Tuesday, May 12, 2015

"ဂုဏ်တော်လမ်းကသွားရင်လည်း နိဗ္ဗာန်ရောက်ပါတယ်"



"ဂုဏ်တော်လမ်းကသွားရင်လည်း နိဗ္ဗာန်ရောက်ပါတယ်"
======================================
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ပိုင်း သီဟိုဠ်ခေတ်မှာ ဖုဿဒေ၀လို့ခေါ်တဲ့ မထေရf မြတ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ အဲဒီဖုဿဒေ၀ မထေရ်မြတ်ဟာ နေ့စဉ်နေ့တိုင်း စေတီတော် ရင်ပြင်မှာ တံမြက်စည်းလှည်းတဲ့ ၀တ်ကို ဆောက်တည်ထားတယ်။ တစ်နေ့မှ မပျက်ဘူး။ စေတီရင်ပြင်မှာ နေ့တိုင်း တံမြက်စည်း လှည်းတယ်။ တံမြက်စည်း လှည်းရင်း လှည်းရင်းနဲ့လည်း အရဟံဂုဏ်တော်ကို ပွားများပါတယ်။
တံမြက်စည်းလှည်းလိုက်ပြီဆိုတော့ အမိုက်သရိုက်တွေ၊ မလိုအပ်တဲ့ ကျောက်စရစ်ခဲတွေ၊ သဲတွေ၊ အညစ်အကြေးတွေ ပြောင်စင်ပြီးတော့ ရှင်းလင်းသွားတာပေါ့။ အညစ်အကြေးကင်းစင်ပြီး ကြည်လင်နေတဲ့ စေတီတော်ရင်ပြင်ကြီးကို ကြည့်ကြည့်ပြီးတော့ ဖုဿဒေ၀ မထေရ်မြတ်ကြီး အရဟံဂုဏ်တော်ကို အာရုံယူပါတယ်။
“အမိုက်တွေရူပ်ပွနေတဲ့ စေတီရင်ပြင်၊ သစ်ရွက်ခြောက်တွေ ရူပ်ပွနေတဲ့ စေတီရင်ပြင်ပေါ်မှာ ငါလှည်းလိုက်လို့ အမိုက်သရိုက်တွေ ပြောင်စင်ပြီးတော့ သွားသလိုပဲ မြတ်စွာဘုရားရှင်ရဲ့ စိတ်အစဉ်မှာလည်း ကိလေသာ စတဲ့ အမိုက်သရိုက်တွေ၊ ကိလေသာဆိုတဲ့ ဆူးငြောင့်ခလုတ်တွေ၊ ကိလေသာဆိုတဲ့ သစ်ရွက်ခြောက်တွေ၊ ကိလေသာဆိုတဲ့ ကျောက်စရစ်ခဲတွေ။ သဲတွေ ကင်းစင်ပြီးတော့နေတယ်”
“အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား”
“အရဟံ - ကိလေသာ အမိုက်သရိုက်၊ ကိလေသာအညစ်အကြေး ကင်းရှင်းတော်မူသော မြတ်စွာဘုရား”
“အရဟံ - ကိလေသာ အမိုက်သရိုက်၊ ကိလေသာ အညစ်အကြေး ကင်းစင်တဲ့အတွက် စိတ်အစဉ် ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား”
“အရဟံ - ကိလေသာကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ စိတ်ကြည်လင်တဲ့အတွက် မျက်နှာတော်ကြည်လင်တော်မူသော မြတ်စွာဘုရား”
အရဟံ ဂုဏ်တော်ရဲ့ ကိလေသာ ကင်းစင်တဲ့ သဘောကို မိမိ တံမြက်စည်းလှည်းလိုက်လို့ အမိုက်သရိုက် ကင်းစင်သွားတဲ့သဘောနဲ့ နိုင်းယှဉ်ပြီးတော့ မိမိဉာဏ်ရှိသလို၊ မိမိ စကားပရိယာယ်ကြွယ်ဝသလို ချဲ့ထွင်းပြီးတော့ ပွားများပါတယ်။
တံမြက်စည်းလှည်းတဲ့ ပုဂ္ဂိုလ်တိုင်း ဘယ်သူမဆို ကိုယ်လှည်းပြီးသားနေရာလေး ကြည့်ပြီး စိတ်ချမ်းသာတာပါပဲ။ ကိုယ့်အိမ်ပေါ်မှာ အိမ်ရှေ့ခန်း၊ ဧည့်ခန်း စသည်အားဖြင့် တံမြက်စည်းလှည်းရင်လည်းပဲ လှည်းပြီးသား နေရာကလေး ပြည်ကြည့်လို့ရှိရင် မည်သူမဆို စိတ်ချမ်းသာတာချည်းပါပဲ။
လမ်းပေါ်တွေ၊ မြေကြီးပေါ်တွေ၊ စေတီရင်ပြင်ပေါ်တွေပေါ်မှာ တံမြက်စည်းလှည်းရင်လည်းပဲ ကိုယ်လှည်းလိုက်လို့ ပြောင်သွားတဲ့ နေရာကလေးကို ကြည့်ပြီးတော့ စိတ်ကလေးဟာ အလိုလိုနေရင်း ကြည်လင်နေတာပါပဲ၊ တံမြက်စည်းလှည်းခြင်းရဲ့ တိုက်ရိုက်အကျိုးအနေနဲ့ ကိုယ်ကိုယ်တိုင် စိတ်ကြည်လင်ခြင်းဆိုတဲ့ အကျိုးဟာ သေချာပေါက်ရပါတယ်။
အိုးခွက်ပန်းကန်တွေ ဆေးကြောတဲ့ ပုဂ္ဂိုလ်ဟာလည်း အဲဒီအတိုင်းပါပဲ၊ ထမင်းလုံးတွေ၊ ဟင်းဖတ်တွေနဲ့ ညစ်ပတ်နေတဲ့ အိုးခွက်ပန်းကန်တွေ ဆေးကြောပွတ်တိုက်ပြီး သန့်စင်သွားပြီဆိုရင် ကိုယ်ဆေးထားတဲ့ ပန်းကန်တွေ၊ အိုးတွေကိုကြည့်ပြီးတော့ စိတ်ချမ်းသာလိုက်တာ။ တချို့များ အိုးခွက်ပန်ကန်တွေ ကိုယ်ဆေးလိုက်လို့ သန့်ရှင်းပြောင်စင်သွားတာကို ကြည့်ပြီးတော့ စိတ်ချမ်းသာလွန်းလို့ ခဏခဏကို ဆေးကြောနေတဲ့ လူတွေလည်း ရှိပါသေးတယ်။
တံမြက်စည်းလှည်းလို့ ပြောင်စင်သွားတဲ့ မြင်ကွင်းကို ကြည့်ပြီးတော့ စိတ်ချမ်းသာတိုင်း၊ စိတ်ကြည်လင်တိုင်း၊ ဆေးကြောလိုက်လို့ ပြောင်စင်သွားတဲ့ အိုးခွက်ပန်းကန်တွေ ကြည့်ပြီးတော့ စိတ်ချမ်းသာတိုင်း၊ စိတ်ကြည်လင်တိုင်း၊ အဲဒီပြောင်စင်သွားတဲ့ ကြမ်းပြင်တွေ၊ အဲဒီ ပြောင်စင် သွားတဲ့ အိုးခွက်ပန်းကန်တွေမှာလောက်ပဲ စိတ်ကို ရပ်မထားပါနဲ့။ မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်ထိ ရောက်အောင် စိတ်ကို ပို့လိုက်ပါ။
“သြော် ငါဆေးလိုက်တဲ့ အိုးခွက်ပန်းကန်တွေ အညစ်အကြေးတွေ ပြောင်စင်သွားသလို မြတ်စွာ ဘုရားရှင်ရဲ့ စိတ်မှာလည်း ကိလေသာအညစ်အကြေးတွေအားလုံး ပြောင်စင်တော်မူတယ်။ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”
အိုးခွက်ပန်းကန်တွေ နေ့တိုင်း ဆေးကြောနေရတဲ့ ပုဂ္ဂိုလ်တွေ အိုးခွက်ပန်းကန် ဆေးရင်းနဲ့လည်း အရဟံ ဂုဏ်တော်ပွားလို့ရပါတယ်။ ခု ဖုဿဒေ၀မထေရ်ကြီး ကြည့်ပေါ့။ တံမြက်စည်း လှည်းရင်းနဲ့ အရဟံဂုဏ်တော် ပွားနေတာပါ။ ဂုဏ်တော်ပွားတယ်ဆိုတာကလည်း တရားအစတုန်းက ပြောခဲ့သလို မျက်စိမှိတ် သီးသန့်ထိုင်ပွားတဲ့ အချိန်မှာတော့ ၀င်လေထွက်လေ ခဏမှတ်၊ စိတ်ကြည်လင်လာပြီး၊ စိတ်အေးချမ်းလာပြီဆိုတော့မှ ဂုဏ်တော်ကို တရားထိုင်သလို ဆက်ထိုင်ရင်း ပွားနိုင်ပါတယ်။
တကယ်တော့ အရဟံဂုဏ်တော်ပွားတယ် ဆိုတာကလည်း သတိပဋ္ဌာန်းတရား ပွားများသလိုပါပဲ၊ သွားရင်း၊ လာရင်း၊ ပြောရင်း၊ ဆိုရင်း၊ လုပ်ရင်း၊ ကိုင်ရင်း၊ နေရင်း၊ ထိုင်ရင်း၊ စားရင်း၊ သောက်ရင်း၊ လျှောက်ရင်း၊ ဖွပ်ရင်း၊ ချက်ရင်း၊ ပြုတ်ရင်း၊ အိမ်မူကိစ္စတွေ၊ လူမူကိစ္စတွေ လုပ်ကိုင်ရင်းနဲ့ပဲ တွဲဖက်ပြီးတော့ ပွားများသွားလို့ ရပါတယ်။
ကိလေသာ ကင်းစင်တဲ့ဂုဏ်ကိုပဲ အခြေအနေ၊ အချိန်အခါပေါ်ကြည့်ပြီး အမျိုးမျိုး ပွားလို့ရပါတယ်။ ဥပမာ၊ ရေချိုးရင်းနဲ့ ပွားရင် ခန္ဓာကိုယ်နဲ့ ထိတွေ့လာတဲ့ ရေရဲ့ အေးမြမူကို သက်သေထားပြီး “ကိလေသာအပူခပ်သိမ်း အေးငြိမ်းတော်မူသော မြတ်စွာဘုရား”လို့ ပွားနိုင်ပါတယ်။ ကြေး(ဂျီး)တွန်းရင်းနဲ့ ပွားရင် “ကိလေသာကြေး(ဂျီး) အားလုံးကို တွန်းပြီးတော်မူသော မြတ်စွာဘုရား၊ ကိလေသာ အညစ်အကြေးမှန်သမျှ ကင်းစင်တော်မူသော မြတ်စွာဘုရား”လို့ ပွားနိုင်ပါတယ်။ ရေအိမ်ခန်းထဲမှာ မစင်စွန့်ရင်းနဲ့ ပွားရင် “ကိလေသာမစင်မှန်သမျှ စွန့်ချပြီးတော် မူသော မြတ်စွာဘုရား၊ ကိလေသာမစင်အားလုံး စွန့်ပြီးတဲ့အတွက် စိတ်ပေါ့ပါးတော်မူသော မြတ်စွာ ဘုရား”လို့ ပွားနိုင်ပါတယ်။ ကိုယ်ဉာဏ်ရှိရင် ရှိသလို အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေးစွာ အမျိုးမျိုး ပွားမျာနိုင်ပါတယ်။ သူများပြောတဲ့အတိုင်းကြီး မူသေမှတ် ပွားရမှာ မဟုတ်ပါဘူး။ ဘယ်ဂုဏ်တော်မဆိုပါပဲ။
ဖုဿဒေ၀ မထေရ်မြတ်ကြီးက တံမြက်စည်း လှည်းလိုက်လို့ ပြောင်စင်သွားတဲ့ မြင်ကွင်းကို ကြည့်ပြီးတော့ အရဟံဂုဏ်တော်ကို ပွားများနေတယ်။ တစ်နေ့မှာ မျက်စိမှိတ်ပြီး အရဟံ ဂုဏ်တော်ကို ပွားများနေတဲ့ အချိန် တောထဲက မျောက်ညိုကြီးတစ်ကောင် ထွက်လာပြီး နွားချေးခြောက်တွေ ချေမွပြီးတော့ တံမြက်စည်းလှည်းပြီးသား ရင်ပြင်အနှံက လိုက်ပြီး ဖြန့်ကြဲ ပစ်လိုက်တယ်။
မထေရ်မြတ်က ဂုဏ်တော်ပွားပြီးလို့ မျက်စိကို ဖွင့်ကြည့်လိုက်တဲ့အခါ ရင်ပြင်တော်တစ်ခုလုံး နွားချေးခြောက်တွေ ကြဲပွနေတာ ပြောင်စင်ကြည်လင်သွားတဲ့ ရင်ပြင်တော်ကို ကြည့်ပြီးတော့၊ မျက်လုံးလေး မှိတ်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ကိလေသာကင်းတဲ့ အရဟံဂုဏ်တော်ကို ထပ်တလဲလဲ ပွားများနေတယ်။
အဲဒီလို ပွားများနေတဲ့အချိန်မှာပဲ တောထဲက နွားအိုကြဓီး တစ်ကောင် ထွက်လာတယ်။ ထွက်လာပြီးတော့ တံမြက်စည်း လှည်းထားတဲ့ ရင်ပြင်အနှံ့ နွားချေးတွေ စွန့်ချတယ်။ ဖုဿဒေ၀ မထေရ်မြတ်ကြီး ဂုဏ်တော်ပွားပြီးလို့ မျက်စိကို ဖွင့်ကြည့်လိုက်တော့ ရင်ပြင်တော်အနှံ့ နွားချေးတွေ ပေနေတာတွေ့တော့ အဲဒါကို ထပ်ပြီးတော့ သန့်ရှင်းရေး လုပ်ရပြန်တယ်။
တတိယမြောက်နေ့ကျတော့လည်း မျက်စိမှိတ်ပြီး အရဟံဂုဏ်တော် ပွားများနေတဲ့အချိန်မှာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ လူတစ်ယောက်၊ ခန္ဓာကိုယ်အောက်ပိုင်း ဆွံ့နေတဲ့ လူတစ်ယောက်က အဲဒီ တံမြက်စည်းလှည်းထားတဲ့ ရင်ပြင်မှာ ခြေထောက် တရွတ်တိုက် ဆွဲပြီးတော့ သွားနေတယ်။
ဆွံ့နေတယ်ဆိုတော့ ခြေထောက်ပုံမှန်အတိုင်း သွားလို့ မရဘူးပေါ့လေ။ ခြေထောက် တရွတ် တိုက်ကြီးနဲ့ သွားနေတော့ ရင်ပြင်ပေါ်မှာ အစင်းကြောင်းတွေ၊ အရာတွေ၊ ခြစ်ရာတွေ ထင်ပြီးတော့ ရင်ပြင်တော်ကြီးဟာ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်သွားပြန်ပါတယ်။
အဲဒီအခါမှာတော့ ဖုဿဒေ၀မထေရ်မြတ်ကြီးက “ငါဆွမ်းခံတဲ့ ဒီရွာပတ်ဝန်းကျင်မှာ ဒီလောက် အရုပ်ဆိုးအကျည်းတန်တဲ့လူ ငါတစ်ခါမှ မတွေ့ဖူးပါဘူး။ ဧကန္တတော့ ဒီလူဟာ လူအစစ် မဟုတ်လောက်ဘူး။ မာရ်နတ်ပဲဖြစ်ရမယ်”၊ အဲဒီလိုတွေးပြီးတော့ မေးလိုက်ပါတယ်။
“ဟဲ့ဒကာ၊ သင် မာရ်နတ်မဟုတ်လား”
အဲဒီလိုလည်း မေးလိုက်ရော ခြေထောက် ဆွံ့နေတဲ့ လူကြီးက “မှန်လှပါ၊ တပည့်တော် မာရ်နတ် ပါဘုရား”လို့ ၀န်ခံပါတယ်။
မာရ်နတ်ဟာ ကုသိုလ်ကောင်းမူပြုနေတဲ့ပုဂ္ဂိုလ်၊ တရားဘာဝနာအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို အမျိုးမျိုးဒုက္ခပေးတယ်ဆိုပေမယ့် ကုသိုလ်တွေပြုနေပါတယ်၊ တရားတွေ အားထုတ်နေပါတယ် ဆိုတဲ့ တချိုကလူတွေထက်တော့ ဒီအချက်မှာ သာသွားတယ်၊ အမှန်ကို အမှန်အတိုင်း ပြောတတ် ပါတယ်၊ မလိမ်တတ် မညာတတ်ပါဘူး။
သင် မာရ်နတ်မဟုတ်လားလို့ မေးလိုက်တယ်ဆိုရင်ပဲ မဟုတ်ပါဘူးလို့ ဝေ့လည်ကြောင်ပတ်နဲ့ ဟိုပြောဒီပြော မပြောပါဘူး၊ ဟုတ်ပါတယ်၊ တပည့်တော် မာရ်နတ် ပါ၊ အရှင်ဘုရားကို တပည့်တော် လှည်းစားလို့ မရပါဘူး။
အဲဒီလိုပြောတော့ ဖုဿဒေ၀မထေရ်မြတ်ကြီးက “ငါ တံမြက်စည်း လှည်းနေတာ၊ လာပြီးတော့ နှောင့်ယှက်ရကောင်းလား”ဆိုပြီးတော့ စိတ်မဆိုးပါဘူး၊ ဒေါသ မဖြစ်ပါဘူး။ ဘာလို့ စိတ်မဆိုး တာလဲ၊ ဘာလို့ ဒေါသ မဖြစ်တာလဲ၊ အရဟံဂုဏ်တော် ပွားများခြင်းရဲ့ သတ္တိပါပဲ။ “ဒေါသ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”ဆိုတာကို ထပ်တလဲလဲ ပွားများထားတဲ့ ဖုဿဒေ၀ မထေရ်မြတ်ကြီးရဲ့ နှလုံးသားမှာ ဒေါသ ဘယ်ဖြစ်တော့ပါ့မလဲ။
ကိလေသာကင်းတဲ့ ဂုဏ်တော်တွေ၊ တခြားတခြားသော ဂုဏ်တော်တွေရဲ့ အဓိပ္ပာယ်တွေကို ထပ်တလဲလဲ ပွားများနေတဲ့ မထေရ်မြတ်ကြီးဆိုတော့ ဘုရားကို အမြဲတမ်း သတိရနေတယ်၊ မာရ်နတ်ကို မြင်လိုက်ရတယ်ဆိုရင်ပဲ အပြစ်မတင်တဲ့အပြင် ၀မ်းသာအားရ ဖြစ်ပြီးတော့၊ မျက်နှာလေး ပြုံးပြီးတော့…
“အို ဒကာကြီး မာရ်နတ်လား၊ မာရ်နတ်ဆိုရင်တော့ ဦးဇင်းကို တစ်ခု ကူညီစမ်းပါဦး။ ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခုလောက်တော့ ကူညီပါနော်၊ အားတော့နာပါရဲ့”
“ဘာများကူညီရမလဲ ဘုရား”
“တခြားတော့ မဟုတ်ပါဘူး။ အသင်မာရ်နတ်က မြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ရတာဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ဖန်ဆင်းပြစမ်းပါ၊ ဦးဇင်း ကြည်ညိုချင်လို့ပါ”
“အရှင်ဘုရား၊ သက်တော်ထင်ရှား တကယ့် မြတ်စွာဘုရား ပုံတော်နဲ့ ချွတ်စွပ်တူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး။ အနီးစပ်ဆုံး အတတ်နိုင်ဆုံး တူအောင်တော့ တပည့်တော် ဖန်ဆင်း ပြနိုင်ပါတယ်”
“အို ထပ်တူထပ်မျှ မဟုတ်တောင်မှ အနီးစပ်ဆုံး တူတယ်ဆိုရင် ကျေနပ်ပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်၊ ဖန်ဆင်းပြပါဦး”
ဒီတော့ မာရ်နတ်က သူ မြင်တွေ့ခဲ့ဖူးတဲ့ မြတ်စွာဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကို ဖန်ဆင်းပြလိုက်ပါတယ်။ အဲဒီအခါမှာ ဖုဿဒေ၀မထေ ရ်မြတ်ကြီးက ကြည်ညိုလိုက်တာ…။
“လောဘ ဒေါသ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ တင်းကျမ်းပြည့်နေတဲ့ မာရ်နတ်တောင်မှ ဒါလောက် ကြည်ညိုစရာကောင်းရင် ကိလေသာအညစ်အကြေးတွေ အားလုံး ၀ါသနာ အငွေ့အသက်မကျန် ကင်းစင်နေတဲ့ တကယ့် သက်တော်ထင်ရှား မြတ်စွာဘုရားဆိုရင် ဘယ်လောက်များ ကြည်ညိုစရာ ကောင်းလိုက်မလဲ”
လက်အုပ်ကလေးချီပြီး ကြည်ညိုနေတယ်၊ မာရ်နတ်ဖန်ဆင်းပြတဲ့ မြတ်စွာဘုရားရှင်ကို ကြည်ညိုရင်း ကြည်ညိုရင်းနဲ့ အရဟံ ဂုဏ်တော်ကြီးကို ထပ်တလဲလဲ ပွားများတော်မူပါတယ်။
“ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ စိတ်အပူအပင်တွေ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ စိတ်အညစ်အကြေးတွေ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ စိတ်အရူပ် အထွေးတွေ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ လောဘတွေ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ဒေါသတွေ ကင်းစင်တော်မူသော မြတ်စွာဘုရား”
စသည်အားဖြင့် ကိလေသာကင်းတဲ့ ဂုဏ်တော်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ပွားများတော် မူပါတယ်။ မာရ်နတ် ဖန်ဆင်းပြတဲ့ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရင်းနဲ့ အရဟံဂုဏ်တော်ကို ထပ်တလဲလဲပွားများလိုက်တာ အင်မတန် အင်အားကြီးမားတဲ့ ပီတိတွေ ဖြစ်လာတယ်။
အဲဒီ ပီတိကို သတိပဋ္ဌာန်း ၀ိပဿနာနည်းနဲ့ ဆက်ပြီးတော့ ရူပွားပါတယ်။ ၀မ်းမြောက်တယ်၊ ၀မ်းမြောက်တယ်၊ နှစ်သက်တယ်၊ နှစ်သက်တယ်၊ သဘောကျတယ်၊ သဘောကျတယ်၊ ကျေနပ်တယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အားရတယ် စသည်အားဖြင့် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားများခြင်းကြောင့် ဖြစ်လာတဲ့ မိမိရဲ့စိတ်အစဉ်ကို သတိပဋ္ဌာန်းနည်းအတိုင်း ပွားများတော်မူပါတယ်။
အဲဒီ စိတ်ရဲ့ တည်ရာဖြစ်တဲ့ ရုပ်ခန္ဓာတွေကိုလည်း သတိပဋ္ဌာန်းနည်းအတိုင်း ပွားများတော်မူပါတယ်၊ မထေရ်မြတ်က ရပ်ရင်းနဲ့ ပွားနေတယ်ဆိုတော့ ရပ်တယ်၊ ရပ်တယ်၊ ခြေထောက်နဲ့ ရင်ပြင်တော် ကြမ်းပြင်နဲ့ ထိတဲ့နေရာကို သတိကပ်ပြီးတော့ ထိတယ်၊ ထိတယ်၊ ပူတာလေးတွေ ထင်ရှားလာတော့ ပူတယ်၊ ပူတယ်၊ အေးတာလေးတွေ ထင်ရှားလာတော့ အေးတယ်၊ အေးတယ် စသည်အားဖြင့် ထင်ရှားရာ ရုပ်နာမ်တွေကို သဘောသိအောင် ပွားများတော်မူပါတယ်။
ဂုဏ်တော် ပွားရင်းပွားရင်းနဲ့ နှာသီးဝကလေး သတိကပ်ပြီးတော့ လေ၀င်ရင် ၀င်တယ်၊ လေထွက်ရင် ထွက်တယ်၊ နှာသီးဝ လေထိတဲ့ နေရာကလေး သတိကပ်ပြီးတော့ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်။ အဲဒီလိုအားဖြင့်ပေါ့လေ။ ဣရိယာပုတ်ကလေးကို ရူလိုက်၊ ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိပဿဒ္ဓိ စိတ်စေတသိက် ကလေးတွေကို ရူလိုက်နဲ့၊ ရုပ်တရား၊ နာမ်တရာတွေကို ၀ိပဿနာဆက်ပြီးတော့ ရူပွားလိုက်တာ ၀ိပဿနာဉာဏ်တွေ ရင့်ကျက်ပြီးတော့ သောတာပတ္တိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရတဲ့ သောတာပန် ဖြစ်သွားပါတယ်။
သောတာပန် ဖြစ်ပြီးတော့လည်း ဂုဏ်တော် ဆက်ပွားတယ်။ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ ဂုဏ်တော်ပွားတော့ ပီတိတွေ ဖြစ်လာပြန်တယ်။ အဲဒီ ပီတိတွေနဲ့ ရုပ်နာမ်ခန္ဓာတွေကို ၀ိပဿနာဆက်ပြီးတော့ ရူတယ်၊ သကဒါဂါမ် ဖြစ်သွားတယ်။
ဆက်ပြီးတော့ ဂုဏ်တော်ပွားတယ်၊ ၀ိပဿနာ ရူတယ်၊ အနာဂါမ်ဖြစ်သွားတယ်၊ ဆက်ပြီးတော့ ဂုဏ်တော်ပွားတယ် ၀ိပဿနာရူတယ်၊ ရဟန္တာဖြစ်သွားတယ်။
မာန်နတ်ဖန်ဆင်းထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားတော်ကြီးကို ဖူးမြော်ပြီးတော့ အရဟံဂုဏ်တော်ကို နက်နက်ရိုင်းရိုင်း ပီပီပြင်ပြင် ကျယ်ကျယ်ပြန့်ပြန့် ထိုးထိုးထွင်းထွင်း ပွားများလိုက်တဲ့ အတွက်ကြောင့် ဒုဿမထေရ်မြတ်ကြိးဟာ မတ်တပ်ရပ်ရင်းနဲ့ ရဟန္တာ ဖြစ်သွားပါတယ်။
တခြားတခြားသော ပုဂ္ဂိုလ်တွေဆိုရင်တေ့ အရဟံ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများထားတာ မဟုတ်လို့ စိတ်ထား နူးညံ့ပျော့ပျောင်းမူ မရှိတဲ့အတွက်ကြောင့် မာရ်နတ်ဆိုတာ သိတာနဲ့ ကြိမ်းလား မောင်းလား ရိုက်လား နှက်လား သတ်လား ဖြတ်လား လုပ်မှာသေချာပါတယ်။ အခုတော့ အရဟံဂုဏ်တော်ကို မိမိရဲ့နှလုံးသားထဲမှာ အမြဲတမ်း စိမ်ထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ အဲဒီလို မလုပ်ပါဘူး။
တကယ်တော့ မာရ်နတ်နဲ့ တွေ့ရတယ်ဆိုတာ အဆိုးနဲ့ တွေ့ရတာပါပဲ။ ဒါပေမဲ့ ယောနိသော မနသိကာရဆိုတဲ့ စိတ်ကောင်းလေးရှိတဲ့ အတွက်ကြောင့်၊ တစ်နည်းအားဖြင့် စိတ်ထားလေး မှန်တဲ့ အတွက်ကြောင့် ကိုယ့်ကို ဒုက္ခပေးတဲ့မာရ်နတ်ကို ရဟန္တာဖြစ်တဲ့ အထိအောင် အသုံးချနိုင်ပါတယ်။
ဒါကြောင့် အဆိုးတွေနဲ့ တွေ့ကြုံလာတဲ့အခါမှာ အဲဒီ အဆိုးထဲကနေ အမြတ်ထုတ်နိုင်အောင် ကြိုးစားရမယ်။ တစ်ခုမဟုတ် တစ်ခုတော့ အမြတ်ထုတ်နိုင်အောင် ကြိုးစားရမယ်။ ရုပ်ဝတ္ထုနဲ့ ပတ်သက်လို့ အမြတ်မထွက်တောင် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကိုတော့ အမြတ်ထွက်အောင် ကြိုးစားရမယ်။
ဒီတော့ တရားနာပရိသတ်များ သမထဘာဝနာတွေ၊ ၀ိပဿနာဘာဝနာတွေပွားများလို့ အကြောင်း အားလျော်စွာ မာန်နတ်နဲ့ တွေ့လို့ရှိရင် ထွက်လည်းမပြေးပါနဲ့။ ကြောက်လို့ဆိုပြီးတော့ အော်လည်း မအော်ပါနဲ့။ ဖုဿဒေ၀မထေရ်မြတ်ကြီးထုံး နှလုံးမူပြီးတော့ “မာရ်နတ်ရယ်၊ ကျေးဇူးအများကြီး တင်ပါတယ်။ ဘုရားပုံလေး ဖန်ဆင်းပြပါနော်။ လိုချင်တာပေးပါ့မယ်”ဆိုပြီး ဘုရားပုံသာ ဖန်ဆင်း ခိုင်းပေတော့။ မာရ်နတ်နဲ့များ မလွှဲမရှောင်သာတွေ့လို့ တွေ့ရင်၊ မြို့မှာနေရင်းနဲ့ ဖြစ်ဖြစ်၊ တောမှာနေရင်းနဲ့ဖြစ်ဖြစ် မာရ်နတ်နဲ့များ ရင်ဆိုင်တွေ့ရရင်တော့ လက်ခမောင်းသား ခတ်ပေတော့။
အဲဒီတော့ ဂုဏ်တော်ပွားများတယ်ဆိုတာ ဘာအတွက်လဲ။ မြတ်စွာဘုရားရဲ့ ကိလေသာကင်းတဲ့ ဂုဏ်တော်ကိုပွားတဲ့သူရဲ့ စိတ်နှလုံးမှာလည်း ကိလေသာကင်းတဲ့ ဓာတ်သတ္တိတွေ ကိန်းဝပ်လာဖို့ အတွက် ပွားများရခြင်း ဖြစ်ပါတယ်။
“အရဟံ၊ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား”ဆိုတာ အဓိပ္ပာယ်တစ်ခုကို ဒါလောက်နဲ့ပဲ ရပ်နားလိုက်ပါစို့။ ကျန်တာတွေကို မိမိတို့ဉာဏ်မီသလောက် စိတ်မီသလောက် ချဲ့ထွင်းပြီးတော့ ပွားများရမယ်၊ ဇာတ်တော်တွေနဲ့လည်း ချဲ့ထွင်းပြီးတော့ ပွားများလို့ရတာပါပဲ။
ဘုရားဖြစ်မှသာ ကိလေသာ ကင်းတာ မဟုတ်ပါဘူး။ ဘုရားလောင်းအဖြစ်နဲ့ ပါရမီတွေ ဖြည့်ကျင့်စဉ်တုန်းကလည်း ငယ်ငယ်ရွယ်ရွယ် စည်းစိမ်ဥစ္စာတွေ စွန့်လွှတ်ပြီး တောထွက်ခဲ့တယ်၊ တရားဘာဝနာ အားထုတ်ခဲ့တယ်၊ ဈာန်အဘိညာဉ်တွေ ရရှိခဲ့တယ်၊ အဲဒီကတည်းက ကိလေသာတွေ ကင်းစင်ခဲ့တယ် စသည်အားဖြင့် မိမိကြည်ညိုတဲ့ ကိလေသာကင်းတာနဲ့ သက်ဆိုင်မူရှိတဲ့ ဓဇာတ်တော်တွေနဲ့လည်း အာရုံပြုပြီးတော့ ပွားများလို့ ရပါတယ်။
သို့သော် ပင်မဖြစ်တဲ့ “အရဟံ-ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား”ဆိုတာကိုတော့ လက်မလွှတ်ပါနဲ့၊ မမေ့လိုက်ပါနဲ့။ တခြား တခြားသော အဓိပ္ပာယ်တွေကို ဆင်ခြင်ပြီးတိုင်း ဒီမူရင်း အဓိပ္ပာယ်၊ မူရင်းစွမ်းရည်ကို ပြန်ပြီးတော့ ဦးတည်ပါ၊ “အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”၊ ဒါလေးကိုတော့ ဖျောက်မပစ်ပါနဲ့။
ဗုဒ္ဓါနုဿတိဟာ သမထဆိုပေမယ့် အဲဒီသမထကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပီတိပဿဒ္ဓိတွေ၊
အဲဒီ ပီတိပဿဒ္ဓိနဲ့ ယှဉ်တွဲနေတဲ့ စိတ် စေတသိက်တွေ၊ တခြား ထင်ရှားရာ ရုပ်နာမ်တွေကို ၀ိပဿနာဆက်ပြီးရူရင် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ပါတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ဧကဓမ္မသုတ္တန်များမှာ “ဗုဒ္ဓါနုဿတိဟာ မဂ်ဖိုလ် နိဗ္ဗာန်ရကြောင်း တစ်ခုသောတရားပဲ = ဧကော ဓမ္မောပဲ” လို့ မိန့်ကြားတော်မူထားပါတယ်။ ဗုဒ္ဓါနုဿတိနဲ့လည်း နိဗ္ဗာန်ရောက်နိုင်ပါတယ်လို့ ဆိုလိုပါတယ်။
ဗုဒ္ဓါနုဿတိသက်သက်တော့ မဟုတ်ဘူးပေါ့။ ဗုဒ္ဓါနုဿတိ အားကောင်းလာတဲ့အခါ ၀ိပဿနာ ကူးပြောင်းပြီး ရူပွားဖို့တော့ လိုတာပေါ့။ ၀ိပဿနာ ဆက်ရူဖို့ ဦးတည်ထားတဲ့ ဗုဒ္ဓါနုဿတိကို ရည်ရွယ်ပြီး “ဗုဒ္ဓါနုဿတိနဲ့လည်း နိဗ္ဗာန်ရောက်နိုင်တယ်”လို့ မြတ်စွာဘုရား မိန့်ကြားတော် မူတာပါ။
ဆရာတော်အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ
[“လိုတရနှလုံးသား” စာအုပ် နှာ ၁၇၂ မှ -]
c/o ( MS )

0 comments:

Post a Comment