ရန်ညိုး
====
ဘုရားရှင်သည် ပါရမီရှိသူကို တရားဟောပြ ချွေချွတ်ရာ၌ ထိုတရားစကားကို အကြောင်းပြု၍ အခြားတစ်ယောက်သည် ရန်းညိုးထားကာ မုန်းစေဦးတော့။ ထိုအရာကို ဂရုမပြုဘဲ၊ ဘုရားရှင်သည် ပါရမီပြည့်သူမှန်လျှင် ကယ်တင်ခဲ့သည် သာတည်း။
ကုရုတိုင်းရှိ ရွာတရွာတွင် မာဂဏ္ဍီအမည်ရှိ ပုဏ္ဏားကြီးတဦးရှိလေသည်။ သူတို့၏ မျိုးရိုးကို အစွဲပြု၍ တဆွေလုံး တမျိုးလုံး မာဂဏ္ဍီဟူ၍ပင် အမည်တွင် ကြသည်။ ထိုပုဏ္ဏားကြီးတွင် သမီးတဦးရှိသည်။ မာဂဏ္ဍီဟူ၍ပင် ခေါ်သည်။ ထိုသမီး မာဂဏ္ဍီသည် အလွန်လှပချောမောသည်။ ထို့ကြောင့် အမျိုးကောင်း သားတို့က တောင်းရမ်းလာကြသော်လည်း ဖခင်ပုဏ္ဏားကြီးက လက်မခံခဲ့ပေ။ “သင်တို့နှင့် တန်သလော”ဟု ကြိမ်းမောင်း၍သာ လွှတ်၏။
တနေ့သ၌ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ တို့ ကျွတ်တမ်း ဝင်မည့်အရေးကို ရှုမြင်တော်မူသည်။ ထို့ကြောင့် ထိုရွာ၏ ပြင်ပ တွင်ရှိသော ပူဇော်ရာဌာနသို့ တပါးတည်း ကြွချီလာသည်။ မာဂဏ္ဍီ ပုဏ္ဏား ကြီးသည် ဘုရားရှင်၏ တင့်တယ်သပ္ပါယ်လှသော ရုပ်သွင်ကို မြင်သောအခါ လွန်စွာနှစ်သက်သွားသည်။
“အရှင်ရဟန်း၊ ကျွန်ုပ်၌ သမီးတယောက် ရှိပါသည်။ ကျွန်ုပ်၏သမီးသည် အရှင်ကဲ့သို့သော ယောက်ျားမြတ်နှင့်သာ ထိုက်တန်ပါသည်။ အရှင်မြတ်အား ကျွန်ုပ်၏သမီးကို ပေးဆက်လိုပါသည်။ ဤနေရာ၌ ခေတ္တစောင့်ပါ”ဟုဆိုကာ ရွာတွင်းသို့ ပြန်ဝင်သွားသည်။ သမီးကို ပြန်ခေါ်သည်။
မာဂဏ္ဍီမိသားစုတို့ ရွာမှ ထွက်လာကြသောအခါ ရွာသားများလည်း အတူ လိုက်ပါလာကြသည်။ ပုဏ္ဏားကြီး နှစ်သက်သူမှာ မည်သို့ရုပ်သွင်ရှိသည်ကို အကဲခတ်ရန်ဖြစ်သည်။ ဘုရားရှင်ကား ပုဏ္ဏားကြီးစောင့်ခိုင်းသော နေရာတွင် မနေ၊ ခြေတော်ရာကို ထင်စေလျက် အနီးရှိ အခြားတနေရာသို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ မာဂဏ္ဍီပုဏ္ဏေးမကြီးသည် ဘုရားရှင်၏ ခြေတော်ရာ ကို ဖူးမြင်ရသောအခါ သေချာစွာ စစ်ဆေးကြည့်ရှုသည်။ သူမသည် ဗေဒင် လည်းတတ်သည်။ လက္ခဏာခြေခဏာဖတ်နည်း အတတ်ကိုလည်း တတ် သည်။ သို့ဖြင့် ပုဏ္ဏားကြီးအား
“အမောင် ဤခြေရာရှင်သည် ကာမဂုဏ်ခံစားသူ၏ ခြေရာမဟုတ်ပါ”ဟု ဆို၏။ ပုဏ္ဏားလည်း ပုဏ္ဏေးမအား တိတ်ဆိတ်စွာနေရန် မာန်မဲပြောဆိုသည်။ ဘုရားရှင် သီးတင်းသုံးသော နေရာသို့ သွားရောက်လေသည်။
“အရှင်ရဟန်း၊ ကျွန်ူပ်၏သမီးကို အလုပ်အကျွေးအဖြစ် ပေးပါ၏” ဟု လျှောက်ထား၏။
ဘုရားရှင်က “မိမိသည် ဘုရားမဖြစ်ခင်ဝယ် မဟာဗောဓိပင်အနီး ဆိတ်ကျောင်း ညောင်ပင်အောက်၌ သီတင်းသုံးစဉ် တဏှာ၊ အရတီ၊ ရာဂါ မည်သော မာရ်နတ် မင်း၏ သမီးသုံးယောက်တို့ လာရောက်မြူ ဆွယ်ခဲ့ပုံကို” ဟောပြတော်မူသည်။ ထို့နောက် “အသင်ပုဏ္ဏား မာရ်နတ်မင်း၏ သမီး သုံးယောက်ကိုမျှ ငါဘုရား အလိုမရှိခဲ့ပါ။
ဤကျင်ကြီး ကျင်ငယ်တို့ ပြည့်နေ သော ဤမာဂဏ္ဍီသူငယ်မကို အဘယ်မှာ အလိုရှိပါမည်နည်း။ သင့်သမီး မာဂဏ္ဍီကို ခြေဖြင့်ပင် မထိလိုပါ”ဟု မိန့်ဆို၍ ငြင်းပယ်လိုက်သည်။ ပုဏ္ဏား လင်မယားကို ဆက်လက်၍ တရားဟောပြောခဲ့သည်။ ထိုတရားအဆုံး၌ မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် တရားထူးရသွားကြသည်။
သမီးမာဂဏ္ဍီကား တရားမရပေ။ ‘မိမိအား ချိုးချိုးဖဲ့ဖဲ့ ပြောသည်’ဟူ၍ ဘုရားရှင်ကို ရန်ငြိုးကြီးစွာ ဖွဲ့ခဲ့လေသည်။ မကြာမီပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ တို့သည် သာသနာတော်၌ ရဟန်းပြုကြလေသည်။ ထို့နောက် ညီဖြစ်သူ စူဠ မာဂဏ္ဍီထံ သမီးကို အပ်နှံထားခဲ့ကြသည်။ စူဠမာဂဏ္ဍီသည် ဥတေနမင်းကြီး၏ ရှေ့တော်မှောက်သို့ ဝင်ရောက်၍ သမီးမာဂဏ္ဍီကို ဆက်သလေသည်။ ဥတေန မင်းကြီးသည် မာဂဏ္ဍီ၏ လှပတင့်တယ်သော ရုပ်သွင်ကို နှစ်သက်သွားသည်။ ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ မိဖုရားကြီးအရာ၌ ထားလေသည်။
မာဂဏ္ဍီ၏ အကြံဆိုး
မြို့ထဲတွင်ရှိသော လူဆိုးလူမိုက် အရက်သမားတို့ကို လာဘ်ထိုးကာ မြို့တွင်းသို့ “ရဟန်းဂေါတမ ဆွမ်းခံကြွလာလျှင် ရဟန်းဂေါတမကို လူအများ ဆဲရေးအောင်ပြုပါ။ မကြည်ညိုအောင်၊ ဆွမ်းမရအောင် ပြုပါ။ ဤမြို့မှ ထွက်ပြေး ရအောင် ခြိမ်းခြောက်စေပါလော့”ဟု စေခိုင်း၏။ ရတနာသုံးပါးကို မကြည်ညိုကြ သော ထိုသူတို့သည် မာဂဏ္ဍီ၏ အလိုအတိုင်းပင် ဘုရားရှင် ဆွမ်းခံဝင်တော် မူသောအခါ အမျိုးမျိုး ဆဲရေးကြ၊ ကဲ့ရဲ့ကြ၊ ခြိမ်းခြောက်လေသည်။
ဤတွင် အရှင်အာနန္ဒာက မြတ်စွာဘုရားအား “အရှင်ဘုရား ဤမြို့သူ မြို့သားများသည် ဆဲရေးကြ၏။ ခြိမ်းခြောက်ကြ၏။ ဤမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့သွှားသင့်ပါသည်”ဟု လျှောက်ထား၏။ ဘုရားရှင်က “အာနန္ဒာ ဤသို့ မပြုသင့်ပေ။ ဖြစ်ပေါ်လာသော အမှုအခင်းကို ဖြစ်ပေါ်ရာအရပ်၌သာ ငြိမ်းစေပြီးမှ အခြားနေရာသို့ သွားရာ၏။ အာနန္ဒာ မစိုးရိမ်လင့်၊ ထိုသူတို့သည် ခုနစ်ရက်တာမျှသာ ဆဲရေးနိုင်ကြကုနလိမ့်မည်။ ရှစ်ရက်မြောက်သောအခါ နှုတ်ဆိတ်ကြကုန်လိမ့်မည်”ဟု မိန့်ကြားတော်မူသည်။ ဘုရားရှင် မိန့်ကြားတော် မူသည့်အတိုင်းပင် ရှစ်ရက် မြောက်သောအခါ ဆဲရေး ခြိမ်းခြောက်သံများ တိတ်ဆိတ်သွားကြလေသည်။ ( သာမာဝတီဝတ္ထု)
ဤဇာတ်လမ်းကို အကြောင်းပြု၍ “ချီးမွှမ်း(၇)ရက်၊ ကဲ့ရဲ့(၇)ရက်” ဆိုသော စကားပုံ ပေါ်ပေါက်လာခြင်း ဖြစ်ပါ၏။ ထို့ပြင် ဤနေရာတွင်လည်း ဘုရားရှင်သည် ပါရမီပြည့်ပြီးသော ပုဏ္ဏားလင်မယားကိုသာ အဓိကထားကာ တရားစကား ဟောကြားတော်မူခြင်းဖြစ်ပါ၏။ ဤသို့သော တရားစကားကို ဆိုလျှင် ပုဏ္ဏားလင်မယားသည် တရားထူးရလိမ့်မည်။ သူ့သမီး မာဂဏ္ဍီမှာမူ အမုန်းပွါးကာ ရန်ညိုးထားလိမ့်မည် ဆိုသည်ကို ကြိုတင်၍ သိတော်မူခဲ့သည် သာ။ သို့သော် အများအကျိုးရှိမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် မုန်းချင် မုန်းပါစေ၊ ရန်ညိုးထားချင် ထားပါစေ။ အများအကျိုးကို အဓိကထားပြီး ဘုရားရှင်သည် ထိုတရားစကားမျိုးကို ပြောသည်သာတည်း။ ဤနေရာတွင် လည်း ပါရမီသည် မည်မျှအထိ အရေးကြီးကြောင်း တွေ့မြင်နိုင်ပါသည်။
ဘုရားရှင်ပြောသော စကားနှစ်ခွန်း
“စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” ဆိုသည့်အတိုင်း လောကထဲတွင် လူတို့ပြောလေ့ရှိသော စကားခြောက်မျိုးရှိ ရာတွင် ဘုရားရှင်သည် အကျိုးတရားကို ဖြစ်ထွန်းစေသော စကားနှစ်မျိုးကိုသာ ပြောဆိုလေ့ရှိပါသည်။ (အဘယရာဇကုမာရသုတ်)
စကားခြောက်မျိုးမှာ
( ၁ ) မှန်ကန်၍၊ အကျိုးလည်းရှိပြီး၊ ကြားရသူ နှစ်သက်သောစကား။
( ၂ ) မှန်ကန်၍၊ အကျိုးလည်းရှိပြီး၊ ကြားရသူ မနှစ်သက်သောစကား။
( ၃ ) မှန်ကန်၍၊ အကျိုးကား မရှိ၊ ကြားရသူ နှစ်သက်သောစကား။
( ၄ ) မှန်ကန်၍၊ အကျိုးကား မရှိ၊ ကြားရသူ မနှစ်သက်သောစကား။
( ၅ ) မှန်လည်း မမှန်ကန်၊ အကျိုးလည်း မရှိ၊ ကြားရသူ နှစ်သက်သောစကား။
( ၆ ) မှန်လည်း မမှန်ကန်၊ အကျိုးလည်း မရှိ၊ ကြားရသူ မနှစ်သက်သောစကား။ တို့ဖြစ်ပါသည်။
ထိုခြောက်မျိုးတွင် မြတ်စွာဘုရားသည် နံပါတ် (၁)နှင့် (၂)စကားမျိုး ကိုသာ ပြောဆိုလေ့ ရှိပါသည်။ ထိုတွင် မာဂဏ္ဍီ ပုဏ္ဏားမိသားစုကို ဘုရားရှင် ပြောဆိုခဲ့သော စကားသည် မှန်လည်းမှန်ကန်၊ တကယ်လည်း အကျိုးရှိပါ၏။ သို့သော် သမီးမာဂဏ္ဍီကမူ သဘောလည်း မကျခဲ့သလို အမုန်းပင်ပွါးခဲ့ပါသည်။
0 comments:
Post a Comment