Sunday, May 10, 2015

မဂ္ဂင် ငါးပါးနှင့်ရှစ်ပါး



မဂ္ဂင် ငါးပါးနှင့်ရှစ်ပါး
=============
ကိုယ်ကျင့်သိက္ခာ တည်ဆောက်ရန်အတွက် သီလပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုး သမာဓိပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုး ပညာပိုင်းဆိုင်ရာ ကျင့်စဉ်နှစ်မျိုး စုစုပေါင်း ကျင့်စဉ်ရှစ်မျိုး ပြဋ္ဌာန်း၏။
ယင်းတို့သည် မဂ်၏အင်္ဂါများ ဖြစ်သောကြောင့် မဂ္ဂင်ရှစ်ပါး ဟုဆို၏။ မဇ္ဈိမပဋိပဒါ . . . သမ္မာပဋိပဒါ . . . စသည်ဖြင့်လည်း ခေါ်ဆိုကြပါသေး၏။
မဂ္ဂင်ရှစ်ပါးသည် လောကရှုထောင့်မှ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင် ဟူ၍ သုံးမျိုးကွဲပြားသော်လည်း လောကုတ္တရာရှုထောင့်မှ ကြည့်ပါက အားလုံး တစ်ပြိုင်တည်း တစ်ပေါင်းတည်း တစ်စုတည်း ဖြစ်၏။
မဇ္ဈိမပဋိပဒါ (၀ါ) မဂ္ဂင်ရှစ်ပါးသည် အရိယမဂ်ကို ရစေနိုင်သည့် ၀ိပဿနာဘာဝနာ ကုသိုလ်လုပ်ငန်း ဖြစ်၏။ ၀ိပဿနာဘာဝနာ လုပ်ငန်းတွင် သီလစင်ကြယ်မှု (သီလ၀ိသုဒ္ဓိ) ဖြင့် စတင်ရ၏။ ထိုစတင်ရသော သီလသည် မဂ္ဂင်ထိုက်သည့် အဓိသီလ မဟုတ်သေး၊ ဆောက်တည်၍ ရှောင်ကြဉ်အပ်သော သမာဒါန ၀ိရတီသီလမျှသာ ဖြစ်သေး၏၊ သမုစ္ဆေဒ ၀ိရတီ မည်သော မဂ္ဂင်ထိုက်သော သီလသည် ဆိုင်ရာ ကိလေသာတို့ကို အမြစ်ပြတ်ပယ်သတ်ပြီး၍ လုံးဝ မကျိုးမပေါက် မပြောက်မကျားတော့သော အရိယာတို့၏ သန္တာန်၌သာ ဖြစ်တည်နိုင်၏။
ကိုယ်ကျင့်သိက္ခာ ဖြူစင်မြင့်မြတ်မှုသည် သမာဒါနဖြင့် စတင်၍ သမုစ္ဆေဒ ၀ိရတီဖြစ်သည့် မဂ္ဂင်ထိုက်သော အဓိသီလနှင့် အဆုံးမသတ်နိုင်သေးလျှင် တကယ်တမ်း ခိုင်မာသော ကိုယ်ကျင့်သိက္ခာ မဟုတ်သေးပေ၊ သီလမဂ္ဂင် သုံးပါးလုံး ပူးပေါင်းပါဝင်လာမှသာ အရိယမဂ်ရ၍ ရည်မှန်းသည့် ပန်းတိုင်သို့ ရောက်နိုင်၏။
သီလမဂ္ဂင်၌ ပါဝင်သော သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ၀ိရတီစေတသိက်တို့သည် လောကုတ္တရာစိတ် ရှစ်ပါးနှင့် ကာမာဝစရ မဟာ ကုသိုလ်စိတ် ရှစ်ပါးတို့၌ ယှဉ်၏။ လောကုတ္တရာစိတ် ဖြစ်တိုင်း ထိုဝီရတီစေတသိက် သုံးလုံးတို့သည် တစ်ပြိုင်တည်း အတူတကွ ယှဉ်၏။ လောကီစိတ်ဖြစ်သော ကာမာဝစရ မဟာကုသိုလ်စိတ်၌ကား ရှောင်ကြဉ်စရာ သဘောတရားချင်း . . . သဘာဝချင်း . . . အကြောင်းတရားချင်း . . . မတူညီကြသောကြောင့် သုံးပါးလုံး အတူတကွ မယှဉ်နိုင်။ ရှောင်ကြဉ်စရာ ကြုံကြိုက်သောအခါကျမှ တစ်ပါးစီသာ အသီးအခြား ယှဉ်၏။ (အဘိဓမ္မတ္ထသင်္ဂဟကျမ်း)
ထိုအဆိုအမိန့်ကို ထောက်ချင့်သော် အရိယာတို့၏ သန္တာန်၌သာ မဂ္ဂင်ရှစ်ပါးလုံး ပြည့်စုံနိုင်ကြောင်း ထင်ရှားပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ဓမ္မစက္ကပ္ပ၀တ္တနသုတ်၌လည်း . . .
ဒုက္ခနိရောဓဂါမနိ ပဋိပဒါ အရိယသစ္စံ၊
အယမေ၀ အရိယော အဌင်္ဂိကော မဂ္ဂေါ။
ဤမဂ္ဂင်ရှစ်ပါး တရားသည်သာလျှင် ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ . . . ဟူ၍ ပါရှိ၏။
အမှန်အားဖြင့် မဂ္ဂင်ရှစ်ပါးသည် အရိယာတို့သာ သိအပ်သော သစ္စာ . . . အရိယာတို့သာ သိအပ်သော သစ္စာသည် မဂ္ဂင်ရှစ်ပါး . . . ဖြစ်၏၊ မဂ္ဂင်ရှစ်ပါးလုံး ပြည့်စုံလျှင် အရိယာဖြစ်ပြီး အရိယာ ဖြစ်မှသာလျှင်လည်း မဂ္ဂင်ရှစ်ပါးလုံး ပြည့်စုံသည် ဟူလို၏။
ကိုယ်ကျင့်သိက္ခာ မြင့်မားရေးသို့ ရှေးရှုသော မဇ္ဈိမပဋိပဒါ ၀ိပဿနာလုပ်ငန်းတွင် သမာဓိမဂ္ဂင် သုံးပါးနှင့် ပညာမဂ္ဂင် နှစ်ပါးတို့ဖြင့် ကြိမ်ဖန်များစွာ ရှုပွားရ၏၊ ရုပ်နာမ်တို့၏အာရုံ၌ အသိနှင့်သတိကို တစ်ထပ်တည်းကျအောင် ထားနိုင်လျှင် သမာဓိမဂ္ဂင် သုံးပါးဖြစ်၏။
ရုပ်နာမ်တို့အား သမ္ပဇဉ် ဉာဏ်ယှဉ်၍ အမှန်မြင်သောအခါ အဖြစ်နှင့်အပျက်ကို တွေ့ရမည်။ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို တွေ့ပါက ပညာမဂ္ဂင်နှစ်ပါး ဖြစ်၏။
သို့ကြောင့် ပရမတ်ရုပ်နာမ်တို့၏ အဖြစ်နှင့်အပျက်ကို ဉာဏ်သက်ဝင်ကာ မြင်တွေ့နိုင်လျှင် ရှုချက်တိုင်းတွင် လောကီမဂ္ဂင် ငါးပါးဖြစ်၏။ ပဉ္စင်္ဂိကမဂ် ဟုခေါ်၏၊ ၀ိပဿနာလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ရသည့် အလုပ်မဂ္ဂင် ဖြစ်သောကြောင့် ကာရကမဂ္ဂင် ဟူ၍လည်းဆို၏။
သီလမဂ္ဂင်သည် ပွားရမည့်တရား မဟုတ်ဘဲ ၀စီ၊ ကာယ၊ အာဇီဝ၊ ဒုစရိုက်တို့မှ ရှောင်ကြဉ်ရမည့် တရားဖြစ်သည်လည်း တစ်ချက် . . . လောကီမဂ္ဂင်တွင် သုံးပါးလုံး တစ်ပြိုင်တည်း အတူတကွ မပါဝင်နိုင်ဘဲ ရှောင်ကြဉ်စရာနှင့် ကြုံကြိုက်မှ ဆိုင်ရာတစ်ပါးသာ ပါဝင်နိုင်ပြီး ၀ိပဿနာရှုပွားဆဲအခိုက်မှာ ရှောင်ကြဉ်စရာ ဒုစရိုက် မရှိသည်လည်း တစ်ချက် . . . ထိုအကြောင်းနှစ်ချက်ဖြင့် ၀ိပဿနာရှုဉာဏ်တွင် မဂ္ဂင်ငါးပါးသာလျှင် ပါဝင်နိုင်သည်ဟု ဆိုရခြင်းဖြစ်ပါ၏။
မိုးကုတ်ဆရာတော်(တစ်ဘ၀သာသနာ)
တရားရှုတဲ့အခါ ပဉ္စင်္ဂိကမဂ်နဲ့ ရှုပါ။ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးဟောထားတာ မဟုတ်လား။ ဘာဖြစ်လို့ မဂ္ဂင်ရှစ်ပါးနဲ့ မရှုဘဲ ငါးပါးနဲ့ ရှုရတာလဲ။
အဖြေကတော့ ပုထုဇဉ်တို့ သန္တာန်မှာ ရှစ်ပါးမဖြစ်နိုင်၊ ငါးပါးသာ ဖြစ်လို့ပါပဲ။
လောကီစိတ်တွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ၀ိရတီ စေတသိက် သုံးပါးတို့ မရအပ်ကုန်တဲ့။
ရုပ်နာမ်ခန္ဓာပေါ်မှာ ဖြစ်ပျက် ရှုနေတဲ့အခိုက် ရှောင်ကြဉ်စရာ အကုသိုလ် ရှိနိုင်ပါ့မလား။ ရှောင်ကြဉ်စရာ အကုသိုလ်မရှိရင် သီလမဂ္ဂင် သုံးပါးလဲ မလာရဘူး။
မလာရင် ဘယ်နှစ်ပါး ကျန်မလဲ။ ငါးပါးပဲ ဖြစ်ခွင့်ရှိတယ်၊ ပဉ္စင်္ဂိကမဂ်ပေါ့။
လောကုတ္တရာနယ်ထဲ ရောက်သွားမှပဲ မဂ္ဂင်ရှစ်ပါး ပြည့်မယ်။
အရိယာ ဖြစ်သွားမှပဲ သီလက မြဲသွားတော့တာ။ အဓိသီလ ဖြစ်သွားတော့တာ၊ မဂ္ဂင်သုံးပါးလုံး အမြဲတည်ရှိသွားတော့တာ။
ဓမ္မဒူတဆရာတော်(ဘာဝနာဝတ္ထု)
အားထုတ်သော အခါ၌မူ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဟူသော ပညာမဂ္ဂင် နှစ်ပါး . . . သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော သမာဓိမဂ္ဂင် သုံးပါး . . . မဂ္ဂင်ငါးပါးဖြင့် အားထုတ်ရသည်။
သို့ဖြစ်၍ အားထုတ်နေစဉ်အခါ ယင်းမဂ္ဂင်ငါးပါး မိမိသန္တာန်၌ ရှိ-မရှိ အမြဲသတိပြုရမည်။
ယင်းမဂ္ဂင်ငါးပါး အားရှိလာလျှင် သီလမဂ္ဂင် သုံးပါးနှင့်တကွ မဂ္ဂင်ရှစ်ပါး ပြည့်၍ မဂ်ရတော့၏။
ဦးရွှေအောင်(ချမ်းသာကို ရှာဖွေခြင်း)
ဝိပဿနာဟူသည် လောကီမဂ္ဂင် တရားဖြစ်၏၊ လောကီမဂ္ဂင်များသည် လောကုတ္တရာ မဂ္ဂင်များ ဖြစ်သွားမှ စစ်မှန်သော မဂ္ဂသစ္စာ ဖြစ်ပေလိမ့်မည်။ မဂ္ဂသစ္စာဖြစ်မှသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။
ဝိပဿနာ စတင်ရှုရာတွင် သမ္မာကမ္မန္တ အပါအ၀င် ၀ိရတီမဂ္ဂင်များ တိုက်ရိုက် မပါဝင်သည်မှာ မှန်၏။
တိုက်ရိုက် မပါဝင်သော်လည်း ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှုအရ သမာဒါန၀ိရတီ ပါဝင်ပြီးဖြစ်၏။
ခန္ဓာတို့၏ ဖြစ်ပျက်ကို ပေါ်တိုင်းပေါ်တိုင်း ပညာမဂ္ဂင်နှစ်ပါး သမာဓိမဂ္ဂင် သုံးပါးတို့ဖြင့် ရှုမှတ်၏။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော သီလမဂ္ဂင် ပါဝင်ခြင်း မရှိသေး၊ နိဗ္ဗာန်ကို အာရုံပြုသောအခါမှ ယင်းသီလမဂ္ဂင် သုံးပါး ပါဝင်လာမည်။ သီလမဂ္ဂင်သုံးပါး ပါဝင်လာမှသာ မဂ္ဂင်ရှစ်ပါး ပြည့်စုံမည်ဖြစ်၏။
မလေးငြိမ် ၏ မြင့်မြတ်ခြင်း၏တည်ရာ ဓမ္မ မှ-
c/o ( MS )

0 comments:

Post a Comment