Thursday, June 4, 2015

ဥစ္စာစောင့် @ ဥတ္တစောင့် လား?



ဥစ္စာစောင့် @ ဥတ္တစောင့် လား?
=================
တကယ်တော့ ဥစ္စာစောင့်ဆိုတာ ပါးစပ်ကပဲ ပြောနေကြတာ။ မျက်စိနဲ့ တပ်အပ် လက်တွေ့မြင်ဖူးသူရှိမယ် မထင်ဘူး။ သိုက်ပုံပြင်တွေ၊ ဥစ္စာစောင့်ဇာတ်လမ်းတွေ ရှိတယ်။ တစ်ချို့ ဘုရားဆင်းတုအိ၊ု စေတီပျက်တွေတောင် သိုက်နဲ့ ဥစ္စာစောင့် ပတ်သက်နေတတ်တယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သမိုင်းအထောက်အထား မရှိ၊ ယုတ္တိလဲ မတန်ပါဘူး။
ဂမ္ဘီရစာရေးဆရာတွေ စိတ်ကူးယဉ်တဲ့ ဇာတ်လမ်းတွေ၊ အဲဒီဇာတ်လမ်းကို အခြေခံတဲ့ ရုပ်ရှင် ဗီဒီယိုတွေ၊ သီချင်းတွေ၊ ရုပ်ပြဇာတ်လမ်းတွေ လူထုထဲ ရောက်သွားရာကနေ သိုက်ဆိုတဲ့ ဥစ္စာစောင့်ဆိုတဲ့ ဘ၀တစ်မျိုးရဲ့ စိတ်ကူးယဉ် ဖန်နန်းအိမ်နဲ့ အဲဒီစည်းစိမ်ကို စောင့်နေတဲ့ သိုက်နန်းရှင် ဥစ္စာစောင့် အယူအဆ ဖြစ်လာပုံပေါ်တယ်။ တစ်ခုရှိတာက ဗုဒ္ဓ၀ါဒမှာလဲ နောက်ဘ၀၊ ပြိတ္တာ၊ နတ် ဆိုတာတွေရှိလို့ အဲဒါနဲ့ ခပ်ဆင်ဆင် ဆင့်ပွား အယူအဆလဲ ဖြစ်နိုင်တယ်။ ကျမ်းစာအရ မြတ်ဗုဒ္ဓလက်ထက်က သောရေယျရဲ့အဖေ ကွယ်လွန်တော့ အဲဒီအိမ်မှာ ခွေးကလေး ပြန်ဖြစ်ပြီး မသေခင်က မြှပ်ထားခဲ့တဲ့ ရတနာအိုးတွေကို သားကိုပြပေးတာ၊ ရဟန်းတစ်ပါး သင်္ကန်းကို စွဲလမ်းပြီး ပျံတော်မူလို့ အဲဒီသင်္ကန်းမှာ သန်းဖြစ်ရတာ၊ မိန်းမကိုစွဲလမ်းပြီးသေလို့ မိန်းမနောက်က လိုက်နေတဲ့ ခွေါ်ဖြစ်လာတာ၊ လှပနတ်မိမယ်ယောင် ဆောင်ထားတဲ့ ပြိတ္တာမတွေက မင်းသားလေးကို ညမှာ စားပစ်တာ(တေလပတ္တဇာတ်)တွေဟာ ဥစ္စာစောင့်နဲ့ သိုက်အယူအဆရဲ့ ဖြစ်ဖျားခံရာ ရင်းမြစ်တွေ ဖြစ်ဖွယ်ရှိတယ်။
ဗုဒ္ဓ၀ါဒ သိုက်လား
ကျေးဇူးပြု၍ ဗုဒ္ဓ၀ါဒမှာ သိုက်ရှိတယ် ဥစ္စာစောင့်ရှိတယ်လို့တော့ တိကျဝေါဟာရနဲ့ မဆိုလိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ကို စွဲလမ်းပြီး သေသူအချို့ဟာ တိရစ္ဆာန် သို့မဟုတ် လူ ပြန်ဖြစ်ပြီး ဘ၀နီးလို့ သက်ဆိုင်ရာတွေကို စွဲလမ်းတာမျိုး ရှိနိုင်တယ်။ ဝေမာနိကပြိတ္တာမျိုးဖြစ်ပြီး သူစွဲလမ်းတဲ့ ပုဂ္ဂိုလ်ပစ္စည်းနဲ့ မဝေးတဲ့နေရာမှာ ပြန်ဖြစ်လို့ သက်ဆိုင်သူတွေကို အရိပ်အယောင် ပြတာမျိုးလည်း ရှိနိုင်တယ်။ သိုက်၊ ဥစ္စာစောင့်လို့ အမည်သစ်ပေးထားတဲ့ ဘ၀သစ်မျိုးစာ ဗုဒ္ဓ၀ါဒီတို့ ယုံကြည်တဲ့ ဝေမာနိက ပြိတ္တာမျိုးဖြစ်ခွင့်ရှိပါတယ်။ ဒီပြိတ္တာမျိုးက တရုတ် ကုလား ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို ဖြစ်နိုင်တယ်။ လူတွေ ကျွေးတဲ့ ဘဲကင်၊ ၀က်သားဒုတ်ဒိုးကိုလဲ သူတို့ စားလို့ မရဘူး။ ကုသိုလ်အမျှ ပေးတဲ့နည်းနဲ့ပဲ သူတို့ရဲ့စားဝတ်နေရေးကို လူက ထောက်ပံ့နိုင်တယ်။ အသက်တိုတာ၊ အင်္ဂါချွတ်ယွင်းတာဟာ ရှေးဘ၀ ကံဟောင်းနဲ့ ယခုဘ၀ အကျိုးပေး အခြေအနေနဲ့ပဲဆိုင်တယ်။ ကွယ်လွန်သူ မိဘ ဆွေမျိုးက လူထက် အဆင့်မြင့်တဲ့ နတ်ဖြစ်နေလို့ မိမိကလဲ ကိုယ်ကျင့်တရား ကောင်းလျက်နဲ့ ဘ၀အခက်အခဲနဲ့ ကြုံတဲ့အခ် အနာထပိဏ်ကို အိမ်စောင့်နတ်က ကူညီသလိုမျိုးလဲ ရှိတော့ရှိတတ်ပါတယ်။
သိုက်ဆိုတဲ့ ဥစ္စာစောင့်တို့နဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ အမြင်ကို ရိပ်မိလောက်ပြီလို့ တွက်ပါတယ်။ ချမ်းသာတာဟာ ကံ၊ ဉာဏ်၊ ၀ီရိယကောင်းလို့ပါ။ အကြားအမြင် ရတယ်ဆိုတဲ့ hypocrite အချို့ဟာ လူတွေရဲ့ ပျော့ကွက်ကို အသုံးချပြီး အမြတ်ထုတ်တတ်တယ် ဆိုတာကို မြဲမြဲသတိချပ်ပါ။ ချမ်းသာချင်လွန်းလို့ နဂါးသိုက်ကလာပါတယ်ဆိုပြီး အဲဒီဆရာတွေဆီ မချဉ်းကပ်မိလေနဲ့။ ဘုန်းကြီး ကြီးပွားချမ်းသာရေး မန္တာန်တစ်ခု ပေးလိုက်မယ် "ဇွဲသတ္တိ၊ သတိ၊ စည်းကမ်းနဲ့ ဆင်ခြင်တုံတရား ဤလေးပါးကို ကျွန်ုပ် ကိုးကွယ်ပါ၏"
ဆရာတော် ဦးကေလာသ
ဓမ္မာစရိယာ B.A.(philo), M.A. (Buddhism) ဖြေကြားခဲ့သော အဖြေကို ဓမ္မဒါနအဖြစ် ပြန်လည်ရေးသားပေးပါသည်။

0 comments:

Post a Comment