Friday, April 17, 2015

မပြောင်းပဲကြာကြာထိုင်တာနဲ့ ပြောင်းပြင် ပေးတာ ဘယ်ဟာက ပိုပြီး တရားသိနိုင် ပါသလဲ။



မပြောင်းပဲကြာကြာထိုင်တာနဲ့ ပြောင်းပြင် ပေးတာ ဘယ်ဟာက ပိုပြီး တရားသိနိုင် ပါသလဲ။
ကြာကြာထိုင်နိုင် မထိုင်နိုင်နဲ့ တရား သိ မသိလို့မေးခွန်း
ကိုကြည့်ပြီး နှစ်ပိုင်းခွဲလိုက်ပါ။
တရားသိဖို့ ထိုင်ဖို့ဆိုတဲ့ အကျိုးနှစ်ခုမှာ မိမိ
ကိုယ်ကိုပြန်မေးပါ။ တရားသိချင်တာလား။
ထိုင်ချင်တာလား။ တရားထိုင်ချင်တယ်လို့
ပြောနေကြတာတွေကို သတိထားကြည့်ပါ။
တရားသိချင်ရင် သိဖို့အကြောင်းရင်းရှိပါတယ်။
တရားထိုင်နိုင်ချင်ရင် ထိုင်နိုင်ဖို့အကြောင်းရင်း
ရှိပါတယ်။
ကိုယ်ဆင်းရဲမှုဒုက္ခ၊ စိတ်ဆင်းရဲမှုဒေါမနဿနဲ့
သစ္စာလေးပါးတရားကို ထိုးထွင်းမသိနိုင်ပါဘူး။
ကိုယ်ချမ်းသာမှုသုခ၊ စိတ်ချမ်းသာမှုသောမနဿ
နဲ့သာ သစ္စာလေးပါးတရားကို ထိုးထွင်းသိနိုင်ပါ
တယ်။
ကိုယ်ဆင်းရဲမှုဒုက္ခကို အကြောင်းခံပြီးစိတ်ဆင်းရဲမှု
ဆိုတာ များသောအားဖြင့် ဖြစ်တတ်ကြပါတယ်။
စိတ်ဆင်းရဲမှုဆိုတာ အကုသိုလ်ပါ။ ကိလေသာ
ဝင်နေလို့ ကိလေသာအရှိန်ကောင်းလို့ဖြစ်ရ
တာပါ။
စိတ်ချမ်းသာမှုဆိုတာ ကုသိုလ်ပါ။ သတိရှိလို့၊
ဓာတ်ခံကောင်းနှလုံးသွင်းကောင်းရှိလို့ စိတ်ချမ်း
သာရတာပါ။
ကုသိုလ်စိတ်ချမ်းသာမှုအမျိုးမျိုးမှာ ၀ိပဿနာ
ကုသိုလ်စိတ်ဟာ လောကီချမ်းသာမှုတွေထဲက
အဆင့်အမြင့်ဆုံးပါပဲ။ သတိရှိမှ ကုသိုလ်စိတ်ဖြစ်
ကုသိုလ်စိတ်ဖြစ်ပြီး ဉာဏ်ပါလာမှ ရုပ်နာမ်သ
ဘောကို သိနိုင်မြင်နိုင်ပါတယ်။
တရားသိချင်ရင် သတိရှိတဲ့ ကုသိုလ်စိတ်ချမ်းသာမှု
ဖြစ်ရပါတယ်။
မပြောင်းဘဲ ကြာကြာထိုင်တာနဲ့ပြောင်းပြင်ပြီးထိုင်
တာနဲ့ ဘယ်ဟာက ပိုပြီးတရားသိနိုင်ပါသလဲဆို
တာ ဆက်ပြီးဖြေကြည့်ကြရအောင်။
အချိုးအစားမကျတဲ့ ထိုင်နေမှုကြောင့်၊ ဒါမှမဟုတ်
ကြာလာတဲ့အခါ နာကျင်ကိုက်ခဲမှု၊ ကိုယ်ဆင်းရဲမှု
တွေပြင်းစွာဖြစ်လာပါတယ်။ ကိုယ်ဆင်းရဲရင်စိတ်
ဆင်းရဲတတ်ပါတယ်။ ဒေါသအကုသိုလ်စိတ်ဖြစ်
တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။
မပြောင်းမပြင်နဲ့ဆိုလို့သာ ထိုင်နေရတယ်။ မကျေနပ်
စိတ်ဖြစ်နေရင် အရှုခံအာရုံရုပ်နာမ်ကိုမမြင်နိုင်ပါဘူး။
သဘောမကျစရာ နာကျင်ကိုက်ခဲမှုကိုပဲမြင်ပြီးဒေါသ
ပဲဖြစ်နေပါတယ်။
ပြောင်းချင်တယ်၊ မပြောင်းရဲလို့ ဆိုတာမျိုးဟာ
တရားမသိနိုင်ပါဘူး။
ဒါဖြင့်ပြောင်းချင်လို့ပြောင်းတယ်ဆိုပါစို့။ အနာသက်
သာရုံ၊ ကျင်တာပျောက်သွားရုံ၊ တင်းတာလျော့သွား
ရုံ ဒီလောက်ရည်ရွယ်ချက်နဲ့ ပြောင်းရင်အနာတော့
သက်သာချင်သက်သာမယ်။ ကျင်တာပျောက်ချင်
ပျောက်မယ်။ တင်းတာလျော့ရင်လျော့မယ်။ တရား
တော့သိလိုက်မှာ မဟုတ်ပါဘူး။
ကြာကြာထိုင်ချင်တဲ့ပုဂ္ဂိုလ်အတွက် နာကျင်မှုကို
အောင့်ခံလို့ဖြစ်ဖြစ်၊ အာရုံပြောင်းလို့ဖြစ်ဖြစ် အကျင့်
လုပ်ပြီးထိုင်သွားရင် ဆယ်မိနစ်ကနေ နာရီဝက်၊
နာရီဝက်ကနေ တစ်နာရီ၊ နှစ်နာရီ၊ တစ်နေကုန်ဆို
တာ ထိုင်နိုင်လာပါတယ်။
ကြာကြာထိုင်ချင်ရင် ထိုင်ကျင့်တိုးတိုးပြီးလုပ်ပါ။
ကြာလာရင် အကျင့်ရပြီးထိုင်နိုင်လာပါတယ်။
တရားသိချင်ရင်တော့ စိတ်ချမ်းသာကိုယ်ချမ်းသာ
နဲ့ အေးအေးဆေးဆေး အချိန်တိုင်းသတိဝီရိယ
ကောင်းတွေနဲ့ ကြိုးစားပြီးကြည့်ပါ။ တရားသိနိုင်
လာပါတယ်။
ကြာကြာထိုင်တာ မထိုင်တာနဲ့ တရားသိတာ
မသိတာနဲ့ကို မရောထွေးပါစေနဲ့။ ထိုင်ချင်ရင်ထိုင်
နိုင်အောင်ကျင့်။ တရားသိချင်ရင် တရားသိအောင်
ကျင့်ပါ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်းအမေးအဖြေများ - ၂

0 comments:

Post a Comment