“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၅) ”
====================
၄၈။ မပျင်းမရိ၊ လုံ့လရှိ၍၊
သတိအထဲ၊ အရိုးစွဲအောင်၊
တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဥ့်နက်၊
သင်ကျက်သမျှ၊ စ စကုန်စေ၊
နေ့ကိုအလွတ်၊ ရွတ်နိုင်စေ။
၄၉။ ရဟန်းမောင်ရှင်၊ သူငယ်သွင်သို့၊
မသင်မရွတ်၊ မတတ်စာပေ၊
မရေမရာ၊ နေ့သာကုန်ငြား၊
ရက်သာများအောင်၊ စကားဖောင်ဖွဲ့၊
တုံ့လှည့်ကျယ်ပွား၊ စကားပြောဟော၊
တသောသောသည်၊ ရယ်မော၍လည်း မနေနှင့်။
၅၀။ တယောက်တခြား၊ စကားမဆို၊
ကိုယ်စီကိုယ်င၊ သင်ပုန်းပေမှာ၊
လက်မကွာအောင်၊ စာရေးကြ။
၅၁။ နားပန်းဆံနှင့်၊ နောက်ဆံလည်းထား၊
ဖြူထွားခေါင်းပေါင်း၊ နားတောင်းဝတ်ကာ၊
ပန်းပန်ကာနှင့်၊ သီကာမြူးရွှင်၊
ရွှေငွေဆင်၍၊ သင်တို့သည်နှယ် မကျင့်နှင့်။
၅၂။ သင်္ကန်းမှာလဲ၊ ပိန္နဲအပြင်၊
လှစေချင်၍၊ လွင်လွင်ပပ၊
ပြုကြမသင့်၊ နနွင်းဆိုးနှင့်
တိန်းညက်ဆိုးကို မ၀တ်သင့်။
၅၃။ ဒသသီဆယ်ပါး၊ ဘုရားမုခပါဌ်၊
ရှင့်ကျင့်ဝတ်ကို၊ စောင့်ကြပ်မြဲထွေ၊ ညီလှစေ။
၅၄။ ရှေးဆရာမွန်၊ သီလ၀ံသ၊
ထေရ်ဂုဏ၏၊ နှံ့မျှအကျော်၊
မိန့်တော်နှုတ်ထွက်၊ ဆုံးမချက်ကို၊
သက်သက်သာသာ၊ ပါဌ်ဂါထာနှင့်၊
လင်္ကာမဟုတ်၊ ကျမ်းရိုးထုတ်ကို၊
နှုတ်ဖြင့်မှတ်မည်၊ ခက်ခဲသည်ကြောင့်၊
ရမည်မှန်စွာ၊ လွယ်ပါစေကြောင်း၊
စိတ်ဖြင့်ကြံ၍၊ ဉာဏ်ဖြင့်သော်လည်း၊
ကောင်းကောင်းကျက်မှတ်၊ ကြလေကုန်။
၅၅။ ဗဟုသုတ၊ တတ်ပချင်လျှင်၊
သင်သာခိုက်ကို၊ သင်လိုက်ကြ။
{၁၉၈၃ ခု-နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သင်ခန်းစာမှ
မှတ်ယူရေးသားပူဇော်ပါသည်။ }
0 comments:
Post a Comment