မျက်ကန်းများနှင့် ဆင်
===============
တစ်နေ့မှာ ဆွမ်းခံအပြန် ရဟန်းတွေက ဘုရားရှင်ကို လျှောက်တယ်။ "အရှင်ဘုရား၊ ဆွမ်းခံလမ်းမှာ အခြားဘာသာရေးဂိုဏ်များမှ အယူအဆကွဲပြားပြီး သူတို့အမြင်တွေကို လှည့်လည်ဖြန့်နေတဲ့သူတွေဟာ အပြန်အလှန် ရန်လိုမုန်းထားပြီး "သူ့တရားက မှန်တယ်၊ ငါ့တရားကမှန်တယ်" ဆိုပြီး ငြင်းခုံရန်ဖြစ်နေတာကို တွေ့ခဲ့တယ်ဘုရား"
"ရဟန်းတို့၊ တကယ်တော့ သူတို့ဟာ ဘယ်တရားက အကျိုးဖြစ်စေတယ်၊ ဘယ်တရားက အကျိုးပျက်ဆီးစေတယ်၊ ဘယ်ဟာက တရားလဲ၊ ဘယ်ဟာက တရားမဟုတ်ဘူးလဲဆိုတာ မသိကြဘူး။
ဘာနဲ့တူလဲဆိုရင် --
ရှေးတုန်းက သာဝတ္ထိပြည်က ဘုရင်တစ်ပါးဟာ မွေးရာပါမျက်ကန်းတွေကို စုဝေးစေပြီး ဆင်ဆိုတာ ဘယ်လိုပုံစံလဲလို့ မျက်ကန်းတွေကို မေးတယ်။ မျက်ကန်းတွေဟာလည်း ကိုယ်ကိုင်မိတဲ့ ဆင်ရဲ့အစိတ်အပိုင်းတွေကိုပဲ အကြောင်းပြုပြီး ဆင်ပုံစံကို ပြောကြတယ်။ ခေါင်းကိုင်မိတဲ့သူက ဆင်ဆိုတာ ခရားလိုပါပဲ၊ နားရွက်ကိုင်မိတဲ့သူက ဆင်ဆိုတာ စကောလိုပါပဲ၊ အစွယ်ကိုင်မိတဲ့သူက ဆင်ဆိုတာ လှံလိုပါပဲ၊ နှာမောင်းကိုင်မိတဲ့သူက ဆင်ဆိုတာ မြွေလိုပါပဲ၊ ကိုယ်လုံးကို ကိုင်မိတဲ့သူက ဆင်ဆိုတာ စတိုခန်းလိုပါပဲ၊ အမြီးကိုင်မိတဲ့သူက ဆင်ဆိုတာ ကြိုးလိုပဲ၊ ဆင်မြီးထိပ်မှာရှိတဲ့ အမွေးစုကို ကိုင်မိတဲ့သူက ဆင်ဆိုတာ စုတ်တံလိုပါပဲဟု အသီးသီးဖြေကြတယ်။ နောက်တော့ မျက်ကန်းတွေဟာ သူပြောတာမှန်တယ်၊ ငါပြောတာမှန်တယ်နဲ့ အချင်းချင်းရန်ဖြစ်ကုန်ကြတယ်။ ဒါကိုကြည့်ပြီး သာဝတ္ထိဘုရင်က ရယ်မောပျာ်ရွှင်နေခဲ့တယ်။
ထို့အတူပဲ ရဟန်းတို့ သင်တို့တွေ့ခဲ့တဲ့ အခြားဘာသာရေးဂိုဏ်းက လှည့်လည်တရားဟောနေတဲ့သူတွေဟာ မျက်ကန်းတွေလိုပဲ အမြင်မရှိကြဘူး။ ဒါကြောင့် အပြန်အလှန် ရန်လိုမုန်းထားပြီး စကားလှံတံတွေနဲ့ ငြင်းခုံရန်ဖြစ်နေကြတာ။
(ဥဒါန ၆၊ ၄)
0 comments:
Post a Comment