ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ရှုတိုင်းတာခြင်း။
==========
လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ကလေးတွေ ရှိနေကြပါတယ်။ သို့သော် ဘ၀နဲ့ပတ်သက်
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။
ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “ အေး .. တို့ရထားတဲ့ ဘ၀ဟာ သာတောင့်သာ
ယာရှိတယ်။ အင်မတန်မှ ကောင်းတယ်လို့ ဘ၀ကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ဘ၀မှာ
အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကျတော့ အိုး.. ဘ၀ကြီးကလည်း ငြီးငွေ့စရာကောင်းလိုက်တာ” တဲ့။
ဒီလို ဘ၀ကနေ ထွက်ပြေးချင်တဲ့ စိတ်တွေ ပေါ်လာလောက်အောင် ဘ၀ကို စက်ဆုပ်ရွံမုန်းတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိတယ်။
ထို နှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာစဉ်းစားကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်
မျိုး မဟုတ်ဘူး။ ဘ၀ကို လှတယ်၊ ပတယ်၊ သာယာတယ်၊ ပျော်စရာကောင်းတယ်လို့ ဆိုတဲ့
ပုဂ္ဂိုလ်တွေက ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း ဒီ့ထက်ကောင်းတဲ့ ဘ၀ကို မျှော်လင့်တောင့်
တပြီးတော့ ကောင်းသထက် ကောင်းတဲ့ ဘ၀ကို ဆုတောင်းပြီးတောင် ယူကြတယ်။ အင်မတန်
တိုတောင်းတဲ့ ဘ၀ကလေးတောင်မှ တချို့ပုဂ္ဂိုလ်များက ဘ၀ဟာ အင်မတန်တိုတယ်၊ ရနိုင်သမျှ
ပျော်စရာကလေးတွေရှာပြီး ပျော်ပါးနေရမယ်။ ပျော်ပျော်နေ သေခဲလို့ဆိုပြီးတော့ ယစ်မူးပျော်ပါး
ပြီး နေကြတယ်။
လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာချည်း တွေ့တာမဟုတ်ဘူး။ အကောင်း
ထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။ ဘ၀ဆိုတာ အကောင်းအဆိုး
ရောနေတာ။ ဗုဒ္ဓစာပေမှာ “အဿာဒ” နှင့် “အာဒီန၀” ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ
ကျေနပ်စရာ၊ ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက်စရာတွေကို “အဿာဒ” လို့ ခေါ်တယ်။
အဲဒီ သာယာမှုလေးတွေဟာ ထာဝရ မဟုတ်ဘူး။ ခဏကလေးဘဲ၊ မတည်မြဲဘူး၊ ယခု ပျော်ရွှင်
စရာတွေ့ပေမယ့် တော်ကြာ ပျော်ရွှင်စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ်စရာ
မကောင်းတဲ့အချက်ဘဲ။ “အာဒီန၀” လို့ ခေါ်တယ်။
တချို့ကျတော့ ဘ၀ကြီးနဲ့ ပတ်သက်ပြီး အဆင်မပြေကြဘူး။ အဲဒီဘ၀ကြီးနဲ့ ပတ်သက်ပြီး
ကျေနပ်နှစ်သက်မှု မရရှိတော့ ဘ၀ကြီးကနေ ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုလုပ်ပြီးတော့ လက်ရှိဘ၀က ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်
တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘ၀ကို ငြီးငွေ့စရာကြီး၊ စိတ်ပျက်စရာကြီးလို့ မြင်ကြတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ “အဿာဒ” လို့ဆိုတဲ့ သာယာစရာတွေ
နှစ်သက်စရာတွေ ရှိသလို “အာဒီန၀” လို့ဆိုတဲ့ အဆိုးအပြစ်တွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့
ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ “ဘ၀အသွင်ကို ဓမ္မအမြင်” နဲ့ မြင်တယ်လို့
ပြောပါတယ်ဆိုတာ သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့ တတွေကလည်း ကျင့်ကြံအား
ထုတ်နိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
0 comments:
Post a Comment