Tuesday, May 26, 2015

*ကိုးကွယ်ရာအမှန်*



*ကိုးကွယ်ရာအမှန်*

> ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ် ကိုးကွယ်ပါ၏)

> အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ

> ဗုဒ္ဓဘာသာ ၀င်တိုင်း တော်တော် များများ သိပြီးသားလေးပါ။ သို့ပါသော်လည်း ဒီကိုးကွယ်မှု နှစ်မျိုးကို ပိုင်းခြား သိဖို့နဲ့ ဆက်စပ် သိဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလိုမှ မသိရင် ဒွိဟ များဖွယ် ဖြစ်လာနိုင်တယ်လေ။

> ကျွန်တော် မြင်တာလေး ထုတ်ဖော်လို့ ဖွင့်ဟပါရစေ။ မှားနေရင် ကျွန်တော့်ကို ပြုပြင်ဆုံးမ သွန်သင် ပေးစေလိုပါတယ် ခင်ဗျာ။ အကယ်၍များ မှန်နေခဲ့ ရင်လည်း လိုက်နာ ကျင့်ကြံပေးဖို့ လေးလေးစားစား မာန်ကိုချလို့ တိုက်တွန်း ပါရစေ။

> မြတ်စွာ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်တယ်။ နောက် မိမိကိုယ်ကို ကိုးကွယ်တယ်... ဒါလေးကတော့ တစ်ခုချင်း စီကို ပိုင်းခြား သိတယ်လို့ ထင်ပါတယ်။ အဲ... ဆက်စပ် သိဖို့ကျတော့…

ပထမဆုံး မြတ်စွာ ဘုရားရှင်ကို ကျွန်တော်တို့ မိတ်ဆွေတို့ ဘာကြောင့် ကိုးကွယ် နေကြပါသလဲ။ မိရိုးဖလာ အရလား၊ ကိုယ်တိုင် ကြည်ညိုလို့လား၊ ဒီမေးခွန်း ကိုတော့ ကိုယ့်ဘာသာ ကိုယ်သာ အဖြေရှာ ကြည့်လိုက်ပါ။ ကျွန်တော်လည်း အရင်တုန်း ကတော့ မိရိုးဖလာ အဆင့်ပါပဲလေ။ ခုတော့လည်း ကြည်ညိုမှု သဒ္ဓါတွေပွား သာသနာ အတွက်ဆို အသက်ပါ ပေးရဲလာ ပါပြီ။ ထားပါလေ၊ ဟိုဒင်းမရောက် လိုရင်းပျောက် နေပါဦးမယ်။ အရင်ကတော့ မိရိုးဖလာ အရ ကိုးကွယ်တယ်လို့ ကျွန်တော် ဆိုခဲ့တယ်နော်။ ခုတော့ ဘာကြောင့် ကြည်ညိုမှုတွေ ပွားများနေ သလဲလို့ ကိုယ့်ကိုယ်ကို အမေး ပြန်ထုတ်လိုက်တော့ …

ကျွန်တော်က တရားမြင်ပြီးမှ ဘုရား မြင်တယ်လို့ ပြောရမယ် ထင်ပါတယ်။ မြတ်စွာ ဘုရားရှင်မှာ ကြည်ညိုဖွယ် ဂုဏ်တော် ကိုးပါးရှိတယ်။ ဣဿရိယ၊ ဓမ္မ အစချီတဲ့ ဘုန်းတော် ခြောက်သွယ်နဲ့ ပြည့်စုံတယ်။ လက္ခဏာ တော်ကြီး ၃၂-ပါး၊ လက္ခဏာတော် ငယ်ပေါင်း ၈၀-နဲ့လည်း ပြည့်ဝ ကုံလုံတယ်။ ဘယ်သူမှ တုနှိုင်းမမှီတဲ့ မဟာ ကရုဏာတော် ကိုလည်း ၃၁-ဘုံသား သတ္တ၀ါ ဝေနေယျ တွေအပေါ်မှာ ထားရှိတော် မူလိုက်သေးတယ် နောက်ပြီး ဘ၀အဆက်ဆက် စွန့်ကြဲခဲ့တာ တွေကလည်း ဘယ်သူ့ ဘယ်သူမှ မလုပ်နိုင် တာတွေ မစွန့်လွှတ်နိုင် တာတွေ.. စသဖြင့် ဒါလေးတွေကို တဖြေးဖြေး သိလာရတော့ တအားကို ကြည်ညိုမိတော့ တာပေါ့ဗျာ။ ပုံတော်ကို အာရုံမပြုဘဲ ဂုဏ်တော်တွေကို အာရုံပြုပြီး တော့လည်း ကိုးကွယ်မိတော့ တာပေါ့။ ဒါလေးက ဘုရားရှင်ကို ကိုးကွယ်တဲ့အပိုင်း။

> နောက် မိမိကိုယ်ကို ကိုးကွယ်မယ်။ မေးချင်လည်း မေးကြမပေါ့လေ။ မိမိ ကိုယ်ခန္ဓာကြီးမှာ ဘာများ ကိုးကွယ်စရာ ရှိသလဲလို့၊ ဟုတ်ပါတယ် စက်ဆုတ် ရွံရှာဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ကိုးကွယ်ဖွယ် မထိုက်ပါဘူး။ ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆိုရာမှာ ကိုးကွယ် ဆိုတဲ့ စကားလုံးလေးက နိဗ္ဗာန် ရောက်ကြောင်း ကျင့်ကြံရာမှာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျင့်ကြံရမယ်လို့ ဆိုလိုရင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မြတ်စွာ ဘုရားရှင်ဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါပဲ။ နည်းပေးညွှန်ပြ ဆိုဆုံးမမှု အရာမှာ တုနှိုင်းမမှီတဲ့ ဆရာတစ်ဆူ သာလျှင် ဖြစ်ပါတယ်။ ဒီအချက်ဟာ အခြား ဘာသာတွေနဲ့ မတူညီတဲ့ ကျွန်တော်တို့ ဘာသာရဲ့ ထူးခြားချက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့ တတွေကို မြတ်စွာဘုရား ဆိုဆုံးမခဲ့တဲ့ သဘောတရား အဆုံးအမ တွေဟာ ယနေ့ အချိန်အထိ ခြွင်းချက်မရှိ အသုံးချတတ် သူအဖို့ အသုံးကျသလို၊ ဆိုဆုံးမခဲ့တဲ့ အချက်အလက် data တွေဟာလည်း

no need to change, no need to modify, no need to add, no need to omit.

ပါ။ ဘယ်လို သဘောလေးလဲ ဆိုရင် ဥပမာ- သစ္စာလေးပါးကို.. များတယ်ကွာ သုံးပါးပဲ ထားလိုက်၊ တစ်ပါး ဖြုတ်မယ်.. ဒါမှမဟုတ် တစ်ပါး ထပ်တိုးမယ်၊ ဒီလိုလုပ်လို့ မရပါဘူး။

> နောက်ပြီး ကျွန်တော်တို့ရဲ့ ထေရ၀ါဒဟာ

Freedom, Fairness, Fearless

ဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ၊ ဘာသာ တစ်ခုကို ကိုးကွယ်ရာမှာ လွတ်လပ်ရမယ်၊ မျှတရမယ်၊ ကြောက်လန့်မှုကင်းရမယ်၊ ဒီလိုမှ ဒီဘာသာဟာ ကိုးကွယ်ထိုက်ပါတယ်။ ဒါကိုတော့ အကျယ် မချဲ့တော့ဘူးဗျာ။ နားလည် လောက်မှာပါ။

> နောက်တစ်ချက်က
Buddism is not dogmatic. ထေရ၀ါဒသည် တရားသေ၀ါဒမဟုတ်၊
ဝိဘဇ္ဇ၀ါဒ- ဝေဖန်ပိုင်းခြားနိုင်တဲ့ ၀ါဒ

ပါတဲ့လေ။ ကြိုက်တာနဲ့ ဝေဖန်၊ ကြိုက်သလို ဝေဖန် အဝေဖန်ခံနိုင်တဲ့ ၀ါဒပါပဲ။ သိပ္ပံနည်းနဲ့ ဝေဖန်မလား၊ ဖလော်ပိုင်း နဲ့ပဲကြည့်ဦး မလား၊ ကြိုက်သလို ဝေဖန် ဝေဖန်လို့ ရပါတယ်တဲ့။

> နောက်တစ်ခုက သူများဘာသာ တွေလို ဒါကိုလုပ်... မလုပ်ရင်တော့ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး အဲလိုဖြစ်မှာကို ကြောက်လို့ ကိုးကွယ်ရတဲ့ ၀ါဒမဟုတ်ပါဘူး။

ဧဟိပဿိကော လေ၊ Come and See! not come and believe

ပါပဲ။ လာပြီး ရှုကြည့် မကြိုက်ရင် မလုပ်နဲ့။ ဒါကို မလုပ်လို့လည်း ဘာအပြစ်မှ ဘုရားရှင်က မယူပါဘူး။ ဥပမာဗျာ ဘုရားရှင်ကို ဆွမ်းတော် ကပ်တယ်ပေါ့။ တစ်ရက် ပျက်သွားတယ် အလုပ်ရှုပ်တာနဲ့ပဲ။ ဒါကို ဘုရားရှင်က အပြစ်ယူသလား မယူဘူးနော်။ ကိုယ့်ကိုယ်၌က ကုသိုလ် မရတာလောက်ပဲ၊ ကျန်တာ ဘာမှ အကြောက် တရားနဲ့ ခြောက်လှန့် ထားတာ မရှိပါဘူး။

> ထေရ၀ါဒနဲ့ ပတ်သတ်တာ လေးတွေ ပြောရမယ် ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီလောက်လေး သိတာနဲ့တင် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရကျိုး နပ်နေပါပြီလေ။ ထေရ၀ါဒနော် မဟာယာန နဲ့လည်း သွားမရောနဲ့ဦး။ ထေရ၀ါဒက မြတ်ဗုဒ္ဓရဲ့ တရား ဒေသနာတွေကို လုံးဝ မပြုမပြင် မူရင်းအတိုင်း လိုက်နာ ကျင့်သုံးတဲ့ ၀ါဒ။ မဟာယာန ကျတော့ ပြုပြင်မှုလေးတွေ ရှိနေတယ်။

> ဒီအကြောင်း တရားတွေ ကြောင့်လည်း သြော်... ငါတို့ ဘုရားရှင်ဟာ ဒီလိုပြည့်စုံ ကုံလုံတဲ့ တရား ဒေသနာတွေကို ဟောကြား ခဲ့ပါလား ဆိုပြီးတော့လည်း ကိုးကွယ် ယုံကြည်မှုက ပိုပြီး ခိုင်မာလာရ တာပေါ့ဗျာ။

> ဟုတ်ပြီဗျာ ဒီလိုကိုးကွယ်မှု ခိုင်မာလာမှုနဲ့ပဲ ကျေနပ်နေရ တော့မလား။ မဟုတ်သေး ပါဘူး။ ဒီလို မနေသင့်ပါဘူး။ မြတ်စွာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ်၊ လေးစားတယ် ဆိုရင်တော့ ဘုရား အဆုံးအမ တွေကို လိုက်နာဖို့ လိုပါသေးတယ်။

> ဒီလောက် ဆိုရင်တော့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိနဲ့ အတ္တာဟိ အတ္တနော နာထော ကို ပိုင်းခြားသိ၊ ဆက်စပ် သိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြောလက်စနဲ့ ဆက်ပြောပါရ စေဦးဗျာ။ ဘုရားအဆုံး အမတွေကို ဘယ်လို လိုက်နာမလဲ…၊ ကျွန်တော်တော့ ဒီလိုလေး သိထားသဗျ။

*အစ၏ကောင်းခြင်း သီလ
*အလယ်၏ကောင်းခြင်း မဂ္ဂင်
*အဆုံး၏ကောင်းခြင်း နိဗ္ဗာန် တဲ့လေ
အတိုချုံးမှတ်ပေါ့။

> ဒါနဲ့ သီလဆိုလို့ ဒါန၊ သီလနဲ့ ဘာဝနာမှာ သီလက အရေးကြီးတယ်လို့ ဆိုတယ်ဗျ။ အကုန်လုံးတော့ အရေးကြီးတာ ပေါ့နော်။ ဒါပေမယ့်လည်း ဒါနနဲ့ ဘာဝနာက သူတို့ကို မလုပ်ရင် မကျင့်ရင် အပြစ် မဖြစ်ဘူးခင်ဗျ၊ သီလကျတော့ မလိုက်နာရင် အပြစ်ပဲလေ။ သူ့အသက် မသတ်ရ.. ဒါကိုမလိုက်နာဘဲ သတ်ရင်တော့ အပြစ်ပဲ။ ပြောရရင်တော့ ဒါနနဲ့ ဘာဝနာက do လုပ်ဖို့ တိုက်တွန်း တာလေ။ သီလကတော့ don’t မလုပ်ဖို့ တားမြစ်တာပေါ့။ တိုက်တွန်း တာကို မလုပ်ရင် အပြစ်မရှိ၊ အဲ.. တားမြစ်တာကို လုပ်ရင်တော့ အပြစ်ပါပဲ။

> ကြားမှာ ကြော်ငြာတွေ ၀င်တာနဲ့ပဲ စာဖတ်သူလည်း မျက်စိ လည်နေပြီလား မသိဘူး။ တောင်းပန် ပါတယ်ဗျာ။ သိစေချင်တဲ့ စေတနာတွေ များသွားလို့ပါ။ ဒီစေတနာ လေးတွေပဲ ကျွန်တော့်မှာ ချမ်းသာလို့ပါ။ နားလည် ပေးကြပါဗျာ။

> ကောင်းပြီ၊ အစရဲ့ကောင်းခြင်း သီလနဲ့ ပြည့်စုံပြီးရင် အလယ်၏ ကောင်းခြင်း မဂ္ဂင်နဲ့ ပြည့်စုံဖို့လည်း လိုလာ ပြန်ပါတယ်။ မဂ္ဂင်က ရှစ်ရပ်။ ဘုရားရှင်ရဲ့ တရားဦး ဓမ္မစကြာ တရားတော် မှာလည်း မြတ်စွာ ဘုရားရှင်က အစွန်း နှစ်ပါးကို ဟောပါတယ် နောက် မဇ္ဈိမ ပဋိပဒါ ကို ဆက်ဟောတယ်.. အဲဒါပြီးတော့ မဂ္ဂင်ရှစ်ပါး နောက် သစ္စာလေးပါး… စသဖြင့်ပေါ့ဗျာ ဟောကြားတော် မူခဲ့ပါတယ်လေ။

> မဂ္ဂင် ရှစ်ပါးကိုတော့ နောက်ပိုင်း ကျွန်တော် အခွင့်သင့်ရင် အကျယ်ချဲ့ ရေးသားပေး ပါ့မယ်။ ကျွန်တော် ရေးတယ်လို့တော့ မဟုတ်ဘူး ပေါ့ဗျာ။ ကျွန်တော်က သိထားတာ လေးကို စာရိုက် ကော်ပီလုပ်ပြီး တင်ပေးမှာပါ။ ဖတ်မှတ်ထားတဲ့ စာအုပ်လေး တွေကနေ သိသလောက် ပေါ့ဗျာ။

> အလယ်၏ ကောင်းခြင်းနဲ့လည်း ပြည့်စုံသွားပြီ ဆိုရင်တော့ အဆုံး၏ ကောင်းခြင်းက နိဗ္ဗာန်ပေါ့ဗျာ။ အပြောကတော့ လွယ်သဗျ။ ဒါပေမယ့် လက်တွေ့မှာ ကျင့်ကြံဖို့ ကျတော့ အခက်သား။ ဘာလို့လည်း ဆိုတော့

ပါပသ္မိံ ရမတိမနော- စိတ်သည် မကောင်းမှု၌ မွေ့လျော်၏ တဲ့လေ။ ဒီစိတ်ကိုမှ မစောင့်ရှောက် နိုင်ရင်တော့ နိဗ္ဗာန် ကတော့ ဝေလာဝေး။

> ဒါ့ကြောင့်လည်း ပါပါစိတ္တံ နိဝါရယေ- မကောင်းတဲ့ စိတ်ကို မဖြစ်အောင် တားဆီးရမယ် လို့ မြတ်ဘုရားက ကရုဏာ ရှေ့ထား မြွက်ကြားခဲ့တာပေါ့။

> ဟုတ်ပါတယ်လေ… ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်ကို ကိုယ်ကမှ မသုံးသပ် မစောင့်ရှောက်ရင် ဘယ်သူကလာ သုံးသပ်လို့ ဘယ်သူက စောင့်ရှောက်မှာလဲ စောင့်ရှောက် ဖြစ်အောင် စောင့်ရှောက်ပါလို့ပဲ ကျွန်တော် တိုက်တွန်း ပြောကြားနိုင်စွမ်း ရှိပါတယ် ခင်ဗျာ။

> နောက်ပြီး တော့ဗျာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ် ဆိုရင်တော့ ဘုရားအကြိုက် လိုက်လုပ် လိုက်ကြရအောင်လေ။ မြတ်ဘုရား ဘာကြိုက်သလဲ၊ အားလုံးနီးပါး သိပြီးသားလို့ ထင်ပါတယ်။ မြတ်ဘုရားက သံသရာ လွတ်ကြောင်း ၀ိပဿနာ အကျင့်နဲ့ ပူဇော်တာ အကြိုက်ဆုံးပါပဲ။ အရှင် အတ္တဒတ္ထ မထေရ်ကို သာဓက ယူပေါ့ဗျာ။

ကဲဗျာ ကျွန်တော် သိတာလေးကို ရေးသား လိုက်ခြင်းပါ။ အားလုံးပဲ ၀ိပဿနာ အလုပ်ကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဒီလိုမှ မဟုတ်ဘဲ နွားသာသာ ကိလေသာ နွံတောထဲမှာ ရုန်းနေရ တာကို အရသာတွေ့ ပျော်မွေ့ နေရင်တော့….

အကိုးအကားများ

၁။ အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်) ၏ တရားတော်များ
၂။ အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ၏ *မြင့်မြတ်သူတို့ရဲ့ အလုပ်* စာအုပ်
၃။ အရှင်သာဓိန (ခေတ္တ - ဘုံဘေ) ၏ ဆိုဆုံးမမှုများ
၎။ အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက) ၏ သင်ကြားပြသမှုများ
၅။ အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ၏ *မဂ်တား ဖိုလ်တား အန္တရာယ်များ* စာအုပ်
၆။ ကိုနန်းဝေ ၏ သွန်သင်မှုများ
၇။ ကိုဝင်းမြင့် ၏ ဆုံးမမှုများ

လေးစားစွာဖြင့်
ဖိုးသား

credit- ၀ိမုတ္တိရသ (

0 comments:

Post a Comment