Friday, April 17, 2015

သိအောင်လုပ်ပါ



သိအောင်လုပ်ပါ

သိခြင်းနှင့် မသိခြင်းကို စာလိုပြောလျှင် ၀ိဇ္ဇာနှင့် 
အ၀ိဇ္ဇာဟု ပြောနိုင်၏။ အ၀ိဇ္ဇာကား မသိခြင်းဖြစ်ပြီး 
ဝိဇ္ဇာကား သိခြင်းဖြစ်၏။ မသိမှုများလာလျှင် သိမှု
ကွယ်ပျောက်တတ်ပြီး သိလာလျှင်ကား မသိမှုကို 
ပယ်ဖျောက်ပေးတတ်၏။ ထိုသိမှုသည် ဖတ်မှတ်
လေ့လာ နာကြားသဖြင့် သိရှိရသည့် အမှတ်သညာ 
အသိနှင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်သ
ဖြင့် သိရှိလာသည့် ဉာဏ်နှင့်ယှဉ်သည့် အသိဟူ၍ 
နှစ်မျိုးရှိ၏။ ထိုအသိနှစ်မျိုးလုံး ရှိရန်လိုအပ်၏။ 

ယနေ့ခေတ် လူအများစုသည် ပညာသိဖြင့် သိရန်
ဝေးစွ သညာသိဖြင့်ပင် သိသူအလွန်ရှားနေသည်ကို 
တွေ့ရ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစုသည် 
ထိုသို့ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာ အမည်ခံထားသော်
လည်း မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့်စပ်၍ 
တစ်လုံးတစ်ပါဒမျှ မသိဖြစ်နေကြ၏။ ဗုဒ္ဓ၏ စစ်မှန်
သည့် အဆုံးအမများနှင့် တွေ့ကြုံနေရသော်လည်း 
မသိမှုများက ဖုံးလွှမ်းထားသဖြင့် သိခွင့်သာပါလျှက် 
မသိကြဘဲဖြစ်နေကြ၏။ မသိ၍သိအောင်လုပ်သည်
လား ဆိုသော်လည်း မလုပ်ကြပေ။ စင်စစ် မသိပါ
က သိအောင်လုပ်သင့်၏။ ရှေးဦးစွာ သညာသိဖြင့် 
သိအောင်ကြိုးစားပြီး ပညာသိဖြင့် သိသည်အထိ 
အားထုတ်သင့်၏။ မသိ၍မလုပ်၊ မလုပ်သဖြင့် မသိ 
သို့ဆိုလျှင် မည့်သည့်အချိန်တွင် လုပ်၍ မည်သည့်
အချိန်တွင် သိကြမည်နည်း။ ဤသို့သာ မလုပ်မသိ၊ 
မသိမလုပ် သံသရာတွင် ကျင်လည်နေမည်ဆိုပါက 
ပညာသိဖြင့် သိရန်မဆိုထားဘိ သညာသိဖြင့်သိရန်
ပင် အလွန်ဝေးကွာ နေပေတော့မည်သာ ဖြစ်၏။

စာရေးသူသည် အသက်အရွယ်အရ ဖြတ်သန်းကျင်
လည်ရသည့် ပတ်ဝန်းကျင် အနေအထားအရ လူ
အတော်များများနှင့် တွေ့ကြုံဆက်ဆံ ပြောဆိုဟော
ပြောဖူး၏။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးမျိုး
လုံးနှင့် ဆုံမိဖူး၏။ မသိမှုကား သုံးမျိုးလုံးအတူတူပင် 
ဖြစ်ကြ၏။ တစ်ခါတစ်ရံ လူကြီးများကပင် မသိမှု ပို
ကြသေး၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်
လည်း အသိပညာ အနေဖြင့်ကား အငယ်ဖြစ်နေကြ
၏။ မသိမှုများလာသည့် အခါ အမှားအမှန်ကိုလည်း 
မခွဲခြားတတ်ဘဲ ဖြစ်တတ်၏။ အမှားကို အမှန် အမှန်
ကို အမှား ထင်နေမိတတ်၏။ ထို့ထက် ပိုဆိုသည်
ကား မသိမှု အလွန် အားကောင်းလာသည့် အခါ 
ကုသိုလ်မှန်း မသိ အကုသိုလ်မှန်း မသိဖြစ်လာတတ်
ခြင်းပင် ဖြစ်၏။ ကုသိုလ်ကို အကုသိုလ်ထင်၊ အကု
သိုလ်ကို ကုသိုလ်ထင်ကာ ရေလိုက်လွဲလာတတ်ခြင်း
ပင် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ကုသိုလ် 
အကုသိုလ်ကို မသိဖြစ်နေလျှင် လူ့ဘ၀ကုသိုလ်ရနေ
သော်လည်း ထိုသူကို လူဟုပင် ဆိုရန်ခက်ခဲလှ၏။ 
စင်စစ် လူဟူသည် ကုသလာကုသလံ မနသိ ဇာနာ
တီတိ မနုေဿာ= ကုသိုလ် အကုသိုလ်ကို သိတတ်
သောကြောင့် လူမည်၏ ဟု ဆိုသဖြင့် ကုသိုလ်အကု
သိုလ်ကို ခွဲခြားသိရှိရန် လိုအပ်လှ၏။ အကြောင်း
အကျိုး၊ အကောင်းအဆုံးကို နားလည်သဘောပေါက်
ရန် လိုအပ်လှ၏။ ထိုသို့ မဟုတ်လျှင် လူ့ဘ၀ကိုရနေ
သော်လည်း လူဟုဆိုရန် မလွယ်လှပေ။ ထို့ကြောင့်
လည်း ဘုရားရှင်က မနုဿဿ ဘာဝေါ ဒုလ္လဘော
= လူ၏အဖြစ်သည် ရခဲလှ၏ဟု ဆိုခြင်းဖြစ်၏။ ထိုသို့ 
လူ့ဘ၀ကို ရနေသော်လည်း လူမဖြစ်သည့်သူများ၊ လူ
ဟုခေါ်ရန် မသင့်သူများသည် မသိမှုများကြောင့်သာ 
ထိုအခြေအနေသို့ ရောက်နေခြင်းဖြစ်၏။ မသိမှုသည် 
သတ္တ၀ါများကို မည်သည့်အခါမျှ ကောင်းကျိုးပေးမည် 
မဟုတ်ပေ။ သို့ဖြစ်၍လည်း သိအောင်လုပ်ရန် တိုက်
တွန်းနေရခြင်းဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်က ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း သိ
အောင်လုပ်ဟု ဟောတော်မူထား၏။ ထိုစကားကို ပါဠိ
လို ပဇာနာတိ ဟုဆို၏။ ပဇာနာတိ= အထူးထူးအ
ပြားပြားသိ၏ဟု အဓိပ္ပါယ်ရ၏။ အထူးထူး အပြားပြား 
သိခြင်းဟူသည် မိမိ၏ အတွင်း အပြင်နှင့် ပတ်သက်
သည်များကို သိခြင်းဖြစ်၏။ ရှင်းအောင် ပြောရလျှင် 
စိတ်နှင့် ရုပ်တွင်ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို 
သိခြင်းဖြစ်၏။ ထို့ထက်ပိုပြီး ရှင်းအောင်ပြောရလျှင် 
ခန္ဓာငါးပါးတွင် ဖြစ်ပေါ်လာသည့် အရာများကို သိခြင်း
ဖြစ်၏။ ခန္ဓာငါးတွင် ရုပ်ခန္ဓာသည် တစ်ပါးတည်းသာ
ဖြစ်ပြီး နာမ်ခန္ဓာကား လေးပါးရှိ၏။ ထို့ကြောင့် ရုပ်ကို
သိအောင်လုပ်ဖို့ထက် နာမ်ခန္ဓာဟုခေါ်သည့် စိတ်ကို 
သိအောင်လုပ်ဖို့က ပိုခက်လှ၏။ ဘုရားရှင်သည် ထို
အသိခက်လှသည့် စိတ်ကို သိစေရန် မိမိကိုယ်ကို 
သတိကပ်ထားရန် လိုကြောင်း သတိတရားဖြင့်စောင့်
ကြည့်ပြီး မိမိသန္တာန်မှာ ရာဂစိတ်ဖြစ်လျှင်လည်းရာဂ
စိတ်ဖြစ်သည်ဟုသိ၏၊ ရာဂကင်းသည့်စိတ်လျှင်လည်း 
ရာဂကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသစိတ်ဖြစ်
လျှင်လည်း ဒေါသစိတ်ဖြစ်သည်ဟုသိ၏၊ ဒေါသကင်း
သည့် စိတ်ဖြစ်လျှင်လည်း ဒေါသကင်းသည့် စိတ်ဖြစ်
၏ဟု သိ၏၊ မောဟင်းစိတ်ဖြစ်လျှင်လည်း မောဟစိတ်
ဖြစ်သည်ဟု သိ၏၊ မောဟကင်းသည့် စိတ်ဖြစ်လျှင်
လည်း မောဟကင်းသည့်စိတ်ဖြစ်သည်ဟုသိ၏စသည်
ဖြင့် ဖြစ်ပေါ်လာသည့် မည်သည့်စိတ်ကို မဆို ဖြစ်ခိုက်
ဖြစဆဲမှာ သိရန်လိုကြောင်း ရှင်းပြတော်မူ၏။ အဘယ့်
ကြောင့် ထိုသို့ မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကိုသိရန်
လိုသည်ဟုဆိုရခြင်းမှာမူ ဖြစ်ခိုက်ကို သိမှသာလျှင် ထို
စိတ်သည် ရှေ့ဆက်မဖြစ်နိုင်ဘဲ ရပ်တန့်သွားမည် ဖြစ်
သောကြောင့် ဖြစ်၏။ အကယ်၍ ထိုစိတ်၏ ဖြစ်ဆဲဖြစ်
ခိုက်ကို မသိလျှင် အစွဲတရားဝင်လာတတ်ပြီး ထိုစိတ်၏ 
စေခိုင်းရာနောက်ပါသွားကာကိလေသာများ၊အကုသိုလ်
တရားများသာ တိုးပွားလာတတ်ပေ၏။ မည်သည့်စိတ်
မဆို ချက်ချင်းသိလျှင် ချက်ချင်း ရပ်တန့်နိုင်မည်ဖြစ်ပြီး 
ချက်ချင်းမသိဘဲ ဖြစ်နေပါလျှင် ထိုစိတ်၏လွှမ်းမိုးသက်
ရောက်မှုကိုခံရလျှက် လောဘစိတ်၊ဒေါသစိတ်၊မောဟ
စိတ်များ အဖြစ်ပြောင်းလဲသွားတတ်၏။ ထိုအခါမနော
ကံအပြစ်မှသည် နှုတ်ဖြင့် ကျူးလွန်မှု ၀စီကံအပြစ်၊
ကိုယ်ထိလက်ရောက် ကျူးလွန်မှုကာယကံအပြစ်အထိ 
ကျရောက်လာတတ်ပေ၏။ ဤသည်မှာ ဖြစ်ပေါ်လာ
သည့် စိတ်ကို ဖြစ်ခိုက်တွင် မသိမှုကြောင့်ဖြစ်၏။

မှန်၏။ မည်သူမဆိုတစ်ခါတစ်ရံ မိမိတို့၏ စိတ်ကိုသတိ
ထားကြည့်မိသည့် အခါလေးများ ရှိတတ်၏။ ဖြစ်ပေါ်
နေသည့် ကောင်းစိတ်၊ မကောင်းစိတ်ကို သတိထားမိ
သည့် အခါများလည်း ရှိတတ်၏။ ထိုသို့ သတိထားမိ
လိုက်သည့်အခါ ဖြစ်ပေါ်နေသည့်ထိုစိတ်သည်ရပ်တန့်
သွားပြီး ရှေ့ဆက်မဖြစ်တော့ဘဲ နောက်စိတ်တစ်ခုဖြစ်
ပေါ်လာသည်ကို သတိပြုမိကြမည်ဖြစ်၏။ ဤသည်မှာ 
စိတ်၏သဘောပင် ဖြစ်၏။ စိတ်သည် တစ်ချိန်တည်း
တွင် မည်သည့်အခါမျှ နှစ်စိတ်ဖြစ်ရိုးမရှိပေ။အလွန်လျင်
မြန်သောကြောင့်သာ နှစ်စိတ် သုံးစိတ်ဖြစ်သည့်ဟုထင်
မှတ်တတ်ကြ၏။ 

ရှေ့စိတ်ကို သိလိုက်သည့်နှင့် ထိုရှေ့စိတ်ပျောက်ပြီး 
နောက်သိသည့်စိတ် ဖြစ်ပေါ်လာ၏။ ထိုနည်းအတိုင်း သိ
လိုက် သိလိုက်တိုင်း စိတ်အသစ် အသစ် ဖြစ်ပေါ်နေခြင်း
ဖြစ်၏။ ထိုဖြစ်တိုင်း ဖြစ်တိုင်း စိတ်ကိုသိအောင် ကြိုးစား
ရန်သာ လိုအပ်လှ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခုကို ဖြစ်
စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး မိမိ၏
စိတ်တွင် အလိုမကျဖြစ်သည့်စိတ်၊ မနာလိုဖြစ်သည့်စိတ် 
ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်ဖြစ်သည်ကို ချက်ချင်းသိ
နိုင်အောင် သတိပြုသင့်၏။ ထိုစိတ်ဖြစ်ခိုက်တွင် ငါ့မှာ ဒီ
စိတ်ဖြစ်နေပါလားဟု သိလိုက်သည်နှင့် တစ်ပြိုင်နက် ထို
စိတ်သည်ရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားတော့၏။ 
ထို့ကြောင့် မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်
ကြိုးစားဟု ဆိုခြင်းဖြစ်၏။ အကယ်၍ ဖြစ်ပေါ်လာသည့် 
စိတ်၏ဖြစ်စဲဖြစ်ခိုက်ကို မသိပါက အစွဲတရားဝင်လာတတ်
၏။ ဒေါသဖြစ်သည့်အခိုက် ထိုဒေါသစိတ်ကို မသိပါက 
အစွဲတရားဝင်လာပြီး ဒေါသအလျောက် ပြောဆိုမိတတ်၊ 
ကိုယ်ထိလက်ရောက် ကျူးလွန်မိတတ်၏။ ဤသည်မှာ
ဖြစ်ခိုက်ကို မသိဘဲ စွဲသွားမိသောကြောင့်ဖြစ်၏။ 

ထို့အတူပင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု
အပေါ် သဘောကျကျေနပ်နှစ်သက်မိသည့် စိတ်ဖြစ်ပေါ်
လာသည့် အခါတွင်လည်းထိုစိတ်၏ဖြစ်ခိုက်ကိုသိအောင်
သတိပြုရမည် ဖြစ်၏။ မသိဘဲ လွှတ်ထားမိပါက အစွဲ
တရားဖြစ်ပေါ်လာပြီး တဏှာရာဂစိတ်၊ လိုချင်တပ်မက်မှု
လောဘစိတ်စသည်ဖြစ်ပေါ်တတ်၏။ အကယ်၍ လိုချင်
သည့်အတိုင်း ဖြစ်မလာပြန်လျှင် ဒေါသစိတ်က ထပ်ဆင့်
ဝင်လာတတ်ပြန်၏။ ဤသဘောသည်လည်း ဖြစ်ပေါ်လာ
သည့် စိတ်၏ ဖြစ်ခိုက်ကို မသိသောကြောင့်သာ ဖြစ်၏။ 

ထို့ကြောင့် မည်သည့်စိတ်ပဲ ဖြစ်ဖြစ် သိအောင်လုပ်ရမည်
ဟု ဆိုခြင်းဖြစ်ပါ၏။

မဟာစည် ဆရာတော်ကြီး မိန့်တော်မူသည့် တရားရှုမှတ်
နည်း လင်္ကာလေးရှိ၏။ ဖြစ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်
ရောက်သည်၊ ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှု ကင်းပျောက်
သည် ဟူ၍ဖြစ်၏။ ဆိုလိုသည်မှာ မိမိ၏ စိတ်တွင်ဖြစ်စေ၊ 
ရုပ်တွင်ဖြစ်စေ ဖြစ်သမျှ၊ ပေါ်သမျှကို ဖြစ်ခိုက်ပေါ်ခိုက်တွင် 
သိရန်လိုအပ်ပြီးမသိလိုက်ပါကအစွဲတရားဝင်တတ်ကြောင်း၊ 
ဖြစ်သမျှအခိုက်ကို သိလိုက်နိုင်ပါက အစွဲကင်းပျောက်မည်
ဖြစ်ကြောင်း ဆိုလို၏။ အစွဲတရားသည်ကား အလွန်
ကြောက်စရာကောင်းလှ၏။ စွဲလန်းမိလျှင် အမှန်ကို မမြင်
ဖြစ်လာ၏။ မမြဲခြင်းသဘောကို မြဲသည်ဟု ထင်လာတတ်
ပြီး မရှိကို အရှိဟု ထင်လာတတ်၏။ မပိုင်သည်ကို ပိုင်
သည်ဟု ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်
လာတတ်၏။ ထို့ကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့
ဂုဏ်ဝါစသည်ဖြင့် ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ 
ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်၏။ သေ
ချာသည်မှာ အကောင်းဖြစ်စေ အဆိုးဖြစ်စေစွဲလန်းမိလျှင် 
မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်သည် ဟူသည့်
အချက်ပင် ဖြစ်၏။ စင်စစ်။ ထိုအစွဲတရား ဖြစ်ပေါ်ခြင်း၏ 
အကြောင်းကား မသိမှုကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှု
သည်လည်း ဖြစ်ခေါ်ပေါ်ခိုက်ကို မသိလိုက်မှုပင် ဖြစ်၏။ 
ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်ပါက ထိုအစွဲတရား ဖြစ်ပေါ်
ရန် အကြောင်းမရှိတော့ပေ။ အစွဲတရားကင်းလျှင် ဒုက္ခ
ကင်းမည်သာ ဖြစ်၏။ ဒုက္ခကင်းခြင်းသည် ချမ်းသာခြင်း
ပင်ဖြစ်၏။ 

ထို့ကြောင့် ဒုက္ခမရှိ ချမ်းသာသိဖို့ အစွဲမရှိကြရန် လို
ကြောင်း ဆိုခြင်းဖြစ်၏။ အစွဲမရှိရန်အတွက်ကား သိမှပင်
ဖြစ်၏။

အချုပ်အားဖြင့် ပြောလိုသည်မှာ ဘာပဲဖြစ်ဖြစ် သိအောင်
လုပ်ရန် ပြောလိုရင်းဖြစ်၏။ ကာမဂုဏ်အာရုံများတိုးတက်
ဖြစ်ထွန်းများပြားလာသည့် ယနေ့ခေတ်တွင်ထိုကာမဂုဏ်
အာရုံများ၏ ဖုံးလွှမ်းမှုကြောင့် သတ္တ၀ါတို့သည် လောဘ၊ 
ဒေါသ၊ မောဟ မာနစသည့်ကိလေသာများဖြင့်သာအချိန်
ကုန်နေကြပြီး သိသင့် သိထိုက်သည်များကို မသိနိုင်ဖြစ်
နေကြရ၏။ မသိကြသဖြင့် ဒုက္ခများလည်း ဖြစ်နေကြရ၏။ 
ဒုက္ခဖြစ်ရခြင်းသည် စွဲလမ်းမိကြသဖြင့် ဖြစ်ရခြင်းဖြစ်၏။ 
ထိုစွဲလန်းမှု၏ အကြောင်းကား မသိမှု အ၀ိဇ္ဇာကြောင့်ပင် 
ဖြစ်ပါ၏။ ထိုမသိမှုကို အကြွင်းမဲ့ပယ်သတ်နိုင်ရန်အတွက်
ကား အစစအရာရာ သိအောင်ကြိုးစားမှသာ ဖြစ်ပေမည်။ 
သိရန်အတွက်ကား ရှေးဦးစွာ သညာသိဖြစ်ဖြင့်သိအောင်
ကြိုးစားရမည်ဖြစ်ပြီး ထိုမှ ပညာသိဖြင့် သိအောင်ကြိုးစား
ရမည်သာ ဖြစ်ပါ၏။ ပညာသိဖြင့်သိရန်အတွက်ကားမြတ
စွာဘုရားရှင်၏ လမ်းညွှန်မှုအတိုင်း စိတ်မှာဖြစ်စေ၊ရုပ်မှာ
ဖြစ်စေ ဖြစ်ပေါ်လာသည့် အရာများကို သတိကပ်လျက် 
ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲမှာပင် သိအောင်ကြိုးစားရ
မည်သာ ဖြစ်ပါ၏။ ထိုသို့ ဖြစ်ခိုက်ပေါ်ခိုက်တွင် အလိုက်
သင့် လိုက်သိနေမည်ဆိုလျှင် ရုပ်နာမ်ကိုအမှီပြု၍ အစွဲ
တရားလည်း ဖြစ်ပေါ်လာမည်မဟုတ်တော့ပေ။ အစွဲမရှိ
လျှင် ဒုက္ခလည်း မရှိနိုင်ပေ။ ဒုက္ခမရှိလျှင်အခိုက်အတန့်
အားဖြင့် ငြိမ်းနေမည်သာ ဖြစ်ပါ၏။ အကြွင်းမဲ့ ငြိမ်းရန်
အတွက်ကား အကြွင်းမရှိ ပယ်သတ်နိုင်ရန် လိုအပ်ပေ
၏။ ထို့ကြောင့် မသိမှုများကြောင့် စွဲလမ်းမှုတွေဖြစ်နေရ
ပြီး စွဲလမ်းမှုများကြောင့် ဒုက္ခဖြစ်နေကြရသည့် လောက
ကြီးတွင် ဒုက္ခဖြစ်ကြောင်း စွဲလန်းမှုကို ပယ်ဖျောက်နိုင်
ရန် မည်သည့်အရာပဲဖြစ်ဖြစ် ဖြစ်ခိုက် ပေါ်ခိုက်၊ ဖြစ်ဆဲ
ပေါ်ဆဲတွင် သိအောင်သာလုပ်ကြပါဟုတိုက်တွန်းလိုက်
ရပါသတည်း။

မနာပဒါယီ အရှင်ဝိစိတ္တ

0 comments:

Post a Comment