Thursday, June 11, 2015

ရဟန္တာကိုရင်ကစားသေးလားဘုရား



ရဟန္တာကိုရင်ကစားသေးလားဘုရား
===================
တစ်နေ့သောနေ့လည်ခင်းတွင် ဖြစ်၏။ မိမိသည် ခြေထောက်နာသဖြင့် ခြေထောက်ကို မြန်မာစုတ်ဆေးနှင့် ကိုယ့်ဘာသာကိုယ် ထိုးနေသည်။ ထိုစဉ်မှ အမှတ်မထင် တရားနာပရိသတ်မှ ဒကာတစ်ယောက် ရောက်ရှိလာပြီးလျှင် ပြဿနာပေါ်လာသည် -
“ရဟန္တာကိုရင်ကစားသေးလားဘုရား”
“ဟာ. . .ဘဘယ်ကလာ ကတ်သီးကတ်သပ် ရဟန္တာကိုရင် ကစားရမလဲ”
“ဦးပဉ္ဇင်းကသာ မကစားဘူးပြောတယ်၊ တပည့်တော်က နိုင်ငံကျော်စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲမှာ သေသေချာချာ ဖတ်ဖူးတယ်ဘုရား”
“အို. . . နိုင်ငံကျော်စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲ ဖတ်ဖူးတာနဲ့ ရဟန္တာကိုရင် ကစားတယ်ဆိုတာ မှန်ရရောလား”
“မမှန်ဘူးလားဘုရား”
“ဘယ်ကလာ မှန်မှာလဲ၊ အကြီးအကျယ်မှားတယ်”
“ဦးပဉ္ဇင်း ဒါဖြင့် ရဟန္တာကိုရင် ကစားတယ် မကစားဘူးဆိုတဲ့ ပြဿနာကို အတိအကျ ဖြေရှင်းပေးပါလားဘုရား”
“ဖြေရှင်းပေးဖို့ ပြဿနာအစအနတော့ ပြောပြဦးမှပေါ့”
“ဘယ်လို အစအန ပြောရမှာလဲဘုရား”
“ဘယ်ရဟန္တာကိုရင် ဘယ်မှာကစားတယ်ဆိုတာတော့ ပြောမှပေါ့၊ ဒါမှ တွေးတောဆင်ခြင် ထောက်ဆစရာရှာပြီး ဖြေရှင်းနိုင်မှာပေါ့”
“သြော် .. ဟုတ်သားပဲဘုရား၊ အဲဒါတပည့်တော်ချွတ်ယွင်းချက်ပါပဲဘုရား၊ ဟိုကိုရင်ဘုရား၊ ရှင်ပေါဋ္ဌိလကြီးကို တရားပြတဲ့ ရဟန္တာကိုရင်ပေါ့ ကစားတာ”
“ကဲ. . .ပြောစမ်းပါဦး၊ ကစားပုံကို၊ ဘယ်ပုံကစားသလဲ”
“ရှင်ပေါဋ္ဌိလကြီးတောထဲရောက်တော့ ထေရ်ကြီးတွေက ကမ္မဋ္ဌာန်းမပေးဘဲ “မီးတင်းကုတ်တွင် ခုနှစ်နှစ်အရွယ်မျှသာ ရှိသေးသော ကစားနေသည့် သာမဏေထံသို့ ညွှန်လိုက်၏” လို့ ကစားပုံတွေ့တယ်ဘုရား”
“ဒီရှင်ပေါဋ္ဌိလကြီးနှင့် ပတ်သက်ပြီး အမျိုးမျိုး ကိုယ်လိုသလို ဆွဲပြောနေကြတယ်၊ ခုလည်း ကိုရင်နဲ့ လိုသလို ဆွဲပြောပြန်ပြီ”
“အဲဒါ အရှင်ဘုရား ရှင်းပေးပါလားဘုရား”
“ကဲ. . .နားထောင်၊ မူရင်း ဓမ္မပဒအဋ္ဌကထာအတိုင်း ရှင်းပြပေးမယ်”
“ရှင်းပါဘုရား”
ရှင်ပေါဋ္ဌိလ
“ရှင်ပေါဋ္ဌိလကြီးဟာ ဝိပဿီဘုရားရှင်မှ စ၍ ယခုဘုရားရှင်တိုင် ဘုရားရှင် ၇-ဆူ သာသနာတော်မှာ ပိဋကတ်သုံးပုံဆောင် ရဟန်းငါးရာတို့၏ စာချချည်းဖြစ်ခဲ့တယ်၊ ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ပဲ၊ သို့သော် အရှင်မြတ်ဟာ ဝိပဿနာတရားအား မထုတ်ဘူး၊ ဒါကို ဘုရားရှင်သိလို့ စဉ်းစားတယ်-
“ဤပေါဋ္ဌိလရဟန်းအား မိမိ၏ဒုက္ခမှ လွတ်မြောက်ရေးကို ပြုကျင့်အံ့ဟု စိတ်မျှ မဖြစ်ဘဲရှိ၏။ သူ့ကိုထိတ်လန့်သံဝေဂဖြစ်စေအံ့”
“အဲဒီလို စဉ်းစားကြံစည်ပြီး ရှင်ပေါဋ္ဌိလကြီး ဘုရားရှင်ထံ လာတိုင်းပြန်တိုင်း ဘုရားရှင်က ခေါ်တယ်-
“အချည်းနှီးသော ပေါဋ္ဌိလ လာလော့၊ အချည်းနှီးသော ပေါဋ္ဌိလ ထိုင်လော့၊ အချည်းနှီးသော ပေါဋ္ဌိလ သွားလော့၊ အချည်းနှီးသော ပေါဋ္ဌိလ သွား၏”
“အဲဒီလို ခေါ်ဝေါ်ပြောဆိုတော့ ရှင်ပေါဋ္ဌိလကြီးက စဉ်းစားတယ်-
“ငါသည် အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိုဆောင်တယ်၊ ရဟန်းငါးရာတို့၏ ဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ စာချလည်း ဖြစ်တယ်၊ သို့ ပါလျက် ငါ့ကို ဘုရားရှင်က မပြတ်ပင် အချည်းနှီးသော ပေါဋ္ဌိလ လို့ခေါ်တယ်၊ စင်စင် ငါ့ကို ဈာန်မဂ်ဖိုလ် စသော တရားထူးမရှိလို့ ဒီလိုခေါ်တာပဲ”
“ရှင်ပေါဋ္ဌိလကြီးဟာ အဲဒီလိုစဉ်းစားပြီး ထိတ်လန့်သံဝေဂဖြစ်သွားတယ်၊ ဆုံးဖြတ်ချက်လည်း ချတယ်-
“အရညံ ပဝိသိတွာ သမဏဓမ္မံ ကရိဿာမိ=တောသို့မြန်း၍ ရဟန်းတရားကို အားထုတ်ပါတော့အံ့”
“ယင်းသို့ ဆုံးဖြတ်ပြီး သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းနှင့် တောထွက်ခဲ့တယ်၊ ယူဇနာ ၁၂၀-ဝေးသော ရဟန္တာ၃၀၊ သီတင်းသုံးတဲ့ တောကျောင်းတစ်ကျောင်း ရောက်တယ်၊ ရောက်တာနဲ့တစ်ပြိုင်နက် အကြီးဆုံး အရှင်မြတ်ကို ချဉ်းကပ်ရှိခိုးပြီး လျှောက်တယ်-
“အရှင်ဘုရား၊ တပည့်တော်၏ မှီခိုရာဖြစ်တော်မူပါဘုရား”
“ငါ့ရှင်သင်သည် စာချဓမ္မကထိက ဖြစ်၏၊ ငါတို့ကတောင်မှ ငါ့ရှင်ကိုမှီ၍ တစ်စုံတစ်ရာသိစရာကို မေးရဦးမှာ၊ ဘယ့်ကြောင့် ငါ့ရှင် ဒီလိုပြောရသလဲ”
“အရှင်ဘုရား ဤသို့မပြောပါနဲ့ဘုရား၊ တပည့်တော်၏ မှီခိုရာ ဖြစ်တော်မူပါဘုရား”
အရှင်မြတ်ကြီးသည် ရှင်ပေါဋ္ဌိလကြီးတွင် ပရိယတ္တိကို အမှီပြု၍ မာန်မာနရှိနေသည်ကို သိသဖြင့် မာနကျစေခြင်းငှာ အရှင်မြတ်ကြီးအောက် ငယ်သည့်မထေရ်ထံသို့ ညွှန်းလိုက်၏။ ရှင်ပေါဋ္ဌိလကြီးသည် သွား၏။ ယင်းထေရ်က နောက်တစ်ပါးထံ ညွှန်းပြ၏။ ဤနည်းဖြင့် အဆင့်ဆင့်ညွှန်းရာ နောက်ဆုံးနေ့သန့်ရာတွင် သင်္ကန်းချုပ်နေသော ၇-နှစ်သား ကိုရင်ကလေးထံသို့ ရောက်သွားလေ၏။
“ဟင်. .. ဘယ်မှာလဲ ရဟန္တာကိုရင်ကလေး ကစားတာ၊ သင်္ကန်းချုပ်နေတာပဲဟာ”
“အဲဒါကြောင့် ပြောတာပေါ့၊ နိုင်ငံကျော်စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲ ဖတ်ဖူးတာနဲ့ မှန်ရော့လားလို့”
“ဆက်ပြီးရှင်းပြပါဦးဘုရား”
“အဲဒီလိုရောက်သွားတော့ ရှင်ပေါဋ္ဌိလကြီးကလည်း မာန်မာနမှ မရှိဘဲဟာ ကိုရင်ကလေးရဲ့ရှေ့မှာ လက်အုပ်ချီးပြီး လျှောက်ပြန်တယ်-
“သူတော်ကောင်း အကျွန်ုပ်ကို မှီခိုရာဖြစ်ပါလော့”
“နေပါဦးဘုရား၊ ကြားဖြတ်မေးပါရစေ၊ ကိုရင်ကလေးကိုရှင်ပေါဋ္ဌိလကြီးက ရှိခိုးတယ်ပေါ”
“ရှိခိုးတာမဟုတ်ဘူး၊ လက်အုပ်ချီပြီး အရိုအသေပြုတာပေါ့၊ ရှိခိုးတာနဲ့ လက်အုပ်ချီတာ တစ်ခြားစီပဲ၊ အိန္ဒိယယဉ်ကျေးမှုမှာဆိုယခုတိုင်ရှိတယ်၊ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် လက်အုပ်ချီ နှုတ်ဆက်လေ့ရှိတယ်”
“ကဲ. . .ရှင်းပါပြီဘုရား၊ ဆက်ရှင်းပါဦး”
အဲဒီလို ရှင်ပေါဋ္ဌိလကြီးက လျှောက်တော့ ကိုရင်လေးက ပြန်ပြောတယ်-
“ဆရာ အံ့ဖွယ်ရှိပေစွဘုရား၊ ဘယ့်ကြောင့် ဒီလိုပြောရတာလဲဘုရား၊ အရှင်ဘုရားတို့သည် ကြီးပါကုန်၏၊ ဗဟုသုတလည်း ရှိပါကုန်၏၊ အရှင်ဘုရားတို့၏ အထံမှာပင် တပည့်တော်တို့ သင်စရာတွေကို သင်ရမှာပေါ့ဘုရား”
“သူတော်ကောင်း ဤသို့မပြောပါနှင့်၊ အကျွန်ုပ်၏ကိုးကွယ်ရာ ဖြစ်ပါလော့”
“အရှင်ဘုရား၊ အကယ်၍ ဆုံးမတိုင်း နာယူလိုက်နာနိုင်သည်ဖြစ်အံ့၊ အရှင်ဘုရား၏ မှီခိုရာဖြစ်ပါမည်”
“သူတော်ကောင်း ဆုံးမတိုင်း နာယူလိုက်နာပါမည်၊ မီးပုံကြီးထဲ ဆင်းဆိုလျှင် ဆင်းပါမည်”
“ဒီလိုဆိုရင်အရှင်ဘုရား ယခု ဝတ်ရုံထားသည့်အတိုင်း ဤရေအိုင်သို့ ဆင်းပါလော့”
ကိုရင်ကလေးသည် သင်္ကန်းသုံးထည်နှင့် လာသောအဖြစ်ကို သိလျက် အဆုံးအမကို လိုက်နာပြုကျင့် မပြုကျင့်သိရန် စုံစမ်းလို၍ ရေအိုင်ကိုညွှန်ပြ၍ ဆင်းခိုင်းလိုက်ခြင်း ဖြစ်၏။ ရှင်ပေါဋ္ဌိလကြီးလည်း တစ်ခွန်းတည်းနှင့်ပင် ဆင်းလိုက်သည်။ ပြန်မမေး၊ သင်္ကန်းစွန်း ရေစွတ်သောအခါမှ ကိုရင်ကလေးက ခေါ်လိုက်သည်-
“အရှင်ဘုရား ကြွပါဘုရား”
ရှင်ပေါဋ္ဌိလကြီးသည် တစ်ခွန်းတည်းနှင့်ပင် ပြန်ကြွလာပြီး ရပ်နေတယ်၊ ထိုအခါ ကိုရင်ကလေးက ကမ္မဋ္ဌာန်းပေးတယ်-
“အရှင်ဘုရား တောင်ပို့တစ်ခုမှာ အပေါက် ၆-ပေါက်ရှိပါတယ်၊ အဲဒီတောင်ပို့သို့ အပေါက်တစ်ပေါက်မှဖွတ်တစ်ကောင် ဝင်သွားပါတယ်၊ အဲဒီဖွတ်ကို ဖမ်းလိုပါလျှင် ကျန်သည့်ငါးပေါက်ကို ပိတ်ပြီး ၆-ခုမြောက်ဝင်သည့် အပေါက်မှ ဖမ်းယူရပါတယ်၊ အဲဒီဥပမာ အတူပါပဲ၊ အရှင်ဘုရားတို့သည် ဒွါရ ၆-ပါး , တံခါး ၆-ပေါက်တို့တွင် ဒွါရ ၅-ပါး , တံခါး ၅-ပေါက်တို့ကို ပိတ်၍ မနောဒွါရဖြင့် ကမ္မဋ္ဌာန်းတရား ရှုပွားတော်မူကြပါကုန်ဘုရား”
ရှင်ပေါဋ္ဌိလကြီးသည် ဗဟုသုတရှိ ကျမ်းဂန်တတ်ပုဂ္ဂိုလ်ဖြစ်သည်။ ဤမျှဖြင့် ဆီမီးထွန်းညှိပြသကဲ့သို့ လင်းသွားသည်။ ရှင်းသွားသည်။ သို့နှင့် လျှောက်သည်-
“သူတော်ကောင်း ဤမျှဆို တော်လောက်ပါပြီ”
ရှင်ပေါဋ္ဌိလကြီး ယင်းသို့လျှောက်ပြီး မိမိ၏ ကရဇကာယ ခန္ဓာကိုယ်အတွင်း ဉာဏ်သွင်း၍ ရဟန်းတရားကို အားထုတ်တော့၏။
“နေပါဦးဘုရား၊ မေးပါရစေဦး၊ ရှင်ပေါဋ္ဌိလကြီးက ဒီလောက် စာတတ်ပါလျက်သားနှင့် သူ့ဘာသာသူအားမထုတ်တတ်လို့ နည်းခံမေးမြန်းရတာလား”
“သူ့ဘာသာသူအားထုတ်တာပေါ့၊ သို့မဟုတ် ဆရာသမားနဲ့ အားထုတ်တော့ ဆရာသမားအပေါ် လေးစားမှုကြောင့် မြန်မြန်တရားရနိုင်တယ်၊ ကိုယ့်ဘာသာကိုယ်ဆိုတော့ မလေးစားဘူး၊ ပေါ့တယ်၊ တော်တော်နှင့်မရနိုင်ဘူး၊ ဒါကြောင့် နည်းခံ အားထုတ်တာပဲ၊ အားမထုတ်တတ်လို့ မဟုတ်ဘူး၊ နည်းပြောတော့ အစအနပဲရှိသေးတယ်၊ အားထုတ်တတ်လို့ အားထုတ်နေပြီ၊ စာမတတ်သူကို အဲဒီလောက် နည်းပြောရုံနဲ့ အားထုတ်တတ်ပါ့မလား”
“ဘယ်အားထုတ်တတ်မလဲဘုရား”
“အဲဒီလို ရှင်ပေါဋ္ဌိလကြီး တရားအားထုတ်နေတော့ဘုရားရှင်က ဇေတဝန်ကျောင်းတော်ကမြင်၍ သြဘာသရောင်ခြည်တော်လွှတ်ပြီး တရားဟောတယ်-
“ကမ္မဋ္ဌာန်းတရား ကြိုးစားပွားများခြင်းကြောင့် စင်စစ် ပညာတိုးပွား၏၊ ကမ္မဋ္ဌာန်းတရား မကြိုးစား မပွားများခြင်းကြောင့် ပညာကုန်ခန်း ဆုတ်ယုတ်၏။ ပညာပွားခြင်း၊ ဆုတ်ယုတ်ခြင်း ခရီးနှစ်ဖြာ လမ်းနှစ်မြွာကို သိပြီး၍ ပညာတိုးပွားသော အခြင်းအရာဖြင့် မိမိကိုယ်ကို သွင်းထားရာ၏”
“အဲဒီတရားလည်း ဆုံးရော ရှင်ပေါဋ္ဌိလကြီးလည်း ရဟန္တာအရှင်မြတ်ဖြစ်သွားတယ်”
“ဒါနဲ့ စာတတ်ရင် စာခံတယ်ဆိုဘုရား၊ စာခံလို့တရားရကြာတယ် ပြောပါလား၊ ခုတော့စာတတ်တဲ့ ရှင်ပေါဋ္ဌိလကြီး တရားအားထုတ်တာ ခဏကလေးနဲ့ တရားရသွားပါလား”
“ဘယ်ကလာ ကတ်သီးကတ်သပ် စာခံရမှာလဲ၊ စာခံတယ်ပြောတဲ့ ဆရာတွေဟာ အများအားဖြင့် စာမတတ်သူတွေ ဖြစ်တယ်၊ စာတတ်သော်လည်း အလုပ်မတတ်သူတွေ ဖြစ်တယ်၊ အလုပ်တတ်သော်လည်း စာနဲ့ အလုပ်နဲ့ မဟပ်သူတွေဖြစ်တယ်၊ ဒါကြောင့် စာတတ်တဲ့ပုဂ္ဂိုလ်တွေ အားထုတ်လာရင် သူတို့နှင့်အဆင်မပြေချင်ဘူး၊ ဒါ့ကြောင့် သူတို့နာမည်မပျက်အောင် စာတတ်သူကို ကန်ထားတာပဲ”
“ဒီလိုဆို ဒီဆရာတွေ ဘယ်ရိုးသားမလဲဘုရား”
“ရိုးလား မရိုးလားတော့ သူတို့ဘာသာသူတို့ အသိဆုံးပဲ၊ ဘေးကလူကတော့ ဘယ်သေသေချာချာ သိမလဲ”
“စာတတ်သူတွေကို ကန်တယ်ဆိုတာကတော့ ဟုတ်တယ်ဘုရား၊ တပည့်တော်ကြားဖူးတယ်၊ တရားအားထုတ်သူတွေမှာ ဒကာမတွေက နံပတ်တစ်တဲ့၊ ဒကာတွေက နံပတ်နှစ်တဲ့၊ ရဟန်းတော်တွေက နံပါတ်သုံးတဲ့”
“အဲဒါ နံပါတ်လေးမရှိလို့ နံပါတ်သုံးပြောတာ၊ နံပါတ်လေးရှိရင် လေးတောင်ပြောဦးမှာ၊ အဲဒီလိုဌာနကို ဘယ်တော့မှ သွားအားမထုတ်နဲ့၊ မဟုတ်ဘူး၊ မမှန်ဘူး၊ ညာနေတာ”
“တပည့်တော်လည်း ရဟန္တာကိုရင်ကလေး ကစားသေးလားဆိုတာနဲ့ပတ်သက်ပြီး အများကြီး ဗဟုသုတရသွားတယ် ဘုရား၊ ကျေနပ်ပါပြီဘုရား၊ ခွင့်ပြုပါဦးဘုရား”
* မဟုတ်တရား၊ ပြောရေးသား၊ လေးပါးအပါယ် ရောက်မည်နော်။
* အမှန်တရား၊ ပြောရေးသား၊ ရောက်ငြား နိဗ္ဗာန်ချမ်းသာနော်။
ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ပထမတွဲ” မှ ကူးယူဖော်ပြသည်။
— သိန်းနိင်အုန်း၊ ဖေ့ဘုတ်မှတဆင့်
c/o ( MS )

0 comments:

Post a Comment