လောက အတွက်ဆေး နှင့် လောကအတွက်ဘေး
***********************************************
“ပါရမီ” သဘောကိုနားလည် လာသောအခါ ဤ လောက ၌ ရုပ်ဖြစ်ဖြစ်,နာမ် ဖြစ်ဖြစ် ၊ကုသိုလ် ဖြစ်ဖြစ်, အကုသိုလ်ဖြစ်ဖြစ် ၊ပရမတ်ဖြစ်ဖြစ်, ပညတ်ဖြစ်ဖြစ် မည်သည့်အရာဖြစ်ဖြစ် အရာအားလုံးသည် အသုံးကျကြောင်း တွေ့ရ၏။
အမှန်အားဖြင့် အရာဝတ္ထုများနှင့်ပတ်သက်၍ အသုံးမကျခြင်းဟူသည်မရှိ။ အသုံးမချတတ်ခြင်းသာရှိ၏။ “အသုံးချတတ်လျှင် အားလုံး အသုံးကျသည်”သာဖြစ်၏။
“ပညတ်တရား များ”ကို အသုံးချတတ်လျှင် “ဈာန်သမာပတ်”ရနိုင်သည်။
“ပရမတ် တရားများ”ကို အသုံးချတတ်လျှင် “မဂ်ဖိုလ်” ကိုမျက်မှောက်ပြုနိုင်ပါသည်။
လောကမျက်မြင်အား ဖြင့်လည်း စတုမဓုပင်ဖြစ်စေ အသုံးချတတ် လျှင် “ဆေး” ဖြစ် ၏။
အသုံးမချတတ်လျှင် “ဘေး”ဖြစ်၏။
ထို့ကြောင့် အသုံးကျမှု နှင့်မကျမှု သည် “ဗဟိဒ္ဓ” အပေါ်ထက် “အဇ္ဈတ္တ”အပေါ်၌ ပို၍ တည်၏။ သို့ဖြစ်လေရာ အသုံး ချမှု သည် မှန်ကန်သော အသုံးချမှုဖြစ်ပါက လော ကအတွက် “ဆေး” ဖြစ်၏။ အသုံးချမှုသည် မှားယွင်းသော အသုံး ချမှု ဖြစ်ပါက လောကအတွက်“ဘေး”ဖြစ်၏။
အမှန်အားဖြင့် မှန်ကန်သော အသုံးချနိုင်မှုကို ပါရမီမှသာရနိုင်ပါသည်။ လောကတွင်မိမိသည်လည်း လောက အဖွဲ့ ဝင်တစ်ဦး အနေဖြင့်ပါဝင်၏။ ထို့ကြောင့် လောကအတွက် “ဘေး” ဖြစ်လျှင် မိမိ အတွက်လည်း“ဘေး” ဖြစ်၏။ လောက အတွက်“ဆေး” ဖြစ်လျှင် မိမိ အတွက်လည်း “ဆေး” ဖြစ်ပါ၏။
အကုသိုလ် တရားများကို အသိခံအာရုံ တရားများအနေဖြင့် အကုသိုလ်မှန်းသိလျှင် ထို အသိသည် ယထာ ဘူတ ကျသောအသိ (သမ္မာဒိဋ္ဌိ) ဖြစ်သဖြင့် “ဆေး” ဖြစ်၏။
အကုသိုလ်မှန်းမသိလျှင် ထိုအသိသည် မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ) ဖြစ်သဖြင့် “ဘေး” ဖြစ်၏။
အကယ်၍ “အကုသိုလ်”တရားများကို “အသိခံအာရုံတရားများ” အနေဖြင့် မဟုတ်ပဲ “သိစိတ်အာရမ္မဏိက-တရားများ”အနေဖြင့်မွေး မြူလျှင်လည်း “ဘေး”ဖြစ်၏။
အကယ်၍ မွေးမြူခြင်းမဟုတ်ပဲ ပုထုဇဉ်တို့ သဘာဝအတိုင်း မိမိတို့၏ သန္တန်၌ ဖြစ်ပေါ်လာပါက “အကုသိုလ်”ကို “အကုသိုလ်”မှန်းသိပြီး ပယ်သတ်နိုင်ရန်အားထုတ်ပါက “ဆေး” ဖြစ်၏။
ပုထုဇဉ် ဟူသည် သဘာဝအတိုင်း ပုထုဇဉ် စိတ်များသာဖြစ်နိုင်သူဖြစ်၏။ ပုထုဇဉ် စိတ်များတွင် အကုသိုလ်စိတ်များ လည်းပါဝင်၏။
သို့ရာတွင် အကုသိုလ်ကို အကုသိုလ် မှန်းသိပြီး ပယ်သတ်ရန် အားထုတ်ခြင်းနှင့် အကုသိုလ်ကို အကုသိုလ်မှန်းမသိပဲ မွေးမြူရန်အားထုတ်ခြင်း သည် လောကအတွက် “ဆေး” နှင့် လောကအတွက် “ဘေး” တို့၏ ခြားနားမှု ဖြစ်ပါသည်။
လူ့ ဘဝကိုပဓာ နပြု၍ ဆိုရလျှင် “သံယောဇဉ်” သည် များစွာ အရေးကြီး၏ ။ “သံယောဇဉ်” ဟူသည် “အကုသိုလ် တရား” မျိုး ဖြစ်သဖြင့် “ဘေး” အုပ်စု တွင်ပါပါသည်။ သို့ရာတွင် သံယောဇဉ် ကို “ဆေး”အုပ်စု အဖြစ်ပါ ဝင်အောင် အသုံးပြုနိုင်ပါက သံယောဇဉ် သည် “ဆေး” ဖြစ်ပါသည်။ ထို့ကြောင့် သံယောဇဉ် ကို“ဆေး”ဖြစ် အောင် အသုံးပြုနိုင်သောအသိဥာဏ်ကို ရဘို့ မှာ“ပါရမီ”အပေါ် အခြေခံမှ ဖြစ်၏။
သံယောဇဉ်ကို ပါရမီဖြစ်အောင်လုပ်နည်း
****************************************
လူဟူ၍ ဖြစ်လာသည် နှင့် တစ်ပြိုင်နက် ဘဝ နှင့်ပတ်ဝန်းကျင်ကို သံယောဇဉ် ကြိုးများနှင့်ချည်နှောင်ပြီး ဖြစ်ပါ သည်။ ထို့ကြောင့် ပတ်ဝန်းကျင်လှုပ်လျှင် မိမိလည်းလှုပ်ခြင်းဖြစ်သည်။ မိမိ လှုပ်လျှင်လည်း ပတ်ဝန်းကျင် ကလှုပ်ခြင်း ဖြစ်၏။
ထို့ကြောင့် မိမိက “ကောင်းသောလှုပ်ခြင်း” ဖြင့် လှုပ်လျှင် ပတ်ဝန်းကျင်က“ကောင်းသောလှုပ်ခြင်း”ဖြင့် လှုပ် မည်ဖြစ် ၏။ မိမိ က“မကောင်းသောလှုပ်ခြင်း” ဖြင့် လှုပ်လျှင် ပတ်ဝန်းကျင်က “မကောင်းသော လှုပ်ခြင်း”ဖြင့် လှုပ်မည် ဖြစ်၏။
“မကောင်းသောလှုပ်ခြင်း” ဟူသည် မှာ “ငါ” ကို ပဓာ နပြု၍ မိမိအတွက် တဏှာ, မာန,ဒိဋ္ဌိ ဖြင့် လှုပ်ခြင်းဖြစ်၏။ “ကောင်းသောလှုပ်ခြင်း” ဟူသည်မှာ “လောက”ကို ပဓာနပြု၍ လောကအတွက် “ကရုဏာ”ဖြင့် လှုပ်ခြင်း ဖြစ်၏။
“ဒယာ ယန ဘဝေဌာ နံ ၊ပညာယ န သမေ ဋ္ဌိတိ” (လောကအတွက်ဆောင်ရွက်ရာ၌“ကရုဏာ”လောက်အ စွမ်း ထက်သော အား မည်သည်မရှိ ဟူ၍ ဆိုကြ၏)
ထိုအခါ “သံယောဇဉ် ကြိုး”များ သည် “ဗြဟ္မစိုရ်ကြိုးများ”ဖြစ်သွားကြ၏။ ဗြဟ္မစိုရ် ကြိုး များဖြစ်သွားလျှင် “သံယော ဇဉ်” ဟူ၍ မခေါ်နိုင်တော့။ “ကျေးဇူးဆပ်ခြင်း”ဟုသာခေါ် နိုင်တော့သည်။
ဤ“ဗြဟ္မစိုရ် ကြိုး”များ ကြောင့် “သုမေဓာ အရှင်ရသေ့”သည် “ဒီပင်္ကရာ မြတ်စွာ ဘုရားရှင်” လက်ထက်တော်က မိမိ အတွက် နိဗ္ဗာန် ရနိုင်ပါလျှက် မယူခဲ့ခြင်း ဖြစ်၏။
“လောကသုံး ပါး၏ ကျေးဇူး ကို ဆပ်လိုသဖြင့်” မယူခဲ့ခြင်း ဖြစ်ပါသည်။ သုမေဓာ ရှင်ရသေ့ သည် သူ၏ ဘဝ နှင့်ချည်နှောင်ထားသော (၃၁)ဘုံ လုံးကို“ကောင်းသောလှုပ်ခြင်း” ဖြင့် လှုပ် လို၏။ ကောင်းသော လှုပ်ခြင်း ကို နတ်နှင့် တကွသော “လောကအပေါ်ကျေးဇူးဆပ်ခြင်း” ဟူ၍ လည်း ဆိုနိုင်၏။
(ဆရာကြီးဦးရွှေအောင် ၏ “ဗုဒ္ဓ -လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှုင်”-(ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်၊စာမျက်နှာ (၁၂၃) မှ မူရင်းအတိုင်း မျှဝေလိုက်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)
nyinyitindrums@gmail.com
0 comments:
Post a Comment