Sunday, May 31, 2015

နယုန်လပြည့် မဟာသမယ အခါတော်နေ့။



နယုန်လပြည့် မဟာသမယ အခါတော်နေ့။
==================
နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်သော
သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ မြတ်စွာဘုရား လက်ထက်တော်ကာလက အိန္ဒိယနိုင်ငံ
တွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေ
ကိုအကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဘူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဘက်
နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ် ရှိရာသို့ ရောက်ရှိလာ
ကြ၏။ နှစ်ဘက်နိုင်ငံမှ လူအများတို့သည် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်၍ ထိုး ခုတ် တိုက်ခိုက်
တော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏။
ပဋိပက္ခ ဖြစ်သည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကို ရှေးရှု၍ 
အောက်ပါဝတ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။
၁။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံး ပျက်စီးကြပုံ “ဖန္ဒနဇာတ်” ။
၂။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏ စကားကို ယုံမှား၍ 
တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ “ဒုဒ္ဒုဘဇာတ်(ပထ၀ီဥန္ဒြိယဇာတ်)”
၃။ အားသေးသော နှံစုတ်ငှက်မက အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို 
အထင်မသေးသင့်ပုံ “လဋုကိကဇာတ်”
၎။ ညီညွတ်စဉ်အခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမ
ညွတ် ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်” ။
၅။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်မေ၍ လေဘေးအန္တရာယ်မှ ကင်း
ဝေးနိုင်ပုံ “ ရက္ခဓမ္မဇာတ် ”။
၆။ မိမိကိုယ်မိမိ ထိန်းသိမ်းဆုံးမရန် “အတ္တဒဏ္ဍ” သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်
အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ နှစ်ဘက်တိုင်းပြည်မှ လယ်သမားများ
နှင့် မင်းညီမင်းသား စစ်သည်တော်များသည် ဒေါသမီး ငြိမ်းစဲကာ လက်နက်များကို စွန့်ပယ်၍ 
မေတ္တာဓာတ်များ သက်ဝင်လာကြကုန်၏။ တစ်လက်လျှင်(၂၅၀) စီ နှစ်ပြည်ထောင်မှ မင်းသားငါး
ရာတို့ သာသနာဘောင်သို့ ၀င်၍ ရဟန်းပြုကြကုန်၏။
ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့တမ်းတ သတိရပြီး သာသနာ့ဘောင်၌
မပျော်မွေ့နိုင်ဘဲ ရှိကြရာ မြတ်စွာဘုရားက ဟိမ၀န္တာတောအတွင်း ကုဏာလ ရေအိုင်သို့ တန်ခိုး
တော်ဖြင့် ခေါ်ဆောင်၍ ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို ဟောပြောတော် မူပါသည်။ တရား
အဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။
မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလ၀တ်ပြည်အနီး မဟာဝုန် တောကြီးသို့ ပြန်
လည်ကြွတော်မူရာ အပြန်ခရီးတွင် သောတာပန် ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်
ပါလာကြကုန်၏။ ထို မဟာဝုန် တောကြီး၌ တရားကို ဆက်လက်အားထုတ်ရာ ရဟန်းတော်အားလုံး
ရဟန္တာချည်း ဖြစ်တော်မူကြပါသည်။
ရဟန်းငါးရာတို့သည် မိမိတို့ ရရှိပြီးသော တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို
မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား အထံသို့ စုရုံး
ရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင် ကြည်ညို
လိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့် ဂဠုန်နဂါးတို့သည် မဟာဝုန် တောကြီးသို့ အုပ်စုအလိုက်
စုရုံးရောက်ရှိကြကုန်၏။ ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသော(နံယုန်လပြည့်နေ့)အချိန်ကို 
မဟာသမယ ဟု ခေါ်ဆိုပါသည်။
ဘုရားရှင်သည် ထိုနတ်သဘင် အစည်းအဝေး၌ မိန့်ကြားသော စကားတော်များကို မဟာ
သမယသုတ် ဟု ခေါ်ဆိုပါသည်။ သုတ်တော်ကြီးကို ဟောကြားပြီးနောက် သမ္မာပရိဗ္ဗာဇနိယသုတ်၊
ကာလဟ၀ိဝါဒသုတ်၊ မဟာဗျူဟသုတ်၊ စူဠဗျူဟသုတ်၊ တုဝဋကသုတ်၊ ပုရာဘေဒသုတ်၊- တို့ကို
ဆက်လက်ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြပါသည်။
တရားချစ်ခင် သူတော်စင်တို့ကလည်း ဤ မဟာသမယသုတ်ကို ရွတ်ဖက်ပူဇော်ခြင်းဖြင့်
ကုသိုလ်ပွားများကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။



ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
====================
ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ
နိုင်သောကြောင့် (၂) “သန္ဒိဌိကော” ဟုဆို၏။
ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုး
ခံစားရသဖြင့် (၃) “အကာလိကော” ဟုဆို၏။
တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလှည့် ရှုလှည့်ဟူ၍ အစီရင်ကို ခံထိုက်သော
ဖိတ်ခေါ်တိုက်တွန်းထိုက်သော တရားမျိုးဖြစ်သည့်အတွက် (၄) “ဧဟိပဿိကော” ဟုဆိုသည်။
တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား
ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် (၅) “သြပနေယျိကော” ဟုဆို၏။
စိတ်ထဲ၊ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားရမှာ
သေချာပေသည်။ သို့အတွက် (၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ” ဟု ဆို၏။
မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏။ တိကျ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏ တရားကို
ဟောရာ ရေးရာ၌ မိမိ၏အတွေး အယူအဆများက ဒေသနာတော်မူရင်းကို မညစ်ထေးစေရန်
အထူးသတိပြု၍ ဟောကြားသင့်ပါသည်။
တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်
သိရှိပြီး ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားနိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ။



ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ။
============
ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။ တရားစစ်တော့ ရှေ့ က တစ်ယောက်ပြီးတစ်
ယောက် အလှည့်ကျ အစစ်ခံတာပေါ့၊ လေးငါးယောက်လောက်ကျတော့ ဟိုး.. နောက်မှာထိုင်
နေတဲ့ ဒကာတစ်ယောက် ရှေးကိုတိုးလာပြီး...ဓမ္မဒူတ ဆရာတော်က===ကဲဒကာကြီးပြော၊
ယောကီ == ဘာပြောရမှာလဲ ဆရာတော်၊
ဆရာတော်=တရားမှတ်နေ ရှုနေတာပဲ၊ ကိုယ်ဖြစ်တာ ကိုယ်ပြောလေ၊ ကိုယ်တရားအားထုတ်
တာမှာ ကိုယ်ဖြစ်နေတာတွေ ကိုယ်ပြောလေ။
ယောကီ ==တကယ်ပြောရမှာလား ဘုရား။
ဆရာတော်=တကယ်ပြောပေါ့။
ယောကီ ==ညာ ပြောရမှာလား၊ အမှန် ပြောရမှာလား ဘုရား။
(ဆရာတော်က အဲဒီလိုမျိုးဆိုရင် ကြိုက်ပြီလေ)
ဆရာတော်=သီလရှိတဲ့ ယောကီပဲ၊ ဘယ် ညာပြောရမှာလဲ၊ အမှန်အတိုင်းပြော။
ယောကီ ==ဒါဆို အမှန်အတိုင်း ပြောပါ့မယ်ဘုရား၊ အမှန်အတိုင်းပြောရင် တစ်ခွန်းတည်းနဲ့
တပည့်တော်လျှောက်တာပြီးပြီ၊ “တရား စထိုင်ကတည်းက တပည့်တော်စိတ်ထဲ
မှာ အိမ်ခြံစည်းရိုး ကာလိုက်တာ တစ်ချိန်ပြည့်လို့ ဖြုတ်သာဖြုတ်တယ် ခြံစည်းရိုး
ကာလို့ မပြီးသေးဘူးပါ ဘုရား။ ... တဲ့။..
တစ်နာရီ အချိန်သာကုန်သွားတယ် ဟန်ဆောင်လို့ကို မပြီးသေးဘူး။ ဟန်ဆောင်တယ်ဆိုတာ
ဘယ်လောက် စိတ်ပင်ပန်းတယ် အောက်မေ့သလဲ၊ ဘယ်လောက် ကြောက်စရာကောင်းတယ်
အောက်မေ့သလဲ၊ တရားထူး မရတော့ဘူး။ ကိုယ် နေသာသလို နေကြပါ။
ဒို့လေးစားတဲ့ ဆရာသမားတွေက ဟန်ဆောင်တယ်ဆိုတာ လုံးဝမရှိဘူး၊ နောက်ဆုံးဘယ်
လောက်ထိများလဲ ဆိုရင်၊ ဟိုး.ရှေးတုံးက ဆရာတော်ကြီးတွေထိုင်တဲ့ လက်တင်နဲ့ ကျောမှီလို့ရ
တဲ့ ကုလားထိုင်ကြီးတွေ ရှိတယ်။ ကိုယ်တစ်ပါးတည်း နေသလို ဟောဒီလို ခြေထောက်ဆန့်ပြီး
တော့ ဟောဒီလို ဆရာတော်ကြီး စာဖတ်နေတယ်။ ဘယ်အရာရှိကြီးများလာလို့ ဘယ်ဧည့်သည်
လာလို့ ဘယ်သူဌေးကြီးလာလို့၊ ဟာ....လူတွေ လာသလားလို့ သင်္ကန်း ကိုကျကျနန ပြန်ပြင်
တာမျိုးတော့ မရှိဘူး။ လူလာလို့ ကိုယ်အမူအရာ ပြင်လိုက်ရင်၊ ကိုယ်အမူအရာက လူကိုဂရုစိုက်
ရာ ရောက်ပါတယ်။ အာပတ်သင့်တယ်၊ အပြစ်ရှိတယ်။ ဒို့ လေးစားတဲ့ ဆရာသမားတွေက 
ဘယ်သူလာလို့ ဟန်ဆောင်ပြီး ပြင်တာမျိုး လုံးဝမရှိဘူး။ 
ရဟန္တာဆိုရင် မလှုပ်တော့ဘူး ထင်လောက်အောင်ထိ၊ လူတွေကထင်ကြတာ။ ရဟန္တာထဲ
မှာ ဒိုးဒိုးဒေါက်ဒေါက်တွေ တစ်ပုံကြီး၊ ရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်ကြီး ဆိုရင် ဒိုးဒိုး
ဒေါက်ဒေါက်၊ ထောင်ထောင်မောင်းမောင်း၊ ပြောစရာရှိရင် ပြောတယ်၊ ဆိုစရာရှိရင် ဆိုတယ်။
မြေလျိုးမိုးပျံ၊ တန်ခိုးအရာမှာ ဘုရားရှင်ပြီးရင် အမြတ်ဆုံး။ ဒါပေမဲ့.. လူတွေ ထင်ထားကြတာ
ကတော့..... မလုပ်ပါနဲ့။ ကိုယ်က အဲဒါမျိုးကိုထင်ပြီး၊ အဲဒါမျိုးကိုမှ ကိုးကွယ်အားကိုးရာ 
ထင်ရင် သာသနာ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ပါတယ်။ 
တရားစခန်းတွေမှာ... ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ မလုပ်ကြပါနဲ့၊ နေသာသလို
နေကြပါ၊ ငြိမ်းအေးလို့လဲ ဟန်မဆောင်၊ ဟန်မဆောင်လို့လဲ ငြိမ်းအေးပါတယ်၊ ဟန်ဆောင်မှု
ကင်းလေလေ၊ ငြိမ်းအေးလေလေပါ၊ ဘယ်ဟာက အရေးကြီးတာလဲ၊ ကိုယ့်ကိုယ်ကို သူတော်
ကောင်းဖြစ်ချင်တဲ့ စိတ်ကလေးမွေးရင်း မြတ်နိဗ္ဗာန်ဆီသို့ လှမ်းနိုင်ကြပါစေသတည်း။ ။

Saturday, May 30, 2015

အခက်အခဲ တစ်စုံတစ်ရာကြုံခဲ့ရင် ။



အခက်အခဲ တစ်စုံတစ်ရာကြုံခဲ့ရင် ။
=============
*မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလ မုတ္တမံ*။ မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သောမင်္ဂလာမည်၏။
လောကမှာ တာဝန်တွေရှိပါတယ်။ တာဝန်ကျေတဲ့သူဟာ ကျက်သရေရှိပါတယ်။ တာဝန်မကျေတဲ့
သူဟာ ကျက်သရေ မရှိပါဘူး။ ဒါ ဗုဒ္ဓဘုရားဟောပါ။
အဖေက တာဝန်ကျေရင် အဖေ ကျက်သရေ ရှိတယ်။ မမေက တာဝန်ကျေရင် အမေ ကျက်သရေ
ရှိတယ်။ သားက တာဝန်ကျေရင် သားကျက်သရေ ရှိတယ်။ သမီးက တာဝန်ကျေရင် သမီး ကျက်သရေ
ရှိတယ်။ ဆရာက တာဝန်ကျေရင် ဆရာ ကျက်သရေ ရှိတယ်။ တပည့်က တာဝန်ကျေရင် တပည့် ကျက်
သရေရှိတယ်။ ဆိုလိုတာကတော့ တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိတယ်။ တာဝန် မကျေတဲ့သူဟာ
ကျက်သရေ မရှိဘူး။ ဒီတော့.. တချို့ မိဘတာဝန် မကျေတာကိုကြည့်ပြီး ကိုယ်ကလည်း တာဝန်မကျေ
သူ သားသမီး တစ်ယောက်အဖြစ်နဲ့ ဘ၀ကို တည်ဆောက် သွားမလား?။
မြတ်စွာဘုရား ဟောပြထားတဲ့ မိဘထက် အသိအလိမ္မာ ဉာဏ်ပညာ ကြီးကျယ်မြင့်မြတ်တဲ့ အတိ
ဇာတ သားသမီး၊ မိဘနဲ့ အသိအလိမ္မာ တန်းတူရှိတဲ့ အနုဇာတ သားသမီး၊ မိဘအောက် အသိအလိမ္မာ
နိမ့်ကျတဲ့ အ၀ဇာတ သားသမီး။ အဲဒီ သားသမီး သုံးမျိုးထဲက ကိုယ်က ဘယ်လိုသားသမီးမျိုး အဖြစ်နဲ့
ဘ၀ကို တည်ဆောက် ချင်တာလဲ ? ။ ဒီ မေးခွန်းကို ကိုယ့်ဟာကိုယ်ပဲ ပြန်ဖြေကြည့်ပါ။
တာဝန်ဆိုတဲ့ စကားလေးဟာ ဘ၀ကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လိုသူတွေရဲ့ နှလုံးသားထဲမှာ
အစဉ်သဖြင့် သန္ဓေတည်သင့်နေတဲ့ စကားလေးပါ။ မာတာပိတု ဥပဌာန မင်္ဂလာဆိုတာ တာဝန်ပါ။ ၀တ္တ
ရား မဟုတ်ပါဘူး။ ၀တ္တရားကို ကြောင့်ကြမဲ့နေလို့ ရပေမဲ့ တာဝန်ကိုကျတော့ ကြောင့်ကြမဲ့နေလို့ မရပါ။
တချို့ မိဘတာဝန် မကျေခဲ့တာကို သူ့ အပိုင်းနဲ့သူ ထားလိုက်ပါတော့။ တာဝန်ဆိုတဲ့ စကားလေးကိုပဲ
နှလုံးသွင်းပြီး မျက်စိမှိတ် ထောက်ပံ့ကူညီပစ်လိုက်ပါ။
တာဝန်ကျေလိုက်တာနဲ့ ဘ၀ဆိုတာ ပိုအဓိပ္ပါယ် ရှိသွားတာပါပဲ။ စာစကားနဲ့ ပြောရရင် မင်္ဂလာဖြစ်
ထွန်းသွားတာပါပဲ။ မင်္ဂလာဖြစ်ထွန်းနေတဲ့ လူတစ်ယောက်ကို မင်္ဂလာတရားက ပစ်မထားပါဘူး။ဘာဖြစ်
လို့လဲဆိုတော့ မင်္ဂလာတစ်ပါးစီမှာ ကောင်ကျိုးသတ္တိတွေ ကိုယ်စီရှိနေကြလို့ပါ။ စားသောက်ဖွယ်တွေ
ပစ္စည်းဝတ္ထုတွေနဲ့ ထောက်ပံ့နေမှာ ဖြစ်သလို ဝေယျာဝစ္စ ပြုစုမှုတွေနဲ့လည်း ကျေးဇူးဆပ်နေ ကြမှာပါ။
ဒါတွေကတော့ လောကီနည်းနဲ့ ကျေးဇူးဆပ်နည်းတွေပါပဲ။
လောကီနည်းနဲ့ ကျေးဇူးဆပ်ပြီးရင် တစ်ဆင့်တက်ပြီး လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ဖို့လည်း
လိုပါတယ်။ ၁။သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရား ရှိလာအောင်။ ၂။သီလ မဆောက်တည်ဖြစ်
တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။ ၃။ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါန ပြုဖြစ်လာအောင်။ ၄။ တ
ရား အားမထုတ် ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင်၊ ပရိယာယ်နဲ့ပဲဖြစ်ဖြစ်၊ တိုက်
ရိုက်ပဲဖြစ်ဖြစ် ဖန်တီးစီစဉ် ပေးရပါမယ်။
မိဘကို လောကီနည်း၊ လောကုတ္တရာနည်း နှစ်မျိုးနဲ့ ကျေးဇူးဆပ်နေတဲ့ သားသမီးကို မင်္ဂလာတရား
က သူ့ ရဲ့ ကောင်းကျိုးသတ္တိ အားလျော်စွာ ကျေးဇူးပြုသွားမှာပါ။ တကယ်လို့သာ ဘ၀မှာ အခက်အခဲ
တစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ကိုယ်ပြုခဲ့တဲ့ မာတာပိတု ဥပဌာန မင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့
ရပါတယ်။ သုဝဏ္ဏသာမိ ဇာတ်တော်ကို သူတော်ကောင်းတို့ သိပြီးဖြစ်မှာပါ။
သူတော်ကောင်းတို့တစ်တွေ မင်္ဂလာရှိသော “မာတာပိတု ဥပဌာန” တာဝန်ကိုကျေတဲ့ ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပြီး နိဗ္ဗာန်ဆီသို့ ရောက်နိုင်ရနိုင် ကြပါစေကုန်သတည်း။

လောကီလောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်။



လောကီလောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်။
-----------------------------------------------
ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။
မြတ်စွာဘုရားက လောကသံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက် (၁)။ မိတ်ကောင်း
ဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား Externak Condition ပါ။ (၂)။
“ ယောနိသော မနသိကာရ ” မှန်မှန်ကန်ကန် နှလုံးသွင်း ဆင်ခြင်တတ်မှု ရှိရမယ်။ ဒါက 
အတွင်းဘက် အကြောင်းတရား Internal Condition ပါ။ 
အပြင်အကြောင်းတွေက ဘယ်လောက်ကောင်းကောင်း“ ယောနိသော မနသိကာရ” ဆို
တဲ့ အတွင်းအကြောင်း မကောင်းဘူးဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်းအပြင် ဘက်
စုံကောင်းဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။
အပြင်ဘက်က အကြောင်းတရား၊ အတွင်းဘက်က အကြောင်းတရား။ အတွင်းနှင့်အပြင်
ဒီ အကြောင်းနှစ်ခု ပေါင်းစပ်ပြီးမှ အကျိုးတရား ထုတ်လုပ်လို့ ရပါတယ်။ အပြင်ဘက်က မိတ် 
ကောင်းဆွေကောင်း ရှိရမယ်။ အတွင်းလူ ကိုယ်တိုင်ကလည်း မှန်ကန်တဲ့ နှလုံးသွင်းတရား ရှိရ
မယ်။ အဲဒီနှစ်ခု ပေါင်းစပ်ပြီဆိုရင် ကောင်းကျိုးချမ်းသာတွေ ရနိုင်ပါတယ်။
အပြန်အလှန်အားဖြင့် နားလည်ရမှာက အပြင်ဘက်က မိတ်ကောင်းဆွေကောင်း မရှိဘူး။
ကိုယ်ကိုယ်တိုင်ကလည်း “ ယောနိသော မနသိကာရ” လို့ခေါ်တဲ့ မှန်ကန်စွာ တွေးတောဆင်ခြင်
တတ်မှု မရှိဘူးဆိုရင် အကျိုးဆုတ်ယုတ် လိမ့်မယ်။
မကောင်းကျိုးတွေဖြစ်ဖို့ အခြေခံအားဖြင့် ဒီ အကြောင်းတရားတွေပါပဲ။ ကောင်းကျိုးတွေ
ရဖို့ ဟာလည်း အခြေခံအားဖြင့် ဒီ အကြောင်းနှစ်ခုပဲ။ အတွင်းနှင့် အပြင် အကြောင်းတရားနှစ်ရပ် 
ပေါင်းစပ်ပြီးတဲ့အခါမှ အကျိုးတစ်ခု ဖြစ်ပေါ်တာပါ။
ဆိုပါစို့။ သူတော်ကောင်းတို့တတွေ နေ့စဉ်စားနေတဲ့ အစာအဟာရပဲ ကြည့်လေ။ ခန္ဓာ
ကိုယ်က ကျန်းမာမှု။ ကံကြောင့်ဖြစ်တဲ့ “သြဇာ ”လို့ ခေါ်ရတဲ့ အတွင်းအဟာရ ရုပ်က အခြေအ
နေကောင်းဖို့ လိုပါတယ်။ အပြင်ဘက်က စားလိုက်တဲ့အစာထဲမှာ ပါလာတဲ့ ဗဟိဒ္ဓသြဇာကလည်း
ကောင်းဖို့လိုပါတယ်။ အဇ္ဈတ္တသြဇာ၊ ဗဟိဒ္ဓသြဇာ အဲဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့ အခါကျတော့မှ
ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒါကြောင့်မို့ အပြင်အစားအစာလည်း လိုအပ်ပါတယ်။ အတွင်းက ကျန်းမာရေး အခြေအ
နေ ကောင်းဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ပုဂ္ဂိုလ်ကို ဘယ်လောက် အစာ
ကျွေးနေနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ပါ။ ထို့အတူပဲ အပြင်ဘက်က မိတ်ကောင်းဆွေ
ကောင်း ကိုယ်ကိုယ်တိုင်ကလည်း မှန်ကန်တဲ့ နှလုံးသွင်းတရားရှိပါက လောက၊ သံသရာနှစ်ဖြာ
ကြီးပွားတိုးတက်အောင်မြင်ပါမယ်။ ဖြစ်ကြောင်း သိရှိနားလည်ကြပြီး မိမိကိုယ်တိုင်ကလည်း
အများရဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေ
ကလည်း တကယ့်မိတ်ကောင်းဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်
နိုင်ကြပါစေ ကုန်သတည်း။

Friday, May 29, 2015

“စိတ်ဆိုးတော့မယ်ဆိုရင်….”



“စိတ်ဆိုးတော့မယ်ဆိုရင်….”
==============
စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။
မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။
ဘယ်လိုရှာပြီး ပယ်မလဲ....?
“၀ိတက္ကသဏ္ဌာနသုတ်”မှာ စိတ်ဆိုးရင်၊စိတ်ညစ်ရင်၊စိမ်မချမ်းသာဘူးဆိုရင် အကြောင်းရင်းကို
ရှာဖွေပြီး ဖျောက်ပါလို့ ဟောကြားထား ပါတယ်။
ပထမတော့ အကြောင်းရင်းရှာပြီး ဖျောက်ပါဆိုတာကို သိပ်ပြီးသဘောမပေါက်ပါဘူး။ အဋ္ဌကထာပါ
တွဲကြည့်လိုက်မှ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဝတ္ထုလေးထုတ်ပြပြီး ရှင်းပြပါတယ်။
ဝတ္ထုလေးက အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။
အတန်းကျောင်းဖတ်စာထဲမှာတောင် ပါခဲ့ဖူးပါတယ်။
■ဥသျှစ်သီးမှည့် ကြွေကျတာကို မြေပြိုပါပြီဆိုပြီး ထွက်ပြေးတဲ့ ယုန်ရဲ့ဖြစ်စဉ်ပါ။
ယုန်ကပြေးတော့ ကျန်တဲ့တောတွင်းက သတ္တ၀ါတွေက လည်း မြေပြိုတယ်ဆိုပြီး
ယုန်နောက်ကလိုက်ပြေးကြတာပါ။ နောက်ဆုံး ဘုရားအလောင်းခြင်္သေ့မင်းက
အကြောင်းရင်းရှာပြလိုက်မှ သတ္တ၀ါအားလုံး ချမ်းသာသွားတဲ့ ဝတ္ထုလေးပါ။
အဋ္ဌကထာဆရာက ဒီဝတ္ထုလေးကို ထုတ်ပြပြီး၊ဘုရားလောင်းခြင်္သေ့မင်းက “ဥသျှစ်သီးကြွေကျတာ၊
မြေပြိုတာမဟုတ်ဘူး”လို့ အကြောင်းရင်းရှာပြီးဖျောက်ပေးသလို ပြဿနာဖြစ်လာရင်
အကြောင်းရင်းရှာဖျောက်ဖို့ ရှင်းပြထားပါတယ်။
အဋ္ဌကထာဆရာက ပုံဝတ္ထုလေးနဲ့ရှင်းပြလိုက်မှ ပိုသဘောပေါက်သွားတာပါ။
ဒါနဲ့ ပတ်သက်လို့လတ်တလော ကိုယ်တွေ့ဖြစ်ရပ်ကလေးကိုပါ
တွဲပြီး ပြောပြပါရေစေဦး။ဟို...ရှေ့ပိုင်းလေးမှာ စာရေးသူက
စိတ်တွေ ဆိုးနေတာပါ။ ဒီစာမရေးခင်လေးကမှ စိတ်ဆိုးပြေသွားတာပါ။
ဘယ်သူ့ကို စိတ်ဆိုးနေတာလဲဆိုတာတော့ နောက်မှပဲပြောရအောင်ပါ။
စာပေလောကမှာ “တောင်းစာမူ နဲ့ ပို့စာမူ” ဆိုတာရှိပါတယ်။တောင်းစာမူဆိုတာက အယ်ဒီတာက စာရေးဆရာကို
ကိုယ်တိုင် ကိုယ်ကျ လာတောင်းတာပါ။ တောင်းစာမူဖြစ်တဲ့အတွက် အယ်ဒီတာက
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထည့်ပေးရမှာ ဖြစ်သလို မဂ္ဂဇင်းထွက်တဲ့အခါမှာလည်း စာရေးဆရာဆီကို
ကိုယ်တိုင် လာမပို့နိုင်ရင်တောင် တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းရမှာပါ။
“ပို့စာမူ” ကတော့ စာရေးဆရာက အယ်ဒီတာဆီ သွားပို့တာပါ။ ဒီစာမူကိုတော့ အယ်ဒီတာက သုံးချင်သုံးမယ်၊
မသုံးချင်မသုံးဘူး။ သုံးလို့စာမူပါရင်လည်း စာရေးဆရာက မဂ္ဂဇင်းကို ကိုယ်တိုင်လာထုတ်ပေတော့။
ဒါ တောင်းစာမူ နဲ့ ပို့စာမူ ကွာခြားချက်ပါ။
တစ်လောဆီက မဂ္ဂဇင်းတစ်စောင်က စာရေးသူဆီ စာမူလာတောင်းပါတယ်။ အယ်ဒီတာချုပ်ကိုယ်တိုင်
လာတောင်းတာပါ။ ဒီတော့ ပေးလိုက်ပါတယ်။
ဟော...မဂ္ဂဇင်းထွက်လာတော့ စာရေးသူဆီ စာအုပ်လာမပို့ပါဘူး။ဒီတော့ စာရေးသူက
ထွက်ထွက်ချင်း လာမပို့ရကောင်းလားဆိုပြီး စိတ်တွေဆိုးနေတာပါ။
တစ်ခုတော့ ရှိပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့် ရင်ထဲကပဲကြိတ်ဆိုးနေတာပါ။
အပြင်ကို ထွက်ဆိုးမပြပါဘူး။ အပြင်ထွက်ဆိုးပြတာ မဟုတ်တော့ ကိုယ်စိတ်ဆိုးမှန်း အပြင်က
လူတွေလည်း သိခွင့်မသာတော့ပါဘူး။
၎-၅ရက်လောက်ကြာတော့ အုပ်ချုပ်ရေးမှူးလုပ်သူက ရောက်လာပြီး စာအုပ်လည်းကပ်ရင်း
“ဦးဇင်းရယ်၊ ဦးဇင်း ဒကာကြီး ကဆေးရုံတက် လိုက်ရတယ်။ခွဲစိတ်မှုလည်းပြုလိုက်ရတယ်။ အဲဒါဆေးရုံပေါ်မှာ
ဦးဇင်းလေးကို စာအုပ်သွားပို့လိုက်ဦး။ ဦးဇင်းလေး စိတ်ဆိုးဦးမယ်လို့ တစ်ချိန်လုံးပြောနေတာ။
တပည့်တော်တို့ကလည်း ဦးဇင်းလေးစိတ်မဆိုးတတ်ပါဘူး။
မေတ္တာနဲ့ နေတဲ့ ဦးဇင်းလေးပါလို့တောင် ပြန်ပြောရတယ်ဘုရား”လို့ ပြောပြပါတယ်။
“တော်ပါသေးရဲ့” လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားတလိုက်မိပါတယ်။
တကယ်လို့သာ မဂ္ဂဇင်းလာမပို့ရကောင်းလားဆိုပြီး၊
မဂ္ဂဇင်းတိုက်ကို ဖုန်းတွေဘာတွေ ဆက်ပြီးကောလိုက်မိရင်
ငါးပါးမှောက်တော့မှာပါ။ ကိုယ့်ကိုလည်း မဂ္ဂဖင်းတိုက်က
အထင်သေးသွားမှာပါ။
တော်တော့် တော်သေးပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့်က အပြင်ထွက်မဆိုးဘဲ၊
ရင်ထဲမှာပဲ ကြိတ်ဆိုးနေတာဆိုတော့အမှတ်ရော့မသွားတော့ပါဘူး။
အကြောင်းရင်းသိလိုက်ရတော့ အလိုလို ခွင့်လွှတ်ပြီးသားဖြစ်သွားသလို၊ကိုယ့်ကိုယ်ကိုယ်တောင်
ပြန်စိတ်ဆိုးသွားမိပါတယ်။ အကြောင်းရင်းကို မစုံစမ်းဘဲ၊ကိုယ့်အထင်နဲ့ ကိုယ်တွေးပြီး သူတစ်ပါးကို စိတ်ဆိုးနေမိလို့ပါ။
ပြီးတော့ စိတ်ထဲကလည်း အလိုလို သူတို့ကိုပြန်အားနာနေမိပြန်ပါတယ်။ဖြစ်ပုံကအဲဒီလိုပါ။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပေမယ့်၊နိဗ္ဗာန်မရသေးခင် ကြားကာလမှာ
နေနည်း၊တိုင်နည်း၊စားနည်း၊သောက်နည်း၊နောက်ဆုံး အနိမ့်ဆုံးဖြစ်တဲ့ ရေအိမ်တက်နည်းအထိ မြတ်စွာဘုရားရှင်က
အသေးစိတ်ဟောပြပေးထားခဲ့ပါတယ်။လူတွေ မသိလို့ရယ်၊ မကျင့်သုံးလို့ရယ်ကြောင့်
“စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊စိတ်မချမ်းသာတာ၊ စိတ်ကောက်တာ၊ စိတ်နာတာ၊ စိတ်ပျက်တာ”
စသည်တွေဖြစ်နေရတာပါ။
မြတ်စွာဘုရားရှင်က ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာ ဖျောက်ပါလို့ဟောထားပေမယ့်
လူတော်တော်များများက ပြဿနာ ဖြစ်လာပြီဆိုရင်၊အကြောင်းရင်းရှာဖို့ထက် ပြဿနာကို ပြဿနာနဲ့ဖြေရှင်းဖို့ပဲ
အရင်စဉ်းစားလိုက်ကြတာပါ။ ဒီတော့ “ပြဿနာပြီးရင် ပြဿနာပဲ”
ဆက်ဖြစ် နေကြတော့တာပါ။ ပြဿနာဖြစ်ပြီဆိုရင် “စိတ်ဆိုးမှု၊စိတ်ဆင်းရဲမှု၊စိတ်မချမ်းသာမှု၊
စိတ်ညစ်မှု” စတဲ့ ဆိုးကျိုးတွေကလည်း ၀င်လာတော့တာပါ။
■“ငါ့ကို စိတ်ဆင်းရဲအောင် လုပ်တာပဲ”ဆိုပြီး၊စိတ်ဆင်းရဲအောင် လုပ်တဲ့သူကိုမုန်း၊
မုန်းတော့ စိတ်ဆင်းရဲ၊ စိတ်ဆင်းရဲတော့ မုန်းနဲ့ စိတ်ဆင်းရဲကြော ၊
မုန်းကြောတွေ ရှည်နေတော့တာပါပဲ။ နောက်ဆုံးရလာဒ်ကတော့ ထပ်ဆင့်စိတ်ဆင်းရဲရတာပါပဲ။
စိတ်ဆင်းရဲသွားတော့ ကိုယ်က သူ့ကို မမြင်ချင်၊ သူက ကိုယ့်ကိုမမြင်ချင်နဲ့ ၊ သူတက်တဲ့ပွဲ ကိုယ်မတက်၊
ကိုယ်တက်တဲ့ပွဲ သူမတက်နဲ့ ရလာဒ်တွေကတော့ “ကောင်းကွက်တစ်ကွက်” မှကို မရှိတော့တာပါ။
ကိုယ့်ဘ၀ရဲ့ ဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် အကြောင်းရင်းမရှာခဲ့မိလို့
မှားခဲ့တာတွေ အများကြီးပါ။
စာရေးသူဘ၀မှလည်း ကိုယ်ကအကြောင်းရင်းမရှာမိလို့စိတ်ဆိုးခဲ့ရတာတွေ အများကြီးရှိခဲ့ဖူးပါတတယ်။
တချို့ကိုတော့ ရင်ထဲကပဲစိတ်ဆိုးနေပြီး၊တချို့ကိုတော့ အပြင်ထွက်ပြီး စိတ်ဆိုးမိလိုက်ပါတယ်။
ရင်ထဲကပဲ စိတ်ဆိုးတဲ့အခါမျိုးမှာ ဘာပြဿနာမှမဖြစ်လိုက်ပေမယ့်၊ကိုယ်ပဲခံစားနေရပေမယ့်၊
အပြင်ထွက်ပြီး စိတ်ဆိုးပြလိုက်တဲ့ အခါမှာတော့ မိတ်ပျက်ကုန်တော့တာပါပဲ။
ဒီတော့ “အပိုင်းသုံးပိုင်း” ထွက်လာပါလိမ့်မယ်။
ပြဿနာတစ်ခုဖြစ်လာတဲ့အခါ
●အကြောင်းရင်းရှာဖျောက်ပစ်တာရယ်၊
●ရင်ထဲမှာပဲ ကျိတ်စိတ်ဆိုးနေတာရယ်၊
●အပြင်ထွက်ပြီး စိတ်ဆိုး ပြလိုက်တာရယ်ပါ။
အကြောင်းရင်းရှာပြီးဖျောက်တဲ့နည်းကို မကျင့်သုံးနိုင်သေးရင်တောင် စိတ်ဆိုးချင်သပ
ဆိုရင်လည်း ရင်ထဲမှာပဲ ဆိုးလိုက်ပါ။
ရင်ထဲမှာပဲ ဆိုးနေတာဆိုတော့ ပြဿနာရဲ့ အကြောင်းရင်းကို သိလိုက်ရတဲ့အချိန်မှာ ကိုယ်ကပိုနေမြဲ၊ကျားနေမြဲဆက်နေပြီး
သူပြော လာတဲ့အတိုင်း ချော်လဲရာ ရောထိုင်လိုက်ရုံပါပဲ။ကိုယ့်ရဲ့ စိတ်ဆိုးမှုက အပြင်ထွက်ပြီး ဆိုးပြထားတာ
မဟုတ်တော့ ကိုယ့်အတွက် သိက္ခာမကျတော့သလို မိတ်လည်းမပျက်တော့ပါဘူး။
တချို့ကျတော့ ပြဿနာတစ်ခုဖြစ်လာရင် “၀ုန်းဒိုင်း”ဆိုပြီး ပေါက်ကွဲ ပစ်တတ်ကြပါတယ်။
အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ် ကာလတစ်ခုကြာသွားပြီး စိတ်အေးသွားတဲ့အခါကျမှ
ကိုယ်ပြုမူခဲ့တာတွေ ပြန်တွေးပြီး၊စိတ်မကောင်းဖြစ်ရပြန်ရော။
တချို့ပြဿနာတွေဟာ ကာလတစ်ခုလောက်သည်းခံပေးလိုက်မယ်ဆိုရင် ပြေသွားတာများပါတယ်။
စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာလည်း ရက်ရှည် လရှည်၊နှစ်ချီပြီး ဘယ်သူမှ ဆိုးမနေနိုင်ပါဘူး။
ကာလလေးတစ်ခုလွန်မြောက်သွားရင် ပြေသွားကြတာများပါတယ်။
ဇာတ်တော်တွေ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့
ဆုံးရှုံးနစ်နာသွားရတဲ့ သာဓကတွေ အများကြီးပါ။
အတွေးထဲမှာ လတ်တလောပေါ်လာတာလေးက “သရေခေတ္တရာ သမိုင်းလေး”ပါ။
သရေခေတ္တရာခေတ်ကို စတင်တည်ထောင်ခဲ့တဲ့မင်းက “ဒွတ္တပေါင်မင်းကြီး” ပါ။ နောက်ဆုံးမင်းဆက်က
“သုပညာမင်း”ပါ။သရေခေတ္တရာခေတ်ဟာ မင်းဆက်ပေါင်း(၂၅)ဆက် ရှိခဲ့ပါတယ်။
မင်းဆက် (၂၅)ဆက်ထဲက နောက်ဆုံးဖြစ်တဲ့ “သုပညာမင်း” အကြောင်းပြောပြရအောင်ပါ။
တစ်နေ့မှာ သုပညာမင်းဟာ ကမ်းယံပြည်မှာ မငြိမ်မသက်ဖြစ်နေလို့ စစ်ထွက်ခဲ့ရပါတယ်။
အင်အားကောင်းကောင်းနဲ့ တိုက်လိုက်တဲ့အတွက် စစ်နိုင်ပါတယ်။ဒါပေမယ့် သုပညာမင်းဟာ
အဲဒီ ကမ်းယံပြည်မှာပဲ နေနေလိုက်ပါတယ်။ စစ်သည် မှူးမတ်တွေကတော့ သရေခေတ္တရာကိုပဲ
ပြန်ချင်နေကြပါတယ်။ဘယ်လောက်အထိ နေနေလိုက်သလဲဆိုရင် . . .
“သုံးနှစ်” အထိတောင် နေနေလိုက်ပါတယ်။ သုံးနှစ်ပြည့်မှပဲ သရေခေတ္တရာပြည်ကို ပြန်ခဲ့ပါတယ်တဲ့။
သရေခေတ္တရာပြည် ပြန်ရောက်တော့ တိုင်းပြည်က အရင်လိုမဟုတ်တော့ပါဘူး။ မငြိမ်မသက်တွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့ တစ်နေ့မှာတော့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အိမ်ရှေ့ထွက် စကော နဲ့ ဆန်ပြာနေပါတယ်။
ဆန်ပြာနေတုန်းမှာပဲ လေပွေကြီးတစ်ခု ဝှေ့တိုက်လိုက်ပြီး၊အမျိုးသမီးငယ်လေးရဲ့ လက်ထဲမှာရှိတဲ့ စကောလည်း
လေပွေကြီးထဲကို လွင့်တက်ပြီး ပါသွားပါတယ်။
လေပွေနောက်ကို “စကော” ရုတ်တရက် လွင့်ပါသွားတော့ “ငါ့စကော၊ငါ့စကော” လို့အော်လည်းအော်၊
စကောနောက်ကိုလည်း ပြေးလိုက်သွားပါတယ်။
“ငါ့စကော၊ ငါ့စကော” ဆိုတဲ့အသံကြားတော့ ကျန်တဲ့အိမ်ထဲက လူတွေကပါ ထွက်ကြည့်ကြပါတယ်။
ဒါပေမယ့် ထွက်ကြည့်တဲ့ လူတွေရဲ့နားထဲမှာ ဘယ်လိုကြားပြီး ဘယ်လိုနားလည်သွားသလဲဆိုတော့
“ငစကောစစ်တပ်ကြီး ချီလာပြီ၊ငစကောစစ်တပ်ကြီး ချီလာပြီ” လို့ကြားပြီး၊
နားကြားမှု လွဲသွားပါတယ်။
ဒီတော့ ပြည်သူပြည်သားတွေက ငစကောတပ်ကြီးကို ကြောက်လန့်ပြီး၊မိသားစုလိုက် ကိုယ်စီ
ထွက်ပြေးကြပါတော့သတဲ့။အပြင်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆူညံနေတဲ့အချိန်မှာ သုပညာမင်းဟာလည်း
မကျန်းမမာဖြစ်နေတဲ့အချိန်ပါ။
နောက်ဆုံးတော့ သုပညာမင်းဟာ ဆူညံပွက်လောရိုက်နေတဲ့ အသံတွေကြောင့်ပဲ ထင်ပါတယ်။ နတ်ရွာစံသွားပါတယ်။
အဲဒီမှာတင် သရေခေတ္တရာပြည်ကြီး ပျက်စီးသွားရသလို၊သရေခေတ္တရာမင်းဆက်လည်း ပြတ်သွားရပါတော့တယ်။
ဒါကြောင့် မြို့ပြည်မင်းဆက်ပြတ်သွားတဲ့အတွက် သုပညာရဲ့နောက်မှာ နဂရဆိန္နဆိုတဲ့ အမည်ထပ်ဆက်ပြီး
“သုပညာ နဂရဆိန္နမင်း” လို့ နောက်ပိုင်းမှာ အမည်တွင်သွားတော့တယ်။နဂရ-ကမြို့ ၊ ဆိန္န-က
ပြတ်တောက်တယ် လို့ အဓိပ္ပာယ် ထွက်ပါတယ်။တကယ်တော့ ဘာငစကောစစ်တပ်ကြီးမှ ချီမလာခဲ့ပါဘူး။
“ငါ့စကော” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလို မင်းဆက်လည်း
ပြတ်သွားခဲ့ရပါတယ်။
ဘာပဲပြောပြော စကားလေးတစ်ခွန်းဟာတိုင်းပြည်တစ်ပြည် နဲ့ မင်းဆက်တစ်ခုကို
ပြောင်းလွဲသွားနိုင်ခဲ့တာတော့ အမှန်ပါပဲ။
တကယ်လို့သာ အဲဒီအချိန်မှာ ငစကောစစ်တပ်ကြီး ချီလာတာမဟုတ်ဘူး။ စကောလွင့်သွားတာ ဆိုတဲ့
အကြောင်းရင်းကို ရှာပေးနိုင်တဲ့ ပညာရှိတစ်ယောက်ယောက်သာ ထွက်ပေါ်ခဲ့ရင် အခုလိုဖြစ်သွားရမှာ
မဟုတ်ဘူးလို့တောင် တွေးမိပါသေးတယ်။
ဒါပေမယ့် တရားသဘောနဲ့ ကြည့်ပြန်တော့လည်း ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ၊ ပျက်ချိန်တန်ရင်ပျက်
သွားရတဲ့သဘောပါ။
သက်ရှိသက်မဲ့ အရာအားလုံးဟာ တစ်နေ့သောအခါမှာ အကြောင်းတစ်စုံတစ်ခုနဲ့ ပျက်ဆီးကြရမှာပါ။
ဘာမှမတည်မြဲပါဘူး။
ဘာမှမတည်မြဲလှတဲ့ တရားသဘောလေးကို ဆင်ခြင်ပြီး၊မပျက်ဆီးခင်လေးမှာ
“အဓမ္မအမှုကို မပြုမိဖို့ဘဲအရေးကြီးပါတယ်။”
ဖြစ်ခြင်း၊ပျက်ခြင်းတွေရဲ့ အကြောင်းတွေးမိရင် ဆိုးနေတဲ့စိတ်တောင် ဘယ်ရှာလို့ရှာရမှန်း မသိအောင်
ပျောက်သွားတတ်ပါတယ်။ တကယ်သေချာ စဉ်းစားကြည့်ရင် မပျက်ဆီးခင်လေးမှာ စိတ်ဆိုးခြင်းကို ဘာဖြစ်လို့
အချိန်တစ်ခု လုပ်ပြီး ပေးနေရတော့မှာလဲလေ။ဘာပဲပြောပြော စိတ်ဆိုးတော့မယ်ဆိုရင် အကြောင်းရင်းကို ရှာကြည့်လိုက်ပါဦး။ မဆိုးရရင် မနေနိုင်တာကလွဲလို့ ဆိုရင်လည်း
ရင်ထဲမှာပဲ ဆိုးလိုက်ပါ။
-အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
c/o ( MS )

မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။



မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။
===================================
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍ အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်
၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ သဘောကား လောကသုံးပါး
သည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်
ဟု ဆိုလိုသည်။ ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။ တစ်ရာ့ရှစ်ယောက် ကုန်
သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ်၏ မြတ်သောလက္ခဏာတော်၏ ပြည့်စုံ
ခြင်းကို ကြည့်၍ ပထမပုဏ္ဏား ခုနှစ်ဦးမှစ၍ ဘုရား သော်လည်းကောင်း၊ စင်္ကြာမင်း သော်လည်း
ကောင်း ဖြစ်မည်ဟု ဆိုကုန်၏။ ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်
ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟောဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင် လက္ခ
ဏာ အစဉ်ဝယ် စင်္ကြာမင်းပုံ ပါလေသည်။ စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘု
ရား ” သာလျှင် ရှိပေသတည်း။
ထို့ကြောင့် ဤ လက္ခဏာ (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ လောက
သုံးပါးထက် မြင့်မြတ်သောဂုဏ် တိလောကန္ဓဂူ လောကသုံးပါးမှ လွန်မြောက်တော်မူသော ဂုဏ်နှင့်
လောက၀ိဒူ လောကသုံးပါးကို အကြွင်းမရှိ သိတော်မူသော ဂုဏ်တော်တို့ကို နှလုံးသွင်း၍ ဖူးမြင်ကြ
ကုန်ရာ သတည်း။ ။
“ (၁၀၈) ကွက်သော ရုပ်ပုံများ”
================
၁။ လှံမ၊ ၂။ အိမ်မွန် ၃။ ဇလပ်ပန်း၊ ၄။ လည်ရေးသုံးဆင့်၊ ၅။ ဦးဆောက်ပန်း၊ ၆။ ထမင်းပွဲ ၊
၇။ အင်ပျဥ၊် ၈။ ချွန်းတောင်းလက်နက်၊ ၉။ ပြသာဒ်၊ ၁၀ ။ တုရိုက်တိုင်၊ ၁၁ ။ ထီးဖြူ ၊
၁၂။ သံလျှက၊် ၁၃ ။ ထန်းရွက်ယပ်၊ ၁၄ ။ ဥဒေါင်းမြီးစီးယပ်၊ ၁၅ ။ စာမရီယပ၊် ၁၆ ။ သင်းကျစ် ၊
၁၇ ။ ပတ္တမြား၊ ၁၈။ သပိတ်၊ ၁၉။ မုလေးပန်းဆိုင်း၊ ၂၀။ ကြာညို ၊ ၂၁။ ကြာနီ ၊ ၂၂။ ပဒုမ္မာကြာ၊
၂၃။ ကြာဖြူ ၊ ၂၄။ ကြာပုဏ္ဏားရိတ်၊ ၂၅။ ပြည့်သောအိုး ၊ ၂၆။ ပြည့်သောဖလား ၊ ၂၇။ သမုဒ္ဒရာ၊
၂၈။ စင်္ကြာဝဠာတောင်၊ ၂၉။ ဟိမ၀န္တာတောင်၊ ၃၀။ မေရုတောင်၊ ၃၁။ နေ၀န်း ၊ ၃၂။ လ၀န်း ၊
၃၃။ နက္ခတ်တာရာများ၊ ၃၄။ ဇဗ္ဗုဒိပ်ကျွန်း(တောင်ကျွန်း) ၃၅။ အရှေ့ ကျွန်း၊ ၃၆။ မြောက်ကျွန်း၊
၃၇။ အနောက်ကျွန်း၊ ၃၈။ ကျွန်းငယ်နှစ်ထောင်၊ ၃၉။ စင်္ကြာမင်း၊ ၄၀။ ခရုသင်း ၊
၄၁။ ရွှေငါးကြင်း အစုံ၊ ၄၂။ စစ်လက်နက်၊ ၄၃။ သီတာခုနှစ်တန်၊ ၄၄။ သီတာခုနှစ်တန်၊
၄၅။ သီတာခုနှစ်တန်၊ ၄၆။ သီတာခုနှစ်တန်၊ ၄၇။ သီတာခုနှစ်တန်၊ ၄၈။ သီတာခုနှစ်တန်၊
၄၉။ သီတာခုနှစ်တန်၊ ၅၀။ တောင်စဉ်ခုနှစ်ထပ်၊ ၅၁။ တောင်စဉ်ခုနှစ်ထပ်၊ ၅၂။ တောင်စဉ်ခုနှစ်ထပ်၊
၅၃။ တောင်စဉ်ခုနှစ်ထပ်၊ ၅၄။ တောင်စဉ်ခုနှစ်ထပ်၊ ၅၅။ တောင်စဉ်ခုနှစ်ထပ်၊ ၅၆။တောင်စဉ်ခုနှစ်ထပ်၊
၅၇။ အိုင်ကြီးခုနှစ်အိုင်၊ ၅၈။ အိုင်ကြီးခုနှစ်အိုင်၊ ၅၉။ အိုင်ကြီးခုနှစ်အိုင်၊ ၆၀။ အိုင်ကြီးခုနှစ်အိုင်၊
၆၁။ အိုင်ကြီးခုနှစ်အိုင်၊ ၆၂။ အိုင်ကြီးခုနှစ်အိုင်၊ ၆၃။ အိုင်ကြီးခုနှစ်အိုင်၊ ၆၄။ ဂဠုန်မင်း၊
၆၅။ မိကျောင်းမင်း၊ ၆၆။ တံခွန်ကုက္ကား၊ ၆၇။ ရွှေထမ်းစင်၊ ၆၈။ ကေလာသတောင်၊ ၆၉။ ခြင်္သေ့မင်း၊
၇၀။ ကျားမင်း၊ ၇၁။ ၀လာဟကမြင်းမင်း၊ ၇၂။ ဥပေါသထ၊ ၇၃၊ နဂါးမင်း၊ ၇၄။ ဟင်္သာမင်း၊
၇၅။ ဥသဘနွားမင်း၊ ၇၆။ ဧရာဝဏ်ဆင်မင်း၊ ၇၇။ ရွှေမကာရ်း၊ ၇၈။ မုခ်လေးခုနှင့်ရွှေလှေ၊
၇၉။ နို့စို့သားအမိ၊ ၈၀။ ကိန္ဒရာဖို၊ ၈၁။ ကိန္ဒရီမ၊ ၈၂။ ကရ၀ိတ်ငှက်မင်း၊ ၈၃။ ဥဒေါင်းငှက်မင်း၊
၈၄။ ကြိုးကြာငှက်၊ ၈၅။ စက္က၀တ်ငှက်မင်း၊ ၈၆။ ဇီဝဇိုးငှက်မင်း၊ ၈၇။ နတ်ပြည်ခြောက်ထပ်၊
၈၈။ နတ်ပြည်ခြောက်ထပ်၊ ၈၉။ နတ်ပြည်ခြောက်ထပ်၊ ၉၀။ နတ်ပြည်ခြောက်ထပ်၊
၉၁။ နတ်ပြည်ခြောက်ထပ်၊ ၉၂။ နတ်ပြည်ခြောက်ထပ်၊ ၉၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၉၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၉၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၉။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၀။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၁။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၂။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ။

ကိုရင်ကိုထမ်းပြေးတဲ့ဘုန်းကြီး



ကိုရင်ကိုထမ်းပြေးတဲ့ဘုန်းကြီး
===============
တစ်ခါတုန်းက
ညဥ့်နက်သန်းခေါင်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို မီးလောင်ပါတယ်။
ရပ်ရွာနဲ့ အလှမ်းဝေးတဲ့ ကျောင်း ဖြစ်တဲ့အတွက် ဘယ်သူမှ မသိလိုက်ပါဘူး။
ကျောင်းမှာက ကျောင်းထိုင်ဆရာတော်ရယ်၊ ဆေးပေးမီးယူအဖြစ်ထားတဲ့
ကိုရင်တစ်ပါးရယ် စုစုပေါင်းမှ နှစ်ပါးပဲ ရှိတာ။
မီးလောင်တာကို သိတဲ့အချိန်က အတော်အတန် နောက်ကျသွားပုံ ရပါတယ်။
ဒါနဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ အဖိုးတန်ပစ္စည်းတွေ သယ်ပိုးစရာများစွာ
ရှိပေမယ့် မယူပဲ အိပ်မောကျနေတဲ့ ကိုရင်ကို ထမ်းပြီး ပြေးပါသတဲ့။
မနက်မိုးလင်းတော့ ရွာထဲကလူတွေသိပြီး ငိုတဲ့သူက ငိုကြ၊ ကျောင်းပြန်ဆောက်ဖို့ တိုင်ပင်တဲ့သူက တိုင်ပင်ကြနဲ့ ဆူဆူညံညံ ဖြစ်သွားပါတယ်။ တချို့ကလည်း-
''အရှင်ဘုရားရယ်၊ ယူစရာပစ္စည်းတွေ ရှိပါလျက်နဲ့ မယူဘဲ၊ ဒီကိုရင် ဒက်ချီးကိုပဲ ခေါ်လာရသလားဘုရား''
လို့ ကရုဏာဒေါသ လျှောက်ထားကြပေါ့။
ဒီအခါမှာ ကျောင်းထိုင်ဘုန်းကြီးက-
''ဟဲ့ ပစ္စည်းဥစ္စာက အသက်ရှင်နေသမျှ ရှာလို့ရတယ်၊ ကိုရင်တစ်ပါး ရဖို့က မလွယ်ဘူး၊ ပြီးတော့ ဒီကိုရင်က မှတ်ဥာဏ်ကောင်းသဟ၊ ဒီတော့ တစ်နေ့
ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် မဖြစ်ဘူးလို့ ပြောမရဘူး၊ သာသနာအတွက် အရေးပါ အရာရောက်တဲ့သူ ဖြစ်ချင်ဖြစ်လာမှာ၊ ဒါကြောင့် ငါထမ်းပြေးလာ တာ''
လို့ မိန့်တော့မှ အားလုံး သဘောပေါက်ကုန်ကြတော့သတဲ့။ ။
ဆရာတော်လေး
2013
စိတ်ကူးပျော်ရာဆိုဒ်မှတဆင့်
c/o ( MS )

မြတ်ဗုဒ္ဓ သည် လူ ၊ တိရစ္ဆာန်တို့ကိုစီးတော်မူသလော…. ?



မြတ်ဗုဒ္ဓ သည် လူ ၊ တိရစ္ဆာန်တို့ကိုစီးတော်မူသလော…. ?
========================================
၁၃၄၂ ခုနှစ် ဧကံ သမယံ တစ်ကြိမ်သောအခါ အောက်ဖော်ပြပါ ပြဿနာတစ်ရပ်ပေါ်လာသောကြောင့် ဆူးလေစေတီ တော်မြတ် ဂေါပကအဖွဲ့က သြ၀ါဒါ စရိယ ဆရာတော်ကြီးများအားပင့်ဆောင်၍ သြ၀ါဒခံယူရန် လျှောက်ထားကြသည် မှာ-
ဆရာတော် အရှင်မြတ်တို့ဘုရား ၊ ကုလားအမျိုးသားတစ်ဦးက ဥဒေါင်းငှက်ရုပ်ကျောပေါ်၌ ထိုင်နေတော်မူသော ညဏ်တော် ၁၂လက်မခန့်ရှိ ဗုဒ္ဓပုံတော်မြတ်တစ်ဆူကို ရဟန်းရှင်လူတို့ပူဇော်စေရန် ဆူးလေစေတီ တော် တောင်ဘက်ဆောင်းတန်း၌ ထားရှိပါသည် ။ ထိုဥဒေါင်းငှက် တိရစ္ဆာန်ပေါ်၌ မြတ်စွာဘုရားတက်စီး သတင်းသုံးနေထိုင်တော်မူခြင်းမှာ အပ် ၊မအပ် ၊လျော် ၊မလျော် ဆုံးမ သြ၀ါဒပေးတော်မူကြပါဘုရား ။
ထိုအခါ ကမ္ဘာ့ ဗုဒ္ဓဘာသာ သာသနာပြုအဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးသေဋ္ဌိလ ကစတင်၍ အဂ္ဂမဟာပဏ္ဍိတ မူလ ပဋ္ဌာန်းဆရာတော် ဦးနာရဒ ၊ စင်္ကာပူဆရာတော်ဦးဝိသာရဒ ၊ဘုံပျံဆရာတော် ဦးပညာသာမိ စသော ဆရာတော်ကြီးအသီးတို့က ဤပုံတော်မျိုးကို မတွေ့ဘူးကြောင်း ၊သင့်လျော်မည်မထင်ကြောင်းနှင့် သာ သြ၀ါဒပေးတော်မူကြသည် ။
ယင်းနောက်ကြားဖောက်၍ ရန်ကုန် ဗဟန်း အောင်မြေဘုံကျောင်းဆရာတော်က ဆင်စီးသော ဗုဒ္ဓပုံတော်မျိုးကို အများ အပြားတွေ့နေရကြောင်း ၊ဆင်စီးသော ဘုရားပုံတော်များလက်ခံကိုးကွယ်နေကြပြီဖြစ်၍ အခြားသတ္တ၀ါများအတွက် လည်း စဉ်းစာကြရမည် ဖြစ်ကြောင်းနှင့် ဆင်ခံဘုရားကို အထောက်အထားပြုကာ တင်ပြလာလေသည် ။
ထိုအခါ ဆရာတော်ကြီးများအားလုံး ယင်းအဆိုကို စိတ်ဝင်စားစွာအမျိုးမျိုး စဉ်းစားဆင်ခြင်သုံးသပ်တော်မူ ကြကာ အစည်းအဝေးခန်းမကြီးတစ်ခုလုံး တစ်ခဏမျှ ဆိတ်ငြိမ်သွားလေသည် ။
ဤအချိန်ကား မိမိသြ၀ါဒ ပေးရန်ကျရောက်လာသော အလှည့်အကြိမ်ဖြစ်၏ ။ ထို့ကြောင့် မိမိက ဆိတ်ငြိမ်မှု့ကို လှုပ်ရှားစေကာ တင်ပြရသည်မှာ -
ဆရာတော်မြတ်အရှင်ဘုရားတို့ဘုရား---
တပည့်တော်များ ၏ ဖခင်ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါများအား မနှိပ်စက် ၊မညှင်းဆဲ ၊မဆင်းရဲစေသော အ၀ိဟိံသ ၀ါဒီ ၊ သတ္တ၀ါများ ဆင်းရဲတာကို သူမတူအောင် ကြီးမားစွာ သနားတော်မူသော မဟာ ကရုဏာဝါဒီ အယူရှိတော်မူသော အရှင်မြတ်ကြီးသာဖြစ်တော်မူပါသည် ။
ထေရ၀ါဒ ပိဋကတ်တော်များမှာ မြတ်စွာဘုရား ဒေသစာရီကြွချီတော်မူသောအခါ ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ဂဠုန် ၊နဂါး စတဲ့ ထိုထို သတ္တ၀ါများကို စီးတော်မူ၍ ကြွချီတော်မူတာ ၊ ဘယ်နေရာမှ ပါရှိတာမတွေ့ရ ဟု မှတ်ထင်မိပါသည်ဘုရား ။ ဒီလို ဆင်ရုပ်တွေပေါ်မှာ မြတ်စွာဘုရားထိုင်နေတော်မူတဲ့ပုံဟာ မြတ်စွာဘုရားသခင်၏ မဟာကာရုဏိကနာထ ဂုဏ်တော်မြတ် ဖြတ်ဆီးနှိမ့်ချခြင်းသည်ဖြစ်၍ ဤဆင်စီး ဆင်ခံ အဆိုကို စဉ်းစား နေစရာ မလိုတော့ပါဘူး ဘုရား ။အမှန် မှာ မြတ်စွာ ဘုရား ဒေသစရာ ကြွတော်မူသောအခါ ခြေကြောင်း ခရီး ၊ ကောင်းကင်ခရီး ဖြင့်သာ ကြွချီတော်မူပါတယ်ဘုရား ။
ထို့ကြောင့် ဒီဥဒေါင်းငှက်ရုပ်ပေါ်မှာ ဗုဒ္ဓဘုရားထိုင်နေတော်မူတဲ့ပုံကို လက်မခံသင့်ကြောင်း၊ အကယ်၍ ဒီပုံတော်ကို လက်ခံတည်ထားလိုက်ပါကာ နောင်သောအခါ ဟင်္သာစီးတဲ့ပုံတွေ ၊မြင်းစီးပုံ ၊ ကျွဲ ၊နွား ၊ဂဠုန် ၊ နဂါး စီးတဲ့ပုံတွေ ထွင်ထွင်ပြီး စီးပွားရေးသမားများက ပြုလုပ်လာကြမည်ကို စိုးရိမ်မကင်းဖြစ်၍ ဤဥဒေါင်း စီးပုံကို လက်မခံရန် လေးနက်စွာ တားမြစ်တင်ပြပါသည် ဘုရား ။
သြ၀ါဒ စရိယ ဆရာတော်အားလုံးက မိမိအဆိုကိုလက်ခံ၍ ဥဒေါင်းစီးတော်ပုံကို ဥဒေါင်းပေါ်မှ ချ၍ ကိုးကွယ် ကြရန်ဆုံးဖြတ်တော်မူကြသည် ။
ကိုးကွယ်မှု့အယူဝါဒမှန်ကန်ကြပါစေ ။
အရှင်သြဘာသာဘိဝံသ ( သုတေသနသမ္မာ မဂ္ဂင်္ ပဉှာကျမ်း )

ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။



ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။
------------------------------------------
ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
တမ်းတင်ထားပါတယ်။
တရားချစ်ခင် သူတော်စင်တို့ သိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး
အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ ရောက်လာတာပါ။ ကုသိုလ်ကောင်းမှုတွေ
က အင်မတန်မှ များပါတယ်။ အဲဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်
လို့ ဘုရားဖြစ်လာတောင်မှပဲ ဟောဒီခန္ဓာကြီး ရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါ မှားခဲ့တဲ့ အကု
သိုလ်ကံက အခွင့်ရရင် အခွင့်ရသလို ၀င်ရောက်ပြီးတော့ နှောင့်ယှက်တာလေးတွေ ရှိနေသေး
တယ်။ သူကဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အ
ခွင့်ရတာ။ ဒီခန္ဓာကြီး မရှိရင်တော့ သူ့အခွင့် မရနိုင်တော့ဘူး။ အဲဒီတော့ ခန္ဓာကြီးရှိနေလို့ အခွင့်
ရတဲ့အခါမှာ ၀င်ပြီးတော့ နှောင့်ယှက်သေးတယ်။
မြတ်စွာဘုရားဟာ လူ့ဘ၀ရပြီးတဲ့အခါမှာ သက်တော်(၈၀) လူ့လောကမှာ နေထိုင်ခဲ့
တယ်။ တရားကျင့်တဲ့အချိန်က (၆)နှစ်၊ လောကီစည်းစိမ် ခံစားပြီးတော့ မင်းသားဘ၀နဲ့နေတာက
(၂၉)နှစ်။ ရွှေနန်းစည်စိမ် ခံစားနေတဲ့ (၂၉) နှစ်အတွင်းမှာ အခက်အခဲ တစုံတရာ ရှိခဲ့တယ်ဆို
တာ မှတ်တမ်းမှတ်ထားတာ မတွေ့ဘူး။
ဒါပေမယ့် တောထွက်ပြီးမှစ၍ ၀ဋ်ကြေးပေးဆပ်ရပါတယ်။ (၁)။ ဒုက္ခရစရိယာခြောက်နှစ်
ကျင့်ရခြင်း။ (၂)။ စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်း ခံရခြင်း။ (၃)။ သုန္ဒရီ ပရိဗိုဇ်မ၏ အစွပ်
အစွဲခံရခြင်း။ (၄)။ သုန္ဒရီ ပုရိဗိုဇ်မသေရာတွင် တိတ္ထိတို့ မကောင်းသတင်းလွင့်၍ လူအများ ယုံ
မှားခံရခြင်း။ (၅)။ ဒေ၀ဒတ်ရဲ့ အစီအမံဖြင့် လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု ခံရခြင်း။ (၆)။ ဒေဝ
ဒတ်၏ ကျောက်တုံးလိမ့်ချ ကျောက်မောင်းဆင်ခြင်းကို ခံရခြင်း။ (၇)။ ကျောက်လွှာထိခြင်း
ကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။ (၈)။ ဆွမ်းခံကြွတော်မူရာ နာဠာဂီရိ ဆင်ဆိုးနှင့်
တွေ့ခြင်း။ (၉)။ ခြေမတော်တွင် ကျောက်လွှာထိခြင်းကြောင့် အနာတည်ရာ ဇီဝကက ဓားနှင့်
ခွဲပြီး ကုသရခြင်း။ (၁၀)။ ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။ (၁၁)။ မာရ်နိုးဆော်၍ ဝေရဉ္စာတိုင်း
သားတို့ ကပ်လှူသော မုယောဆွမ်းကို သုံးတော်မူရခြင်း။ (၁၂)။ ခါးတော်ကိုက်ခဲသော ဝေဒနာ
ခံစားရခြင်း။ (၁၃)။ ၀မ်းတော်သွန်၍ အလွန်အားနွဲ့တော်မူရခြင်း။ (၁၄)။ ရေငတ်ဝေဒနာကို ခံ
စားရခြင်းတို့ ဖြစ်ပါတယ်။
အဲဒါကြောင့် မကောင်းတာတွေ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်
ကြရမယ်လို့ သိရှိ သဘောပေါက်ပြီး ကံကြမ္မာဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင် ကျင့်
ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။

Thursday, May 28, 2015

သိဒ္ဓတ္ထမင်းသား ဆင်ခြင်တော်မူခဲ့သည့် တရားတော်။



သိဒ္ဓတ္ထမင်းသား ဆင်ခြင်တော်မူခဲ့သည့် တရားတော်။
=======================
ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်
တော်မူတယ်၊ အဲဒီအခါ လမ်းခုလတ်မှာ သူအိုကို တွေ့ မြင်ရတာနဲ့  သံဝေဂဖြစ်ပြီး ဆက်မသွား
ဘဲ၊ ပြန်လှည့်လာခဲ့တယ်။ နောက်တစ်ကြိမ် ထွက်တဲ့အခါ သူနာကိုတွေ့ တယ်၊ နောက်တစ်ကြိမ်
သူသေကိုတွေ့ တယ်၊ အဲဒီလို တွေ့ မြင်ရတဲ့ အခါများမှာလည်း သံဝေဂတွေဖြစ်ပြီး ပြန်လှည့်
လာခဲ့ပါတယ်။
ဘုရားလောင်းက စဉ်းစားပါတယ်၊ အိုကြရ၊ နာကြရ၊ သေကြရ၊ တယ်ပြီးဆင်းရဲကြပါလား။
အဘယ်ကာလကျမှ အို၊နာ၊သေ ဆိုသော ဒုက္ခဆင်းရဲ အစုကြီးမှ လွတ်မြောက်ကြောင်း တရား
သည် ထင်ရှားကြပါလိမ့်မလဲ? ဟု ဆင်ခြင်စဉ်းစားတော်မူပါသည်။
ထိုကဲ့သို့  ဆင်ခြင်တော်မူသောအခါ၊ ဘုရားလောင်း၏ ဉာဏ်တော်ထဲမှာ..သြော် ဇာတိရှိ
လို့  အိုကြရ၊ နာကြရ၊ သေကြရတာပဲလို့ ၊ အို၊ နာ၊ သေရဲ့  လက်သည်ကို သွားတွေ့ ပါတယ်။
ထိုကဲ့သို့  ”ဇာတိပစ္စယာ ဇရာ မရဏ” ရဲ့ လက်သည်ကို သွားတွေ့ တာဟာ သူတစ်ပါးထံမှ နည်း
ရလို့  မဟုတ်ပါ။ ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တိုင်ထိုးထွင်းပြီး သိတာ ဖြစ်ပါတယ်။ နောက် ဆက်၍
ဆင်ခြင်ပြန်သောအခါ-ဒီဇာတိဟာလဲ အကြောင်းမဲ့ဖြစ်တာ မဟုတ်။ အကြောင်း ရှိရဦးမှာပဲလို့ 
ဆင်ခြင်သောအခါ ဇာတိဖြစ်ကြောင်းဟာ ကမ္မဘ၀ပဲဟု သွားတွေ့ ပါတယ်။ နောက်.. ဆက်ပြီး
ဆင်ခြင်သောအခါ ကမ္မဘ၀ဖြစ်ကြောင်းသည် ဥပါဒါန်ပဲ၊ ဥပါဒါန်ဖြစ်ကြောင်း တဏှာပဲ၊ တဏှာ
ဖြစ်ကြောင်းသည် ဝေဒနာပဲ။ ဝေဒနာဖြစ်ကြောင်းသည် ဖဿပဲ၊ ဖဿဖြစ်ကြောင်းသည် သဠာ
ယတနပဲ၊ သဠာယတနဖြစ်ကြောင်းသည် နာမ်ရုပ်ပဲ၊ နာမ်ရုပ်ဖြစ်ကြောင်းသည် ၀ိဉာဏ်ပဲ၊ ၀ိ
ဉာဏ်ဖြစ်ကြောင်းသည် သင်္ခါရပဲ၊ သင်္ခါရဖြစ်ကြောင်းသည် အ၀ိဇ္ဇာပဲ ဟူ၍ ဇရာ-မရဏဖြစ်
ကြောင်း၊ ပင်ရင်းလက်သည် အစစ် အ၀ိဇ္ဇာကိုသွားတွေ့ပါသည်။
အင်း...ဒီအ၀ိဇ္ဇာ မပယ်နိုင်သရွေ့ သင်္ခါရတွေ ပြုကြဦးမှာပဲ၊ သင်္ခါရပြုသရွေ့ ၀ိဉာဏ်တွေ
ရကြဦးမှာပဲ၊ ၀ိဉာဏ်တွေရသရွေ့ နာမ်ရုပ်တွေ ဖြစ်ကြဦးမှာပဲ စသည်ဖြင့် ဆက်၍ ဆင်ခြင်ပြန်
သောအခါ နောက်ဆုံး ဇရာ-မရဏမှာပဲ လမ်းဆုံးကြမှာပဲလို့ ထိုးထွင်း၍ သိတော်မူပါသည်။
သြော်...ဇရာမရဏဟာ ဇာတိအကြောင်းခံကြောင့် ဖြစ်ရတာဟူ၍ ဓမ္မစက္ခုခေါ်သော ထိုးထွင်း
၍ သိသောဉာဏ် ဖြစ်ပေါ်လာပါတယ်၊ ဆက်လက်ပြီး ဆင်ခြင်ပြန်သောအခါ အ၀ိဇ္ဇာချုပ်ရင်
သင်္ခါရချုပ်မှာပဲ၊ သင်္ခါရချုပ်ရင် ၀ိဉာဏ်ချုပ်မှာပဲ၊ ---ဇာတိချုပ်ရင် ဇရာ-မရဏချုပ်မှာပဲ ဟူ၍
အသိဉာဏ်တွေ ပေါ်လာပါတယ်။
သို့အတွက် ဘုရားလောင်းဘ၀မှာ အလေးအနက်ထားပြီး ဆင်ခြင်တော်မူတဲ့ တရားသည်၊
ပဋိစ္စသမုပ္ပါဒ်တရားပဲ ဆိုတာ အလွန်ထင်ရှားလှပါသည်။ သူတော်ကောင်းတို့လည်း ဆင်းရဲငြိမ်း
ရာ မြတ်နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ သတည်း။ ။

ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။



ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။
===================
ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။ ကံတရား
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။
ဝဋ် လို့ဘာဖြစ်လို့ ပြောတာလဲလို့ဆိုတော့ ၀ဋ်ဆိုတာက ဋ (၂)လုံးဆင့်နဲ့ ရေးတဲ့ပါဠိစကား
“၀ဋ္ဋ” ဆိုတဲ့ စကားလုံးကလာတာ။ အဲဒီ ၀ဋ္ဋ ဆိုတဲ့ စကားလုံးကို မြန်မာလို ၀ဋ် လို့ပဲ ပြန်လိုက်ကြ
တာ။ “၀ဋ္ဋ” ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာ။ စဉ်ဆက်မပြတ် တစ်ခုနဲ့တစ်ခု
ဆက်တာမြန်မာလူမျိုးတွေကတော့ ၀ဋ်လည်တယ် ဆိုတာက မကောင်းတာဖြစ်မှဝဋ်လည်တယ်လို့
ပြောကြတာ။ အမှန်က ကောင်းကောင်းဆိုးဆိုး ၀ဋ် ဆိုတာ လည်ပတ်ပြီးဖြစ်နေတဲ့ သဘောတရား
ကို ပြောတာပါ။ ကိလေသာရှိလို့ “ကံ”ဖြစ်နိုင်တယ်။ “ကံ” ဖြစ်လို့ ၀ိပါက ဆိုတဲ့ အကျိုးတရားတွေ
လာနေတယ်လို့ ဒီလိုပြောတာ။
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံစွမ်းအား” မရှိဘူး။ “ကံစွမ်းအား” မရှိတော့ဘူး
ဆိုရင် ၀ိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အားဖြင့် ဒီလိုနားလည်ရမယ်။ အဲဒီတော့
ဒီထဲမှာ အဓိကအချက်က “ကံ” လား၊ “ကိလေသာ” လားဆိုရင် “ကိလေသာ”က အဓိကကျတယ်။
ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီး
တော့ သွားတယ်။ လျော့သွားရုံမကဘူး၊ ကိလေသာ လုံးဝမရှိတော့ဘူးဆိုရင် “ကံ”မှာ အကျိုးပေး
နိုင်တဲ့ စွမ်းအားတွေ လုံးဝမရှိတော့ဘူး။ ပေးနိုင်တဲ့စွမ်းအားတွေ မရှိဘူးဆိုတဲ့နေရာမှာ ဘ၀တစ်ခု
တည်ဆောက်တဲ့ စွမ်းအားကိုပြောတာပါ။
တစ်ခါတစ်ခါ မျက်စိလည်တတ်ကြတယ်။ ဘုရား၊ ရဟန္တာတွေဆိုတာ ကိလေသာတွေ
ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား၊ ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေသ
လဲဆိုတာ မျက်စိလည်တတ်ကြတယ်။ ကံကုန်တယ် ဆိုတာနဲ့ပတ်သက်ပြီး ရတနသုတ်မှာ “ခိဏံ
ပုရာဏံ န၀ နတ္ထိသမ္ဘ၀ံ” ဘုရား၊ ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားတယ်လို့
ပြောတာ။
ကံဟောင်းကုန်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို ထုတ်လုပ်
နိုင်စွမ်း မရှိတော့ဘူးလို့ ပြောလိုတာ။ ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ အကျိုးမပေးတော့
ဘူးလို့ ပြောတာမဟုတ်။ ကိလေသာ စွမ်းအားတွေ ကုန်သွားသည့် အတွက်ကြောင့်၊ ကိလေသာ
တွေ မရှိတော့သည့် အတွက်ကြောင့် ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့ ကံ မရှိတော့
ဘူးလို့ ပြောတာသာဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံစွမ်းအား” မရှိဘူး။ “ကံစွမ်းအား” မရှိတော့ဘူးဆိုရင်
ဝိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့အကျိုး
ပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီးတော့ သွားတယ်။ လျော့သွားရုံမကဘူး၊ ကိလေသာလုံးဝမရှိ
တော့ဘူးဆိုရင် “ကံ”မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လုံးဝမရှိတော့ဘူး ဆိုတာ နားလည်
သဘောပေါက်ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

အသားအရေကြည်လင်ရခြင်းအကြောင်း



အသားအရေကြည်လင်ရခြင်းအကြောင်း
=====================
တစ်ခုသော ညဥ့်ဦးယံတွင် နတ်သားတစ်ယောက်ဟာ ဘုရားရှင်ထံရောက်လာပြီး မေးပါတယ်။
"မြတ်စွာဘုရား၊ တောထဲမှာနေပြီး ကိလေသာငြိမ်းအေးပြီးကုန်သော၊ ကိလေသာငြိမ်းကြောင်းအကျင့်မြတ်တို့ကို ကျင့်ကုန်သော အရှင်မြတ်တို့ဟာ ဆွမ်းတစ်ထပ်တည်းသာ သုံးဆောင်ကြပါကုန်လျှက် အဘယ်ကြောင့် အသားအရေကြည်လင်နေပါသလဲဘုရား။"
နတ်သား၊ ထိုအရှင်မြတ်တို့ဟာ မရောက်လာသေးတဲ့ ပစ္စည်းလာဘ်လာဘကိုလည်း ("ဘယ်ချိန်ရောက်လာမလဲ၊ ဘယ်လိုပစ္စည်းတွေ ဘယ်သူတွေကဖြင့်လာလှူကြမလဲဆိုပြီး") မတောင့်တကုန်။ သုံးဆောင်ပြီးသော ပစ္စည်းလာဘ်လာဘတို့၌လည်း (ဘယ်တုန်းကဖြင့် ဘယ်လိုစားသောက်ဖွယ်ကောင်းကောင်းတွေသုံးဆောင်ခဲ့တယ်။ ဘယ်သူက ဘယ်လိုအကောင်းစားသင်္ကန်း၊ ဆေးဝါးစသည် လှူလို့ သုံးဆောင်ခဲ့ရတယ်စသည်ဖြင့်တွေးပြီး) မစိုးရိမ်ကြကုန်။ ပစ္စုပ္ပန်ဖြစ်ဆဲ ပစ္စည်းလာဘ်လာဘဖြင့် မျှတကုန်၏။ ထို့ကြောင့် အသားအရေကြည်လင်နေကြခြင်းဖြစ်တယ်ဟု မိန့်တော်မူပါတယ်။
တကယ်တော့ သူမိုက်တွေ အသားအရေခြောက်ကပ်တယ်ဆိုတာ မရောက်လာသေးတဲ့ လာဘ်လာဘတွေကို တောင့်တကြတယ်။ ပြီးပြီးသော လာဘ်လာဘတွေကို ပြန်တမ်းတရင်း စိုးရိမ်ကြရတယ်။ ဒီအကြောင်းနှစ်မျိုးကြောင့် သူတို့ဟာ စိမ်းစိုနေတဲ့ကျူပင်ကို ဖြတ်လိုက်တဲ့အခါ ခြောက်ကပ်နေသလို အသားအရေခြာက်ကပ်နေတာပါဟု ဟောတော်မူလိုက်ပါတယ်။
ဆိုလိုတာကတော့ လူတွေ ခန္ဓာကိုယ် အိုလွယ်တယ်။ ခြောက်ကပ်လွယ်တယ်ဆိုတာ အတွင်းကိလေသာတွေအားကြီးလို့ပါ။ လောဘ၊ ဒေါသ၊ မောဟအားကြီးကြတော့ အသားအရေကပါ မစိုပြေဖြစ်ရတယ်။ ကိလေသာနည်းအောင်ကျင့်နေတဲ့ သူတော်ကောင်းတွေမှာတော့ ဆေးဝါးမသုံးပဲလျှက် အသားအရေကြည်လင်နေပါတယ်။
အရှင်က၀ိဓဇသာရ
c/o ( MS )

Wednesday, May 27, 2015

လောကမှာ အတော်ဆုံးလယ်ထွန်သမား



လောကမှာ အတော်ဆုံးလယ်ထွန်သမား
=====================
မြတ်စွာဘုရားရှင် ဆွမ်းခံရပ်တာကို မြင်တော့ ကသိဘာရဒွါဇက ဘုရားရှင်ကို ပြောပါတယ်။
"ဒီမှာ ရဟန်း၊ ငါဟာ ထွန်းယက်စိုက်ပျိုးပြီး စားရတယ်။ သင်လည်း စားချင်ရင် ထွန်ယက်စိုက်ပျိုးလော့"
"ပုဏ္ဏား၊ ငါလည်း ထွန်ယက်စိုက်ပျိုးပြီးမှ စားပါတယ်။"
"ရဟန်း၊ ထွန်ယက်စိုက်ပျိုးတယ်သာပြောတယ်။ ထမ်းပိုး၊ ထွန်သွား၊ ထွန်တုံးနှင့် နွားတို့လည်း မမြင်ပါလား"
ပုဏ္ဏား၊ ငါရဲ့သဒ္ဓါတရားဟာ မျိုးစေ့မည်တယ်။ ဣနြေ္ဒကို စောင့်ထိန်းခြင်းဟာ မိုးရွားခြင်းမည်တယ်။ ငါရဲ့ပညာဟာ ထမ်းပိုးနှင့်ထွန်တုံးမည်တယ်။ မကောင်းမှုမှ ရှက်ကြောက်မူဟာ ထွန်သွားမည်တယ်။ ငါရဲ့ စိတ်ဟာ ကြိုးလွန်းမည်တယ်။ အောက်မေ့မူသတိဟာ ထွန်သွားထွန်တံမည်တယ်။ သင်ဟာ လယ်ကို စောင့်ရှောက်သလို ငါဟာလည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်တယ်။ နှုတ်ကိုစောင့်ရှောက်တယ်။ အာဟာရ၌ အသက်မွေးမှုစင်ကြယ်စေရန် စောင့်ရှောက်တယ်။ ၀မ်း၌ အတိုင်းအရှည်ကို သိတယ်။ မှန်သောစကားဖြင့် (ချို့ယွင်းသောစကားတည်းဟူသော) ပေါင်းမြတ်ကို ပယ်နုတ်ပြီးပြီ။ နိဗ္ဗာန်၌ မွေ့လျှော်မူတည်းဟူသော ငါ၏ အရဟတ္တဖိုလ်ဟာ ပြုလုပ်ဖွယ်အားလုံးတို့မှ လွတ်မြောက်တော့ပါတော့တယ်။
ငါရဲ့ ၀ီရိယဟာ ၀န်ကိုဆောင်တဲ့ နွားမည်တယ်။ နိဗ္ဗာန်ရောက်တဲ့အခါ မစိုးရိမ်ရဘူး။ ယောဂလေးပါးကုန်ရာ နိဗ္ဗာန်ကို ရှေးရှုတည်လျှက် မဆုတ်မနစ်သွားတယ်။
ပုဏ္ဏား၊ ထိုသို့သောအခြင်းအရာအားဖြင့် ငါဟာ ထွန်ယက်စိုက်ပျိုးတယ်။ ထိုထွန်ယက်စိုက်ပျိုးခြင်းဟာ နိဗ္ဗာန်ဆိုတဲ့ အသီးအနှံရှိတယ်။ ထိုကဲ့သို့ လယ်ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်မြောက်တော်မူတယ်။"
အားလုံး အကောင်းဆုံးလယ်ထွန်သမားများဖြစ်နိုင်ကြပြီး ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်ကြပါစေ။
အရှင်က၀ိဓဇသာရ
c/o ( MS )

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ



စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
================
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။
ထိုဒေသတွင်မိုးများသည့်အတွက် တောင်ယာသမား အများစုသည် နွားအစားကျွဲ
များဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ ကျွဲများသည် သန်မာထွားကျိုင်းပြီးချို
ကြီးများကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒ
ကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။
“ဒကာကြီး ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြ
ဘူးလား”
“တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊ တလောက ဟိုဘက်ရွာက တောင်သူ
တစ်ယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာ
ပါရောလားဘုရား”
“အိုး...ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော်
အန္တရာယ်များတာပဲ”
“ဒါက ဖြစ်ခဲပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ”
“ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား”
“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိတယ်ဘုရား”
“ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့၊ ဘယ်လို
ထိန်းတာလဲ”
“အလုပ်နဲ့ ထိန်းတာပါဘုရား၊ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန်ယာထွန်
တယ်၊ လယ်တွေ၊ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကိုလှည်းပေါ်တင်
ပြီးး မြစ်ရေကိုသယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား...
“အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့အ
တွက် နားရတဲ့အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကိုမပေး
တော့ဘူးဘုရား”
“အို...ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းကဘုန်းကြီးအတွက်တော့ တရားတစ်
ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာထားပြီး စိတ်ကိုအလွတ်မထားဘူးအမြဲခိုင်းနေ
မယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့။ ဒါ
ကြောင့်ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့၊ စိတ်ဆိုတာမ
ကောင်းတဲ့ ဘက်မှာ ပျော်တာအားနေရင် စာဖတ်၊ စာရေး၊ တရားနာ၊ တရား
ဟောအဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”
ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)
c/o ( MS )

Tuesday, May 26, 2015

*ကိုးကွယ်ရာအမှန်*



*ကိုးကွယ်ရာအမှန်*

> ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ် ကိုးကွယ်ပါ၏)

> အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ

> ဗုဒ္ဓဘာသာ ၀င်တိုင်း တော်တော် များများ သိပြီးသားလေးပါ။ သို့ပါသော်လည်း ဒီကိုးကွယ်မှု နှစ်မျိုးကို ပိုင်းခြား သိဖို့နဲ့ ဆက်စပ် သိဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလိုမှ မသိရင် ဒွိဟ များဖွယ် ဖြစ်လာနိုင်တယ်လေ။

> ကျွန်တော် မြင်တာလေး ထုတ်ဖော်လို့ ဖွင့်ဟပါရစေ။ မှားနေရင် ကျွန်တော့်ကို ပြုပြင်ဆုံးမ သွန်သင် ပေးစေလိုပါတယ် ခင်ဗျာ။ အကယ်၍များ မှန်နေခဲ့ ရင်လည်း လိုက်နာ ကျင့်ကြံပေးဖို့ လေးလေးစားစား မာန်ကိုချလို့ တိုက်တွန်း ပါရစေ။

> မြတ်စွာ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်တယ်။ နောက် မိမိကိုယ်ကို ကိုးကွယ်တယ်... ဒါလေးကတော့ တစ်ခုချင်း စီကို ပိုင်းခြား သိတယ်လို့ ထင်ပါတယ်။ အဲ... ဆက်စပ် သိဖို့ကျတော့…

ပထမဆုံး မြတ်စွာ ဘုရားရှင်ကို ကျွန်တော်တို့ မိတ်ဆွေတို့ ဘာကြောင့် ကိုးကွယ် နေကြပါသလဲ။ မိရိုးဖလာ အရလား၊ ကိုယ်တိုင် ကြည်ညိုလို့လား၊ ဒီမေးခွန်း ကိုတော့ ကိုယ့်ဘာသာ ကိုယ်သာ အဖြေရှာ ကြည့်လိုက်ပါ။ ကျွန်တော်လည်း အရင်တုန်း ကတော့ မိရိုးဖလာ အဆင့်ပါပဲလေ။ ခုတော့လည်း ကြည်ညိုမှု သဒ္ဓါတွေပွား သာသနာ အတွက်ဆို အသက်ပါ ပေးရဲလာ ပါပြီ။ ထားပါလေ၊ ဟိုဒင်းမရောက် လိုရင်းပျောက် နေပါဦးမယ်။ အရင်ကတော့ မိရိုးဖလာ အရ ကိုးကွယ်တယ်လို့ ကျွန်တော် ဆိုခဲ့တယ်နော်။ ခုတော့ ဘာကြောင့် ကြည်ညိုမှုတွေ ပွားများနေ သလဲလို့ ကိုယ့်ကိုယ်ကို အမေး ပြန်ထုတ်လိုက်တော့ …

ကျွန်တော်က တရားမြင်ပြီးမှ ဘုရား မြင်တယ်လို့ ပြောရမယ် ထင်ပါတယ်။ မြတ်စွာ ဘုရားရှင်မှာ ကြည်ညိုဖွယ် ဂုဏ်တော် ကိုးပါးရှိတယ်။ ဣဿရိယ၊ ဓမ္မ အစချီတဲ့ ဘုန်းတော် ခြောက်သွယ်နဲ့ ပြည့်စုံတယ်။ လက္ခဏာ တော်ကြီး ၃၂-ပါး၊ လက္ခဏာတော် ငယ်ပေါင်း ၈၀-နဲ့လည်း ပြည့်ဝ ကုံလုံတယ်။ ဘယ်သူမှ တုနှိုင်းမမှီတဲ့ မဟာ ကရုဏာတော် ကိုလည်း ၃၁-ဘုံသား သတ္တ၀ါ ဝေနေယျ တွေအပေါ်မှာ ထားရှိတော် မူလိုက်သေးတယ် နောက်ပြီး ဘ၀အဆက်ဆက် စွန့်ကြဲခဲ့တာ တွေကလည်း ဘယ်သူ့ ဘယ်သူမှ မလုပ်နိုင် တာတွေ မစွန့်လွှတ်နိုင် တာတွေ.. စသဖြင့် ဒါလေးတွေကို တဖြေးဖြေး သိလာရတော့ တအားကို ကြည်ညိုမိတော့ တာပေါ့ဗျာ။ ပုံတော်ကို အာရုံမပြုဘဲ ဂုဏ်တော်တွေကို အာရုံပြုပြီး တော့လည်း ကိုးကွယ်မိတော့ တာပေါ့။ ဒါလေးက ဘုရားရှင်ကို ကိုးကွယ်တဲ့အပိုင်း။

> နောက် မိမိကိုယ်ကို ကိုးကွယ်မယ်။ မေးချင်လည်း မေးကြမပေါ့လေ။ မိမိ ကိုယ်ခန္ဓာကြီးမှာ ဘာများ ကိုးကွယ်စရာ ရှိသလဲလို့၊ ဟုတ်ပါတယ် စက်ဆုတ် ရွံရှာဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ကိုးကွယ်ဖွယ် မထိုက်ပါဘူး။ ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆိုရာမှာ ကိုးကွယ် ဆိုတဲ့ စကားလုံးလေးက နိဗ္ဗာန် ရောက်ကြောင်း ကျင့်ကြံရာမှာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျင့်ကြံရမယ်လို့ ဆိုလိုရင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မြတ်စွာ ဘုရားရှင်ဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါပဲ။ နည်းပေးညွှန်ပြ ဆိုဆုံးမမှု အရာမှာ တုနှိုင်းမမှီတဲ့ ဆရာတစ်ဆူ သာလျှင် ဖြစ်ပါတယ်။ ဒီအချက်ဟာ အခြား ဘာသာတွေနဲ့ မတူညီတဲ့ ကျွန်တော်တို့ ဘာသာရဲ့ ထူးခြားချက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့ တတွေကို မြတ်စွာဘုရား ဆိုဆုံးမခဲ့တဲ့ သဘောတရား အဆုံးအမ တွေဟာ ယနေ့ အချိန်အထိ ခြွင်းချက်မရှိ အသုံးချတတ် သူအဖို့ အသုံးကျသလို၊ ဆိုဆုံးမခဲ့တဲ့ အချက်အလက် data တွေဟာလည်း

no need to change, no need to modify, no need to add, no need to omit.

ပါ။ ဘယ်လို သဘောလေးလဲ ဆိုရင် ဥပမာ- သစ္စာလေးပါးကို.. များတယ်ကွာ သုံးပါးပဲ ထားလိုက်၊ တစ်ပါး ဖြုတ်မယ်.. ဒါမှမဟုတ် တစ်ပါး ထပ်တိုးမယ်၊ ဒီလိုလုပ်လို့ မရပါဘူး။

> နောက်ပြီး ကျွန်တော်တို့ရဲ့ ထေရ၀ါဒဟာ

Freedom, Fairness, Fearless

ဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ၊ ဘာသာ တစ်ခုကို ကိုးကွယ်ရာမှာ လွတ်လပ်ရမယ်၊ မျှတရမယ်၊ ကြောက်လန့်မှုကင်းရမယ်၊ ဒီလိုမှ ဒီဘာသာဟာ ကိုးကွယ်ထိုက်ပါတယ်။ ဒါကိုတော့ အကျယ် မချဲ့တော့ဘူးဗျာ။ နားလည် လောက်မှာပါ။

> နောက်တစ်ချက်က
Buddism is not dogmatic. ထေရ၀ါဒသည် တရားသေ၀ါဒမဟုတ်၊
ဝိဘဇ္ဇ၀ါဒ- ဝေဖန်ပိုင်းခြားနိုင်တဲ့ ၀ါဒ

ပါတဲ့လေ။ ကြိုက်တာနဲ့ ဝေဖန်၊ ကြိုက်သလို ဝေဖန် အဝေဖန်ခံနိုင်တဲ့ ၀ါဒပါပဲ။ သိပ္ပံနည်းနဲ့ ဝေဖန်မလား၊ ဖလော်ပိုင်း နဲ့ပဲကြည့်ဦး မလား၊ ကြိုက်သလို ဝေဖန် ဝေဖန်လို့ ရပါတယ်တဲ့။

> နောက်တစ်ခုက သူများဘာသာ တွေလို ဒါကိုလုပ်... မလုပ်ရင်တော့ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး အဲလိုဖြစ်မှာကို ကြောက်လို့ ကိုးကွယ်ရတဲ့ ၀ါဒမဟုတ်ပါဘူး။

ဧဟိပဿိကော လေ၊ Come and See! not come and believe

ပါပဲ။ လာပြီး ရှုကြည့် မကြိုက်ရင် မလုပ်နဲ့။ ဒါကို မလုပ်လို့လည်း ဘာအပြစ်မှ ဘုရားရှင်က မယူပါဘူး။ ဥပမာဗျာ ဘုရားရှင်ကို ဆွမ်းတော် ကပ်တယ်ပေါ့။ တစ်ရက် ပျက်သွားတယ် အလုပ်ရှုပ်တာနဲ့ပဲ။ ဒါကို ဘုရားရှင်က အပြစ်ယူသလား မယူဘူးနော်။ ကိုယ့်ကိုယ်၌က ကုသိုလ် မရတာလောက်ပဲ၊ ကျန်တာ ဘာမှ အကြောက် တရားနဲ့ ခြောက်လှန့် ထားတာ မရှိပါဘူး။

> ထေရ၀ါဒနဲ့ ပတ်သတ်တာ လေးတွေ ပြောရမယ် ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီလောက်လေး သိတာနဲ့တင် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရကျိုး နပ်နေပါပြီလေ။ ထေရ၀ါဒနော် မဟာယာန နဲ့လည်း သွားမရောနဲ့ဦး။ ထေရ၀ါဒက မြတ်ဗုဒ္ဓရဲ့ တရား ဒေသနာတွေကို လုံးဝ မပြုမပြင် မူရင်းအတိုင်း လိုက်နာ ကျင့်သုံးတဲ့ ၀ါဒ။ မဟာယာန ကျတော့ ပြုပြင်မှုလေးတွေ ရှိနေတယ်။

> ဒီအကြောင်း တရားတွေ ကြောင့်လည်း သြော်... ငါတို့ ဘုရားရှင်ဟာ ဒီလိုပြည့်စုံ ကုံလုံတဲ့ တရား ဒေသနာတွေကို ဟောကြား ခဲ့ပါလား ဆိုပြီးတော့လည်း ကိုးကွယ် ယုံကြည်မှုက ပိုပြီး ခိုင်မာလာရ တာပေါ့ဗျာ။

> ဟုတ်ပြီဗျာ ဒီလိုကိုးကွယ်မှု ခိုင်မာလာမှုနဲ့ပဲ ကျေနပ်နေရ တော့မလား။ မဟုတ်သေး ပါဘူး။ ဒီလို မနေသင့်ပါဘူး။ မြတ်စွာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ်၊ လေးစားတယ် ဆိုရင်တော့ ဘုရား အဆုံးအမ တွေကို လိုက်နာဖို့ လိုပါသေးတယ်။

> ဒီလောက် ဆိုရင်တော့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိနဲ့ အတ္တာဟိ အတ္တနော နာထော ကို ပိုင်းခြားသိ၊ ဆက်စပ် သိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြောလက်စနဲ့ ဆက်ပြောပါရ စေဦးဗျာ။ ဘုရားအဆုံး အမတွေကို ဘယ်လို လိုက်နာမလဲ…၊ ကျွန်တော်တော့ ဒီလိုလေး သိထားသဗျ။

*အစ၏ကောင်းခြင်း သီလ
*အလယ်၏ကောင်းခြင်း မဂ္ဂင်
*အဆုံး၏ကောင်းခြင်း နိဗ္ဗာန် တဲ့လေ
အတိုချုံးမှတ်ပေါ့။

> ဒါနဲ့ သီလဆိုလို့ ဒါန၊ သီလနဲ့ ဘာဝနာမှာ သီလက အရေးကြီးတယ်လို့ ဆိုတယ်ဗျ။ အကုန်လုံးတော့ အရေးကြီးတာ ပေါ့နော်။ ဒါပေမယ့်လည်း ဒါနနဲ့ ဘာဝနာက သူတို့ကို မလုပ်ရင် မကျင့်ရင် အပြစ် မဖြစ်ဘူးခင်ဗျ၊ သီလကျတော့ မလိုက်နာရင် အပြစ်ပဲလေ။ သူ့အသက် မသတ်ရ.. ဒါကိုမလိုက်နာဘဲ သတ်ရင်တော့ အပြစ်ပဲ။ ပြောရရင်တော့ ဒါနနဲ့ ဘာဝနာက do လုပ်ဖို့ တိုက်တွန်း တာလေ။ သီလကတော့ don’t မလုပ်ဖို့ တားမြစ်တာပေါ့။ တိုက်တွန်း တာကို မလုပ်ရင် အပြစ်မရှိ၊ အဲ.. တားမြစ်တာကို လုပ်ရင်တော့ အပြစ်ပါပဲ။

> ကြားမှာ ကြော်ငြာတွေ ၀င်တာနဲ့ပဲ စာဖတ်သူလည်း မျက်စိ လည်နေပြီလား မသိဘူး။ တောင်းပန် ပါတယ်ဗျာ။ သိစေချင်တဲ့ စေတနာတွေ များသွားလို့ပါ။ ဒီစေတနာ လေးတွေပဲ ကျွန်တော့်မှာ ချမ်းသာလို့ပါ။ နားလည် ပေးကြပါဗျာ။

> ကောင်းပြီ၊ အစရဲ့ကောင်းခြင်း သီလနဲ့ ပြည့်စုံပြီးရင် အလယ်၏ ကောင်းခြင်း မဂ္ဂင်နဲ့ ပြည့်စုံဖို့လည်း လိုလာ ပြန်ပါတယ်။ မဂ္ဂင်က ရှစ်ရပ်။ ဘုရားရှင်ရဲ့ တရားဦး ဓမ္မစကြာ တရားတော် မှာလည်း မြတ်စွာ ဘုရားရှင်က အစွန်း နှစ်ပါးကို ဟောပါတယ် နောက် မဇ္ဈိမ ပဋိပဒါ ကို ဆက်ဟောတယ်.. အဲဒါပြီးတော့ မဂ္ဂင်ရှစ်ပါး နောက် သစ္စာလေးပါး… စသဖြင့်ပေါ့ဗျာ ဟောကြားတော် မူခဲ့ပါတယ်လေ။

> မဂ္ဂင် ရှစ်ပါးကိုတော့ နောက်ပိုင်း ကျွန်တော် အခွင့်သင့်ရင် အကျယ်ချဲ့ ရေးသားပေး ပါ့မယ်။ ကျွန်တော် ရေးတယ်လို့တော့ မဟုတ်ဘူး ပေါ့ဗျာ။ ကျွန်တော်က သိထားတာ လေးကို စာရိုက် ကော်ပီလုပ်ပြီး တင်ပေးမှာပါ။ ဖတ်မှတ်ထားတဲ့ စာအုပ်လေး တွေကနေ သိသလောက် ပေါ့ဗျာ။

> အလယ်၏ ကောင်းခြင်းနဲ့လည်း ပြည့်စုံသွားပြီ ဆိုရင်တော့ အဆုံး၏ ကောင်းခြင်းက နိဗ္ဗာန်ပေါ့ဗျာ။ အပြောကတော့ လွယ်သဗျ။ ဒါပေမယ့် လက်တွေ့မှာ ကျင့်ကြံဖို့ ကျတော့ အခက်သား။ ဘာလို့လည်း ဆိုတော့

ပါပသ္မိံ ရမတိမနော- စိတ်သည် မကောင်းမှု၌ မွေ့လျော်၏ တဲ့လေ။ ဒီစိတ်ကိုမှ မစောင့်ရှောက် နိုင်ရင်တော့ နိဗ္ဗာန် ကတော့ ဝေလာဝေး။

> ဒါ့ကြောင့်လည်း ပါပါစိတ္တံ နိဝါရယေ- မကောင်းတဲ့ စိတ်ကို မဖြစ်အောင် တားဆီးရမယ် လို့ မြတ်ဘုရားက ကရုဏာ ရှေ့ထား မြွက်ကြားခဲ့တာပေါ့။

> ဟုတ်ပါတယ်လေ… ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်ကို ကိုယ်ကမှ မသုံးသပ် မစောင့်ရှောက်ရင် ဘယ်သူကလာ သုံးသပ်လို့ ဘယ်သူက စောင့်ရှောက်မှာလဲ စောင့်ရှောက် ဖြစ်အောင် စောင့်ရှောက်ပါလို့ပဲ ကျွန်တော် တိုက်တွန်း ပြောကြားနိုင်စွမ်း ရှိပါတယ် ခင်ဗျာ။

> နောက်ပြီး တော့ဗျာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ် ဆိုရင်တော့ ဘုရားအကြိုက် လိုက်လုပ် လိုက်ကြရအောင်လေ။ မြတ်ဘုရား ဘာကြိုက်သလဲ၊ အားလုံးနီးပါး သိပြီးသားလို့ ထင်ပါတယ်။ မြတ်ဘုရားက သံသရာ လွတ်ကြောင်း ၀ိပဿနာ အကျင့်နဲ့ ပူဇော်တာ အကြိုက်ဆုံးပါပဲ။ အရှင် အတ္တဒတ္ထ မထေရ်ကို သာဓက ယူပေါ့ဗျာ။

ကဲဗျာ ကျွန်တော် သိတာလေးကို ရေးသား လိုက်ခြင်းပါ။ အားလုံးပဲ ၀ိပဿနာ အလုပ်ကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဒီလိုမှ မဟုတ်ဘဲ နွားသာသာ ကိလေသာ နွံတောထဲမှာ ရုန်းနေရ တာကို အရသာတွေ့ ပျော်မွေ့ နေရင်တော့….

အကိုးအကားများ

၁။ အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်) ၏ တရားတော်များ
၂။ အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ၏ *မြင့်မြတ်သူတို့ရဲ့ အလုပ်* စာအုပ်
၃။ အရှင်သာဓိန (ခေတ္တ - ဘုံဘေ) ၏ ဆိုဆုံးမမှုများ
၎။ အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက) ၏ သင်ကြားပြသမှုများ
၅။ အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ၏ *မဂ်တား ဖိုလ်တား အန္တရာယ်များ* စာအုပ်
၆။ ကိုနန်းဝေ ၏ သွန်သင်မှုများ
၇။ ကိုဝင်းမြင့် ၏ ဆုံးမမှုများ

လေးစားစွာဖြင့်
ဖိုးသား

credit- ၀ိမုတ္တိရသ (

ဒါရုက္ခန္ဓောပမသုတ် (သစ်တုံးတရားတော်)



ဒါရုက္ခန္ဓောပမသုတ် (သစ်တုံးတရားတော်)

အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေ အယဉ်နဲ့  သစ်တုံးကြီးတစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး... “ရဟန်းတို့  မျော လာတဲ့သစ်တုံးကြီးကို သင်တို့ မြင်တယ်မဟုတ်လား” လို့  မေးတော့ မြင်ပါကြောင်း ရဟန်းတွေက ဖြေကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက...

“ရဟန်းတို့  အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး ၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊ သောင်ပေါ်ကိုလည်း မတင်ဘူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်းစုပ်ယူမသွားဘူ၊ အတွင်းကလည်း မဆွေးမပုပ်ဘူးဆိုလျှင်... ပင်လယ် သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ ဘာကြောင့်လဲဆိုရင်...ဂင်္ဂါမြစ်က သမုဒ္ဒရာထဲ နိမ့်ဆင်းညွတ်ကိုင်း သက်ရှိုင်းေ နတဲ့အတွက်ကြောင့်ဖြစ်တယ်။”

“ရဟန်းတို့ ... ဒီသစ်တုံးကြီး ဥပမာအတိုင်း သင်တို့ ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်း လည်းမကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်းအဆယ်ယူမခံရ၊ နတ်လည်း အဆယ်ယူမခံရ၊ ၀ဲလည်းအစုပ်မခံရ၊ အတွင်းမှာလည်း မဆွေးမပုပ်ဘူးဆိုရင်ဖြင့် သင်တို့ ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းသက်ရှိုင်း ရောက်ရှိသွားမယ်။ ဘာကြောင့်လဲဆိုရင်...သမ္မာဒိဋ္ဌိဆိုတဲ့ မှန်တဲ့ မြင်သိမှု ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းနေတဲ့ရောက်စေတဲ့ တရားဖြစ်ခြင်းကြောင့်ပဲ” လို့  ဂေါတမဗုဒ္ဓက အမိန့် ရှိတဲ့အခါမှာ ရဟန်းတွေက ပြန်ပြီးမေးလျှောက်ကြတယ်။

“အရှင်ဘုရား....ဒီဘက်ကမ်းဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဟိုဘက်ကမ်းဆိုတာကကော ဘာကိုဆိုလိုပါသလဲ၊
အလယ်မှာ နစ်မြုပ်တာ...သောင်ပေါ်တင်နေတာ...လူဆယ်ယူတာ၊ နတ်ဆယ်ယူတာ၊ ၀ဲစုပ် ယူတာ... အတွင်းမှာပုပ်ဆွေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲဘုရား” လို့  မေးလျှောက်ကြတယ်။

★“လူမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။ အဲဒီ မျက်စိအစရှိတာတွေကို နှစ်သက်စွဲလန်းနေရင်...ဒါ ဒီဘက်ကမ်းကို ကပ်တာ။ အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့ အထိ၊ အတွေးတွေက ဟိုဘက်ကမ်း။ ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ... အဲဒီ အဆင်းအသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင်... ဒါ ဟိုဘက် ကမ်းကို ကပ်တာ...

★အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အနှောင်အဖွဲ့ တွေထဲ နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခင် သူတွေကို တပ်မက်ချစ်ခင်တဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယားစသည်တွေကို တွယ်တာ တပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီတပ်မက်ရာ ၀တ္ထု၊ အာရုံတွေထဲမှာ ခေါင်းမဖော် နိုင်အောင် နှစ်မြှုပ်ပေးနေတယ်။ ရေအောက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးကို ရွှံ့ တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့ အခါ ရေပေါ် ပြန်မပေါ်နိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အနှောင် အဖွဲ့ တွေထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ...

★သောင်တင်တယ်ဆိုတာက ထောင်လွှားမှုမာနကိုဆိုလိုတာ၊ မာနမြင့်တက်နေတာကိုပဲ သောင်တင် တယ်လို့ ဆိုလိုတယ်။ မာနဖြစ်နေရင်... လူဟာ ငါသိ ငါတတ်ဆိုတာမျိုးတွေလည်း ဖြစ်တယ်။ ဒီလိုမာန တက်နေတော့ နောက်ထပ်အသိတိုးဖို့ ၊ အမြင်သစ်တွေ့ ဖို့  မဖြစ်နိုင်တော့ဘူး၊မာနခံနေသမျှတော့ ရှေ့ ဆက်ပြီးတိုးတက်သွားစရာ ရှိမှာ မဟုတ်တော့ဘူး။

★လူဆယ်ယူတယ်ဆိုတာကတော့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိုပဲ ဆိုလိုတယ်။ လူတွေနဲ့ ဆက်ဆံရောနှောနေတာဟာ ဒီလိုနေရတာကို နှစ်သက်လို့ ပဲ။ ဆက်ဆံရောနှောနေသမျှ လူမှုကိစ္စတွေ ရှုပ်ထွေးပြီး လူဆိုရင်လည်း ကောင်းရာကောင်းကြောင်းကို အသေအချာမလုပ်နိုင်ဘူး။ မလုပ်အားဘူး။ ရဟန်းဆိုရင်လည်း လူမှုကိစ္စတွေနဲ့  ရှုပ်ထွေးငြိတွယ်နေရင် တရားဓမ္မအလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင်တော့ဘူး။

★နတ်ဆယ်ယူတယ်ဆိုတာက လူ့ ဘ၀ထက်သာတယ်လို့ ထင်တဲ့ နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကိုရဖို့  လုပ်ဆောင်မှုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။

★၀ဲစုပ်ယူတယ်ဆိုတာက ကာမဂုဏ်(၅)ပါးရဲ့  ဆွဲဆောင်ယူငင်ရာကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊ ဒီကာမဂုဏ်ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ...

★အတွင်းကဆွေးနေတယ်၊ ပုပ်တယ်ဆိုတာကတော့ အကျင့်သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ .....သစ်တုံးကြီးဆွေးပုပ်သွားရင်၊ ပျက်စီးကြေမွသွားရင် သစ်တုံးဘ၀ပျောက်ပြီး ပင်လယ်သမုဒ္ဒရာ ဆီ ဆက်ပြီးပါသွားစရာ ဘယ်ရှိတော့မှာလဲ။ ဒီလိုပါပဲ။ အကျင့်ပျက်ရင် သီလမရှိရင် ကောင်းမြတ်တဲ့ဘ၀မျိုးကို ရဖို့ ၊ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး။ နိဗ္ဗာန်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးဆီ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး....”

ဂေါတမမြတ်စွာဘုရားနဲ့  ရဟန်းတော်အရှင်သူမြတ်တို့ ကတော့ ဒီဘက်ကမ်း ဟိုဘက်ကမ်း...ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊ ဘယ်သောင်ပေါ်ကိုမှလည်း မတင်ခဲ့ကြ၊ ဘယ်လူ ဘယ်နတ် ရဲ့  အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်းလည်း မရှိ၊ ယိုင်နဲ့  ဆွေးမြေ့ခြင်းဆိုတာလည်း သူတို့ မှာ မရှိကြ၊ နိဗ္ဗာန်ပင်လယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာရောက်သွားခဲ့ကြတယ်

အထက်ပါ ပင်လယ်သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ထွက်သွားနိုင်တဲ့လမ်းကို ဖော်ပြတဲ့ တရားဓမ္မကို နာပြီး ပြန်လာတဲ့မိတ်ဆွေက..“ရှက်ရှက်နဲ့ ဝန်ခံရရင်....အဲဒီပင်လယ်သွား တရားကို ကြားနာပြီးတဲ့အခါမှာ တစ်ယောက်ထည်းထည်းနဲ့  နိဗ္ဗာန်ပင်လယ်ကြီးဆီ ထွက်ခွာသွားရမှာကို အားငယ်သလိုပဲ ခံစားရတယ်” လို့ ပြောတဲ့စကားသံကို ကြားယောင်မိပါတယ်။