Tuesday, March 31, 2015

လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။



လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။
====================
ဂဏန်းပေးသော ဆရာတော်များထံတွင် ဗုဒ္ဓဘာသာဝင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း
ထောင်သောင်းမက ရှိ၏။ ထိုငွေများသည် လောကအတွက် သာသနာအတွက် ဘာမျှအကျိုးမရှိဘဲ
အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းများတွင်
လှူဒါန်းသူ နည်းပါးလှသဖြင့် ကလေးငယ်များမှာ မ၀ရေစာ စားနေကြရ၏။
ယနေ့ အချိန်တွင် ဗုဒ္ဓဘာသာမှ အမြင်ကျယ်သော ရဟန်းတော်များ သီလရှင်များသည် ပရ
ဟိတကျောင်းများ တည်ထောင်ပြီး တောင်ပေါ်ဒေသနှင့်တကွ အနယ်နယ် အရပ်ရပ်မှ မိဘမဲ့က
လေးများကို ထိန်းသိမ်းစောင့်ရှောက် ပညာသင်ပေးနေကြ၏။ ထိုကဲ့သို့ လက်ခံစောင့်ရှောက်သူ မ
ရှိပါက ဗုဒ္ဓဘာသာကလေးငယ်များသည် ဘာသာခြားဘ၀သို့ ရောက်ကြရမည်ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ ဗုဒ္ဓဘာသာဝင်ကလေးများ တခြားဘာသာထဲ
ကူးပြောင်းမရောက်ရန်အတွက် မိဘမဲ့ ပရဟိတကျောင်းများ ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေသူများ
ကို အဓိကထားပြီး လှူဒါန်းကြရမည် ဖြစ်၏။
ဖြစ်ရပ်ကလေးတစ်ခုကလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လူမှုရေးအလှူကို အဓိကထား
ဖို့ သင့်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိ၏။ ပန်းဒကာတစ်ဦး၏ ဟောပြောပြသမှုကြောင့်
ဘာသာခြား အမျိုးသမီးကြီးတစ်ဦးသည် သားနှစ်ယောက်နှင့်အတူ ဗုဒ္ဓဘာသာထဲဝင်ရောက်လာ၏။
ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်နှင့် ယခင်ဘာသာမှ ထောက်ပံ့မှုများ ရုတ်သိမ်းသွားသဖြင့်
အမျိုးသမီးကြီးနှင့် သားနှစ်ယောက်တို့မှာ အတော်ဒုက္ခရောက်ရှာ၏။ အမျိုးသမီးကြီးမှာ အသက်
ကြီးပြီ ဖြစ်သဖြင့် စီးပွားရေးကို မလုပ်နိုင်တော့ပေ။ သားနှစ်ယောက်ကသာ ကြိုးစားလုပ်ဆောင်
နေရ၏။ တိုက်ဆိုင်မှုဟု ဆိုရပေမည်။ ဘာသာပြောင်းပြီးမှ စီးပွားရေးက ထိုးကျလာ၏။
ယခင်ဘာသာကဲ့သို့ ဆင်းရဲသားများကို ဗုဒ္ဓဘာသာမှ ကူညီထောက်ပံ့မှု ပေးမည်ဟု ထင်
ထားမိကြ၏။ သို့သော် ထိုကဲ့သို့ လူမှုရေးကူညီမှုအသင်းမျိုး မရှိဟု ဆိုသောအခါ သူတို့မှာ တော်
တော်အံ့သြကြ၏။ သူတို့၏ ဒုက္ခကို ကူညီသူဟူ၍ ပန်းဒကာတစ်ယောက်သာ ရှိ၏။
စားဝတ်နေရေး ဒုက္ခမျိုးစုံ ခံစားရင်းပင် ဗုဒ္ဓဘာသာကို စွဲမြဲဆုပ်ကိုင်ရင်း၊ ယင်းအမျိုးသမီး
ကြီး ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင်လည်း ဗုဒ္ဓဘာသာဘက်မှ ကူညီသူဟူ၍ ပန်းဒကာတစ်
ယောက်တည်းသာ ရှိ၏။ ထိုအချိန်တွင် အုပ်စုလိုက် လာရောက်ကူညီသော အဖွဲ့ကား ဘာသာခြား
များပင် ဖြစ်၏။
မိခင်ကြီး သဂြိုဟ်ခြင်းကိစ္စ ပြီးဆုံးသောအခါ ကျန်ရစ်သူ သားနှစ်ယောက်က ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်ကို ပန်းဒကာ၏လက်ထဲ ပြန်အပ်ကာ အရင်ဘာသာသို့ ပြန်ပြောင်းသွား၏။ ဗုဒ္ဓရုပ်ပွား
ကို ပြန်အပ်ရင်း သူတို့ပြောခဲ့သော စကားက== “ ဦးလေးတို့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေ
ထက် မြင့်မြတ်သာလွန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓရဲ့စကား
ကို တကယ်လိုက်နာတာ ရှားပါတယ်။ ကျွန်တော်တို့ဟာ အရင်ဘာသာက ဆွေမျိုးအသိုင်းအ၀ိုင်း
တွေ၊ အရင်ဘာသာက အထောက်အပံ့တွေကို စွန့်ပစ်ပြီး ဗုဒ္ဓဘာသာရဲ့ အရိပ်မှာလာပြီး ခိုလှုံကြ
တာပါ၊ ဒါပေမယ့် ကျွန်တော်တို့ကို အားပေးကူညီသူဆိုလို့ ဦးလေးတစ်ယောက်ပဲ ရှိတယ်။ နေပူထဲ
က ချွေးသန်တရွှဲရွှဲနဲ့ နေရိပ်ထဲ ၀င်လာသူကို လက်ကမ်းကြိုဆိုသူ တစ်ယောက်၊ ဖနောင့်နဲ့ ဆီး
ပေါက်သူက တစ်ရာလောက် လို ဖြစ်နေပါတယ်။ မွေးနေ့ပွဲ၊ ဇာတ်ပွဲဆိုင်းပွဲကို သိန်းတစ်ရာလောက်
အကုန်ခံတဲ့ အလှူရှင်ဟာ ဗုဒ္ဓဘာသာထဲက ဒုက္ခရောက်နေသူ တစ်ယောက်အတွက် အရင်းအနှီး
တစ်သိန်းတောင် ထုတ်မပေးရဲပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓကိုကြည်ညိုတယ်၊ လေးစားတယ်၊ အားကိုး 
တယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုကိုတော့ ကြည်ညိုလေးစားအားကိုးလို့ မရလို့ အရင်ဘာ 
သာကို ပြန်ပြောင်းတာပါ ” ဟူ၏။
ဤအချက်ကို ထောက်၍ ဗုဒ္ဓဘာသာ အများစုသည် မည်သည့်ကောင်းကျိုးမျှ မရနိုင်သည့်
ပကာသနဒါနများကို လျှော့၍ လူမှုရေး ဒါနများကို ဦးစားပေးသင့်ကြပြီ ဖြစ်၏။
{ မေတ္တာရှင်( ရွှေပြည်သာ) ၏ မေတ္တာဖြင့်စီးပွားရှာခြင်းမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပိုသိကြသူများ



ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပိုသိကြသူများ
=========================
(ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ စာအုပ်မှ ကောက်နှုတ်ချက်)
ပြီးတော့ ဆန်းလွင်၏ဘဝသည် ကျွန်တော်နှင့် အီတလီဘုန်းတော်ကြီး ဦးလောကနာထတို့ တွေ့ဆုံကြစဉ်အခါ ဆရာတော် မိန့်ကြားဖူးသော သြဝါဒ စကားထဲက ဘဝနှင့် တူနေသည်ဟုလည်း ထင်မိပါသည်။ (ထိုဆရာတော်သည် ရောမ ဘုရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်။)
ဆရာတော်က ‘ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊ ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်’ ဟု မိန့်တော်မူပါသည်။
မှန်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုနှင့် နိုင်းစာလျှင် တခြား ဘာသာ အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓာဘာသာသို့ ရောက်ရှိလာသူများက ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပို၍ သိကြသည်မှာ ယုံမှားဖွယ် မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုမှာ ဘုရား၊ တရား၊ သံဃာ၌ ယုံကြည် ကိုးကွယ် ဆည်းကပ်ရမည့် အစား တန်ခိုး ဒ္ဓိပါဒ် ကိစ္စတွေ လျှို့ဝှက်ဆန်းကြယ်တွေကို လိုက်စားချင်စိတ် ရှိနေကြလေသည်။ ဤတွင် ‘တရားဆို မဆန်းနှင့်၊ စကားဆို မကြမ်းနှင့်’ ဆိုသော ခန္တီး ဆရာတော် ဘုရား၏ သြဝါဒကို မှတ်သားဖွယ် သတိရမိပါသည်။ အမှန်မှာ ရိုးဖြောင့်သောစိတ် (အမာယာဝီ အသဋ္ဌော) သည်ပင် တန်ခိုး သတ္တိရှိသော စိတ်ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤစာကို ဖတ်ရသော အခါ ထိုသဘောကို နားလည်ရပါသည်။
(ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ ဦးဟန်ဌေး၏ မိတ်ဆက် နိဒါန်း၊ စတုတ္ထအကြိမ်၊ ၁၉၉၉၊ စာ၊ ၁၀ -၁၁)မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။ ဤပို့စ်ပါ ခေါင်းစီးမှာ မူလခေါင်းစီး မဟုတ်ပဲ ပို့စ် အဆင်ပြေစေရန် ထည့်ထားခြင်း ဖြစ်ကြောင်း အသိပေးပါသည်။
Posted by ဘုန်းဉာဏ်

ဝိပဿနာဉာဏ်။



ဝိပဿနာဉာဏ်။
========
တရားရှုမှတ်ပွားများလိုက်တဲ့အခါမှာ ဒီတရားတွေမှာ “ငါ” လို့ တွယ်တာစရာလည်း 
တစ်ခုမှမရှိဘူး။ “ငါ့ဟာ”လို့ တွယ်တာစရာလည်း တစ်ခုမှမရှိဘူး။ အဲဒီလိုမြင်လိုက်တာနဲ့ 
တစ်ပြိုင်နက် အဲဒီထဲမှာ စွဲလမ်းစရာ တစ်ခုမှ မရှိသည့်အတွက်ကြောင့် ဒီ သဘာဝတရား
တွေအပေါ် စိတ်ပျက်ငြီးငွေ့မှု ဖြစ်လာတယ်တဲ့။ “၀ိပဿနာဉာဏ်” မြင်လာတဲ့အခါမှာ
စိတ်ပျက်ငြီးငွေ့တယ်ဆိုတာ တွယ်တာစရာ လုံးဝမရှိဘူး။ တွယ်တာစရာ မရှိသည့်အတွက်
ကြောင့် တွယ်တာမှုတွေဟာ ကင်းပြတ်သွားတယ်။ ကင်းပြတ်သွားတာနဲ့ တစ်ပြိုင်နက်
ကိလေသာဆိုတဲ့ အညစ်အကြေးတွေက လုံးဝလွတ်သွားတယ်။ အဲဒီကျတော့ ဒါ လွတ်
မြောက်တဲ့စိတ်လို့ ခေါ်တယ်နော်။ တွယ်တာမှုတွေကနေ လုံးဝလွတ်မြောက်သွားတယ်။
အဲဒါ “၀ိပဿနာဉာဏ်”ပါ။

ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊



ဘုရားကိုးဆူ
ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊
ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား
( ထွေးလင်းထွဋ်-အင်းစိန် ) ( ထိုက်ထိုက်-တံတားဦး ) ( ၀င်းနိုင်ဦး-သံကုန်း )

( ဖြေ )
သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြုဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ၀တ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။

အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍
လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ
လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊
အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊
နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊
( ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏ )

တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊
အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေ၀တ၊
စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ၀ိနယဓရ အရှင်ဥပါလိ၊
ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ ( ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော ) အရှင်ဂ၀ံပတိ၊
( ဤလေးပါးကို လောကီနည်းအရ နေရာချထား၏ )
ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်

ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊ ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။

ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍ ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင် အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကို ဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ အဓိပ္ပါယ်ပြည့်ဝစရာ ရှိပေသည်။

*မိန်းမနှင့်သိမ် *



*မိန်းမနှင့်သိမ် *
==========
''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား''
''ဝင်ကောင်းပါတယ်''
''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျတာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ ပြန်အရောက်တွင် အထက်ပါအတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။
နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း-ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံ ဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်း ဂူအတွင်းမှ ထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။
ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်း ပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက ''ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့ တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားက မြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။
ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆို ထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ် လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏ လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက် ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့် ဖုံးအုပ်၍ မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်း ချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ ဖူးမျှော်လာရာတွင် အချို့သော ယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။ စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟု ပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော် လှူခြင်းကြောင့် ငါ့ကို သတ်ချင်လည်း သတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုး ညွှန်ပြရပေမည်။ နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်းမောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။
အရှင်မဟောသဓပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။) မှတင်ပြသည်။

Monday, March 30, 2015

ဘုရားအလိုအတိုင်း ရှင်ပြုနည်း။



ဘုရားအလိုအတိုင်း ရှင်ပြုနည်း။
================
မြတ်စွာဘုရား ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလ၀တ်
နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက
သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း
ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ
ရာ - ရာဟုလာကို ရှင်ပြုပေးလိုက်ပါ” လို့ စေခိုင်းတော်မူပါတယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်
ကြီးကလည်း တစ်ခါမှ ရှင်ပြုမပေးဖူးသေးတော့ မြတ်စွာဘုရားအား “မည်သို့ ရှင်ပြုပေးရမလဲ
ဘုရား ” လို့ မေးလျှောက်တော်မူပါတယ်။ ဘုရားရှင်က ရဟန်းတွေကို စုဝေးစေပြီး “ ရဟန်းတို့
သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ် ” လို့ မိန့်တော်မူပါတယ်။
ပြီးတော့ ရှင်ပြုပေးရမယ့် နည်းလမ်းကိုလည်း မိန့်တော်မူပါတယ်။
၁။ ရှင်လောင်း၏ ဆံပင်မုတ်ဆိတ်များကို ရိတ်ပယ်ပေးပါ။
၂။ ဖန်ရည်ဆိုးတဲ့ အ၀တ်သင်္ကန်းကို ၀တ်ရုံစေပါ။
၃။ အပေါ်ရုံသင်္ကန်း(ဧကသီ)ကို လက်ဝဲပုခုံးပေါ် တင်ခိုင်းပြီး ရဟန်းတို့ရဲ့ ခြေတို့ကို ရှိခိုးဦး
တိုက်စေ၍ ဆောင့်ကြောင့်ထိုင်ခိုင်းပါ။
၎။ ပြီးရင် လက်အုပ်ချီခိုင်းကာ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ”
သရဏဂုံ သုံးပါးကို ရွတ်ဆိုစေပါ။
ဘုရားရှင်က သားတော်ရာဟုလာကို အဲဒီအတိုင်းရှင်ပြုခိုင်းပါတယ်။ ဒါက နတ်ပြမယ်၊ မြို့ထဲလှည့်မယ်၊ ပွဲငှားကြမယ်တို့ မပါဝင်တဲ့ ဘုရားအလိုအတိုင်း ရှင်ပြုနည်းဖြစ်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

သိလို့လှူတော့ နိဗ္ဗာန်ရောက်



သိလို့လှူတော့ နိဗ္ဗာန်ရောက်
==================
သိလို့လှူရင်တော့ ဒုက္ခသစ္စာမလာဘူး။ သိလို့လှူတော့ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ။ သိတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားပြီ။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီးမှ လှူတော့ မဂ္ဂသစ္စာဖြစ်သွားတယ်။
မဂ္ဂသစ္စာအားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာမပေါ်ဘဲ နိရောဓသစ္စာ နိဗ္ဗာန်ပေါ်တယ်။ မသိလို့လှူရင် သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူရင် မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ သိလို့လှူတော့ နိဗ္ဗာန်ရတယ်။ မသိလို့လှူတော့ ဒုက္ခရတယ်။
မသိလို့လှူတော့ မသိတာက အ၀ိဇ္ဇာ၊ လှူတာက သင်္ခါရ၊ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ `မသိတဲ့ပုဂ္ဂိုလ်များလှူနေတာဟာ သမုဒယသစ္စာလုပ်နေကြတာပဲ၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာရမယ်ထင်ပြီးလှူတာပဲ´တဲ့။ သေသေချာချာ ကြည့်လိုက်တော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ။ လူချမ်းသာလို့ပြောသော်လဲ သေသေချာချာ ထိုင်ကြည့်လိုက်တော့ ဟိုကယား ဒီကယား၊ ဟိုကနာ ဒီကနာ၊ ရွှေ့ချင်ပြောင်းချင် ပြင်ချင်ရတာနဲ့ အငြိမ်နေလို့ကို မရဘူး။ ဘာသစ္စာမို့ ဘာပြနေလဲဆိုတော့ ဒုက္ခသစ္စာမို့ ဒုက္ခတွေပြနေတာပါ။ လူချမ်းသာလို့ပြောနေကြပေမယ့် သေသေချာချာထိုင်ကြည့်လိုက်တော့ ဒုက္ခသစ္စာပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့သိလာတယ်။ ဒါကြောင့် လူချမ်းသာနတ်ချမ်းသာဆိုတာတွေ ဘယ်သူကပြောပြောမယုံပါနဲ့။ ကိုယ့်ခန္ဓာကပြောလို့ ကိုယ့်ဉာဏ်နဲ့သိတာကိုသာ ယုံလိုက်ပါ။ ဒီခန္ဓာကြီးဟာ ယားတယ် နာတယ် ကိုက်တယ် ခဲတယ် ဆာတယ် လောင်တယ် ပူတယ် အိုက်တယ် ညောင်းတယ် ညာတယ်၊ ဖြစ်ပျက်တွေပဲ ပြနေတယ်။ ဒါဟာ ဒုက္ခသစ္စာပါပဲ။
ဒါဖြင့် ဒီလိုဝဋ်ဒုက္ခမှ ကျွတ်ချင်လို့လှူဒါန်းပါ၏ ဆိုပြီး လှူလိုက်တော့ ဒုက္ခကို မုန်းလို့ ကြောက်လို့လှူတာမို့ ဒုက္ခမလာတော့ဘဲနဲ့ သုခနိဗ္ဗာန်သာ လာတော့တယ်။ ဒီလို လက်ငင်း ရှုပြီးတော့မှ ခန္ဓာဒုက္ခသစ္စာအစစ်ကို ဉာဏ်နဲ့မြင်ပြီး နိဗ္ဗာနဿ ပစ္စယော ဟောတု- ဆိုပြီးလှူလှူ၊ ယခုမြင်နေရတဲ့ ဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏လို့ ဆိုပြီးလှူလှူ လှူလိုက်ပါတော့။ ကိုယ့်ဒုက္ခသစ္စာကိုယ် မြင်ပြီးတော့ ဒီဝဋ်ဒုက္ခမှ ကျွတ်ချင်လို့ ဆိုတဲ့ နှလုံးသွင်းနဲ့ လှူနေရင် ပြီးတာပါပဲ။ မသိလို့လှူတော့ ဒုက္ခသစ္စာရတယ်။ သိလို့လှူတော့ အ၀ိဇ္ဇာက ၀ိဇ္ဇာဖြစ်သွားတယ်။ လှူတာကလဲ သင်္ခါရမဟုတ်တော့ဘူး။ ဘာသစ္စာဖြစ်သွားလဲဆိုတော့ မဂ္ဂသစ္စာ။ ရတာက နိရောဓသစ္စာ။ တစ်ဘ၀တည်းနဲ့ နိရောဓသစ္စာကူးသွားတယ်။ မသိလို့လှူတာက သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ။ သိလို့လှူတာက မဂ္ဂသစ္စာ၊ ရတာက နိရောဓသစ္စာ။ ဒါဆို နားလည်လောက်ပါပြီ။
ဒေါက်တာအရှင်ပါရမီ

မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု



မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု
================================
ဒကာ။ ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
ဆရာ။ ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။
မဇ္ဈိမတိုက်ပါဋလိပုတ်ပြည်သား ၀ိသာခအမည်ရှိတဲ့ သူကြွယ်တယောက်ဟာ သီရိလံကာဒီပခေါ်တဲ့ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့သတင်းစကားကို ကြားသိရသောအခါ သီဟိုဠ်ကျွန်းသို့သွားရောက်ကာ တရားအားထုတ်လိုသောကြောင့် မိမိစည်းစိမ်ဥစ္စာတွေကို သားမယားတို့အားလွှဲအပ်စွန့်လွှတ်လျက် သီဟိုဠ်ကျွန်းဘက်သို့ ကူးသွားပြီး မဟာဝိဟာရကျောင်းတိုက်ကြီး၌ ရဟန်းပြုကာ ငါးလပတ်လုံး ရဟန်းတော်များ၏ ကျင့်ဝတ်သိက္ခာ ၀ိနည်းတရားတော်များကို တတ်ကျွမ်းနားလည်အောင် သင်ကြားပြီးနောက် မဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာလျက် ကမ္မဋ္ဌာန်းတရားပွားများ အားထုတ်နိုင်ရန် သင့်လျော်မည့်ကျောင်းတိုက်များကို ရှာပြီးလျှင် တကျောင်း တကျောင်း၌ လေးလစီမျှ သင်ကြားပွားများ အားထုတ်ကာ နေလေ့ရှိတယ်တဲ့။
ထိုမှနောက်၌ ၀ိသာခထေရ်မြတ်သည် စိတ္တလတောင်ကျောင်းသို့ ပြောင်းရွှေ့လျက် မေတ္တာတရား ပွားများအားထုတ်မှုပြုကာ လေးလမျှကြာသောအခါ တခြားတနေရာ တကျောင်းသို့ ပြောင်းသွားမည်ပြုစဉ် မြစိမ်းပင်စောင့်နတ်က စောင်းတန်းဦးမှ ထိုင်ကာ ငိုရှာတယ်တဲ့၊ ထိုအခါ မထေရ်မြတ်က “စောင်းတန်းဦးက ရှိုက်ကာရှိုက် ငိုနေတာ ဘယ်သူလဲ၊ ဘယ်အကြောင်းကြောင့် ငိုတာလဲ”ဟု မေးမြန်းလိုက်တယ် တဲ့။
“တပည့်တော် မြစိမ်းပင်စောင့်နတ်ပါ ဘုရား၊ အရှင်မြတ်တို့ ဤအရပ်မှ ကြွသွားတော့မည်ဆို၍ ငိုရပါသည် ဘုရား” ဟုလျှောက်ထားတယ်။
“ငါ ဤအရပ်၌ နေထိုင်သီတင်းသုံးခြင်းအားဖြင့် အသင်နတ်မင်းတို့မှာ ဘယ်လိုချမ်းသာသုခမျိုး အကျိုးစီးပွားတွေကို ရရှိခံစားရပါသလဲ”
“အရှင်မြတ်တို့ ဤစိတ္တလတောင်ကျောင်းသို့ ကြွရောက် သီတင်းသုံးကာ မေတ္တာ ဘာဝနာတရားတော်များ ပွားစီးပို့သ၍ နေတော်မူသော မေတ္တာဓာတ် တန်ခိုးတော်ကြောင့် ဤအရပ်၌ ဆိုးသွမ်းကြမ်းတမ်းခက်ထန်သော စကားတို့ဖြင့် မသင့် မတင့် ရှိကြကုန်သော နတ် ဘီလူး စသည်တို့ဟာ အရှင်မြတ်၏ မေတ္တာဓာတ်ကြောင့် အချင်းချင်း ချစ်ခင်ကြင်နာသော စိတ်ထားရှိကြပါကုန်သည်၊ သင့်တင့်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ကြရပါကုန်သည်၊ အချင်းချင်းလည်း မေတ္တာတရားရကြကုန်ပါသည်၊ အရှင်မြတ်ဘုရားကြွတော်မူပါက ထိုနတ်ဘီလူးတို့သည် ကြမ်းတမ်းခက်ထန် ယုတ်မာဆိုးသွမ်းသော စကားတို့ဖြင့် ငြင်းခုံ ခိုက်ရန်မှု ပြုကြပါလိမ့်မည်၊ ဘုရား” ဟုလျှောက်ထားတယ်။
“အိမ်း…ငါ သည်အရပ်မှာနေသဖြင့် သင်တို့ချမ်းသာမည်ဖြစ်လျှင် နောက်ထပ်လေးလ နေပေးဦးမည်” ဆိုကာ လေးလစေ့၍ ကြွမည်ပြုသောအခါ ထိုမြစိမ်းပင်နတ်က ငိုကြွေးလျှောက်ထားတောင်းပန်ပြန်၍ ၀ိသာခ မထေရ်မြတ်ဟာ အရပ်တပါးသို့ ကြွမသွားဖြစ်တော့ဘဲ ဤအရပ်မှာပင် ပရိနိဗ္ဗာန် စံဝင်ရရှာတယ် တဲ့၊ ပိဋကတ်တော်မှာ ဒါမျိုးတွေ များစွာပဲ ရှိပါတယ်။
ကဲ…အဲဒီဝတ္ထုအကြောင်းအရာကို ထောက်ဆသောအားဖြင့် မေတ္တာပို့သူမှာသာ အကျိုးစီးပွား သုခချမ်းသာတရားတို့ရတာမဟုတ်ပဲ၊ မေတ္တာအပို့ခံရသူတွေမှာလည်း အချင်းချင်း သင့်တင့်ကြကာ ချမ်းသာသုခ ရရှိကြတာတွေကို ယုံကြည်စွာဖြင့် မေတ္တာတရားလည်း ပို့သကြပေါ့၊ သူတပါးပို့သတဲ့ မေတ္တာကိုလည်း ခံယူကြပေါ့၊ ကျေနပ်လောက်ပါပြီနော်။
ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။
မေတ္တာဆိုတာ “သူတပါးတို့၏, သတ္တ၀ါတိုင်း၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးထွားမှုကို လိုလားတောင့်တနေမှုဟာ မေတ္တာပဲ” အဲဒီတရားကို ပွားများနေလျှင် စင်ကြယ် မွန်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မ၀ိဟာရ- ဗြဟ္မာတို့၏ နေခြင်း အကျင့်တရားမို့ ယင်းကို ဗြဟ္မစိုရ်တရားလို့လည်း ခေါ်ကြတယ်၊ ကဲ…နားထောင်မှတ်သားပေတော့။
http://www.thamameggin.blogspot.com မှတဆင့်ခံစားတင်ပြသည်။

Sunday, March 29, 2015

သားရှင်ပြုမယ်။



သားရှင်ပြုမယ်။
========
ယခုခေတ်တွင် စုပေါင်းရှင်သာမဏေပြုပွဲ၊{ တစ်နေ့တုန်းကလည်း တူမရဲ့ fb မှာ 
နဘူးအိုင်ကျေးရွာ ရှင် (၁၀၀) စုပေါင်းရှင်ပြုပွဲလို့ တွေ့လိုက်ပါတယ်} တစ်ဦးချင်း ရှင်သာမဏေ
ပြုပွဲ၊ ဋ္ဌာနဆိုင်ရာအလိုက် ဒုလ္လဘ၀တ်ပွဲ၊ မိမိဘာသာ ဒုလ္လဘ၀တ်ပွဲများ ခေတ်စားလာခဲ့ပါတယ်။
အပေါ်ယံကြည့်လျှင် အလွန်အားရဖွယ် ကောင်းပါ၏။ အထူးသဖြင့် မိဘ ဘိုးဘွားများက
မြေးကလေး၊ သားကလေး ရှင်ပြုရတယ်ဆိုရင် သေပျော်ပါပြီတောင် ပြောကြပါတယ်။ ကလေး
မွေးရင်တောင် သားယောက်ျားလေး မွေးပါစေ၊ သားယောက်ျားလေးရရင် ရှင်ပြုဖို့ဆိုပြီး ပီတိ
တွေ တလှိုင်လှိုင်နဲ့ အားရ၀မ်းသာ ဖြစ်မိကြပါတယ်။ သားယောက်ျားလေးရလာပြီးကတည်းက
ရှင်ပြုဖို့ဆိုပြီး စုဆောင်းကြပါတယ်။ ဘိုးဘွားများက ရှင်ပြုချိန်မှာ အမွေပေးတတ်ကြလို့ “ရှင်ပြုရန်ပေးကမ်းခြင်း” ဆိုတာ ဥပဒေမှာတောင် အသိအမှတ်ပြုရပါတယ်။
ယောက်ျားလေး အားလုံးနီးပါး ရှင်ပြုဖူးကြပါလိမ့်မယ်။ လူကြီးများ ဒုလ္လဘ၀တ်ခဲ့ကြ
လိမ့်မယ်။ ရှင်ပြုဖို့အတွက် ငွေကြေးစုပြီးရှိတဲ့သူ ရှိကြသလို တချို့မရှိရင် လယ်ပေါင်၊ အိမ်ပေါင်၊
နွားရောင်းကြရပြီးမှ ရှင်ပြုရတာပါ။ ရှင်ပြုတာနဲ့ပတ်သက်ပြီး ဘာကိစ္စတွေမှာ အကုန်များသလဲ ?၊
၁။ ရှင်လောင်းအတွက် သင်္ကန်းပရိက္ခရာကျတော့ ဖြစ်ရုံလေး ၀ယ်ကြပါတယ်။
၂။ နတ်ပြမယ်၊ ပူဇော်ကြမယ်။
၃။ ကားတွေအများကြီးနဲ့ မြို့ထဲလှည့်တယ်၊ တချို့ဆင်တွေ မြင်းတွေနဲ့ လှည့်တယ်။
၎။ ကျွေးမွေး ဒါနပြုကြတယ်။
၅။ တချို့ဆိုရင် အငြိမ့် ဇတ်သဘင်တို့၊ ဆိုင်းဝိုင်းတို့ တတ်နိုင်သလို ပွဲငှားကြတယ်။
ဒါက ရှင်မပြုရခင်မှာ တော်တော်လေး အကုန်အကျ ပေးထားပါတယ်။ ရှင်လောင်း
အတွက်ကတော့ ဓါးအတု၊ ရေစစ်အတု၊ တောင်ဝှေးအတုတွေနဲ့ သင်္ကန်းပရိက္ခရာပါပဲ။ ကိုရင်
လောင်းအတွက် သင်္ကန်းပရိက္ခရာဝယ်ဖို့ကတော့ လူလွှဲကြပါတယ်။ ပွဲငှားဖို့၊ မဏ္ဍပ်ထိုးဖို့က
ကိုယ်တိုင် စိတ်တိုင်းကျ စီစဉ်ကြပါတယ်။ အငြိမ့် ဇတ်သဘင်တို့၊ ဆိုင်းဝိုင်းတို့တွေဟာ ကုသိုလ်
မဟုတ်၊ အကုသိုလ်တွေမှန်း မသိကြပါ။ 
ကိုရင်ဝတ်ပေးပြီး ကတုံးကလေးနဲ့ သင်္ကန်းအဖြစ်ကလေးပတ်ထားရင် ဟုတ်လှပြီ
အောက်မေ့နေကြတာ၊ ကိုရင်လေးပျော်အောင်ဆိုပြီး သုံးပါစေတော့၊ မုန့်ဖိုးတွေ ပေးလိုက်ကြ
သေးတယ်။ ကိုရင်စောင့်ထိန်းရမယ့် သီလတစ်ပါးကျိုးပြီဆိုတာ သိသူနည်းပါတယ်။ ကိုရင်
ကလေးကို အဲဒီ မုန့်ဖိုးကစပြီး ဒုက္ခပေးတော့တာပဲ။
*** ကိုရင်မ၀တ်ခင် ဘာတွေ သင်ပေးပြီးပြီလဲ ?၊
*** ကိုရင်ထိန်းသိမ်းရမယ့် သီလတွေ ဘာတွေလဲ ?၊
*** မိဘတွေက အလွတ်မရတောင် စာအုပ်ကလေးဘာလေး ၀ယ်ဖတ်ပြီး ကိုရင်ဖြစ်မယ့်
သားကလေးကို သင်ပေးထားရင် ပိုမကောင်းဘူးလား ?။
ရှင်ပြုတဲ့အခါမှာလည်း ပရိက္ခရာမစုံလင် (အတုများပါနေတယ်)၊ ရှင်ပြုပြီးတော့လည်း
နေချင်သလိုနေ၊ စားချင်သလိုစား၊ သွားချင်တဲ့နေရာသွား၊ ဘာမှသင်ကြားခြင်းမရှိ၊ ကျင့်ကြံခြင်း
မရှိဘူးဆိုရင် *** ရှင်မပြုဘဲ ထားတာကမှ ကောင်းပါသေးတယ်။ ဒီလို ရှင်ပြုနည်းက အပါယ်
လက်မှတ် ကိုယ့်သား ကိုရင်ကလေးကို ၀ယ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ရှင်ပြုနည်း
နှင့် ကိုရင်များ လိုက်နာရမယ့် စည်းကမ်းတွေ သိစေချင်ပါတယ်။ ရှင်ပြုပေးမယ့် မိဘ ဘိုးဘွား
တွေက ကိုရင်များလိုက်နာရမယ့်စည်းကမ်း အချက်များကို သိအောင်လုပ်ပါ။ ကိုယ့်ရဲ့သား ကိုရင်
လောင်းကို လိုက်နာနိုင်မလား မေးပါ။ မလိုက်နာနိုင်ရင် ရှင်မပြုပါနဲ့။ ဒီအတိုင်းနေတာက အကျိုးရှိ
ပါတယ်။ ကျွန်တော့မှာ (M,B,B,S နောက်ဆုံးနှစ်) သားကို ရှင်မပြုရသေးပါ။ သားအနေနဲ့ ရှင်
စောင့်ထိန်းရမယ့် ရှင်ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းနေနိုင်မယ့်ရက်မှာ ရှင်ပြုပါမယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဝဋ်ကျွတ်တဲ့အလှူ



ဝဋ်ကျွတ်တဲ့အလှူ
=============
မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။
ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။ သမုဒယသစ္စာဖြစ်ပြီဆိုတော့ သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊ အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။ လှူလဲလှူရသေး ဒုက္ခလဲရောက်သေးတယ်။ ဒါကြောင့် `အ၀ိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော- ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။
တဒင်္ဂမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင် ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်တော့ ရှူလိုက် ရှိုက်လိုက် အောင့်လိုက် အင့်လိုက် ညောင်းလိုက် ကိုက်လိုက် ယားလိုက် နာလိုက် ထုံလိုက် ကျင်လိုက်နဲ့ ခန္ဓာက ပြတယ်။ ဒါဟာ ဒုက္ခသစ္စာကို ပြတာပဲ။ ခန္ဓာကြီးက ဒုက္ခသစ္စာဆိုတာ လက်တွေ့ပြနေတာပါ။ ဒီဒုက္ခသစ္စာဟာ ၀ဋ်အားဖြင့် ၀ိပါက၀ဋ်ပဲ။ ဒီ ဒုက္ခသစ္စာ ၀ိပါက၀ဋ်မှ မျက်မြင်အားဖြင့်လဲ ကျွတ်လို၊ ဉာဏ်မြင်အားဖြင့်လဲ ကျွတ်လိုပါတယ်ဘုရားဆိုတော့ သစ္စာမြင်တဲ့ဉာဏ်၊ ၀ိပဿနာဉာဏ်ဖြစ်လာတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက ၀ိပဿနာဉာဏ်။ ဖြစ်ပျက်မြင်တာ သစ္စာမြင်တဲ့ဉာဏ်ပဲ။ သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာနဲ့ ဦးတည့်ပေးရမယ်။ ဒါဟာ လှူဆဲအခိုက်မှာ ၀ိပဿနာခြံရံလိုက်တာပဲ။ `စိတ္တာလင်္ကာရစိတ္တပရိက္ခာရမေ၀ သေဋ္ဌံ – သမထ ၀ိပဿနာခြံရံပြီးလှူတဲ့အလှူဟာ အမြတ်ဆုံးပဲ´လို့ ဘုရားကလဲ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ဟောတော်မူထားပါတယ်။
လှူဆဲအခိုက် မုဉ္စစေတနာအချိန်မှာ ကိုယ့်ခန္ဓာကို ၀ိပဿနာရှုရလိမ့်မယ်။ ရုပ်ရှုတဲ့သူက ရုပ်ကို ဖြစ်ပျက်ရှု၊ ဝေဒနာရှုတဲ့သူက ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ရှုတဲ့သူက စိတ်ဖြစ်ပျက်ရှုပေါ့။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။ ဒီလို ကိုယ်တွေ့ မျက်မြင်ဒုက္ခကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ်ပေါ်အောင် ရှုရမယ်။ ဒီလို စိတ်ကို သမထ ၀ိပဿနာ တန်ဆာမဆင်ဘဲ လှူလိုက်မယ်ဆိုရင် ဒါနရိုးရိုးဖြစ်မယ်။ ဒါနရိုးရိုးဖြစ်ရင် အမြတ်ဆုံး ဒါနတော့ မဖြစ်တော့ဘူး။ အမြတ်ဆုံးဒါနမဖြစ်တော့ အရင်းများပြီး အမြတ်နဲမယ်ဆိုရင် ဒီကုန် မကူးထိုက်ဘူး၊ အရင်းနဲပြီး အမြတ်များမယ်ဆိုရင်တော့ ဒီကုန် ကူးထိုက်တယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဥပမာကို ထိထိမိမိပေးတော်မူခဲ့ပါတယ်။ လှူပြီးနောက်မှ ၀ိပဿနာခြံရံမယ်ဆိုရင် အပရစေတနာမှာ သွားပြီးခြံရံလိမ့်မယ်။ ဒါကြောင့် လှူဆဲ မုဉ္စစေတနာအခိုက်မှာ ၀ိပဿနာခြံရံပြီး လှူမှ အမြတ်ဆုံးဒါနဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကို ကြည့်လိုက်တော့ ဖြစ်ပျက်မှတစ်ပါး အခြားမတွေ့ရဘူး။ ဖြစ်ပျက်ပဲ တွေ့နေရတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ တွေ့တာက လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာနဲ့ မြင်တဲ့အခါမှာ သတိ သမာဓိ ၀ီရိယဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးလဲ မပါမဖြစ်ပါနေရတော့ သမထဖြစ်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်နှစ်ပါးလဲ မပါမဖြစ် ပါနေရတော့ ၀ိပဿနာဖြစ်တယ်။ တွေ့လိုက်တဲ့ မဂ္ဂသစ္စာထဲမှာ ဟောဒီလောကီမဂ္ဂင်ငါးပါး ပါဝင်နေတော့ သမထ ၀ိပဿနာပြည့်စုံသွားတယ်။ ဒီလို မျက်မြင်ဝိပဿနာ ဒိဋ္ဌ၀ိပဿနာ ဖြစ်ပြီဆိုရင် သမထ၀ိပဿနာ မုဉ္စစေတနာမှာ ခြံရံပြီးတော့ လှူလိုက်ပါတော့။
ကိုယ့်ဘ၀အစကို စဉ်းစားကြည့်လိုက်တော့ ဇာတိက စခဲ့တယ်ဆိုတာ လူတိုင်းသိတယ်။ အမိဝမ်းခေါင်းမှာ ကျဉ်းမြောင်းစွာအောင်းခဲ့ရတဲ့ ဒီဇာတိဟာ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဒီဇာတိဒုက္ခသစ္စာကို မလိုချင်လို့ အဇာတိ- ပဋိသန္ဓေမနေရာ နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ လှူရတယ်။ ဒါဟာ ဇာတိကို ကြောက်ပြီး အဇာတိရောက်ချင်လို့ လှူတဲ့အလှူ၊ ဇာတိကြောက်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဇာတိက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။ ယခု ဘာဒုက္ခနဲ့ နေကြရပါသလဲဆိုတော့ ဇရာဒုက္ခနဲ့နေကြရတယ်။ အိုတာ အသက်ကြီးတာဟာ ဇရာဒုက္ခပဲ။ အရင်ဘ၀က သမထ ၀ိပဿနာမခြံရံတဲ့ ဒါနမျိုးတွေလုပ်ခဲ့လို့ အခုလို အိုခြင်းဆိုးနဲ့ ကိုယ်တိုင်တိုးနေရတာ။ ရှေးက အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့် ဒီအိုခြင်းဆိုး ဒုက္ခသစ္စာကြီး ရ ထားတာ။ ဒီလို အိုခြင်းဆိုးကြီးကို နောက်တစ်ခါ မတွေ့ချင် မရချင်လို့ လှူဒါန်းပါ၏လို့ စိတ်ကို ပြောင်းယူလိုက်။ အိုခြင်းဆိုးက ဒုက္ခသစ္စာ၊ နောက်တစ်ခါ မတွေ့ချင် မရချင်တာက မဂ္ဂသစ္စာ။ ဒါဟာ ၀ဋ်ကို ရွံမုန်းလို့လှူတဲ့အလှူဖြစ်သွားလို့ ၀ဋ်ကျွတ်တဲ့အလှူလို့ မှတ်လိုက်။ ၀ဋ်က ဒုက္ခသစ္စာ၊ ရွံမုန်းတာက မဂ္ဂသစ္စာ။ သမထ၀ိပဿနာခြံရံပြီး ၀ဋ်ကို မတောင့်တတော့ ၀ိဝဋ္ဋအလှူဖြစ်သွားတယ်။
အခု အိုဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒီခန္ဓာကြီးက ရှေ့ နာဘေးရှိရာကို အရောက်ပြေးနေတယ်။ အိုလမ်းကနေ နာလမ်းကို လှမ်းနေတယ်။ ဒါဟာ ဘုရားလဲ မတားနိုင်ဘူး၊ သိကြားလဲ မတားနိုင်ဘူး။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ဒဏ်ချက်သင့်နေတာ။ အတိတ်က မသိလှူ လှူခဲ့လို့ ရလာတဲ့ခန္ဓာက ခန္ဓာ့လမ်းစဉ်အတိုင်း မြန်းနေတာပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ ဒဏ်ချက်ကြောင့် အိုဘေးကြီးထမ်းပြီး နာဘေးရှိရာပြေးနေရတယ်။ ရပ်လို့လဲ မရ၊ တားလို့ လဲမရ၊ ထုံးစံအတိုင်းပြေးနေတယ်။ ဒါကြောင့် ဇရာပြီးရင် ဗျာဓိ- နာတဲ့ ဒုက္ခကြီးကလဲ မြေကြီးလက်ခတ်မလွဲ ကြုံရဦးမယ်။ အိုပွဲပြီးရင် နာပွဲနွှဲရဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီဘ၀မှာတော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ကြောင့်။ ဒါကြောင့် လူ့ဘ၀ နတ်ဘ၀ ရချင်လို့လှူမယ်ဆိုရင် အိုခြင်းဆိုးထမ်းပြီး နာခြင်းဆိုးရှိရာ ပြေးချင်သေးလို့ဆိုတဲ့သဘောပဲ။ အအိုရှိလျက် အအိုရှာ အနာရှိလျက် အနာထပ်ရှာနေသလိုဖြစ်နေတယ်။ အိုခြင်း နာခြင်းရှိလျက်နဲ့ အိုခြင်း နာခြင်းကိုထပ်ရှာမယ်ဆိုရင်တော့ `မိုက်ချက်သန်တာပဲ´တဲ့။ မိုက်ချက်က အ၀ိဇ္ဇာ၊ သန်တာက သင်္ခါရ။ ဒါဖြင့် လှူတဲ့အခါမှာ အိုခြင်းဆိုး ထမ်းပြီး နာပွဲ မနွှဲချင်လို့ လှူတဲ့အလှူအဖြစ် ဉာဏ်ကိုပြောင်းယူလိုက်။ ဒါဆိုရင် ရိုးရိုးအလှူမဟုတ်တော့ဘူး။ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခ၀ဋ် ကျွတ်ချင်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဒုက္ခက ဒုက္ခသစ္စာ၊ ကျွတ်ချင်တာက မဂ္ဂသစ္စာ
ဒေါက်တာအရှင်ပါရမီ

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်



ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်
=====================
(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)
မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊
အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊
ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....
(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။
အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။
တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်
(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။
(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။
ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…
(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-
ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။
(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊
ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။
Theravada Buddhist Foundation (ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ် ) by Ashin Tikkhanyanalinkara (အရှင်တိက္ခဥာဏာလင်္ကာရ)

စိတ်ပါလက်ပါ အားထုတ်ပါ။



စိတ်ပါလက်ပါ အားထုတ်ပါ။
===============
တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။
အ၀တ်ကလေးစုတ်လို့ ချုပ်တော့မယ်၊ သူများတွေကိုလည်း မခိုင်းတော့ဘူးဆိုရင် ဟိုး
တုန်းကဆိုရင် သံချေးမတက်အောင် အပ်တွေကို အုန်းဆီပုလင်းထဲမှာ ထည့်ထားတယ်ဆို
တော့ အုန်းဆီပုလင်းထဲက အပ်ကလေးကို သွားယူရပါမယ်။ အပ်ကလေးယူပြီး နဖားလေးမှာ
အုန်းဆီတွေကပ်နေတော့ တစ်ခုခုနဲ့ ထိုးထုတ်ဖယ်ရှားရပါဦးမယ်။ ပြီးတော့ အပ်ချည်လုံးလေးယူ
အပ်ချည်စလေးယူပြီး အပ်နဖားကို အပ်ချည်ထိုးရပါတော့မယ်။ တစ်ဘက်ကအပ်ချည်အဖျားသာ
သာလေးကို ကိုင်ထားတယ် နောက်တစ်ဘက်က အပ်ကိုကိုင်ထားရပါတယ်။ 
အပ်နဖားကို အပ်ချည်နဲ့ထိုးတော့ အပ်ကို ဇောက်ထိုးကိုင်ထားရပါတယ်။ ထိုးမယ်ဆိုတော့
အပ်နဖားကိုလည်း ကြည့်ရသေးတယ်။ အပ်ချည်အဖျားကိုလည်း ကြည့်ရပါသေးတယ်။ အပ်ချည်
အဖျားကလေးက ဖွာနေရင် သွားနဲ့ကိုက်ပြီးဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လက်ကလေးနဲ့ သပ်ပြီးချွန်
အောင် လုပ်ရပါဦးမယ်။
အခုလို ပြောပေးနေတာ အပ်နဖားထိုးသင်နေတာ မဟုတ်ပါဘူး။ အလုပ်တစ်ခု လုပ်တဲ့
အခါ ဂရုတစိုက် အာရုံစိုက်ရတာကို ပုံပေါ်အောင် သဘောပေါက်အောင် ပြောတာပါ။ အဲဒီလို
အာရုံစိုက်ရတာဟာ ဂရုစိုက်တာပါ။ ဂရုစိုက်တဲ့အထဲမှာ ညောင်းတာပါသလား၊ နာတာပါသလား၊
ပင်ပန်းတာပါသလား၊ မပါပါ။ 
ဂရုစိုက်တဲ့အထဲမှာ သတိ ပါပါတယ်။ ၀ီရိယ ပါပါတယ်။ ဒီအပေါက်လေးနဲ့ ဒီအပ်ချည်
အဖျားလေးနဲ့ ထိုးတော့မယ်ဆိုရင်၊ ဒီလိုဆို ထိုးလို့ ရနိုင်၊ မရနိုင် ဆုံးဖြတ်နိုင်ရပါတယ်။ အဲဒီလို 
ဆုံးဖြတ်နိုင်ဖို့ကလည်း ဉာဏ်ပါရပါတယ်။ ဂရုစိုက်ရင် သတိပါတယ်၊ ၀ီရိယပါတယ်၊ ဉာဏ်ပါပါ
တယ်။ အပ်နဖားကို အပ်ချည်နဲ့ ထိုးမိအောင် ကြည့်နေတာ သမာဓိ ရှိလို့လည်း သမာဓိ ပါပါတယ်၊
ဂရုစိုက်ရင် သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာ လေးမျိုး ပါပါတယ်။ 
အပ်ချည်ယူပြီးတော့ အပ်နဖားထိုးမယ် ဆိုကတည်းက ကိုယ့်ကိုယ်ကို ထိုးတတ်တယ်။ မ
ထိုးတတ်ဘူးဆိုတာ သိပါတယ်။ အပ်နဖား ထိုးတဲ့အလုပ်ကို “ကိုယ်ထိုးရင် ရမယ်” ဆိုတဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်အလုပ် အောင်မြင်မယ်ဆိုတဲ့ ယုံကြည်မှု သဒ္ဓါမျိုးပါပြီး နေပါတယ်။
ဒါကြောင့် သဒ္ဓါလည်းပါတယ်။ ၀ီရိယလည်းပါတယ်။ သတိလည်းပါတယ်။ သမာဓိလည်း
ပါတယ်။ ပညာလည်းပါတယ်။ အဲဒီ ငါးပါးကို ဗိုလ်ငါးပါးလို့ ခေါ်ပါတယ်။ ဣနြေ္ဒငါးပါးလို့ ခေါ်ပါ
တယ်။ ဒီ ဣနြေ္ဒတွေရှိနေရင် ကုသိုလ်အလုပ်ကို မဖြစ်အောင် တာဆီးဖျက်ဆီးတတ်တဲ့ အကုသိုလ် 
ကိလေသာတွေကို ပေးမဖြစ်ပါဘူး။ ကိလေသာတွေကို ပယ်သတ်နိုင်ပါတယ်။
ဒါကြောင့်တရားအားထုတ်တဲ့အခါ ထိုင်နေစဉ်၊ ရပ်နေစဉ်၊ လျောင်းနေစဉ်၊ လမ်းလျှောက်
နေစဉ်၊ လက်လှုပ်ခြေလှုပ် လှုပ်နေစဉ်၊ ခန္ဓာကိုယ်ငြိမ်နေစဉ် စတဲ့ နေ့စဉ်အလုပ်၊ နေ့စဉ်အမူ
အရာတွေမှာ နေစဉ် အလုပ်အားဖြင့် ဂရုတစိုက် စိတ်ပါလက်ပါ သေသေချာချာအားဖြင့် သဘော
ပေါက်အောင်၊ အမှန်အတိုင်းမြင်အောင်၊ သိအောင် ကြိုးစားရပါမယ်။ ဖြစ်နေစဉ်၊ ပြုနေစဉ်၊ ဖြစ်
တဲ့အခိုက် ပြုတဲ့အခိုက် သဘောတရားတွေကို အထူးအားဖြင့် ကိုယ်ကောင်ကြီးနဲ့ စပ်တဲ့ ရုပ်သ
ဘောတရားတွေကို စိတ်နဲ့စပ်တဲ့ နာမ်သဘောတရားတွေကို အမှန်အတိုင်း သိ၊ သေချာသိအောင် 
အားထုတ်ကြရမှာပါ။
အဲဒီလို နေ့စဉ်အလုပ် နေစဉ် လုပ်သောအားဖြင့် ၀ိပဿနာ တရားကို နည်းမှန် လမ်းမှန်
အားထုတ်ကြရမှာပါ။ မိမိတို့ တရားထိုင်တဲ့အခါ ထိုင်တဲ့သဘောကို စိတ်ပါလက်ပါ ဂရုစိုက်ရပါ
မယ်။ သူတော်ကောင်းတို့ ကလည်း ဒီ တရားသဘောကို နားလည်သဘောပေါက်ကြပြီး “ သိ၊
သေချာသိအောင် ဂရုတစိုက် စိတ်ပါလက်ပါ အားထုတ်နိုင်ကြပြီးလျှင် မြတ်နိဗ္ဗာန်ကို ရရောက်
နိုင်ကြပါစေ ကုန်သတည်း။ ။
{ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော်မူသော နေ့စဉ်အလုပ် နေစဉ်လုပ်တရား}

Friday, March 27, 2015

ငါးရာ့ငါးဆယ်ဇာတ်တော်များသည် ဘုရားဟောဟုတ်ပါသလား



ငါးရာ့ငါးဆယ်ဇာတ်တော်များသည် ဘုရားဟောဟုတ်ပါသလား
===========================================
မေး။ ။ အရှင်ဘုရား ၅၅၀ ဇာတ်နိပါတ်တော်ထဲမှာ .... အမြဲတမ်းပဲ အဇာတသတ် ဟာ ဘီလိမ်ဖြစ်နေတယ် ... ပြီးတော့ သူနဲ့ ပတ်သတ်တဲ့ အာနန္ဒာတို့.. သူ့ ပါတနာတွေကလည်း သူ့ကို အမြဲ ... ပါရမီဖြည့်တဲ့ လူတွေ ဖြစ်နေတယ် .. ဘ၀တိုင်း ဘ၀တိုင်း တွေ့နေရတယ် ... ဒီ ၅၅၀ ဇာတ်နိပါတ်တွေဟာ ဘုရားဟောလား ဒါမှမဟုတ် ... နောင်လာနောက်သားတွေက ပုံပြင်လိုပြောတာလား..
ဗိုလ်ကြီးထွန်းလင်းကျော် (ကထိက)
ပြင်ဦးလွင်မြို့၊ စစ်မှုတက္ကသိုလ်
(အဖြေ) ဒေ၀ဒတ်အလောင်းဟာ ရှည်လျားလှတဲ့သံသရာမှာကျင်လည်စဉ် တစ်ခုသောဘ၀ ရွဲကုန်သည် ဘ၀က စပြီးအလောင်းတော်အပေါ်မှာ စတင်ရန်ငြိုးဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်၊ လူတစ်ယောက်အပေါ်မှာ ရန်ငြိုးဖွဲ့မိပြီ၊ အာဃာတထား မိပြီဆိုရင် ကျေအေးနိုင်ဖို့ တော်တော်ခဲယဉ်းတာကို လူတိုင်းသိကြပါလိမ့်မယ်၊ ထိုအချိန်က စပြီး ဒေ၀ဒတ်အလောင်းဟာ ဘုရားအလောင်းတော်အပေါ်မှာ ဘ၀ပေါင်းများစွာ နှောက်ယှက် နေခဲ့တာလို့ သိရပါတယ်၊ နှောက်ယှက်ဖို့ စိတ်က အားသန်နေတဲ့အတွက် နောက်ဘ၀တွေမှာလဲ အတူတူပဲ ဖြစ်ကြရပါတယ်၊
နောက်တချက်အနေနဲ့လေ့လာလျင် ဘုရားအလောင်းတော်ပါရမီများဖြည့်ဖို့အတွက် ဒေ၀ဒတ်က အနစ်နာ ခံပေးခဲ့ရတယ်လို့လဲ ယူဆနိုင်ပါတယ်၊ “ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း ” ဆိုတဲ့စကားအတိုင်း ရေသစ်တွေစီးဆင်းလာလျင် ရေဟောင်းများက ဖယ်ပေးရမှာပါပဲ၊ သို့သော် ဒေ၀ဒတ်မရှိခဲ့ရင် ဘုရားဖြစ်နိုင်ပါ့မလား လို့ မေးစရာ ရှိတယ်၊ ဗျာဒိတ်ရပြီးသား ဘုရားအလောင်းတော်ဖြစ်တဲ့အတွက် သူကတော့ သူ့လမ်းကြောင်း အတိုင်း ပါရမီ တွေ ဆက်လက်ဖြည့် ဆည်းပြီး အချိန်တန်လျင် ဘုရားတစ်ဆူ ဧကန်ဖြစ်လာမှာပါပဲ၊ ဒေ၀ဒတ်မဟုတ်ခဲ့လျင်လည်း သူ့လိုလူ နောက်တစ်ယောက် ပေါ်လာစရာ ရှိပါတယ်။
သို့သော် လောကကြီးမှာ ကောင်းတာတွေ ဘယ်လောက်လုပ်နေသည်ဖြစ်စေ၊ ကန့်လန့်တိုက်သူ၊ Against လုပ်သူ ဆိုတာ အနည်းအကျဉ်း ရှိစမြဲပဲ၊ ဒါကိုပဲ လောကဓံလို့ သုံးနှုန်းလေ့ရှိကြ တယ်၊ လောကမှာ Foolish & Wise လူဆိုးရှိလျင် လူကောင်း(ပညာရှိ)လဲ ရှိမယ်၊ Black & White အမည်းရှိလျင်အဖြူလဲ ရှိမယ်၊ Evil or Demerit & Merit အကုသိုလ်ရှိလျင် ကုသိုလ်လဲရှိမယ် စသဖြင့် ဒွယံဒွယသဘောတရားနဲ့ ကင်းကွာလို့ မရပါဘူး၊ ဘုရားအလောင်းတော်လည်း ထိုနည်း၎င်းပါပဲ၊ ကိုယ်ကပါရမီတွေ ဘယ်လောက်ဖြည့်နေ သည်ဖြစ်စေ အဖျက်သမားကတော့ တွေ့ကြုံရတာပါ၊ အံ့သြစရာကောင်းတာက ဗုဒ္ဓဒေသနာတွေထဲမှာ ရန်ငြိုးဖွဲ့တာဟာ သံယောဇဉ် ဆယ်ပါးထဲမှာ ပါဝင်ပါသတဲ့၊ ပဋိဃသံယောဇဉ်လို့ခေါ်ဆိုပါတယ်၊ လူတစ်ယောက်ကို မုန်းတီးနာ ကြည်းနေတာဟာလဲ သံယောဇဉ်တစ်မျိုးပါပဲ တဲ့။ ဒါကိုလဲ ဘ၀ပေါင်းများစွာ ဆုံစည်းနိုင်ခြင်း အကြောင်း တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်၊
နောက်တစ်ချက်က လူတစ်ယောက်ဟာ သေခါနီးမှာ တခုခုကိုစွဲလမ်းသေသွားခဲ့လျင် နောက်ဘ၀ လူပြန်ဖြစ်ခဲ့လျင် ထိုအစွဲအလမ်းကြောင့် ပြန်ဆုံစည်းနိုင်တယ်၊ ဒီဘက်ဘ၀က အကျိုးဆက်တွေကို နောက်ဘ၀အထိ ခံစားရတယ် လို့ ဆိုတယ်၊ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်စာအုပ်တအုပ်မှာ ဓားပြဗိုလ် တယောက်ကို ဖမ်းမိလို့အပြစ်ပေးတော့ လက်နှစ်ဖက်ဖြတ်၊ ခြေ ထောက်နှစ် ဖက်ဖြတ်ပြီး ကားစင်မှာ သေစေခဲ့တယ်၊
နောက်မကြာခင်မှာ ကလေးတစ်ယောက်မွေးဖွား လာတော့ မွေးရာပါ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းပါ မလာခဲ့ဘူး၊ မွေးလာတဲ့ကလေးလေးက လူဝင်စားအနေ နဲ့ပြောပြမှ အရင်ဘ၀က သူဟာ ဓားပြဗိုလ်ဖြစ်ခဲ့ တယ်၊ လက်ခြေလေးချောင်းလုံး အဖြတ်ခံရပြီး သွေးထွက်လွန် ကာ သေဆုံးခဲ့ရတယ် လို့ ပြောပြပါသတဲ့၊ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆို တော့ ဒီဘက်ဘ၀က စိတ်၊ စေတသိက်တွေက နောက်ဘ၀ အထိ ဥပနိဿယအနေနဲ့ ပဋ္ဌာန်းနည်းဖြင့် ကျေးဇူးပြုနေတယ်ဆိုတာကိုပါ။
ဗုဒ္ဓဘာသာမှာကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးခံစားရမယ် လို့ ဟောထား တဲ့အတိုင်း အရှင်အာနန္ဒာ တို့ကတော့ ဘ၀တော်တော်များများမှာ ကောင်းတာတွေ လုပ်ခဲ့ကြတာကြောင့် ဘုရားအလောင်းနှင့်သာ ဆုံစည်းခဲ့ကြ တယ်၊ မျှော်လင့်ချက်အနေနဲ့ ဒီဘက်ဘ၀မှာ ကောင်းရင် နောက်ဘ၀ မှာလဲ ကောင်းဖို့မျှော်လင့်နိုင်မယ်၊ ဒီဘ၀မှာ ဆိုးနေ ရင် နောက်တမလွန်မှာ ဘ၀ကောင်းရဖို့ မမျှော်လင့် နိုင်ဘူး၊ ရှားရှားပါးပါးအနည်းစုသာ မျှော်လင့်ခွင့်ရှိပါတယ်၊
ဒါကြောင့်သူတော်ကောင်းတွေဟာ သူတော်ကောင်းအချင်းချင်းတွဲမိတာဖြစ်ပါတယ်၊ အခုမျက်မှောက်ကိုယ့် ပတ်ဝန်းကျင်မှာ လဲ လေ့လာနိုင်ပါတယ်၊ အရက်သမား၊ လောင်းကစားသမားတွေကလဲ သူတို့အချင်းချင်း ပဲ၊ဘုရားတရားကိုင်းရှိုင်းသူ တွေကလဲ သူတို့အချင်းချင်းသာ တသက်တာ မိတ်ဆွေများအဖြစ် ပေါင်းသင်းနိုင် ကြပါတယ်၊ ဒါကြောင့် ဒီလူတွေပဲဘ၀တိုင်း ဆုံရတာဖြစ်တယ်။
၅၅၀ ဇာတ်တော်များဘုရားဟော ဟုတ်/မဟုတ်ကို ရှေးဦးစွာဥပမာလေးနဲ့ ရှင်းပြချင်ပါတယ်၊ ဆိုပါစို့.. မိခင်တစ်ယောက်က မီးဖွားလာတယ်၊ ကလေးမွေးပြီးမကြာခင်မှာ မိခင်က သေဆုံးသွားပြီ၊ ကလေးကတော့ အသက်ရှင်ကျန်ရစ်ခဲ့ တယ်ပေါ့၊ နောင်တချိန်ကလေးငယ်ကြီးပြင်းလာတဲ့အချိန်မှာ မင်းအမေဟာ ဒေါ်ဘယ် သူ၊ အသက် ဘယ်လောက် စသည်ဖြင့် ပတ်ဝန်းကျင်က ၀ိုင်းဝန်းပြောပြကြတယ်၊ အဖေကလဲ ထောက်ခံ တယ်၊ ဆွေမျိုးအားလုံးကလဲ ထောက်ခံတယ်ပေါ့၊
အဆိုပါကလေးဟာ လက်ခံသည့်အတိုင်းလဲအကြောင်းအရာ၊အချက်အလက်၊ သက်သေအထောက်အထား ခိုင်လုံနေ တာကိုလည်း တွေ့ရတယ်၊ အဲဒါကြောင့် ဘယ်သူမှလည်း သူ့ရဲ့ မိခင်ရင်းမဟုတ်ပါဘူး ဆိုတာ စောဒကမတက်ခဲ့ကြဘူး၊ တကယ်လို့သာ မိခင်အစစ် မဟုတ်ခဲ့ဘူးဆိုလျင်… အကြောင်းအရာ၊ အချက် အလက်မခိုင်လုံခဲ့ဘူးဆိုလျင် ပတ်ဝန်းကျင်က လက်ခံနိုင်မှာ မဟုတ်ပါဘူး.. ၀ိုင်းပြီးငြင်းခုံကြပါလိမ့်မယ်.. ဒီဥပမာအတိုင်းဘဲ..
၅၅၀ ဇာတ်တော်ထဲမှာပါတဲ့ ဘုရားရှင်ရဲ့စကားတော်တွေကို ရဟန္တာမထေရ်မြတ်ကြီးများက လက်ဆင့်ကမ်း ကျက်မှတ်သယ်ဆောင် ခဲ့ကြတယ်၊ မူရင်းပါဠိဘာသာ၊ သက္ကဋ၊ဆန်စကရစ်၊ သီဟဠ ( သီဟိုရ်) မှ ရဟန္တာ မထေရ်ကြီး အရှင်မဟာဗုဒ္ဓဃောသ ကနေတဆင့် သီဟိုရ်ဘာသာမှ ပါဠိဘာသာကို ပြန်ပြောင်းရေးသားခဲ့ တယ် လို့ သမိုင်းများအရ သိရပါတယ်၊
အကယ်၍သာ ထိုဒေသနာတော်များ မမှန်ကန်ဘူး၊ ဘုရားစကားတော်၊ အာဘော်နှင့် မညီညွတ်ဘူးဆိုလျင် သမိုင်းအဆက်ဆက် အရှေ့တိုင်း၊ အနောက်တိုင်းမှ ပညာရှင်များ၊ ထေရ၀ါဒနိုင်ငံများမှ ပညာတတ်အကျော် အမော်ဆရာတော်ကြီးများတို့က ကန့်ကွက်ကြလိမ့်မယ်၊ ပယ်မြစ်ကြလိမ့်မယ်၊ ထိုသို့သော ဆန့်ကျင်မှုမျိုး သမိုင်းအဆက်ဆက် ကျမ်းစာတစ်စောင်၊ စကားတစ်ခွန်းမျှ မကြားခဲ့မိဘူး၊ မှတ်တမ်းမရှိခဲ့ဘူး၊
အခုခေတ်အနေဖြင့် နှိုင်းယှဉ်ပြရလျင် ဒီပနီကျမ်းပြုအကျော် လယ်တီဆရာတော်ကြီး၏ ဒီပနီစာအုပ်များ၊ မဟာစည်ဆရာတော်ကြီး ၏ ၀ိပဿနာဆိုင်ရာ စာအုပ်များဟာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဆန့်ကျင်တာ မတွေ့ခဲ့ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်၏ နှုတ်တော်ထွက် စကားများ၊ ဒေသနာတော်များနှင့် အကြောင်းရောအကျိုးပါ အားလုံးကိုက်ညီနေတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။
ဇာတ်တော်ငါးရာ့ငါးဆယ်ဇာတ်တော်များသည်တလုံးမကျန်ဘုရားဟောဒေသနာဟုကားမဆိုနိုင်ပါ၊ “စာတစ်လုံး၊ ဘုရားတစ်ဆူ” ဆိုသည့်အတိုင်းဘုရားရှင်၏နှုတ်ထွက်စကားတော်များပါဝင်နေသော ပါဠိတော် များ ကို နောက်လူအများအသေးစိတ်လေ့လာ နိုင်ရန် တန်ဆာဆင်ကာ အကျယ်ချဲ့ဟော ကြား ထားခြင်း ဖြစ်ပါကြောင်း ဖြေကြားလိုက်ရပါသည်။
အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ) ဖြေကြားသည်၊