Sunday, April 6, 2014

ချမ်းသာမှုကို ရဖို့ သိသင့်တဲ့ အခြေခံ အကြောင်းတရားတွေကို ပြောပြပေးပါ

ချမ်းသာမှုကို ရဖို့ သိသင့်တဲ့ အခြေခံ
အကြောင်းတရားတွေကို ပြောပြပေးပါ။

ချမ်းသာဆိုတာကို ကိုယ်ချမ်းသာ၊ စိတ်ချမ်း
သာ၊ နိဗ္ဗာန်ချမ်းသာလို့ သုံးမျိုးခွဲခြားထားလိုက်
ပါ။

ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ
တန်းလန်းနဲ့တော့ သစ္စာလေးပါး တရားကို
ထိုးထွင်းပြီး မသိနိုင်ဘူး။ ကိုယ်ချမ်းသာမှုသုခ၊
စိတ်ချမ်းသာမှု သောမနဿနဲ့သာ သစ္စာလေး
ပါးတရားကို ထိုးထွင်းပြီး သိနိုင်တယ်။ နိဗ္ဗာန်
ချမ်းသာကို ရနိုင် မျက်မှောက် ပြုနိုင်တယ်လို့
ဘုရားရှင်မိန့်တော်မူတယ်။

သာမာန်ပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ်ဆင်းရဲတာ
ကို အကြောင်းပြုပြီး စိတ်ဆင်းရဲတတ်ကြတယ်။
စိတ်ဆင်းရဲတဲ့ အကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ကို မမြင်
နိုင်ဘူး။ ကိုယ် ချမ်းသာရင်တော့ စိတ်ချမ်းသာ
ဖြစ်တတ်ကြတယ်။ စိတ်ချမ်းသာတဲ့ ကုသိုလ်
စိတ်နဲ့နိဗ္ဗာန်ချမ်းသာကိုမြင်နိုင်တွေ့နိုင်တယ်။ ဒါ
ကြောင့် နိဗ္ဗာန်ချမ်းသာရလိုတဲ့သူတွေဟာ ကိုယ်
ချမ်းသာ စိတ်ချမ်းသာဖြစ်အောင်တော့နေတတ်
ရမယ်။ သတိပဋ္ဌာန်တရား လက်ကိုင်ထားပြီး
လည်း နေတတ်ရမယ်။

သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်တဲ့စိတ်နဲ့ လောက
ကို သဘောပေါက်နားလည်ပြီးကိုယ်ချမ်းသာစိတ်
ချမ်းသာအောင်နေတတ်ရတယ်။

ရာသီဥတုအနေနဲ့ပူလွန်းရင် အေးလွန်းရင် ကိုယ်
ဆင်းရဲမှုကိုဖြစ်စေတယ်။ ရာသီဥတုဖောက်ပြန်မှု
လွန်ကဲမှုနဲ့တွေ့ကြုံရင်ပြုပြင်ပြီး ဥတု ညီမျှအောင်
နေတတ်ရတယ်။ ဒါမှ ကိုယ်ချမ်းသာတယ်။

အစားအသောက်ကိစ္စမှာလည်း မတည့်တာ မစား
ရဘူး။ လွန်လွန်ကဲကဲလည်းမစားရဘူး။ သင့်တော်
တဲ့အစာကို မျှတရုံပဲ စားရတယ်။ ကျန်းမာရေးနဲ့
လျော်တာကို စားရတယ်.။ ဒါမှလည်း ကိုယ်ချမ်း
သာတယ်။

ကိုယ်ဆင်းရဲအပင်ပန်းခဲလွန်းတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း
အတူသွား၊ အတူလာ၊ အတူ မနေသင့်ဘူး။ ဘာလို့
လည်းဆိုရင် သူတို့နဲ့ အနေများပြီး သူတို့လုပ်တဲ့ အ
လုပ်မျိုးကို သဘောကျ အဟုတ်ထင် အတုလိုက်ပြီး
လုပ်ရင်ကိုယ်လည်းပဲ ဆင်းရဲ ပင်ပန်းမှာပဲ။ သူတို့နဲ့
လည်း ရှောင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း မစွမ်း
နိုင်တဲ့ လွန်ကဲတဲ့ ကိုယ်အားထုတ်မှု၊ ပင်ပန်းခံမှု အ
လုပ်မျိုးကို ရှောင်ရတယ်။

နောက်တစ်ခု နေထိုင်နည်းက ပိုပြီး အရေးကြီး
တယ်။ အထိုင်ကြာလို့ဖြစ်ဖြစ်၊ အရပ်ကြာလို့ဖြစ်ဖြစ်
ဣရိယာပုတ်အမှုအယာတစ်မျိုးတည်းနဲ့ အနေကြာ
ရင်နာကျင်ကိုက်ခဲမှု ကိုယ်ရောဂါတွေ ပြင်းပြင်းထန်
ထန်ဖြစ်လာတယ်။ ကိုယ်ဆင်းရဲပင်ပန်းတယ်။ ကိုယ်
ချမ်းသာဖို့အတွက် ဣရိယာပုတ် အမှုအရာတွေကို
သင့်တော်တဲ့အချိန်မှာ သင့်တော်သလို ပြောင်းပေး၊
ရွေ့ပေး၊ ပြုပြင်ပေးရတယ်။

စိတ်ချမ်းသာအောင်နေဖို့ကတော့ မိမိရဲ့စိတ်ကို ကု
သိုလ်စိတ်ဖြစ်အောင် နေပေးရမယ်။ ကုသိုလ်စိတ်
ဖြစ်မှ စိတ်ချမ်းသာတယ်။ ကုသိုလ်စိတ် ဖြစ်ချင်
ရင် ကောင်းတဲ့အာရုံမှာ ကောင်းတဲ့စိတ်ဖြစ်အောင်
ထားရတယ်။ စိတ်ဆိုတာအာရုံမကောင်းရင် စိတ်
မကောင်းဖြစ်တတ်တယ်။ အာရုံကောင်းရင်တော့
စိတ်ကောင်းစိတ်ချမ်းသာမှုကို ရနိုင်တယ်။

ဒါကြောင့်ကုသိုလ်စိတ်ကောင်းဖြစ်ဖို့ အာရုံကောင်း
နဲ့နေတတ်ရတယ်။ ဒါကတစ်နည်းပေါ့။

နောက်တစ်နည်းကတော့ အာရုံ ကောင်းကောင်း၊
မကောင်းကောင်း မိမိစိတ်ကောင်းနေဖို့ပဲ။ မိမိစိတ်
ကောင်းဖို့ဆိုရင် စိတ်ထဲမှာ သတိ၊ ၀ီရိယ၊ အသိ
ဉာဏ်တွေ အမြဲရှိနေရမယ်။ အာရုံကောင်းကိုသာ
ရွေးမရှာဘဲ စိတ်ကိုကောင်းအောင်ထားတဲ့နည်းလို့
ခေါ်တယ်။ အာရုံရဲ့သဘောကို အမှန်အတိုင်း သိ
အောင် ကြည့်နေနိုင်တဲ့ သတိ ၀ီရိယ အသိဉာဏ်
ရှိရင် အမြဲတမ်းစိတ်ချမ်းသာပါမယ်။

စိတ်ချမ်းသာဖြစ်ဖို့ အာရုံကောင်းကို ပြောင်းပြီး
ကြည့်နေနိုင်အောင် ကြိုးစားထားတာက သမထ
ဘာဝနာစိတ်။

စိတ်ကောင်း၊ စိတ်ချမ်းသာ ဖြစ်ဖို့ အာရုံကောင်း
ကောင်း မကောင်းကောင်း အာရုံကိုမပြောင်းဘဲ
ကိုယ့်စိတ်မှာသာ သတိ၊ အသိရှိနေအောင် ကြိုး
စားနေတာက ၀ိပဿနာဘာဝနာစိတ်။

ဒီသဘောတွေဟာ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ
နိဗ္ဗာန်ချမ်းသာရဖို့ သိထားသင့်တဲ့ အခြေခံ အ
ကြောင်းတွေပါပဲ။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်းအမေးအဖြေများ - ၁

0 comments:

Post a Comment