စင်ကြယ်မှုအဆင့်ဆင့်
စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
ကိုယ်လည်းစင်ကြယ်ရမယ်။
နှုတ်လည်းစင်ကြယ်ရမယ်။
စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။
အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။
အဲလိုစင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင်
ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေက
ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။
ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။
ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊
ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။
ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။
အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ
တစ်စတစ်စနဲ့ အိုမင်း ယိုယွင်းလာတယ်။
မင်းစီးရထားတွေ တစ်စတစ်စနဲ့ အိုသွားကြသလို ကိုယ်ခန္ဓာဟာလည်း
ဒီလိုပဲ တစ်နေ့တခြား အိုမင်း ရင့်ရော်လို့ သွားတယ်။
အဲဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့်
အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်နေတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။
အမြိုက်ဓာတ်ရအောင် ဘယ်လိုလုပ်မှာလဲ။
သီလ စင်ကြယ်မှု၊ စိတ် စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ = အကြောင်းကောင်းကြောင့် အကျိုးကောင်းတွေ ဖြစ်နေကြတယ်။
ဘယ်သူ့ဘယ်သူကမှ မ,စလို့ မရဘူး။
ကောင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုး ဖြစ်တာအမှန်ပဲ။
မကောင်းတဲ့အကြောင်းကြောင့် မကောင်းတဲ့ အကျိုးဖြစ်တာ
အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။
အဲဒီလို ယုံမှား ကင်းတဲ့ ဥာဏ်တွေ ဖြစ်လာတယ်။
မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊
သတိ၊ သမာဓိဥာဏ်တွေ အသိဥာဏ် တွေ ရင့်ကျက်လာရင်
ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်။
ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့
တရားအားမထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာ သုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေကိုလည်း ကြုံလာရတယ်။
ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်လူနတ်တွေ
မခံစားနိုင်တဲ့ သမာဓိ နဲ့စပ်တဲ့ ချမ်းသာထူးတွေ၊
အသိဥာဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတယ်တဲ့။
အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့။ ဖိုလ်ထင်ပါရဲ့။
နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ဥာဏ်ပေါ်မှာ ထင်ယောင် ထင်မှားဖြစ်တယ်။
တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့ မပြီးသေးဘူး။
ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့၊ အဲလို…ဒါမဂ်အစစ်မဟုတ်သေးဘူး
လမ်းမှန် လမ်းမှား ခွဲခြားဝေဖန်တဲ့ဥာဏ် ဖြစ်ပေါ် လာတယ်။
ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ဥာဏ်စင်ကြယ်သွားတယ်လို့ ဆိုပါတယ်။
ပဋိပဒါဥာဏဿန၀ိသုဒ္ဓိ = ဒီမဂ္ဂင်အကျင့်သာလျှင် အိုနာသေလွတ်တဲ့
နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ်။
အကျင့်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး၊
ဒီဟာကောင်းနိုးနိုး မရှိတော့ဘူး။
ဒီသတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ်၊ ဒီမဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေတဲ့
ဒီသတိပဋ္ဌါန်အကျင့်လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ်။
ဒါ အကျင့်လမ်းနဲ့ ပတ်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ။
ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိပေါ့။
နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်ရင်း မြင်ရင်းနဲ
့ သြော်…ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်ရော်တဲ့ ဇရာရှိနေတာပဲ။
မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ နှိပ်စက် နေလို့လည်း ဒီသံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲ။
ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်တွေပေါ်မှာ မဖြစ်ချင်တော့ဘူး။ မုန်းတီးလာတယ်။
ဖြစ်ချင်ရင် ဖြစ်နေမှာပဲ။ မဖြစ်ချင်ရင် မဖြစ်တော့ဘူး။
အဲဒီ သစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွား တော့တယ်။
ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ။ သင်္ခါရပဲ။
မဖြစ်မပျက်တာ အသင်္ခတနိဗ္ဗာန်ပဲလို့ သူ သဘောပေါက် သွားတော့တယ်။
ဥာဏ်ထိုးထွင်းမိသွားတယ်။
အဲလို မဂ်ဥာဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှား ကင်းစင်သွားတယ်။
ဥာဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်စပ် တဲ့ ဥာဏ်အမြင် စင်ကြယ်သွားတယ်။
ပညာပိုင်းဆိုင်ရာ စင်ကြယ်မှုခေါ်တယ်။
ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊
အသိဥာဏ်တွေ စင်ကြယ်သွားရမယ်။
စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။
အကျဉ်းချုံးလိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိပဲ ရှိတယ်။
အဲဒီနှစ်ခု ပိုင်နိုင်အောင် ကြိုးစား။
ရွှေဥမင်ဆရာတော်ဘုရားကြီး
0 comments:
Post a Comment