Friday, March 6, 2015

"ချီးကျူးခြင်း ဖြစ်စေ,ကဲ့ရဲ့ခြင်း ဖြစ်စေ "


"ချီးကျူးခြင်း ဖြစ်စေ,ကဲ့ရဲ့ခြင်း ဖြစ်စေ "
____________________________
မည်သူမဆို "ကဲ့ရဲ့ခံရခြင်း"ကိုအလိုမရှိပါ။"ချီးကျူးခံရခြင်း"ကိုသာ ပိုမိုအလိုရှိကြ၏လူတစ်ရာလျှင်တစ်ရာစလုံးချီးကျူးခံလိုသူတွေချည်းဖြစ်သည်။"ကဲ့ရဲ့ခြင်း"သည်"ရှုတ်ချခြင်း"ဖြစ်၍"ချီးကျူးခြင်း"မှာ"ဂုဏ်ဖော်ခြင်း"ဖြစ်သဖြင့်လူတိုင်းချီးကျူးခံရမှုကို ခုံမင်နေကြခြင်းဖြစ်သည်။
လူတွင်လူမှန်းသိတတ်သောအရွယ်မှစ၍မမျှတသောသဘောတစ်ခုကိန်းဝပ်နေခဲ့၏။ယင်းမှာ ကိုယ်ကသူတစ်ပါးကိုနှစ်ပြားမတန်အောင်ကဲ့ရဲ့ချင် ကဲ့ရဲ့မည်၊သူတစ်ပါးကမူ ကိုယ့်ကိုမီးကုန်ယမ်းကုန် ချီးကျူးလေသော် မည်သူမျှ စိတ်မဆိုးသည့် အချက်ပင်။
လူတစ်ယောက် တစ်ခါလောက်ချီးကျူးခံရဖို့အတွက် ကဲ့ရဲ့မှုတစ်ထောင်လောက်နှင့်နပန်းချနေရမြဲဖြစ်၏။ လူတိုင်းချီးကျူးခံရဘို့ရာ မရေရာသော်လည်း၊ကဲ့ရဲ့ခံရဖို့မှာ ဗေဒင်မေးဘွယ်မလိုအောင်သေချာသည်။ "မချီးကျူးချင်နေပါ မကဲ့ရဲ့ပါနှင့်"ဟူသောစကားသည် လူတိုင်း ကဲ့ရဲ့ခံရမှာကြောက်သည့်သဘောကို ဖော်ညွှန်းထားခြင်းဖြစ်သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေအကဲ့ရဲ့ခံရမည့် ဘေးအန္တာရာယ်ကတော့ "ဗုဒ္ဓမြတ်စွာဘုရား"သော်မှ မလွတ်ပါချေ။
အမြှောက် ဒဏ်
***************
ကြည့်တတ် မြင်တတ်မည် ဆိုပါက လူတွင် ကဲ့ရဲ့ခံရ၍သိသိသာသာမနစ်နာနိုင်သော်လည်း ချီးကျူးခံရသဖြင့် သွေးနားထင်ရောက် ခြေဖျားထောက်မိပြီး မြောင်းထဲရောက်ခဲ့ရသူတွေကမှ ပိုအထိနာကြောင်း သိမြင်ရပေမည်။
လူတစ်ယောက်မှာကဲ့ရဲ့ခံနေရစဉ်ကတော့ ပတ်ဝန်းကျင်၏အပြစ်ဖို့မှုကို ကြံ့ကြံ့ခံနိုင်သော်လည်း"အဲဒီလူ သိပ်တော်တာပဲ"ဟု ချီးကျူးထောပနာစကားကိုကြားသောအခါဝယ်"သူတို့ပြောတာ ငါ တကယ်တော် လို့ ဟုတ်မှာပါ"ဟု အောက်ခြေလွတ်ချင်သည့်သဘောလက္ခဏာများထင်လာပြီး မကြာခင် ထိုသူ သည် ချီးကျူးမှုအမြှောက်ဆံ ထိမှန်ကာပျက်စီးရန်တာစူနေပြီဟု ဆိုရပေမည်။
ဤသည်မှာ လူ သည် ချီးကျူးခံရမှုကိုအလိုရှိသည်မှန်သော်လည်း တကယ်တမ်းချီးကျူးခံလာရသောအခါဝယ် ယင်းဒဏ်ကို ကြာရှည်ခံနိုင်သူ ရှားပါးသည် ဟုဆိုလိုခြင်း ဖြစ်သည်။
အဆိုးတရား
************
"လောကဓံတရားရှစ်ပါး"မှာ(ယသ၊လောဘ၊နိန္ဒိ၊သုသ)ဟူသည့် ဣဋ္ဌာရုံ(၄)ပါးသာ အမှန်တရားမဟုတ်ပေ။ (အယသ၊အလာဘ၊ပသံသာ၊ဒုက္ခ)ဟူသည့် အနိဋ္ဌာရုံ(၄)ပါးမှာလည်း အမှန်တရားဖြစ်သည်။ ဤ"လောကဓမ္မ"(လောကဓံ)သည်လူတိုင်းကြုံတွေ့ရမည့်တရားရှစ်မျိုး ဟု "ဗုဒ္ဓမြတ်စွာဘုရား" ဟောတော်မူသည်။
တစ်ချို့က အနိဋ္ဌာရုံ(၄)ပါးကိုမှ"အဆိုးတရား"ထင်ကြသည်။အမှန်က ဣဋ္ဌာရုံ "အကောင်းတရား"(၄)ပါးထဲမှ "နိန္ဒိ"ဟူသော"ချီးကျူးခြင်းတရား"မှာလည်း အဆိုးတရားပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုမူ ဤလောကသစ္စာရှစ်ပါးစလုံးသည် "သမုတိနယ်ပယ်တွင် ဒုက္ခသစ္စာတရား"သာဖြစ်၍ ၎င်းတို့အားလုံးအဆိုးတရားများသာဖြစ်၏ဟု"ခန္ဓာ့ဝဂ္ဂသံယုတ်"တွင်"ဗုဒ္ဓ"ဟောကြားတော်မူ၍ဖြစ်သည်။
အမှန်မှာလည်းလူကိုဒုက္ခလှလှပေးနေသည်မှာလည်းဆင်းရဲတရားချည်းလည်းမဟုတ်သေး၊ချီးကျူးခြင်းနှင့်တကွအကောင်းတရားများလည်းအပါအ၀င်ဖြစ်သည်။"ကဲ့ရဲ့ခံရမှု"ထက်"ချီးကျူးခံရမှု"ကလူမှာအန္တရာယ်ပိုရှိကြောင်းကိုချီးကျူးခံနေရသူတို့က ပိုသိမည်ထင်သည်။အဘယ့်ကြောင့်ဆိုသော် "လူမိုက် က ချီးကျူးရန်တောင်းဆို၍ လူလိမ္မာက ကဲ့ရဲ့မှုကိုတောင်းဆိုသည်" ဟူသော ပညာရှိများ၏စကားကိုထောက်သော် လောကမှာ ချီးကျူးခံရ၍ အန္တရာယ် ရှိ မရှိ သိနိုင်ပေပြီ။
ချီးကျူးခံရမှုကိုခုံမင်နေသမျှပညာပြည့်သူမဖြစ်နိုင်ပေ။ပညာရှိတိုင်းချီးကျူးခံရမှုကိုအလိုမရှိကြပေ။လက်ငင်းချီးကျူးခံနေရမှုကိုလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်ဟုသဘောထားတတ်လေသည်။အဘယ့်ကြောင့်ဆိုမူ မကြာ မကြာချီးကျူးခံလာရပြီ ဆိုလျှင်"ပညာရှိ"သော်မှ သတိလက်လွတ်ပြီး "ပညာမဲ့" ဖြစ်သွားနိုင်၍ဖြစ်သည်။
"ချီးကျူးခြင်း"ကိုသံယောင်လိုက်သောစကားတစ်ခုရှိသည်။ယင်းမှာ"မြှောက်ပင့်ခြင်း"ဖြစ်သည်။"ချီးကျူးခြင်း"နှင့်"မြှောက်ပင့်ခြင်း"မှာ မိုးနှင့်မြေ၊ရေနှင်မီး ကဲ့သို့ ကွာခြားသည်။"စစ်မှန်သော ချီးကျူးခြင်း"က သင့်တွင် ရှိနေသော တိမ်မြုပ်နေသည့်အရည်အသွေးနှင့်ဂုဏ်ကိုထုတ်ဖော်ပေးခြင်းဖြစ်သည်။"မြှောက်ပင့်ခြင်း"ကမူ သင့်တွင် မရှိသော အရည်အချင်းကို အရှိသဖွယ်ပရိယာယဖြင့်တန်ဆာဆင်ပေးခြင်းဖြစ်သည်။
"မချီးကျူးသင့်ပဲ ချီးကျူးခြင်းသည် ပုံဖျက်၍ ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်"(Praise undeserved is scandal in disguise..)ဟု "အလက်ဇန္ဒားပုပ်"(Alexander Pope-1688-1744)က ပြောခဲ့ဖူးသည်။
တစ်နည်းဆိုသော် မချီးကျူးသင့်ပဲ ချီးကျူးခြင်းသည် "ကဲ့ရဲ့ခြင်း"(သို့မဟုတ်)"မြှောက်ပင့်ခြင်း"တစ်မျိုးဖြစ်သည်။
လူတစ်ယောက်ဖြစ်လျှက်"ချီးကျူးခြင်းလား,မြှောက်ပင့်ခြင်းလား"မှမခွဲခြားနိုင်လျှင်ထိုသူလူဖြစ်ရှုံးနေပြီဟုဆိုရမည်ပင်ဖြစ်သည်။လောကမှာတွေ့ရမြဲဖြစ်သည့်"ပေါများခြင်း၊မွဲတေခြင်း၊ကျော်ဇောခြင်း၊သိမ်ငယ်ခြင်း၊ချီးကျူးခြင်း၊ကဲ့ရဲ့ခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း"များကို ဘာတစ်ခုမှ ခံနိုင်ရည်မရှိပါဘူး ဆိုလျှင်ကြိုးစားဖို့သာ ရှိပေတော့သည်။
"ကဲ့ရဲ့ခြင်း၊ရှုတ်ချခြင်း၊မြှောက်ပင့်ခြင်းများကိုစိတ်သဘောထားသေးသိမ်၍အောက်တန်းကျသူများသာလုပ်လေ့ရှိ၏"ဟုပညာရှိများ ပြောကြ၏။"မလိမ္မာသူ"သည်"ချီးကျူး"ခံနေရပါသော်လည်း ယင်းကိုနားမလည်။သူ့ဘက်က ကဲ့ရဲ့မှုဖြင့်သာတုံ့ပြန်လာတတ်သည်။
"လူလိမ္မာ"သည် "ကဲ့ရဲ့"ခံနေရစေကာမူ"ရွှေအိုး"ကိုပေးလာသူကဲ့သို့ဂုဏ်ပြုစကားဖြင့်ဧည့်ခံလာတတ်သည်။
"လူလိမ္မာ"သည်"ချီးကျူးခြင်းတရား"ကိုနေရာတကျအသုံးချသလောက်၊"လူမိုက်"သည်နေရာမရွေး၊ပုဂ္ဂိုလ်မရွေး၊"ကဲ့ရဲ့ခြင်းတရား"ကို တွင်ကျယ်စွာသုံးလေ့ရှိသည်။
"ဓမ္မနီတိ"တွင်-
"ခွေး သည် အမွန်အရသာကို သုံးစားနေသော်လည်း မစင် လောက် မခုံမင် သကဲ့သို့၊ လူယုတ်မာသည် ဘယ်လောက်ချီးကျူးဂုဏ်ပြုခြင်း ကိုခံရစေကာမူ သူတစ်ပါးအပေါ်ဝယ် ကဲ့ရဲ့မှု နှင့်ကင်း၍မမမွေ့လျော်နိုင်"ဟု ပြဆိုချက်ရှိသည်။
ဤ"ချီးကျူးခြင်း၊ကဲ့ရဲ့ခြင်း"ဟူသည်"လောကဓမ္မ"နှင့်စပ်၍"ဓမ္မပဒ၊ကောဓ၀ဂ်"၌"အတုလ"အမည်ရှိ ဥပသကာ အား "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည် အောက်ပါအတိုင်း ဟောပြထားခဲ့သည်။
"အို-အတုလ
ဤ ကဲ့ရဲ့ခြင်း သည် ရှေးရိုးအစဉ်အလာတည်း။ယခုမှဖြစ်သည်မဟုတ်။
ဆိတ်ဆိတ်နေသူကိုလည်းကဲ့ရဲ့၏။များစွာပြောသူကိုလည်း ကဲ့ရဲ့၏။
နှိုင်းချိန် မပြောသူ ကိုလည်း ကဲ့ရဲ့၏။ဤလောက၌ ကဲ့ရဲ့လွတ်သူ မရှိ"(ဂါထာ-၂၂၇)
"လုံးဝ အကဲ့ရဲ့ခံရသူ၊လုံးဝ ချီးမွမ်းခံရသူဟူ၍ ရှေးကလည်းမရှိ၊နောက်လည်းရှိလိမ့်မည်မဟုတ်၊ယခု လည်းမရှိ"
(ဂါထာ-၂၂၈)
ထို့ကြောင့်-
ကဲ့ရဲ့ခံရ၍စိတ်ဓါတ်ကျနေသူတိုင်းဘာမှစိတ်မပျက်ပါနှင့်၊ကဲ့ရဲ့ခံရ၍စိတ်ပျက်လျှင်ချီးကျူးခံရခြင်းနှင့်လွဲချော်သွားပါမည်။ကဲ့ရဲ့ပါစေ။ တစ်နေ့ ကဲ့ရဲ့သူတွေကိုယ်တိုင်က ချီးကျူးစကား ဆိုလာပါလိမ့်မည်။
ချီးကျူးခံရသူများ မှာလည်း သတိကြီးစွာထားဘို့ လိုပါသည်။"လောကဓံတရား"သည် သမာသမတ်ကျကျ တစ်လှည့်စီပေးဝေနေမှုဖြစ်သည်။လူတစ်ယောက်ကြပ်ကြပ် ချီးကျူးခံ လာရပြီ ဆိုလျှင် မကြာခင် ကဲ့ရဲ့ခံရတော့မှာ သေချာသည်။
မြှောက်ပင့်ခံရသူမှာလည်း "ကိုယ်တစ်ကယ်တော်လို့"ဟု ဘယ်တော့မှမတွက်ပါနှင့်။"ချီးကျူးမှု"နောက်မှာ "ကဲ့ရဲ့မှု"ရှိသည်"ကဲ့ရဲ့မှု"နောက်မှာ"မြှောက်ပင့်မှု"ရှိသည်။"မြှောက်ပင့်မှု"နောက်မှာ"ကျဆုံးမှု"ရှိသောကြောင့်ဖြစ်သည်။
ဤလောကဓံတရားရှစ်ပါးသည် လူရှိနေသရွေ့၊လောကကြီးတည်နေသရွေ့၊ဆက်လက်ဖြစ်ပျက်နေဦးမည့်သင်္ခါရဓမ္မသာဖြစ်
သည်။၎င်းတို့သည်(၇)ရက်ပြည့်အောင်ပင် ကြာရှည်မခံသောတရားများဖြစ်သည်။
လူတစ်ယောက်သည်လောကမှာဖြစ်ပေါ်လာသမျှအရာခပ်သိမ်းအား"မကြာမီပျက်စီးရမြဲဖြစ်သည်"ဟုနှလုံးသွင်းနိုင်မည်။
သူကဲ့ရဲ့သော်လည်းကိုယ်ပြန်မကဲ့ရဲ့သူ၊ ချီးကျူးခံရသော်လည်းမယစ်မူးသူ၊ ချီးကျူးနှင့်ကဲ့ရဲ့၊ အရှုံးနှင့်အနိုင်၊ ဆင်းရဲနှင့်ချမ်းသာ တို့ကို တစ်သဘောတည်း ထားနိုင်မည်ဆိုလျှင် ထိုသူအဖို့ လောကဓ့သည် တုန်လှုပ်ဖွယ်မဟုတ်ကြောင်း သိရှိလာပြီး လောကဓံတရားများမှ လွတ်မြောက်ရာ၊ ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရာ၊ နိဗ္ဗာန်သန္တိသုခ ကို ရနိုင်သည်-ဟု"ဗုဒ္ဓမြတ်စွာဘုရား"ဟောတော်မူခဲ့ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး လောကဓံတရား ကို ကြံကြံ ခံနိုင်စေလိုခြင်းအလို့ငှာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။
မှီခိုရာကျမ်းကိုး--ဓမ္မပဒ၊ကောဓ၀ဂ်
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

0 comments:

Post a Comment