Sunday, June 14, 2015

ဆင်းရဲကြောင်း (၆) မျိုး



ဆင်းရဲကြောင်း (၆) မျိုး
=============
ဒီနေ့ တရုတ်မိသားစုအိမ်မှာ နေ့ဆွမ်းဘုဉ်းပေးရတယ်။
ဒီတရုတ်မိသားစုဒကာကြီး ဒကာမကြီးတွေက
ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တွေ။
မြန်မာဘုန်းကြီးတွေကို
တစ်လ တစ်ခါဖြစ်စေ၊
နှစ်လ တစ်ခါဖြစ်စေ ဆွမ်းကပ်လေ့ရှိတယ်။
သားတစ်ယောက် သမီးတစ်ယောက်ရှိတာ။
အသက် ၂၅ နှစ် ၀န်းကျင်အရွယ်လေးတွေ။
သြစတေးလျမှာ ပညာသင်ပြီး အလုပ်လုပ် နေနေကြတယ်။
ဆွမ်းဆက်ကပ်လှူဒါန်းရခြင်းအကြောင်းက
သြစတေးလျမှာနေနေတဲ့ သူ့တို့သားနဲ့ သမီး
မလေးရှားကို အလည်ခဏလာခိုက်
ဘုန်းကြီးတွေကို ဖူးမျှော်စေချင်လို့၊
ဆွမ်းဆက်ကပ်ဒါနပြုစေချင်လို့၊
သရဏဂုံသုံးပါး၊ ငါးပါးသီလဆောက်တည်စေချင်လို့တဲ့။
ဆိုတော့ သူတို့သားသမီး လူငယ် လူရွယ်လေးတွေအတွက်
ဆုံးမသြ၀ါဒစကားလေးတွေ ပြောပြဖြစ်တယ်။
“မင်းတို့တွေ မိဝေး ဖဝေးနဲ့ သူများနိုင်ငံမှာနေနေရတော့
ဒို့ဗုဒ္ဓဘာသာ ရတနာသုံးပါးကို
မိဘတွေနဲ့အတူနေတုန်းကလို ကိုင်းရှိုင်းသေးရဲ့လား။
ရတနာသုံးပါးကို မမေ့နဲ့နော်။
အားတဲ့အချိန်မှာ အမြဲတမ်း ဗုဒ္ဓအဆုံးအမတွေကို
ဖတ်၊ မှတ်၊ လိုက်နာ၊ ကျင့်သုံး။
ဒီလိုပြောလို့ မင်းတို့တွေကို တရားအမြဲထိုင်ခိုင်းနေတယ်လို့ မမှတ်နဲ့အုံး။
မင်းတို့တွေ လူငယ်တွေ၊ စီးပွါးရေးလုပ်နေတာ။
လူငယ်တွေ မမှားသင့် မမှားထိုက်အောင်
ဒို့ဗုဒ္ဓမြတ်ဘုရား ဆုံးမထားတာတွေ အများကြီးရှိတယ်။
မင်းတို့ဖတ်ဖူးတဲ့ ဒီဃနိကာယ်ထဲက သိင်္ဂါလသုတ်ကို ကြည့်ပါလား။
လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း (၆) မျိုးရှိတယ်တဲ့။
နံပါတ် ၁။ လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း က
အရက်သေစာ၊ မူးယစ်ဆေးဝါး တဲ့။
မင်းတို့တွေ လူငယ်တွေ။ မိဝေးဖဝေးနေနေတာ။
ဘာမှ ကောင်းကျိုးမပြုတဲ့ အရက်၊ ဘီယာ၊ ဆေးခြောက်စတာတွေကို
လုံးဝ မသောက်သုံးပါနဲ့။ မသုံးစွဲပါနဲ့။
အရက်စွဲ ဆေးစွဲလို့ကတော့ စီးပွါးပျက်ပြီလို့သာ မှတ်ပေတော့။
နံပါတ် ၂။ လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း က
အချိန်မဲ့ အခါမဲ့ ညဥ့်နက်သန်းခေါင် လမ်းပေါ် ခရီးမသွားခြင်း တဲ့။
အချိန်မဲ့ အခါမဲ့ ညဥ့်နက်သန်းခေါင် လမ်းပေါ် ခရီးမသွားပါနဲ့ တဲ့။
အေး၊ မင်းတို့ သြစတေးလျမှာတော့ မသိဘူး။
ဒီမလေးရှားမှာတော့ ည အချိန်မတော် လမ်းလျှောက်လို့ကတော့
မင်းတို့ သိတဲ့အတိုင်းပဲ..
သူခိုး၊ ဓားမြ၊ အနိုင်ကျင့် ပိုက်ဆံလုတဲ့သူတွေနဲ့ တိုးပြီသာမှတ်ပေတော့။
နံပါတ် ၃။ လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း ကတော့
ပွဲကြိုက်မောင်၊ ပွဲကြိုက်ခင် မဖြစ်စေနဲ့ တဲ့။
ဒါကို မင်းတို့အတွက် သင့်လျှော်အောင် ဘာသာပြန်ရမယ်ဆိုရင်
ညည ဟိုပါတီ ဒီပါတီ မတက်နဲ့ ပေါ့။
ဒစ်စကိုတွေ မသွားနဲ့။ Pub ဆိုင် မသွားနဲ့ နော်။
စီးပွါးပျက်တတ်တယ်လို့ ဘုရားရှင် မိန့်ထားတယ်။
နံပါတ် ၄။ လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း ကတော့ လောင်းကစား တဲ့။
မင်းတို့တွေဘ၀ တိုးတက်ချင်ရင် လောင်းကစားမှု မပြုပါနဲ့တဲ့။
လောင်းကစားက ဝေးဝေးရှောင်ဟေ့။
စီးပွါးပျက်တတ်တယ်။
တက္ကစီမောင်းတဲ့ တရုတ်ကြီးတစ်ယောက်နဲ့ စကားလက်ဆုံကြဘူးတယ်။
ဒကာမကြီး ဘာလုပ်လို့ ဘယ်သွားနေလဲမေးတော့
တောင်ပေါ်သွားတယ်တဲ့။
တောင်ပေါ် (Genting Highland) ဆိုတာ မင်းတို့သိတဲ့အတိုင်း
လောင်းကစားလုပ်တဲ့နေရာမို့လား။
ဒကာကြီးက ငွေရှာပေးတယ်တဲ့။
ဒကာမကြီးက တောင်ပေါ်တက် လောင်းကစား သွားကစားတယ်။
တက္ကစီဒကာကြီး ပြောပြတာ။ ကြီးပွါးဘို့ ဘယ်လွယ်မလဲ။
လောင်းကစားလုပ်ခြင်းမှ ရှောင်ကြဉ်ပါနော်။
ကပ်တီးကပ်ဖဲ့ ဒကာတစ်ယောက်က ပြောသေးတယ်။
ငါးပါးသီလထဲမှာ လောင်းကစားမှ ရှောင်ကြဉ်ခိုင်းတာ မပါဘူးတဲ့။
လောင်းကစားလုပ်ရင် အပြစ်မရှိလောက်ပါဘူးတဲ့။
ဒီသိင်္ဂါလသုတ်ထဲမှာ ပါတယ်ဗျာ။ လောင်းကစားမလုပ်ရဘူးနော်။
နံပါတ် ၅။ လူငယ်တွေပျက်စီးနိုင်တဲ့အကြောင်း က
မကောင်းတဲ့သူနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့တဲ့။
သူငယ်ချင်းကောင်းရှာပေါ့။
ဒီလောကကြီးထဲမှာ သူငယ်ချင်းကောင်းများရှိရင်
ကိုယ့်ကိစ္စ ငါးဆယ်ရာခိုင်နှုန်း (၅၀%) ပြီးစီးအောင်မြင်နိုင်တယ်လို့
အရှင်အာနန္ဒာက ဘုရားရှင်ကို လျှောက်တော့
ဘယ်ကလာ ငါးဆယ်ရာခိုင်နှုန်း (၅၀%) လဲ။
ရာနှုန်းပြည့် (၁၀၀% ) ပြီးစီးအောင်မြင်နိုင်တယ်လို့
ဘုရားရှင်က မိန့်ပါတယ်။
အပြန်အလှန်အားဖြင့် နားလည်ရမှာက
သူငယ်ချင်းကောင်းမရှိရင် တစ်ရာ ရာခိုင်နှုန်းပြည့် ပျက်စီးသွားနိုင်တယ်နော့။
မှတ်ထား။
၆။
နောက်ဆုံးတစ်ခုကတော့ ပျင်းရိလွန်းအားကြီးတာ၊
အပျင်းကြီးတာပေါ့။
အေးတော့ အေးလို့၊
ပူတော့ ပူလို့
စောတော့ စောသေးလို့
နောက်ကျတော့ နောက်ကျသွားပြန်ပြီ စသဖြင့်
ဆင်ခြေပေး အလုပ်ပျက်တဲ့လူစားမျိုးတွေပေါ့။
ဒို့ဘုရားရှင်က ဒီခြောက်မျိုးကို
စည်းစိမ်ဥစ္စာ ပျက်စီးကြောင်း၊ ဆင်းရဲခြင်းအကြောင်းတရားတွေလို့
ဟောထား ပြောထားတယ်။
အကျယ်ကို ဆက်ဖတ်ကွာ။
အဲ့ဒီ သိင်္ဂါလသုတ်ထဲမှာ မင်းတို့လူငယ်တွေအတွက်
မှတ်သားစရာတွေ ပြည့်နေတာပဲ။
စာအုပ်မရှိလည်း ကိစ္စမရှိဘူး။
http://www.accesstoinsight.org/ ဆိုဒ်ထဲမှာ
အဲ့သုတ်ဘာသာပြန်ရှိတယ်။
ဖတ်ဖြစ်အောင်ဖတ်၊ မှတ်၊ လိုက်နာ၊ ကျင့်ကြံ။
အေး၊ လောကီ လောကုတ္တရာ နှစ်ဖြာရေးရာ အောင်မြင်ပါစေဗျာ။”
သာဓု သာဓု သာဓု
ဒီနေ့ဆွမ်းဘုဉ်းပေးခဲ့တဲ့အိမ်မှာ လူငယ်လေးတွေအတွက်
အင်္ဂလိပ်လိုဟောခဲ့တဲ့ တရားတော်လေးပါ။
Posted by Dr. Ashin Indaka
c/o ( MS )

0 comments:

Post a Comment