Monday, March 23, 2015

"ရွှေဥမင် ဆရာတော်ဘုရားကြီး၏ "သူတော်ကောင်းဆိုတာ" တရားတော်"



"ရွှေဥမင် ဆရာတော်ဘုရားကြီး၏ "သူတော်ကောင်းဆိုတာ" တရားတော်"
*****************************************************************************
အများအားဖြင့် သူတော် မှ ကိုယ်ကကောင်းကြတာ၊သူတော် မှ ကိုယ်ကောင်းတာ "သူတော်ကောင်း"မဟုတ်ဘူး။"သူတော်
ကောင်း" ဆိုတာ သူတော်တော် မတော်တော် ကိုယ်က ကောင်းမှ "သူတော်ကောင်း"ဖြစ်တာ။
အများနဲ့နေတယ်ဆိုတာအများနဲ့အဆင်ပြေအောင်နေရတယ်။ကိုယ်တစ်ယောက်တည်းနေတာတောင် ကိုယ့်စိတ်နဲ့ကိုယ်တည့်ရဲ့လား?
"သူတော်ကောင်း"ဆိုတော့"သတိဉာဏ်"ရှိရတယ်။"မေတ္တာ"နဲ့နေရတယ်။သတိဉာဏ်ရှိရင်၊မေတ္တာနဲ့နေရင်အများနဲ့အဆင်ပြေ တယ်။
လူလူချင်းမပြောနဲ့၊ "သိကြားမင်း"တောင်အဲသလိုမနေတတ်လို့ ပူလောင်ဆင်းရဲရတယ်။သိကြားမင်းကနတ်သက်ကြွေတော့
မယ့် အချိန်၊ သူ့စည်းစိမ်ကို တစ်ခြားနတ်သားတစ်ပါးက စိုးစံသွားမှာ မနာလိုဖြစ်နေတယ်။ သူ့ရဲ့သိကြားမင်းစည်းစိမ်သူ
များဟာဖြစ်သွားမှာ ၀န်တိုနေတယ်။သိကြားမင်းမှာအဲဒီလို "မနာလိုတဲ့ ဣဿာ"၊"၀န်တိုတဲ့မစ္ဆရိယ" ရှိနေလို့ ဆင်းရဲပင်ပန်းပြီး မချမ်းမသာဖြစ်နေတယ်။
ဒီတော့ "သိကြားမင်း"က "ဗုဒ္ဓမြတ်စွာဘုရားရှင်"ံလာပြီးမေးလျှောက်တယ်။
"ကာမဘုံသား နတ်လူတွေအားလုံးဟာ ကောင်းစားချင်လျက်သားနဲ့ မကောင်းစား မပြည့်ဝကြဘူး၊ဘေးရန်တွေကင်းချင်ပါ
လျက်သားနဲ့ ဘေးရန်တွေမကင်းကြဘူး၊အေးအေးချမ်းချမ်းနေချင်ပါလျက်သားနဲ့ ပူလောင်နေကြတယ်။အဲဒါ ဘာကြောင့်ပါလဲ ဘုရား…."..တဲ့..။
ဒီတော့ "ဗုဒ္ဓမြတ်စွာဘုရားရှင်"က ဖြေတော်မူတယ်။
"ကာမဘုံသား၊နတ်လူများတို့၊ကောင်းစားပြည့်ဝ၊ဘေးရန်ပလျက်၊အေးမြချမ်းသာ၊နေလိုပါလည်း၊ဣဿာ မစ္ဆ၊သူရှုပ်ပွေ၍၊ထင်ချေမကျ ဆင်းရဲရ၏"
ကာမဘုံသားနတ်လူတွေအားလုံးဟာ ကောင်းစားချင်ပါလျက်နဲ့၊ဘေးရန်ကင်းချင်ပါလျက်နဲ့၊အေးချမ်းစွာချင်ပါလျက်နဲ့၊ဘာ့ကြောင့် ဆင်းရဲပင်ပန်းဖြစ်နေရလဲဆိုတော့ မနာလိုတဲ့ဣဿာ ၊၀န်တိုတဲ့ မစ္ဆရိယ ရှိနေလို့ပါပဲ။
သူများ ကောင်းစားတာမနာလိုတာ၊သူများတွေတရားသိတာ၊တိုးတာတွေကို နောက်ကနေမကျေနပ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်၊သူများစာမေးပွဲအောင်တယ်ဆိုရင် ၀မ်းမသာဘူး၊မကောင်းတာဖြစ်ရင် ၀မ်းသာတယ်။
ဝန်တိုတာလည်း နှမြောတာပဲ၊ ကပ်စေးနဲတာ။သူများတွေ လိမ္မာတယ်၊တော်တယ်၊တတ်တယ်၊အရည်အချင်းရှိတယ်ဆိုရင် ၀မ်းသာရတယ်။တချို့ အဲသလိုမရှိဘူး၊မကောင်းတာပဲ လိုက်မြင်တယ်။ဒီလို လူမျိုး ဘယ်တော့မျှ မချမ်းသာဘူး။
ဣဿာ ဆိုတာ ကိုယ့်အိပ်ထဲကထက် သူများအိပ်က သာသွားရင် မနာလိုတာနဲ့တူတယ်။ အစစ အရာရာ ကိုယ့်ထက် အရည်အချင်းသာတာ၊ စာပေ ပရိယတ္တိသာတာ မနာလိုရင် မချမ်းသာဘူး။
ဣဿာ မနာလုတာဟာ ဒေါသ ပဲ၊ငရဲ ကျမယ်။ ၀န်တိုတာ နှမြောတာ လောဘ ပဲ၊ လောဘနဲ့သေရင် ပြိတ္တာယ ဖြစ်မယ်။
ဆိုကြည့်ကြပါဦး..။
"မနာလိုကင်း၊၀န်တိုရှင်း၊လက်ငင်းချမ်းသာသည်"
လောဘ နဲ့ ဒေါသ ကြောင့် ပင်ပန်းဆင်းရဲနေကြတာ။တရားအားထုတ်တာ က ဒီလောဘ နဲ့ဒေါသတွေ နည်းသွားအောင်အားထုတ်တာ။တရား အားထုတ်ရင်းနဲ့တော် လောဘ တွေ ၊ဒေါသ တွေ ဖြစ်နေတတ်တယ်။
စိတ်ငြိမ်တော့သဘောကျတယ်၊သဘောကျတော့ လောဘ ပေါ့။စိတ်မငြိမ်တော့သဘောမကျဘူး၊သဘောမကျတော့ ဒေါသဖြစ်တယ်။ရှုမှတ်လို့ ကောင်းရင်သဘောကျတယ်၊ လောဘ ဖြစ်နေတယ်၊ကိုယ်ထင်သလိုမဖြစ်ရင်မကြိုက်ဘူး၊ဒေါသဖြစ်နေတယ်။
လောဘ၊ဒေါသ နည်းအောင် တရားအားထုတ်တာ လောဘ၊ဒေါသ ဖြစ်နေတယ်။ကိုယ်တစ်ယောက်တည်းတောင် ကိုယ့်ဟာကိုယ် မတည့်ရင်၊ အများနဲ့ ဘယ်လိုတည့်မှာလဲ။
ဆတ်ဆတ်ထိ မခံဘူး။ ဒီလိုဆို ပြန်သွား တော့မယ်။ လောဘ အလို၊ဒေါသ အလို လိုက်နေတယ်။ ဒီမှာတော့ မရှိပါဘူးနော်။ နည်းနည်းမျှ သည်းမခံဘူး၊ ထင်တိုင်းကြဲမှ ဖြစ်ချင်နေတာကိုး။ ခု ထင်တိုင်းမကြဲရရင် ငရဲကျတော့ ကြဲရမှာပေါ့။
အဲဒီ လောဘ၊ဒေါသ အယုတ်အမာတွေကို လက်မခံဘူး၊ မွေးမြူရေးမလုပ်ဘဲ ပယ်နိုင်အောင် ကြိုးစားကြရမယ်။ဘုရားသာ
သနာနဲ့ အတွေ့ခွင့်ကြုံတဲ့အခါ သာသနာနဲ့စပ်တဲ့ ကုသိုလ် အထွဋ်အမြတ်တွေကို လေးလေးစားစား တန်ဖိုးထားပြီး လက်လှုပ်တိုင်း၊ပါးစပ်လှုပ်တိုင်း ကုသိုလ် ရအောင် တန်ဖိုး ထားရမယ်။
ဘာ မဟုတ်တဲ့ စားရေး၊သောက်ရေး၊၀တ်ရေး၊နေရေးတွေမှာ တန်ဖိုးထား အချိန်ဖြုန်းနေတာ၊ ထင်တိုင်းကြဲမရလို့ ဆန္ဒပြ
တာ တော်တော်စိတ်ထား စရိုက်ဆိုးတယ်။ သူတော်ကောင်းစိတ်ထားက အဲသလို မဟုတ်ဘူး။
အသိဉာဏ် ရှိရင် ဒီစိတ်မျိုး မရှိဘူး။ မေတ္တာတရားရှိရင် ခွင့်လွှတ်သည်းခံနိုင်တယ်။ သစ်ပင်ဟာ မလဲ မချင်း သစ်ပင်ခုတ်တဲ့
လူ ကို အရိပ်ပေးသွားတယ်။ အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကို မကျွမ်းမချင်း အမွှေးနံ့သာပေးသွားတယ်။သူတော်
ကောင်း တွေဟာ မသေမချင်း ကိုယ့်ကိုနှိပ်စက်တဲ့ ရန်သူကိုတောင် အကျိုးဆောင် သွားတယ်။
ဘုရားလောင်း မျောက်မင်းဟာ မုဆိုးတစ်ဦး ချောက်ထဲကျနေတာကို ကယ်ထုတ်ခဲ့တယ်။ နိုင် မနိုင် စမ်းသပ်တဲ့အနေနဲ့ မုဆိုးရဲ့ကိုယ်အလေးချိန်နဲ့ အမျှ ကျောက်တုံးတစ်တုံးကို ထမ်းပြီးခုန်တက်ပြီးမှ ၊ မုဆိုးကိုချီပြီးကယ်တင်တာ။နှစ်ကြိမ်တောင်ခုန် လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့ ပေါင်ပေါ်မှာ ခေါင်းမှီပြီး နားနေရတယ်။
အဲဒီအချိန်မှာ မုဆိုး ကစဉ်းစားတယ်၊ အိမ်ပြန်ရင် ဟင်းစားမပါဘူး။ဟင်းစားရအောင် ဆိုပြီး မျောက်မင်းရဲ့ဦးခေါင်းကိုခဲနဲ့
ထုတယ်။အသက်သခင်ကိုတောင်ယုတ်ယုတ်မာမာကြံစည်ရက်တယ်။မျေညက်မင်း ဦးခေါင်းကွဲသွားတယ်။
မျောက်မင်း စဉ်းစားတယ်။
"ဒီ မုဆိုး သေတွင်းကလွတ်ပေမယ့် တောတွင်းမှာ မျက်စိလည်ပြီး ကျားစာ ဖြစ်ဦးတော့မှာပဲ၊မသေအာင်လမ်းပြပေးဦးမှ"လို့တွေးပြီး "မုဆိုး ငါသစ်ပင်ပေါ်ကလမ်းပြပေးသွားမယ်၊ငါ့သွေးစက်ကျတဲ့လမ်းအတိုင်း လိုက်ခဲ့" ဆိုပြီး ရွာစပ်နားထိ ပို့ပေးလိုက်တယ်။
သူတော်ကောင်း ဆိုတာ ကိုယ့်သတ်တဲ့ရန်သူတောင် သွေးနဲ့ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်ပေးတယ်။ သူတော်ကောင်း ဆိုတာ သူတော် မှ ကိုယ်ကောင်းတဲ့ သူတော်ကောင်း ဆိုရင် မတော်သေးဘူး၊ သူ တော်တော် မတော်တော် ကိုယ်က ကောင်းရမယ်။ အများကောင်းစားဖို့ အများအကျိုး၊သယ်ပိုးဖို့ဆောင်ရွက်ရမယ်။
လူကောင်း၊စိတ်ကောင်း၊ဉာဏ်ကောင်း ဖြစ်အောင် တရားအားထုတ်ကြရတာ၊ ဉဏ်ကောင်းဖြစ်သွားရင် ယုတ်ညံ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ လစ်ရင်လစ်သလို အခွင့်သာရင် သာသလို ထင်တိုင်းကြဲချင်တဲ့စိတ် မရှိတော့ဘူး။
လူကောင်း၊စိတ်ကောင်း၊ဉာဏ်ကောင်းဖြစ်အောင် အားထုတ်နိုင်ကြသဖြင့် ဉာဏ်ကောင်းကပို့ဆောင်သည့် နိဗ္ဗာန်သို့ အမြန်
ဆုံး မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(ကျေးဇူးရှင် ရွှေဥမင်တောရ ဆရာတော်ကြီးအား ရိုသေကြည်ညိုစွာ ဤစာစုငယ်လေးဖြင့် ကန်တော့လိုက်ပါ၏။)

0 comments:

Post a Comment