Friday, April 17, 2015

အပျက်မြင်ရအကျိုးရပုံ



အပျက်မြင်ရအကျိုးရပုံ

ကိုယ်သိနေတဲ့အသိဉာဏ်ဟာ ပြောတဲ့အတိုင်း
ဟုတ်တယ် မဟုတ်ဘူးဆိုတာ ဆန်းစစ်တတ်
ရမယ်။ အဲဒီလိုဆန်းစစ်နိုင်မှလည်း ကိုယ်သွား
တဲ့လမ်းကြောင်း ဖြောင့်တန်းပြီးမှန်မှာ၊ တရား
တွေ အားထုတ်လာတယ်။ အချိန်တွေရင့်ကြာ
လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုလည်း သိတယ်
လို့ အားရလောက်အောင် ကျေနပ်ပေမယ့်
တကယ့်အမြင်က ပိုင်ပိုင်နိုင်နိုင် ထိုးထိုးထွင်း
ထွင်းနဲ့ မမြင်နိုင်သေးတဲ့အခါ အခုပြောမယ့်
တရား(၈)မျိုးနဲ့ဆန်းစစ်တော့မှ ပြည့်စုံရင်တော့
အထူးဝမ်းမြောက်စရာကောင်းလှပါပြီ။ မပြည့်
စုံသေးဘူးဆိုရင်တော့ ကိုယ်သိထားတဲ့အမြင်
တွေ လိုနေသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ။
အရှုခံတရားတွေ ပေါ်တိုင်းပေါ်တိုင်းမှာလိုက်
ကြည့်တယ်။ ပေါ်တိုင်း ပေါ်တိုင်း လိုက်လိုက်
သိလို့ အသိလေးတွေဟာအလွန်ကိုစိပ်ခဲ့
တယ်။ အမြင်ကလည်း အားကောင်းလာ
တော့ အဲဒီအသိဉာဏ်အောင်မှာပဲ ပေါ်လာ
တဲ့ အရှုခံလေးတွေဟာ ဖြစ်လိုက်ပျက်လိုက်
နဲ့ဒါလေးပဲ တွေ့ရတော့တယ်။

အဲဒီကနေတဆင့် အားကောင်းလာတဲ့အခါမှာ
ဘယ်အရှုခံပဲပေါ်လာပေါ်လာတဲ့အကြည့်မခံ
တော့ဘူး။ ပေါ်လာတဲ့ဓမ္မကလေးဟာ ပေါ်လိုက်
တဲ့အခိုက်မှာပဲ ဉာဏ်ကအာရုံပြုရင် မရှိတာဘဲ
မြင်လိုက်ရတယ်။ အဲဒီမရှိတဲ့သဘောအပျက်
ကလေးတွေကို တရစပ်မြင်ရပါတယ်။ ကိုယ့်
ကိုယ်ကို ကျေနပ်နေကြတဲ့ယောဂီများ၊ နောင်
ကိုလည်း မြင်ရအုံးမယ့် ယောဂီများ ဒီသဘော
တွေနဲ့ ပြည့်စုံ မပြည့်စုံ ကိုယ့်စိတ်မှာပိုင်ပိုင်နိုင်
နိုင်ကိန်းမကိန်းဆိုတာကို ဆန်းစစ်နိုင်အောင်
ယနေ့ရှင်းပေးပါ့မယ်။ အပျက်မြင်တဲ့အကျိုး
တရားပေါ့။ အရှုခံတရားတွေပေါ်မှာ ပေါ်တိုင်း
ပေါ်တိုင်းရှုနေကြတာပဲ။ မြင်လည်းမြင်နေကြ
တာပဲ။ တစ်ချို့လည်း မြင်သလိုလိုရှိတယ်။
တစ်ချို့ကျတော့လည်း မွမွရွရွလေးတွေကို
အိုး အများကြီး အကြည့်မခံလောက်အောင်
ကို တဖွဲဖွဲနဲ့တွေ့နေရတယ်။ အားရစရာကောင်း
လောက်အောင်လည်း ပြောတာတွေကြားရပါ
တယ်။

မှန်တယ်၊ မမှန်ဘူးဆိုတာကတော့ အပျက်မြင်
တဲ့ပုဂ္ဂိုလ်မှာ ကောင်းစွာတည်နိုင်တဲ့အကျိုး(၈)
မျိုးတောင် ရှိပါတယ်.။ အဲဒီ(၈)မျိုးလေးနဲ့နှိုင်း
ယှဉ်လိုက်ရင်တော့ ယနေ့သူတော်စင်များကိုယ်
ကြိုးစားနေတဲ့အမြင်ဟာ မှန်သွားပါပြီ။ ဒီသဘော
တွေ ကိုယ့်ရဲ့သန္တာန်မှာ ကောင်းစွာမတည်မကိန်း
သေးဘူးဆိုရင်တော့ ကိုယ်မြင်တဲ့အမြင်အားနည်း
သေး တယ်။ ဒုဗ္ဗလ၀ိပဿနာဉာဏ်အားနည်း
တယ်ပေါ့။ တကယ်အားကောင်းလာလို့ဝိပဿနာ
ဉာဏ်ကိုယ့်သန္တာန်မှာကိန်းလို့ အကြည့်မခံလောက်
အောင်အပျက်တွေမြင်နေပြီဆိုရင်တော့

၁။ ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာ စွဲစွဲမြဲမြဲနဲ့အသိ
ကိန်းသွားတာက အရှုခံမှန်သမျှ အရှုဉာဏ်အောက်
မှာ တစ်ဖွဲဖွဲနဲ့ပျက်တာတွေချည်းမြင်နေရတော့
သြော် ဘာတစ်ခုမှ မခိုင်မြဲပါလား။ ဘယ်နေရာ
ကြည့်လိုက် ကြည့်လိုက် တပျက်ထဲ ပျက်နေပါ
လား။ အဲဒီလို အပျက်တွေကိုမြင်ရတဲ့ယောဂီ၊
အကြည့်မခံလောက်အောင် တစ်ပျက်ထဲပျက်နေ
ရတာကိုတွေ့ရော ယောဂီရဲ့သန္တာန်မှာ တဿတ
ဒိဋ္ဌိ ၀င်ခွင့်မရ ပယ်လိုက်နိုင်ပါတယ်။ အပျက်ကို
တရစပ် မြင်နေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မခိုင်မြဲဘူး
ဆိုတာ ပိုင်ပိုင်နိုင်နိုင်ယုံကြည်သွားတယ်။
ဒါကြောင့်မို့လို့ သဿတဒိဋ္ဌိကို ၀င်ခွင့်မရပယ်
နိုင်ခြင်းဆိုတဲ့ အကျိုးတရားစွဲစွဲမြဲမြဲယုံယုံကြည်
ကြည်ကောင်းစွာတည်သွားပါတယ်။

နံပါတ်(၂) အနေနဲ့ဘာကိုထပ်ဆင့်ပြီးတော့စွဲမြဲ
အောင်မြဲအောင် ကိုယ့်ရဲ့နှလုံးသားမှာ တည်နိုင်
သလဲဆိုရင် ရှုနေတဲ့ အရှုခံအာရုံတွေပေါ်မှာ
ဘယ်အရှုခံပဲကြည့်လိုက်ကြည့်လိုက် လုံးရပ်ပုံ
သန္တာန်ပုံဟန်နိမိတ်တွေကင်းပျောက်ပြီးတော့
သဘောတရားပေါ်ကြည့်လိုက်တယ်မရှိတာဘဲ
မြင်ရတယ်။ အဲဒီအပျက်တွေချည်းမြင်ရတော့
ခန္ဓာမှာကြည့်လိုက်တဲ့အခါမှာ သြော် အသေ
ကြီးနဲ့အသေလေးနှစ်မျိုးရှိတာ တစ်ဘ၀မှာ
တစ်ခါသေရတာက အသေကြီးပဲ။ ခန္ဓာမှာဖြစ်
နေတဲ့ ရုပ်အရှုခံနာမ်အရှုခံလေးတွေဟာတဖွဲဖွဲ
မွေးလိုက် သေလိုက်ဖြစ်လိုက် ပျက်လိုက်ဒါက
လွဲလို့ ဘာမှမရှိပါလား။ ခန္ဓာမှာ ကိုယ့်အသေ
တွေချည်းပဲ၊ ကိုယ့်ဉာဏ်နဲ့ကြည့်တော့မြင်လာ
ရတယ်။ အဲဒီလိုသေနေတာ ပျက်နေတာခန္ဓာ
ရဲ့သဘောကို တစိုက်မတ်မတ်မြင်ရတဲ့အတွက်
အဲဒီပုဂ္ဂိုလ်သေမှာ မကြောက်တော့ဘူး။ အသက်
ဆိုတဲ့ ဇီဝဆိုတဲ့ အရာတွေကို ငဲ့ညှာမှုကင်းသွား
တယ်။ နံပါတ်(၂) အကျိုးရသွားတယ်။

နံပါတ်(၃) နှစ်မျိုးသောအကျိုးကနေ နောက်တစ်
မျိုးအကျိုးကို ရလာအုံးမယ်။ အဲဒါဘာလဲဆိုတော့
အရှုခံအာရုံကို အခုလို တစိုက်မတ်မတ်နဲ့ကောင်း
စွာတည်ပြီး အကြည့်မခံအောင် တစ်ပျက်ထဲပျက်
နေတဲ့အမြင်ဉာဏ်ရထားတဲ့ယောဂီတွေကိုယ့်ရဲ့
သန္တာန်မှာ ယုတ်မာတဲ့အလိုဆိုးတွေမရှိတော့ပါ။
အသက်မွေးကျောင်းကိုလည်းပဲ ဘယ်တော့မှ
မတရားတဲ့နည်းနဲ့မလုပ်တော့ပါ။ အလိုဆိုးတွေ
ကင်း ယုတ်မာမှုတွေ စင်ကြယ်ပြီးတော့စင်ကြယ်
တဲ့အသက်မွေးမှု့နဲ့သာလျှင် ကြိုးစားတော့တယ်
တဲ့။ အဲဒါ အပျက်မြင်ရတဲ့စွမ်းအားရဲ့အကျိုးပါ။

နံပါတ်(၄) အနေနဲ့ကလည်းပဲ အရှုခံတွေပြတယ်။
နှာသီးဝပဲပေါ်ပေါ်၊ ကိုယ်မှာပဲပေါ်ပေါ်၊ စိတ်မှာပဲ
ပေါ်ပေါ်၊ ဝေဒနာထင်ရှားလို့ ဝေဒနာပဲရှုရှု၊ သင်္ခါရ
တရားတွေဟာ အကြည့်မခံလောက်အောင်အပျက်
ချည်းပဲ တရစပ်မြင်နေရတဲ့ ယောဂီရဲ့သန္တာန်မှာ
ထိတ်လန့်မှုတွေနဲ့ ဘယ်လောက်ကြုံကြုံ ထိတ်လန့်
ခြင်းကင်းနေတယ်တဲ့။ အပျက်တွေကိုမြင်နေရတဲ့
ပုဂ္ဂိုလ်သည် အိမ်ကနေပြီးတော့ ကိစ္စအရေးကြီးလို့
လာခေါ်ရင် ကိုယ့်တရားကိုယ်ပြီးအောင်ကြိုးစား
တယ်တဲ့။ အဲဒီလို ထိတ်လန့်တဲ့အကြောင်းအရာ
သေးသိမ်တဲ့ကိစ္စ၊ ပြာယာခတ်လောက်အောင်လို့
ဖြစ်နေတဲ့ ကိစ္စတွေကို ကြောင့်ကြမဲ့နေနိုင်သွား
တယ်။ အဲဒါသည် အပျက်မြင်ရတဲ့စွမ်းအား၊ ဒါ
တွေကိုမှ ကြုံလို့မပယ်နိုင်သေးရင် ထိတ်ကနဲ
လန့်ကနဲ ကိုယ့်ရဲ့သန္တာန်ဖြစ်နေသေးရင် အပျက်
မြင်တာ ပိုင်ပိုင်နိုင်နိုင်မရှိသေးပါ။ အပျက်မြင်ရင်
ဒီအကျိုးတရားက ကောင်းစွာရကိုရမှာ၊ တစ်ပျက်
ထဲပျက်နေမှတော့ ဘာတစ်ခုမှ အသုံးမကျဘူး။
ဘာတစ်ခုမှ အားကိုးစရာမရှိဘူးဆိုတာ ကိုယ့်
ဉာဏ်က သဘောကျပြီးသား။ ဒါကြောင့်မို့လို့
ဘယ်လောက်ထိတ်လန့်စရာ ကိစ္စကြီးငယ်တွေ
ပေါ်လာပေါ်လာ ကိုယ့်တရားပြီးဆုံးအောင်လုပ
ပါတယ်။

နံပါတ်(၅) အနေနဲ့ကတော့ ဟောဒီခန္ဓာကိုယ်ကြီးမှာ
အရှုခံပေါ်တိုင်းကို အမြင်ဉာဏ်က ထက်သန်အား
ကောင်းလွန်းလို့  တစ်ပျက်ထဲပျက်တာတွေမြင်နေ
ရတော့ ဒီကိုယ်ကောင်ကြီးချစ်စရာ ဘာတစ်ခုမှ
မရှိဘူး။ ခင်စရာဘာတစ်ခုမှမတွေ့ဘူး။ ကိုယ်ကချစ်
မယ် ခင်မယ်ကြံလေလေ သူကတစ်ပျက်ထဲပျက်
ပြနေတယ်။ ချစ်စရာအချိန်မရှိ။ ခင်စရာအချိန်မရှိ။
တွယ်တာစရာအချိန်ကိုမရှိပါဘူး။ အဲဒီလိုအပျက်
ကို တရစပ်မြင်နေရရင် ဟောဒီကိုယ်ကို ချစ်ခြင်း
ခင်ခြင်းကင်းသွားပါတယ်။ ကိုယ်ပေါ်မှာချစ်ခင်
ခြင်းကင်းသွားတဲ့အတွက် ဒီပုဂ္ဂိုလ်တဏှာကိုပယ်
သတ်ပြီးတော့ အဲဒီခန္ဓာကိုယ်ရဲ့ ခင်မင်တွယ်တာ
မှုလက်က လွတ်မြောက်သွားတယ်။ အဲဒါအပျက်
မြင်ရတဲ့စွမ်းအားရဲ့ကျေးဇူးပါ။ မရှုနိုင်ရင်တော့
ကြိုးစားပေါ့။ ရှုနိုင်ရင်တော့ ကိုယ်မြင်နေရတာ
မှန် မမှန်ဆိုတာကို ဒါပေတံပေးလိုက်တာ။ တိုင်း
တာနိုင်ဖို့ပါ။

နံပါတ်(၆) အနေနဲ့ မြင်ရမယ့်အကျိုးတရားက
ကိုယ်တကယ် အမြင်ဉာဏ်က အပျက်တွေချည်း
ပဲ ပိုင်ပိုင်နိုင်နိုင် တွေ့ရတဲ့အတွက် ဘယ်လောက်
ပဲ ကြုံတွေ့လာရတဲ့ အခက်အခဲတွေပဲဖြစ်ဖြစ်
ဟောဒီခန္ဓာကိုယ်ကြီးက ဘယ်လောက်ပဲနှိပ်စက်
တဲ့ဒဏ်တွေကို ခံရခံရ သြော် ခန္ဓာမှာ ဘယ်လို
ကိုယ့်အလိုကိုယ့်အကြိုက် ဘာမှအစိုးရတဲ့တရား
မရှိ။ ဖြစ်ပြီးပျက်နေတာပဲရှိပါလား။ ဒါကြောင့်မို့လို့
ကိုယ့်ရဲ့နားမှာလာပြီးတော့ အတင်းပဲပြောပြော
မခံချင်လောက်အောင်ပဲပြောနေပြောနေသည်းခံ
နိုင်တဲ့ စွမ်းအားအပြည့်ရှိလာတယ်။ ကိုယ့်ရဲ့အ
မြင်အာရုံမှာ ဘယ်လောက်ပဲအမြင်မတော်လောက်
အောင်ပင် ကိုယ့်ကိုနှောက်ယှက်နေပါစေ၊ သည်းခံ
မှုအပြည့်ရှိလာတယ်တဲ့။ သည်းခံနိုင်တဲ့စွမ်းအား
ရှိရတာသည် အပျက်မြင်ခြင်းရဲ့ အကျိုးတစ်မျိုး
ပါ။ ဒါကြောင့်မို့လို့ ကိုယ်ရထားတဲ့ တရားတွေဟာ
မှန်တယ် မမှန်ဘူးဆိုတာ ပေတံတွေရှိပါတယ်။
အဲဒီပေတံတွေနဲ့တိုင်းတာကြည့်ရင်မှန်တယ်ဆို
ရင် ၀မ်းမြောက်ကြည်နှုးစွာနဲ့ ဆက်လက်ကြိုးစား
ရမယ်။ လိုနေသေးတယ်ဆိုရင် ဒီလမ်းကြောင်း
ကို တည့်အောင်လို့ ဆက်ကြိုးစားရင် တကယ့်
ဉာဏ်အမြင်နဲ့မြင်ရတဲ့အပျက်ကို မြင်လာတဲ့အခါ
ဒီသဘောအကျိုးတရားတွေဟာ ကိုယ့်နှလုံးသား
မှာ စွဲပြီးတော့ ကောင်းစွာကိန်းပါတယ်။

နံပါတ်(၇) အနေနဲ့ရမှာက အပျက်ကိုမြင်ရတဲ့
ယောဂီသည်တဲ့ ဘယ်တော့မှနောက်မဆုတ်ဘူး။
တစ်ပျက်ထဲပျက်ပျက်နေတာကို မြင်နေရတဲ့အ
တွက်ငါအချိန်မရွေးသေနိုင်တယ်ဆိုတာကိုပဲ
ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့်အသေမဦး
ခင်ဉာဏ်ဦးတဲ့အလုပ်ကိုတော့ ကြိုးစားမယ်ဆိုတဲ့
စွမ်းအားဟာ နေ့မအိပ်ညမအိပ် နေ့နေ့ညညဆက်
အောင်ကိုသာ ကြိုးစားတော့တယ်တဲ့။ အဲဒီလို
ကြိုးစားလာတာသည် ဉာဏ်အမြင်စင်ကြယ်စွာနဲ့
တစ်ပျက်ထဲပျက်တာကို မြင်နေလို့ပါ။

နံပါတ်(၈) အကျိုးတရားကိုရမှာက ဘယ်လောက်
ပျော်စရာကောင်းတဲ့ လောကီအပျော်တွေပဲဖြစ်ဖြစ်၊
ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ လောကီ
ကိစ္စတွေပဲဖြစ်ဖြစ်၊ အဲဒီပေါ်မှာစိတ်ပျက်ခြင်း၊ ပျော်
ခြင်းဆိုတာတွေလည်းကင်းလာခဲ့တယ်တဲ့။ ပျော်
သင့်တဲ့နေရာမှာလည်း ပျော်စရာမဟုတ်တာကို
သိလာတာကိုး၊ ဒါကြောင့် လောကထဲမှာလည်း
မပျော်ဘူး။ စည်းစိမ်ဥစ္စာထဲမှာလည်းမပျော်ဘူး။
သားနဲ့သမီးနဲ့လည်း မပျော်ဘဲနဲ့ခန္ဓာကပျက်စီး
နေတဲ့သဘောကိုသာလျှင် ပိုင်ပိုင်နိုင်နိုင်နဲ့အရှုခံ
ပေါ်မှာ အရှုဉာဏ်လေးတွေကိန်းပြီးတော့နှလုံး
သွင်းရင်းနဲ့ ကိုယ်သွားရမယ့်လမ်းကိုသာ အ
ရောက်ချီတက်တော့တယ်တဲ့။ အဲဒါသည်အပျက်
မြင်ရတဲ့ရရှိတဲ့ အကျိုးတရားတွေဖြစ်ပါတယ်။
ကိုယ်ရှုနေတဲ့ အရှုခံအာရုံတွေပေါ်မှာ အပြောနဲ့
မြင်ရတဲ့အပျက်တွေ မြင်သလို မြင်သလို ရှိတယ်
ဆိုပြီးတော့ ကြံစည်ပြီး မြင်ရတဲ့အမြင်တွေဟာ
ဝိပဿနာတောင်မဖြစ်ဘူးနော် အခုပြောတဲ့
အကျိုးတရားဆိုရင်တော့ ဝေးပါတယ်။
ဒါကြောင့်မို့လို့ စွမ်းနိုင်သမျှတွေ့တုန်းဆုံတုန်း
မှာ ယောဂီသူတော်စင်များအတွက်ကို တတ်စွမ်း
သမျှ သိသင့်သိထိုက်တဲ့ အရာလေးတွေကိုဆန်း
စစ်နိုင်အောင် ကင်းဝေးသွားတဲ့အခါမှာလည်းပဲ
ပြန်လည်ပြီးတော့ အသိဉာဏ်လေးတွေကိန်ြး့ပီး
ကြိုးစားတဲ့အခါမှာ ခရီးတွင်အောင်လို့စွမ်းနိုင်သမျှ
တစ်နေ့ထက်တစ်နေ့ တစ်မျိုးနဲ့တစ်မျိုးမတူရအောင်
ကျေးဇူးပြုပေးလိုက်ပါတယ်။ မမြင်သေးတဲ့ယောဂီ
များအတွက်လည်းမြင်လာတဲ့အခါမှာ ဒီ(၈)မျိုးနဲ့
ပိုင်ပိုင်နိုင်နိုင် သုံးသပ်ဆင်ခြင်ပြီး ဆန်းစစ်လို့ပြည့်
စုံရင် ကိုယ်ရောက်မယ့် ပန်းတိုင်သည် နီးနီးလေး
ပါ။

အရှင်ပုညာနန္ဒ
နိဗ္ဗူတာသို့ခြေလှမ်းများ - ၃

0 comments:

Post a Comment