Thursday, June 11, 2015

ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ



ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ
=================
ကုသိုလ်ကို ပွားများနေလျှင်
~~~~~~~~~~~~~~~
တို့ တဏှာသာမရှိရင် နေချင်စရာမကောင်းဘူးလား၊ ဒီလောကကြီးမှာ ရူပါရုံကို ကြည့်တော့ ဘာဖြစ်မလဲ၊ တဏှာ မဖြစ်ပေဘူးလား၊ ကူလီတွေ ပိုက်ဆံလိုချင်လို့ လုပ်ကြရတာ မဟုတ်လား၊ လိုချင်တာဟာလဲ တဏှာ လောဘပဲ၊ တဏှာ လောဘတွေ ရှိနေလို့သာ ကုသိုလ်စိတ်တွေ မဖြစ်တာ၊ ကုသိုလ်ကို ပွားများနေတဲ့အခါ တဏှာ လောဘ မဖြစ်ဘူး၊ ပီတိ သောမနဿတွေ ဖြစ်နေတယ်။
သံဃာပစ္စည်း ရိုသေကြ
~~~~~~~~~~~~~
အဲဒါကြောင့် ဘုန်းကြီးက ဘုရားကို အာရုံပြုခိုင်းရတာ၊ ဘုရား အာရုံပြုကြ၊ သဒ္ဓါတရား ကောင်းကောင်းထားကြ၊ မနေ့က ဒါယိကာမတစ်ယောက် စာအုပ်(၂၄)အုပ် လာလှူသွားတယ်၊ ဝိနည်းစူဠဝါ, ပါရာဇိကဏ်, ပရိဝါ, ပါစိတ်, အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကထာ၊ အဲဒီ စာအုပ်တွေဟာ သံဃိကစာအုပ်တွေ၊ ငှားကြည့်တဲ့ ပုဂ္ဂိုလ်များကလဲ အနက်မတေးကြနဲ့၊ ကိုယ့်စာအုပ်ဆိုရင်တော့ တေးချင်း တေးပေါ့။
ဦးဣန္ဒောတို့က မတေးဖို့ရာ တားမြစ်ကြ၊ စာအုပ်တွေကိုလဲ မကြာခဏ ပြန်စစ်ပေးကြပါ၊ တချို့က စာအုပ်ကို ရောင်းစားကြတယ်၊ သံဃာ့ပစ္စည်းဆိုတာ ကိုယ့်ပစ္စည်းထက် ရိုရိုသေသေ ကိုင်ရတယ်၊ ဒါကို ကြပ်ကြပ် သတိထားကြ။
ကုသိုလ်မယူ ငရဲယူ
~~~~~~~~~~~
လူတွေဟာ ကုသိုလ်ယူရမယ့်နေရာမှာ ငရဲယူကြတယ်၊ ဘုရားပွင့်လာတော့ လူကောင်းတွေအဖို့မှာ ကုသိုလ်များတယ်၊ မကောင်းတဲ့လူတွေအဖို့မှာ အကုသိုလ်များတယ်၊ တို့ဘုရား ပွင့်လာတော့ တိတ္ထိတွေ အဖို့မှာ အကုသိုလ်မများပေဘူးလား၊ မာဂဏ္ဍီတို့မိသားစုကြည့်ပါလား၊ မြတ်စွာဘုရားက ပုဏ္ဏားကြီးဇနီးမောင်နှံကို ဘာပြောသလဲ၊ “ငါဘုရားဟာ မာရ်နတ်သားရဲ့ သမီးတော်များဖြစ်ကြတဲ့ တဏှာ, အရတီ, ရာဂါတို့အပေါ်မှာတောင် ဘာမှမဖြစ်ပါဘဲနဲ့ သင့်သမီးလို ကျင်ကြီး ကျင်ငယ်တွေ ပြည့်နေတဲ့ မာဂဏ္ဍီကို ငါဘုရားက ဖြေဖျားနဲ့တောင် မတို့လိုဘူး” လို့ ဒီလိုပြောလိုက်တော့ မာဂဏ္ဍီဟာ ဘုရားအပေါ်မှာ ရန်ငြိုးဖွဲ့ပြီး တိတ္ထိတွေကိ အဆဲခိုင်းတာပဲ မဟုတ်လား၊ သူတို့မှာ ကုသိုလ်မရဘဲ ငရဲရတာပေါ့။
ယူတတ်တော့ တရား
~~~~~~~~~~~~
မာဂဏ္ဍီရဲ့ အဖေ အမေတို့ကျတော့ ဘုရားတရားတော်ကိုကြားရတယ်ဆိုရင်ပဲ အနာဂါမ်တွေ ဖြစ်ကုန်ကြတယ်၊ တချို့မှာ ဘုရားအသံ ကြားရတော့ ကုသိုလ် မဖြစ်ဘဲ အကုသိုလ် ဖြစ်ကြရတယ်၊ ဒါ့ကြောင့် ကိုရင်တို့ တရားကို ယူတတ်အောင် ယူတတ်ကြရတယ်၊ ဘုရား ပွင့်လာတာဟာ တို့အတွက် ပွင့်လာတာပဲလို့ သိထားကြ၊ ဘုရားသာသနာနဲ့ တွေ့တုန်း အချိန်အခါမှာ တွေ့ရကျိုးနပ်အောင် နေကြ၊ ထိုင်ကြ၊ သာသနာနဲ့တွေ့တဲ့အခါမှာ ငရဲ မရကြစေနဲ့၊ နောင် သာသနာနဲ့ ပြန်တွေ့ဖို့ဆိုတာ မလွယ်ဘူး၊ ဒီတစ်ခါ သာသနာနဲ့ လွဲသွားရင် ကိုရင်တို့ မလွယ်တော့ဘူး။
တဏှာကျေးကျွန်
~~~~~~~~~~
ဒီလောကကြီးဟာ အလကားပဲ၊ ခန္ဓာဝန်မကောင်းတော့ ဒီ့ပြင် ဟာတွေလဲ မကောင်းတော့ဘူး၊ အေး - တို့ ဒါတွေကို တွေးရ ကြံရမယ်၊ မတွေးတော့ တဏှာ လောဘ ဖြစ်လာမယ်၊ သတ္တဝါတွေဟာ တဏှာစေခိုင်းရာကို သွားနေရတာ၊ တဏှာဟာ တကယ်တော့ ဘယ်သူ့မှ ချမ်းသာမပေးဘူး။
နိုင်ငံမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလဲ သူက စေခိုင်းနေတယ်၊ သူ့ရဲ့လှည့်ကွက်ဟူသမျှကို သတ္တဝါတွေ ခံစားနေကြရတယ်၊ သွားလိုက်, စားလိုက်, ရှာဖွေလိုက်, သူဆွဲကိုင်ရာကို ပါနေရတာ၊ တရားနည်းနဲ့ ရှာကြည့်တော့ ဒီခန္ဓာဝန် ဘယ်နည်းနဲ့မှ မကောင်းဘူး။
လောကချမ်းသာ
~~~~~~~~~~
ဒီလောကချမ်းသာတွေဟာ အကောင်းချမ်းသာတွေလဲ ရှိတယ်၊ (တရားသဖြင့်ကို ဆိုလိုပါသည်၊) တဏှာ လောဘကြောင့် ချမ်းသာတွေလဲ ရှိတယ်၊ ဒါတွေဟာ ခန္ဓာဝန်လေးကြောင်း ပြတယ်၊ အိုရတယ်၊ နာရတယ်၊ ဒါတွေဟာ ခန္ဓာဝန်နဲ့ စပ်နေတယ်၊ အပါယ်လေးပါးဟာလဲ ခန္ဓ္ဓာဝန်နဲ့ စပ်နေတယ်၊ အပါယ်လေးပါး ပို့ပေးတာလဲ ဒီခန္ဓာဝန်ပဲ၊ ဒါကြောင့် ကိုရင်တို့ အပြင်ဘန်းချမ်းသာတွေကို မစဉ်းစားကြပါနဲ့၊ ကိုယ်, စိတ်ချမ်းသာဖို့ရာကိုသာ စဉ်းစားကြပါ၊ ရှေးရှုးကြပါ။
တရားလက်မလွတ်ကြပါနဲ့
ဒီ ခန္ဓာဝန် ရလာတာ အကောင်းရ, မကောင်းရ ရှိတယ်၊ ခန္ဓာဝန်ကို အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ အကောင်းရပေါ့၊ အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ မကောင်းရဘဲ၊ တချို့က ဒီခန္ဓာဝန် ရလာတော့ အကုသိုလ်တွေနဲ့ အသုံးချကြတယ်၊ သူ့အသက် သတ်ကြ, သူ့ဥစ္စာတွေ မတရား ယူကြ, သူတစ်ပါး သားမယား မတရားပြစ်မှားကြ, လိမ်ညာ ပြောကြ, သေရည် သေရက်တွေ သောက်ကြ၊ ဒါ ကိုယ့်ကိုယ်ကို မချစ်တတ်တာပဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ သူတွေက တရားကို လက်ကိုင်ထားကြတယ်၊ ဒါကြောင့် ကိုရင်တို့ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် လုပ်ကြ၊ တရားလက်လွတ် မလုပ်ကြနဲ့။
အတ္တသမံ ပေမံ နတ္ထိ
~~~~~~~~~~~~
လောကကြီးမှာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြတယ်၊ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြရတယ်၊ တချို့ ကိုယ့်ကိုယ်ကို ချစ်တယ်သာဆိုတာ ချစ်ရာ မရောက်ကြဘူး၊ ဒါယကာ ဒါယိကာမ ကြည်ညိုကိုးကွယ်မှု လာဘ်လာဘ ပေါများမှု ဒါတွေ အပေါ်မှာ ဝဲလည်ပြီး နစ်မြုပ်နေကြတယ်၊ ဒါ ကိုယ့်ကိုယ်ကို ချစ်တာ မဟုတ်ဘူး၊ နှစ်နေကြတာ၊ ကဲ - သွားကြတော့။
“ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြဝါဒများ” စာအုပ်မှ
by Tun Tun Naing

0 comments:

Post a Comment