Friday, June 12, 2015

အခြေခံများ ကောင်းစေချင်



အခြေခံများ ကောင်းစေချင်

ယုံကြည်မှု

လောကတွင် ယုံကြည်မှုသည် အရေးကြီး၏။ မည်သည့်နေရာတွင်မဆို ယုံကြည်မှုနှင့် အလုပ် လုပ်လုပ်ရ၏။ ဆက်ဆံရ၏။ သင်ယူ ရ၏။ ပြောဆို ဆွေးနွေးရ၏။

ယုံကြည်မှုကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လင်နှင့်မယား၊ ဘုန်းကြီးနှင့် ဒကာ၊ သူငယ်ချင်း အချင်းချင်း မည်သို့မျှ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသော အရေးပေါင်းများစွာတို့တွင် ယုံကြည်မှု မပါဘဲ မည်သည့်အရာကိုမျှ တည်ဆောက်၍ မရနိုင်။

ယုံကြည်မှု-ဆိုသော စကားလုံး သုံးလုံးတွင် အရေးပါသည်ကား ယုံနှင့်ကြည်ပင်ဖြစ်၏။ ယုံ၏ နောက်တွင် အရည်အချင်းသည် ကပ်လိုက်လာ၏။ ယုံဖို့အတွက် အရည်အချင်းရှိရမည်။ မိဘသည်လဲ မိဘအရည်းအချင်း၊ ဆရာသည်လဲ ဆရာ့ အရည်အချင်း စသည်ဖြင့် ကိုယ်စီကိုယ်စီမှာ အရည်အချင်းရှိဖို့လို အပ်၏။

ယုံမိပြီဆိုလျှင် ကြည်လင်လာတော့၏။ တစ်ဦးကို တစ်ဦး အပြစ်မမြင်။ လောက ဆိုရိုးစကား တစ်ခုလို။ ချစ်တဲ့သူမှာ အပြစ်ရှာ ဘယ်ခါ အပြစ်တွေ့မလဲ ဆိုသည်ပင်။ ဆိုလိုသည်မှာ ယုံကြည်မှု၏ နောက်တွင် ငြိမ်းချမ်းမှု၊ အားကိုလိုမှု၊ တိုင်ပင်လိုမှု စသည်တို့ ယှဉ်တွဲကပ်ပါလျက် ရှိသည်ဟု ဆိုလိုပါ၏။

ယုံကြည်မှုနှင့် ကိုးကွယ်မှု

ယုံကြည်မှု နှင့် ကိုးကွယ်မှုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြ၏။ ယုံကြည်မှု မပါဘဲ ကိုးကွယ်မှု မဖြစ်နိုင်။ မိမိတို့ ကိုးကွယ်ထားသော ဘာသာတရားကို မိမိတို့ကိုယ်တိုင်က မယုံကြည်လျှင် ဘာသာတရား၏ အကျိုးပေး စောင့်ရှောက်မှုများကလည်း လျော့ပါးသွားနိုင်၏။

ယုံကြည်မှု သုံးမျိုး

ယုံကြည်မှုကို
၁။ သာမန် ယုံကြည်မှု၊
၂။ အလယ်အလတ် ယုံကြည်မှု၊
၃။ အဆုံးစွန်ထိ ယုံကြည်မှုဟု သုံးမျိုး ခွဲခြားကြည့်နိုင်၏။

သာမန်ယုံကြည်မှု

သာမန်ယုံကြည်မှုသည် မိရိုးဖလာ ယုံကြည်မှုကြောင့် ဖြစ်နိုင်၏။ မိဘနှစ်ပါး (သို့) ဘိုးဘွား အစဉ်အဆက် ကိုးကွယ်သည့် ဘာသာတရားများကို စဉ်းစားဝေဖန်မှု၊ ဆင်ခြင်သုံးသပ်မှု မပါဘဲ၊ ယုံကြည်ခြင်းမျိုးကို သာမန်ယုံကြည်မှုဟုဆိုနိုင်၏။

အလယ်အလတ် ယုံကြည်မှု

အလယ်အလတ် ယုံကြည်မှုများသည် စာပေများကို ဖတ်ရှုပြီး အသိဉာဏ်များ တိုးပွားလာခြင်း ကြောင့်ဖြစ်နိုင်၏။ သာမန် ပုဂ္ဂိုလ်တို့ထက် ပိုမို အဆင့်အတန်းရှိ၏။ အသိဉာဏ်လည်း ပိုမို ရှိ၏။ သက်ဆိုင်ရာ ဘာသာရေးစာပေများကို လေ့လာ ဖတ်ရှုလေ့လာ၏။

သက်ဆိုင်ရာ တရားဓမ္မများကို နည်းမျိုးစုံနှင့် နာကြား၏၊ သိလိုသည်များကို ဘာသာရေး ဆရာများအထံသို့ ချဉ်းကပ် မေးမြန်း၏၊ မိမိကိုယ်တိုင် တရားတော်အတိုင်း မကျင့်ကြံ အားမထုတ်နိုင်သည့်တိုင် နားလည် တတ်ကျွမ်းအောင် လေ့လာထား၏။

တစ်ပါးသူတို့အား မိမိကဲ့သို့ လုပ်ဆောင်နိုင်အောင် တိုက်တွန်း အားပေးခြင်းမျိုး ပြုလုပ်တတ်၏။ အရမ်းကာရော ယုံကြည်သည်မျိုး မဟုတ်ဘဲ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ဖြင့် အကြောင်း အကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်သည့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အလယ်အလတ် ယုံကြည်သူ ဟု ခေါ်ဆိုနိုင်၏။

အဆုံးစွန်ထိ ယုံကြည်မှု

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် မိမိအသက်ကိုပင် စတေးဝံ့၊ စတေးခံနိုင်သည့် ပုဂ္ဂိုလ်မျိုးကို ဆိုလို၏။ အဆုံးစွန်ထိ ယုံကြည်ကြသူများသည် လွယ်လွယ်ကူကူနှင့် ယုံကြည်သူများ မဟုတ်သည်ကတော့ သေချာပါ၏။

ငယ်ရွယ်သည့်အချိန် ကလေးငယ်တို့၏ ဦးနှောက်အသိဉာဏ်ထဲသို့ အတင်းရိုက်သွင်း၍ ဖြစ်စေ၊ အသိဉာဏ်ပညာ မရှိဘဲ မစဉ်းစား မချင့်ချိန်နိုင်၍ ဖြစ်စေ။ ထွက်ပေါက်ပိတ်နေသည့် အတွက်ကြောင့်ဖြစ်စေ၊ စာပေအများအပြားကို ဖတ်ရှုပြီး စာပေများမှ တစ်ဆင့် ဘာသာတရားများ နှိုင်းယှဉ်ဝေဖန်၍ ဖြစ်စေ၊ အသိထူး အကျင့်ထူးများကြောင့်ဖြစ်စေ၊ စသည့်အကြောင့်များကြောင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်သွားကြသော ပုဂ္ဂိုလ်များဖြစ်နိုင်၏။

စတေးဝံ့သူများ

အဆုံးစွန်ထိ ယုံကြည်မှုဆိုသည်မှာ မိမိ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားအတွက် အကာအကွယ် ပေးရမည်ဆိုလျှင် “မိမိ၏ အသက်ကို မနှေး ပေးဆပ် စတေးဝံ့သူများ”ကို ဆိုလိုပါ၏။

ငယ်စဉ်အခါ ကလေးတို့၏ နုနယ်သည့် အသိဉာဏ်များကို အခြေခံလျှက် ဘာသာရေး သဘော တရားများ အတင်းအဓမ္မ သွတ်သွင်းကာ သံမှို ရိုက်စွဲထားသလို ရိုက်စွဲထား၏။ ထိုကလေးတို့သည် မိမိတို့ အသိဉာဏ်အပေါ် သွတ်သွင်းရိုက်နှိပ်ထားသော ဘာသာရေးတို့က သေသည့် တိုင်အောင် မပျောက်ပျက်နိုင်တော့ ။

အထူးသဖြင့် အကြောက်တရားများနှင့် ချိန်းခြောက်လျက် ရိုက်နှိပ်ထားသည့် ဘာသာရေးက ပိုမို စွဲမြဲ ခိုင်မာလှ၏။ ထိုအကြောက်တရားများကပင် စဉ်းစား ဆင်ခြင်မှု နည်းပါးလျှက် ဘာသာရေးကို အဆုံးစွန်ထိ ယုံကြည်မှုသို့ မရောက်ရောက်အောင် တွန်းပို့ပေးလိုက်တော့၏။

ငယ်စဉ်ကတည်းက စွဲမြဲခိုင်မာလာသည့် အကြောက်တရာများက အကြောင်း အကျိုး၊ အကောင်း အဆိုးကို မခွဲခြား မဝေဖန်နိုင်တော့။ ဆင်ခြင် စဉ်းစားဖို့အတွက်လည်း အချိန်မပေးနိုင်၊ ဦးနှောက်အသိဉာဏ် ကလည်း လက်မခံနိုင်တော့။ အကြောက်တရားများက စွဲမြဲခိုင်မာ၍ နေချေပြီ။

အသိဉာဏ်ပညာ နည်းပါးကြသော လူသားတို့အတွက် အဓိပ္ပါယ်ရှိသော လုပ်ရပ်၊ အဓိပ္ပါယ်မဲ့သော လုပ်ရပ်၊ တန်ဖိုးရှိသော လုပ်ရပ်၊ တန်ဖိုးမဲ့သော လုပ်ရပ်၊ မိမိအတွက်၊ မိမိနှင့် ပတ်သက်နေသည့် ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ မိမိနိုင်ငံ၊ လောက၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ပတ်ဝန်းကျင်၏ ကောင်းကျိုး၊ ဆိုးကျိုး၊ စသည်တို့ကို နားမလည်၊ စိတ်မ၀င်စား၊ တိုက်တွန်းသူ ရှိလာပါကလည်း ကောင်းသည် ဆိုးသည်ကို နားမလည်၊ မဝေဖန် မပိုင်းခြားနိုင်၊ မိမိလုပ်လိုသော အရာကိုသာ တဇောက်ကန်းလုပ်တတ်ကြသဖြင့် အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်မှန်းမသိ ရောက်သွားကြသော အစွန်းရောက် စတေးဝံ့သူများသာ ဖြစ်တော့၏။

ဘ၀၏ ပန်းတိုင်သို့

ဘာသာရေးစာပေများကို ဖတ်ရှုလေ့လာကြသည့် လူသားတို့အဖို့ ဘာသာတရား အားလုံး၏ သဘောထားကို ခြုံငုံ သုံးသပ်မိကြသဖြင့် ပို၍ တန်ဖိုးရှိသော ဘာသာတရားကို ရှာဖွေတတ်လာ၏။ ဘာသာတစ်ခုနှင့်တစ်ခု၊ အမှန်နှင့်အမှား၊ အဆိုးနှင့်အကောင်းကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် ဆင်ခြင်ဆုံးဖြတ် တတ်လာ၏။

ဘာသာရေးအသိဉာဏ်များ ကြွယ်ဝလာသည်နှင့်အမျှ ပို၍ မြင့်မြတ်သည့် ဘာသာတရားကို ကိုးကွယ် ယုံကြည်တတ်လာပြီး၊ မိမိယုံကြည် ကိုးကွယ်သည့် ဘာသာတရားကိုလည်း အသက်တမျှ ယုံကြည်ကိုးစားကာ “အဆုံးစွန်ထိ ယုံကြည်မှုသို့” ရောက်အောင် ပို့ဆောင်ပေးလိုက်တော့၏။ အဆုံးစွန်ထိ ယုံကြည်မှုသို့ ရောက်ရှိခြင်းသည် ဘ၀၏ အမှန်တရား၊ ဘ၀၏အဓိပ္ပါယ်၊ ဘ၀၏ အလှသစ္စာတရား၊ ဘ၀၏ အမြင့်မြတ်ဆုံး ပန်းတိုင်သို့ ရောက်ခြင်းပင်ဖြစ်တော့၏။

စဉ်းစားစရားများ

လူသားတို့၏ အဆုံးစွန်ထိ ယုံကြည်မှုများသည် ဘာသာတရားအတွက် ဖြစ်ကြသောကြောင့် ကြည်ညိုလေးစားစရာ ကောင်းလှ၏။ သို့သော် မိမိတို့ စတေးနေသော ဘာသာတရားသည် အမှန်တကယ် စတေးသင့်သော ဘာသာတရားဖြစ်ပါ၏လော? ဆိုသည့် မေးခွန်းကိုတော့ သေသေချာချာ စဉ်စားသင့်ကြ၏။

ဥပမာ ဘာသာတရားက မိမိအတွက် အသက်အန္တရာယ် ပေးမှာကို ကြောက်သဖြင့် မိမိအသက်ကို စတေးဝံ့သည်လော?၊ ထိုသို့မဟုတ် ဘာသာတရားကြောင့် မိမိ၊ မိမိဆွေမျိုး၊ အသိုင်းအ၀ိုင်းစသည်များ ရာထူးအာဏာပါဝါ၊ သြဇာ၊ အင်ပါယာများ တိုးတက်လာမည်။ စည်းစိမ်ဥစ္စာများ တိုးတက်လာမည်။ ပညာရပ်တွေ အတိုင်းအဆ မရှိနိုင်လောက် တတ်မြောက်လာမည်၊ တီထွင် ကြံဆနိုင်လာမည်။ ထို့အတွက်ကြောင့် ယင်းဘာသာကို မိမိနှင့် ဆက်စပ်နေသည့် အတ္တလောကအတွက် ရည်ရွယ်၍ အသက်ကို စတေးဝံ့သည်လော?။

သို့မဟုတ် ယင်းဘာသာတရားက မိမိ၏ ဘ၀လမ်းကြောင်းမှန်ကို ညွှန်ပြပေးသည့်အတွက်၊ မိမိနှင့် ဆက်စပ်နေသည့် ပတ်ဝန်ကျင်ကို ကောင်းကျိုးပြုသည့်အတွက် အသက်ကို မနှေး ပေးဆပ်ဝံ့သည်လော?။
အသက်ကို စတေးဝံ့လောက်သည့်အထိ ပေးဆပ်မှုသည် သာမန်အားဖြင့် မဖြစ်နိုင်၊ မဖြစ်သင့်သည် ကိုတော့ လူသားအားလုံး သတိမူသင့် စဉ်းစားသင့်ကြသည်ဟု ထင်မြင်မိ၏။

ငယ်ရွယ် နုနယ်သည့်အချိန်

လူသားများတွင် ငယ်ရွယ်နုနယ်သည့်အချိန်တွင် အသိပညာ မကြွယ်သေးခြင်း၊ ကလေးတို့၏ မှတ်စိတ် သိစိတ်များသည် အရောင်းမစွန်းထင်းသေးဖြင့် အဖြူထည်သက်သက်နီးပါး ဖြစ်ခြင်းတို့ကြောင့် ဘာသာတရား လူ့ယဉ်ကျေးမှုများကို သက်ဆိုင်ရာ မိဘတို့က သင်ကြားပေးရသည်မှာ လွယ်ကူလှ၏။
ဆရာ ဆရာမတို့ကလည်း စွမ်းနိုင်သည့်အလျော်က် သင်ကြားပေးကြ၏။ မိဘ ဆရာတို့ သင်ကြား ပေးလိုက်သော ဘာသာတရား လူ့ယဉ်ကျေးမှုများကို မှတ်သား နာခံ၍ အချိန်တန် အရွယ်ရောက် လူလား မြောက်သောအခါ မိဘဆရာသမားတို့ သင်ကြားပေးလိုက်သည့်အတိုင်း လူလိမ္မာ လူယဉ်ကျေးများ အများ အပြား ပေါ်ပေါက်လာကြတော့၏။

ထိတ်လန့်စရာ အသွင်တစ်ရပ်

ယခုခေတ်တွင် လူသား အတော်များများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် အရေးပေါင်းများစွာတို့ဖြင့် လုံးလည်ချာလည် လိုက်နေကြရာ၊ မိဘ ဆရာသမားများက မိမိတို့၏ သားငယ် သမီးငယ် တပည့်ငယ်တို့အား စိတ်ရောကိုယ်ပါ ဘာသာတရား လူ့ယဉ်မှုများကို မသင်ပေးနိုင်ကြတော့ချေ။
ထိုအခါ ငယ်ရွယ်သူ သား သမီး တပည့်တို့အတွက် လူလိမ္မာ လူယဉ်များ ဖြစ်ထွန်း ပေါ်ပေါက်စေ ဖို့မှာ ထိတ်လန့်စရာ အသွင်တစ်ရပ်အဖြစ် တည်ရှိနေတော့သည်။

တာဝန်သိသူမှာ တာဝန်ရှိ

“တာဝန်သိသူမှာ တာဝန်ရှိ၏”ဟု ရှေးပညာရှိကြီးများ မိန့်ဆိုခဲ့ကြ၏။ လူလိမ္မာ လူယဉ်ကျေးများ အသီးသီး ပေါ်ပေါက်၍ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေရန်။ လူသားများတွင် အတ္တမာနများ နည်းနိုင်သမျှ နည်းပါးစေရန် တာဝန်သိကြသော လူသားတိုင်းမှာ တာဝန်ရှိကြ၏။ အထူးသဖြင့် မိဘများနှင့် ဘာသာရေးခေါင်းဆောင်တို့မှာ အဓိကအားဖြင့် တာဝန်ရှိလာ၏။

တာဝန်သိရှိသည်ကို တာဝန်သိမှုနှင့် နှို်င်းချိန်၍ မိမိပိုင်ဆိုင် နိုင်းနင်းသည့်အလျောက် ဘာသာရေးနှင့် ဆက်နွယ်နေသည့် လူ့ယဉ်ကျေးမှုများကို တာဝန်ယူ လုပ်ဆောင် ဖြေရှင်း သင်ပေးကြလျှင် ယနေ့လူငယ်လေးများသည် နောင်တစ်ချိန်တွင် လူကြီးလူကောင်းများ၊ သားကောင်း၊ သမီးကောင်းများ၊ နိုင်ငံသားကောင်း၊ သမီးကောင်း၊ ကမ္ဘာ့သားကောင်း သမီးကောင်းများ။ တပည့်ကောင်း တပည့်မြတ် တပည့်မွန်များ အမှန်တကယ် ဖြစ်ထွန်း ပေါ်ပေါက်လာမည်မှာ အမှန်မုချပင်။

ဆိုလိုသည်မှာ လူသားအားလုံး ယဉ်ကျေးလိမ္မာစေဖို့၊ ကိုယ်ချင်းစာတရား ထားရှိနိုင်ဖို့၊ အတ္တမာနများ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်ဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိ၏။ ထို့ထက် မိဘ၊ ဆရားသမားတို့မှာ ပို၍တာဝန်ရှိ၏။ တာဝန်အရှိဆုံးမှာ ဘာသာရေးခေါင်းဆောင်တို့ပင် ဖြစ်တော့၏။ တာဝန်ရှိသူများ ကိုယ်တိုင်က ယဉ်ကျေးလိမ္မာ ကိုယ်ချင်းစာတရားမရှိ၊ အတ္တမာနကို ရှေ့တန်းတင်၍ မိမိကိုယ်ကျိုးအတွက်သာ စဉ်းစားနေကြလျှင် သားငယ် သမီးငယ် တပည့်ငယ်တို့ နောင်ရေးမှာ ရင်လေးစရာပင်ဖြစ်တော့၏။

တိရစ္ဆာန်ပင် သင်၍ရ

လူသားတို့က မိမိတို့ ဖြစ်စေချင်သည့်အတိုင်း ငယ်ရွယ်သည့် အိမ်မွေးတိရစ္ဆာန်လေးများကို မိမိတို့ လိုအပ်သည့် ပုံစံအတိုင်း ပုံစံသွင်း သင်ကြားပေးကြ၏။ ထိုက်သင့်သလောက် တတ်မြောက်သည်ကိုလ့ည်း လူတိုင်း သိရှိကြ၏။ ထိုသို့ဆိုလျင် မိဘ၊ ဆရာသမား၊ ဘာသာရေးခေါင်းဆောင်တို့က ကလေးများ အသိပညာ နုနယ်သည့်အချိန်တွင် မိမိတို့ ဖြစ်စေချင်သည့်အတိုင်း လူ့ယဉ်ကျေးမှု တရားများ၊ ကိုယ်ချင်းစာ တရားများကို ပုံစံသွင်း သင်ကြားပေးလိုက်လျှင် ပို၍ အဆင်ပြေနိုင်မည် ထင်ပါ၏။

လူယုတ်မာကြီး

ဗြိတိန် နိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦး ရေးသားထားသော စာတစ်ပိုဒ်ကို သတိရမိ၏။ “ကလေးငယ်များ အား၊ ဘာသာတရား ယဉ်ကျေးမှုမပါဘဲ ပညာရေးသက်သက်ကိုသာ သင်ကြားပေးလိုက်ပါ။ အရွယ်ရောက် လူလားမြောက်သောအခါ ပရိယာယ်ကြွယ်ဝေသော လူယုတ်မာကြီး ဖြစ်သွားပါလိမ့်မည်”ဟု သူက ဆိုခဲ့၏။ စဉ်းစားစရာ တွေးတောစရာပင်။

အရောင်ဆိုးခြင်း

လူသားတို့၏ ယုံကြည်မှုသဘောတွင် အသိမကြွယ် ကလေးငယ်တို့ဘ၀က အလွန်ဖြူစင်၏။ ကလေးတို့၏ ယုံကြည်မှုသည် အလွန်ရိုးသား ဖြောင့်မတ်၏။ ကောက်ကျစ်စဉ်းလဲမှုတို့ မရှိ။ ထိုကလေးငယ်တို့၏ အဖြူရောင် အသိဉာဏ်ပေါ်တွင် ယုံကြည်ခြင်း၊ ယဉ်ကျေးခြင်း၊ စာနာနားလည်ခြင်း၊ အတ္တမာနများ ကင်စင်စေခြင်း၊ စသည့် မြင့်မြတ်သည့် ဘာသာရေး အရောင်များ ဆိုးပေးလိုက်သောအခါ မိဘ၊ ဆရာ၊ ဘာသာရေး ခေါင်းဆောင်တို့ ဆိုးလိုက်သည့် အရောင်အတိုင်း စိတ်ကြိုက်ပုံစံများ အများအားဖြင့် ထွက်ပေါ်လာတော့၏။

ဘာသာရေး၏ အကျိုးရလဒ်

မိမိကိုးကွယ်သည့် ဘာသာတရားကို ယုံကြည်မှုရှိခြင်းကြောင့် လိမ္မာ ယဉ်ကျေးလာခြင်း၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားတတ်လာခြင်း၊ “ငါလိုလူ မရှိ”ဟူသည့် အတ္တမာနများ ကင်းစင်လာခြင်း၊ လောကကောင်းကျိုး ပတ်ဝန်ကျင်ကောင်းကျိုးများ ဆောင်ရွက်တတ်လာခြင်း၊ ချမ်းသာသူကို တွေ့လျှင် မနာလိုမှု ၀န်တိုမှုများ ကင်းစင်လာပြီး ၀မ်းမြောက်သော စိတ်ထားများ ထားတတ်လာခြင်း၊ ဆင်းရဲသူ ကိုယ့်ထက်နိမ့်ပါးသူတို့နှင့် တွေ့သောအခါ မိမိအတ္တကို ရှေ့တန်းမတင် တော့ဘဲ ကိုယ်ချင်းစာတရားများထား တတ်လာခြင်း၊ ရိုင်းပင်း ကူညီလိုသည့် စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာခြင်း၊ စသည့် ကောင်းကျိုးတရားတို့သည် ဘာသာတရားကို ကိုးကွယ်ယုံကြည်ခြင်းကြောင့် ရရှိလာသော အကျိုးရလဒ် အသီးအပွင့်များပင်ဖြစ်တော့၏

ဘာသာရေးအခြေခံ

ဘာသာတရား စစ်မှန်လျှင် မည်သည့် လူသားကိုမဆို ဆင်းရဲမှု ပူပန်မှု စိုးရိမ်မှု ကြောင့်ကြမှု ပယ်ဖျောက်ပေးနိုင်သည့် နည်းလမ်း အစစ်အမှန်ရှိရ၏။

နည်းလမ်းကောင်းမှ၊ ဘာသာတရား စစ်မှန်မှ လူသားတို့သည် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုများကို ရရှိနိုင်မည်ဖြစ်သည်။

ဘာသာရေးသည် တစ်ဘ၀စာ မဟုတ်သည့်အတွက် လူသားတို့ အခြေခံမှစ၍ သတိထားသင့်၏။ ထို့ကြောင့် မည်သည့်ဘာသာသည် ဘာကြောင့် ပေါ်ပေါက်လာရသနည်း?။ ဘယ်လိုနည်းမျိုးနှင့် ပေါ်လာရသနည်း?။ ကျင့်စဉ်က အဘယ်သို့ ရှိသနည်း?။ ယင်းကျင့်စဉ်သည် မည်သို့ မည်ပုံ အားထုတ်ရသနည်း?။ စသည့် စသည့် မေးခွန်းပေါင်းများစွာကို လူသားတိုင်း လေ့လာစစ်ကြောရပေ လိမ့်မည်။

စစ်မှန်သည့် ဘာသာတရားဖြစ်ဖို့ တည်ထောင်သည့် ဘာသာရေးခေါင်းဆောင်၏ အကျင့်၊ စရိုက်၊ ၀ါသနာ၊ အနစ်နာခံမှု စသည်တို့ကို မည်သည့်ဘာသာဝင် မဆို အခြေခံ ကျကျ လေ့လာ ဆည်းပူးသင့်၏။ အခြေခံမှ စ၍ မလေ့လာ မဆည်းပူးလျင် သာမန်ယုံကြည်မှု (သို့) မိရိုးဖလာ၊ အစဉ်အလာအရ ကိုးကွယ်ကြသူများ ဖြစ်ကြပေတော့မည်။

အခြေခံများ ကောင်းစေချင်

လောကတွင် မည်သည့် ဘာသာရပ်ကိုမဆို သင်ကြားတတ်မြောက်လိုလျှင် အခြေခံမှ၍ ကျနစွာ ဆည်းပူး သင်ယူရ၏။ အခြေခံများ မကောင်းဘဲ ကြီးမားသည့် မည်သည့်အောင်မြင်မှုမျိုးကိုမှ မရနိုင်။

အခြေခံ အုတ်မြစ် မကောင်းသည့် အထပ်ပေါင်းများစွာ မြင့်မားသည့် အဆောက်အဦးကို တည်ဆောက်လျှင် မြင့်မားလေလေ မြန်မြန် ပြိုကျ ပျက်စီးလေလေပင် ဖြစ်တော့၏။

အခြေခံမပါသော ပညာသင်ယူ ဆည်းပူသူတို့သည်လည်း အထက်တန်းရောက်လေ၊ ပညာတတ်သူ၊ အသိဉာဏ်ရှိသူတို့ ရှေ့မှောက်သို့ ရောက်ရှိလေ၊ ခေါင်းမဖော် မျက်နှာ မပြ၀ံ့ဘဲ ပျက်စီး အရှက်ကွဲရလေလေ သာ ဖြစ်တော့၏။ ပညာတတ်၊ ပညာရှိ၊ အသိဉာဏ်ရှိသူ ဖြစ်ချင်လျှင် အခြေခံကောင်းဖို့ လိုသည်မှာ သိသာ ထင်ရှားလှ၏။

ထို့ထက် ပို၍ပို၍ အရေးကြီးသည်မှာ ဘာသာတရားသို့ ချဉ်းကပ်လိုသူ ဘာသာတရား ရှိချင်သူတို့သည် မိမိတို့ ကိုးကွယ် ယုံကြည် ချဉ်းကပ် ဆည်းကပ်လိုသည့် ဘာသာတရား မူရင်း အခြေခံများကို မမေ့ မလျော့ မပေါ့ဆဘဲ အခြေခံမှ စ၍ ကောင်းမွန်စွာ လေ့လာစေလိုပါကြောင်း အသိပေးရင်းဖြင့် . . .။ အခြေခံများ ကောင်းစေချင် . . .

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

0 comments:

Post a Comment