Thursday, April 24, 2014


“ဝါးခြောက်လုံး ဒါနကြောင့် ငရဲဘေးမှလွတ်ခဲ့သူ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
“ပဲခူးရိုးမအစပ်မှာ တောင်ငူဘုရင် တပင်ရွှေထီးတည်ခဲ့သော
စိန်ကြီးဘုရား ဆိုတာရှိတယ်။ နှစ်ကြာလာပြီး ပြုပြင်မယ့်သူမရှိတော့ 
ပျက်စီးယိုယွင်း နေတာပေါ့။”

“တစ်ခါတော့ အဲဒီစေတီနားမှာ ရဟန်းတော်တစ်ပါး 
တရားလာအားထုတ်တယ်။ ကျောင်းမရှိတော့ သစ်ပင်အောက်မှာပဲ 
ဖြစ်သလိုနေရှာတယ်။ နေပူထဲ၊ မိုးရွာထဲ ဒီအတိုင်း ပဲနေရတော့
ကြာရင် ကျန်းမာရေး ထိခိုက်လာနိုင်တာပေါ့။ 
အဲဒါကို စဉ်းစားမိတဲ့ ဦးမောင်ကြီး လို့အမည်ရတဲ့ 
ဗုဒ္ဓဘာသာ ဒကာကြီးတစ်ယောက်က တစ်ပါးနေတဲ့ကျောင်းလေး 
တစ်ကျောင်း ဆောက်လှူတယ်”။

“အားလုံးပြည့်စုံပြီး အခင်းနေရာကျမှ ဝါးခြောက်လုံးလိုနေတယ်။ 
ဦးမောင်ကြီး ရွာကလည်း အဝေးကြီးဆိုတော့ ပြန်ယူဖို့အချိန်မရဘူး။ 
ဒါနဲ့ အနီးနားရွာက သာသာခြားဖြစ်တဲ့ စောထီလအမည်ရ 
ကရင်အမျိုးသားကြီးဆီက ဝါးခြောက်လုံး အလှူခံရတယ်။ 
ဘာသာမတူပေမယ့် ကူညီတဲ့ အနေနဲ့ စောထီလက 
ဝါးခြောက်လုံး လှူလိုက်ပါတယ်။ 
စောထီလရဲ့ ဘဝ တစ်သက်တာမှာ ဒါနဆိုလို့ 
အဲဒီဝါးခြောက်လုံး လှူတာပဲရှိတယ်”။

“စောထီလဟာ တစ်ရက်တော့ တောင်ပေါ်က
ငှက်ပျောခိုင်တွေ ခုတ်ရင်း တောင်ပြိုကျလို့ မြေတွေပိပြီး
သေသလိုဖြစ်သွားတယ်။ အများအမြင်ကတော့ သေသွားတယ်ပေါ့။ 
စောထီလဟာ သုံးရက်လောက်ထိ မေ့မျောနေပြီးမှ 
သတိပြန်ရလာတယ်။ သတိရလာတာနဲ့ စိန်ကြီးဘုရားက 
သူဝါးခြောက်လုံးလှူခဲ့တဲ့ ဆရာတော်ဆီအတင်း 
လိုက်ပို့ခိုင်းပြီး သရဏဂုံ ဆောက်တည်ကာ ဗုဒ္ဓဘာသာထဲ ဝင်လိုက်တယ်။”

“သူမေ့မျောနေတဲ့အချိန်မှာ ဘာတွေတွေ့ခဲ့ရလို့လဲဘုရား”

“သူပြောပြချက်အရ တောင်ပြိုပြီးတာနဲ့ သူ့ကိုလူမည်းမည်းကြီး 
နှစ်ယောက်က မြေကြီးအောက်ထဲကို ညှပ်ခေါ်သွားသတဲ့။ 
မြေကြီးအောက်ထဲ ကျတော့ လူဝါဝါကြီး တစ်ယောက်က 
သူ့ကိုဘာကုသိုလ်တွေ လုပ်ခဲ့သလဲ ဆိုတာကို စစ်ဆေးတယ်တဲ့။
ဒေဝဒူတ သုတ္တန်မှာ ယမမင်းက လွှတ်ထားတဲ့ တမန်ငါးမျိုး ရှိတယ်”။ 

“ယမမင်းလွှတ်ထားသော တမန်ငါးမျိုး”
•••••••••••••••••••••••••••••••
အဲဒီတမန် ငါးမျိုးက-
၁။ ကလေး
၂။ သူအို 
၃။ သူနာ
၎။ သူသေ
၅။ အကျဉ်းသား တို့ပါပဲ။

“ယမမင်းမေးစစ်ပုံကတော့ အသင်လူသား အသင်လူ့ဘဝမှာ ရှိစဉ်တုန်းက သူသေကောင်ကို တွေ့ဖူးလိမ့်မည်။ ထိုသို့ သူသေကိုတွေ့သည့်အခါ ငါလည်းတစ်နေ့ကျဒီလိုသေရမှာပါလားလို့ သံဝေဂမဖြစ်ခဲ့ဘူးလား။ အဲဒီသံဝေဂနဲ့အတူ သေခြင်းတရား ရောက်မလာမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ပြုထားမှတော်မယ်ဆိုပြီး ကုသိုလ်တွေ အားမထုတ်ခဲ့ဘူးလားလို့ ငါးမျိုးလုံးစုံအောင် မေးတယ်”

“တစ်မျိုးမျိုးကို မေးမြန်းစိစစ်နေရင်းနဲ့ ပြုခဲ့တဲ့ကုသိုလ်ကို အမှတ်ရ သွားရင် ငရဲကချက်ချင်းလွတ်ပြီး နတ်ပြည်ရောက်သွားတဲ့ သူတွေ အများကြီးရှိပါတယ်။ တကယ်တော့ “ယမမင်း” ဆိုတာ သူတော်ကောင်းကြီးပါ။ ငရဲမကျထိုက်သူတွေ မကျရအောင် မေးမြန်းစိစစ်ပေးနေရှာတာပါ။ တမန်ငါးမျိုးလုံးကုန်တဲ့အထိ ကုသိုလ် ပြုတာတစ်ခုမှ မရှိတော့ဘူးဆိုရင်တော့ ယမမင်းလည်း ဘာမှ မတတ်နိုင်တော့ပဲ”

“ဒုစရိုက်အကုသိုလ်ကံများကို အသင်လူသားကိုယ်တိုင်ပြုခဲ့ခြင်း ဖြစ်တယ်။ တခြားသူတွေပြုခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အသင်လူသား ပြုခဲ့တဲ့ အကုသိုလ် ဒုစရိုက်များရဲ့ ဆိုးကျိုးကို အသင်လူသားကိုယ်တိုင် ခံပေတော့လို့ ပြောပြီး စိတ်မကောင်းစွာနဲ့ မျက်နှာကိုတစ်ဖက် လှည့်သွားတယ်။”

“အဲဒီအချိန်မှာပဲ ငရဲသားကြီးနှစ်ယောက်က စောထီလကို ဆွဲခေါ်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီဒယ်အိုးကြီးထဲကို ပစ်ချလိုက်တယ်။ အံ့သြစရာ ကောင်းတာက ဒယ်အိုးထဲကိုမကျခင် လမ်းခုလတ်မှာ “ဝါးခြောက်လုံး”က စောထီလအောက်ကနေ ဒယ်အိုးထဲမကျအောင် လာခံထားတယ်”

“ငရဲသားတွေလည်း အံ့သြသွားပြီး စောထီလကို ပြန်မ,ယူလိုက်တယ်။ စောထီလကို ပြန်မ,ယူလိုက်တာနဲ့ ဝါးခြောက်လုံးက ပျောက်သွားပြန်တယ်။ ဒီအခါ ငရဲသားများက စောထီလကို ဒယ်အိုးထဲပြန်ပစ်ချ လိုက်တာနဲ့ ဝါခြောက်လုံးက လာခံနေပြန်တယ်။ သုံးကြိမ်တိုင်အောင် ပစ်ချလို့မရမှ ငရဲသားတွေက စောထီလကို ယမမင်းကြီးထံ ပြန်ခေါ်သွားတယ်”

“ယမမင်းကြီးက သေချာစစ်ဆေးကြည့်တော့ စိန်ကြီးဘုရားနားမှာ သီတင်းသုံးတဲ့ ရဟန်းတစ်ပါးကို ဝါးခြောက်လုံးလှူခဲ့တာကို သတိရသွားတယ်။ အဲဒီမှာ ယမမင်းကြီးက စောထီလ အဲဒီလိုကုသိုလ်တွေ ဆက်လုပ်ပါ လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီမှာတင် စောထီလ ပြန်သတိရလာတာပါပဲ”

“............................”

အမိုးဆီမှ စကားထောက်မရ၍ လှမ်းကြည့်လိုက်သောအခါ အမိုးတစ်ယောက် မျက်နှာကို ပုဝါအုပ်ပြီး ငိုကြွေးနေသည်ကို တွေ့ရ၏ ။

“အမိုး - ဘာဖြစ်လို့ ငိုနေတာလဲ”

“တပည့်တော်မ ဝမ်းနည်း, ဝမ်းသာခံစားရလို့ပါဘုရား။ ဝမ်းနည်းတာကတော့ အနှစ်သာရဘာမှမရှိတဲ့ ဘာသာခြားဘဝမှာ အနှစ် ၇၀- အထိ နေခဲ့ရလို့ပါဘုရား။ ဝမ်းသာတာကတော့ ရတနာသုံးပါးရဲ့ ကြည်ညို အားထားထိုက်ပုံတွေကို မသေခင် သိခွင့်ရသွားလို့ပါပဲဘုရား။ ဆရာတော်ထံက ဘုရားရတနာအကြောင်းကို နာယူရစဉ်ကတည်းက တပည့်တော် ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူချင်နေတာပါဘုရား”။

“ဒါပေမယ့် အသက် ၇၀- အရွယ်ရောက်ကာမှ တတိယမြောက် ဘာသာကို ပြောင်းရမှာ တပည့်တော်မ သိပ်ဝန်လေးနေပါတယ်ဘုရား။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူချင်လျက်နဲ့ မခံယူပဲအောင့်ပြီး နေတာပါပဲ။ အခုတော့ တပည့်တော်မ မနေနိုင်တော့ပါဘူးဘုရား။ နောက်ထပ်ဘယ်လောက်ပဲ နေရနေရ ဗုဒ္ဓဘာသာ အဖြစ်နဲ့ပဲနေပြီး ဗုဒ္ဓဘာသာ အဖြစ်နဲ့ပဲ သေချင်ပါတယ်ဘုရား”

မေတ္တာရှင်(ရွှေပြည်သာ)၏
‘အရှုံးမရှိတဲ့ ဒဿန” မှမျှဝေပါတယ်။


0 comments:

Post a Comment