Tuesday, October 13, 2015

သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။




သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။
=================
လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။
မကောင်းတဲ့ဘက်မှာ အားသာနေသူအတွက် ကောင်းတဲ့ဘက် ရောက်အောင် 
လုပ်တယ်ဆိုတာ ရေဆန်ကိုတက်ရတာနဲ့ အလားသဏ္ဍန်တူပါတယ်။
လူတွေက အကုသိုလ်လုပ်ဖို့ရာ လွယ်ပေမယ့် (အကုသိုလ်အကျိုးကျ အင်မတန်မှ 
ကြောက်စရာ ကောင်းတော့) အကုသိုလ်က အကျိုးပေးတဲ့ ဒုက္ခကိုတော့ ဘယ်သူမှ မခံချင်ကြ
ပါ။ ခံချင်တာက ကုသိုလ်က အကျိုးပေးတဲ့ သုခကိုပဲ ခံချင်ကြပါတယ်။ ဒါပေမယ့် သုခရချင်လို့ 
ကုသိုလ်လုပ်ဖို့ ကျတော့ လုပ်ဖို့ရာ ခက်ပြန်ရော။ 
ဒါကြောင့် မြတ်စွာဘုရား သာသနာတော်နဲ့ကြုံပြီး သိတတ်တဲ့အသိဉာဏ် ရ,ထားတဲ့ 
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ကောင်းအောင်ပြင်ဖို့ မမေ့သင့်ပါ။ ကောင်းအောင်ပြင်ဖို့အတွက်ဆို
ရင် စဉ်းစားဆင်ခြင်မှု ရှိရပါမယ်။ “ အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် ” 
ကောင်းအောင်ပြင်ဖို့အတွက် စဉ်းစားတယ်၊ ဆင်ခြင်တယ်ဆိုတာ အမှတ်တမဲ့ မနေရပါ။
“ တို့တစ်တွေ တရားပွဲလာတာဟာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေကို တစ်လုံး
သိသိ၊ နှစ်လုံးသိသိ တရားဟော ဓမ္မကထိကတွေဆီက ကြားနာရပါမယ်၊ ကြားနာရလို့ရှိရင်
တို့မှာ အသိဉာဏ်တွေတိုးပါမယ်၊ အဲဒီ တိုးလာတဲ့ အသိဉာဏ်နဲ့ တို့ဘ၀ခရီးကို မှန်မှန်ကန်ကန် 
လျှောက်နိုင်အောင် တို့တစ်တွေ ကြိုးစားကြပါမယ် ” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ တရားနာလာပါ။ 
အဲဒီရည်ရွယ်ချက်နဲ့ တရားနာမှ တရားပွဲကရတဲ့ အမြတ်ဆိုတာ ဖြစ်နိုင်ပါမယ်။ အဲဒီလို မလုပ်
နိုင်ရင် အချိန်ကုန်ပြီးတော့ တရားပွဲကိုလာ၊ တရားနာပြီး ပြန်သွားတော့ ဘာမှမကျန်တဲ့ဟာမျိုး
ဖြစ်တတ်ပါတယ်။
ကိုယ့်ဘ၀အတွက် သင်ခန်းစာရတာချင်းက တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါ။ သင်ခန်းစာယူ
တတ်ပုံချင်းလည်း မတူကြပါ။ စကားလုံးတစ်လုံးနဲ့ ပတ်သက်ပြီးတော့ အတွေးအမြင်ချင်းလည်း 
မတူကြပါ။
( ဘုန်းကြီးတို့ဇေယျသုခလမ်းမှာ မဟာသတိပဋ္ဌာနအနှစ်ချုပ်ဆိုတာ ငါးရက်ဟောတယ်၊ အဲဒီ 
ငါးရက်ဟောတဲ့အထဲက စကားလုံးလေးတစ်လုံးက သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ ပုဂ္ဂိုလ်တစ်
ယောက် ရှိခဲ့တယ်။ စကားလုံးတစ်လုံး တည်းပဲ။ ဒီ့ပြင်တရားတွေက ပြောင်းမပြောင်းတော့
မသိဘူး၊ ဒါက သူလျှောက်လို့သိတာ )။
တစ်ခါတုန်းက တရားတစ်ပုဒ်အထဲက စကားလုံးလေးတစ်လုံးက သူ့ဘ၀ကို ပြောင်းလဲ
သွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ပါတယ်။ သူ့ဘ၀ ဘယ်လိုပြောင်းသွားလဲ ?၊“ ကောင်းတာ
ကို ရချင်ရင်တော့ တစ်ခုခုတော့ လက်လွှတ်ရမယ်၊ တစ်ခုခုကို မလွှတ်ဘဲနဲ့ နောက်တစ်ခုရတယ်
ဆိုတာ မဖြစ်နိုင်ဘူး၊ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ် ” လို့ အဲဒီလို တရား
ထဲမှာ ဟိုဘက်ကမ်း ရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်၊ သံသရာဝဋ်က လွတ်ချင်တယ်၊ 
နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်လည်း ဒီဘက်ကမ်းက ခွာရမယ်။ စွန့်လွှတ်ရမယ်၊ မစွန့်လွှတ်ရင် 
မရဘူးဆိုတာ၊ ဒီတော့ သူ့နားထဲမှာ ဘာစွဲသွားတုန်းဆိုရင် “ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီ
ဘက်ကမ်းက ခွာရမယ် ” ဆိုတာ သဘောပေါက်လို့ “ ငါ နိဗ္ဗာန်ရချင်တယ်ဆိုတာ ဒီအတိုင်း
ထိုင်ဆုတောင်းနေလို့ မဖြစ်ဘူး၊ ဒီဘက်ကမ်းက ခွာမှပဲ ” ဆိုပြီးတော့ ဘုန်းကြီးဝတ်သွားပါ
တယ်။ ဆိုလိုတာက စကားလုံးလေး တစ်ခုဟာ တချို့ပုဂ္ဂိုလ်တွေအတွက် တွန်းအားတစ်ခု
ရပါတယ်။ တချို့ပုဂ္ဂိုလ်တွေအတွက်တော့ စကားလုံးထောင်သောင်းသန်းချီပေမယ့်လို့ တွန်း
အားဘာမှမဖြစ်တာလဲ ရှိနိုင်ပါတယ်။ ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို 
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။ 
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊ 
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
{သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ 
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ 
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌ အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင် 
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

0 comments:

Post a Comment