွတ် ၊ ဒီနား ချွတ်ချွတ်နဲ့ သူတကာ ထိတ်လန့်ပြီး ကမ္မ၀ါရွတ်ခံရတဲ့ ဘ၀မျိုး..၊အဖြစ်မျိုး ရောက်ရရင် အန်တီမေ ရေ..၊
နှိုင်းပြစရာကတော့ “အညံ့တကာထိပ်ခေါင်” လို့သာနာမည်တပ်ရတော့မှာပဲဗျာ ..။
ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
post by (ကိုညီညီတင်)

0 comments:
Post a Comment