Wednesday, July 8, 2015

“ဘဝကူးမှုနှင့်ပတ်သက်၍ သဿတဓိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ”



“ဘဝကူးမှုနှင့်ပတ်သက်၍ သဿတဓိဋ္ဌိဖြစ်ပုံ၊ ဖြုတ်ပုံ”
==========================
ရုပ်တရား၊ နာမ်တရားတစ်ပါးပါးကို မပျက်မစီး အမြဲတည်နေတယ်လို့ အယူမှား
တာကို သဿတဒိဋ္ဌိလို့ခေါ်တယ်။ သတ္တဝါဆိုတာ သေရင်ပြတ်တာပဲ။ နောက်
ထပ်ဘာမှ မဖြစ်တော့ဘူးလို့ အယူမှားတာကျတော့ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တယ်။
ဗုဒ္ဓဘာသာတွေဟာ လူသေပြီးဘဝကူးပြောင်းတာနဲ့ ပတ်သက်ရင် သဿတဒိဋ္ဌိ
အယူရှိတယ်။
နိဗ္ဗာန်နဲ့ ပတ်သက်လာရင်တော့ ဥစ္ဆေဒဒိဋ္ဌိအယူရှိတယ်။ ဒီဒိဋ္ဌိနှစ်ခုလုံးရှိနေတာ
ဟာ မဂ်ဖိုလ်မရအောင် တားထားသလိုဖြစ်နေတယ်။
လူတစ်ယောက်မှာ အာရုံကိုမသိတတ်တဲ့ ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ်ဒီနှစ်မျိုး
ပဲရှိပါတယ်။
မြင်တာကရုပ်၊ သိတာကနာမ်
ကြားတာကရုပ်၊ သိတာကနာမ်
နံတာကရုပ်၊ သိတာကနာမ်
စားတာကရုပ်၊ သိတာကနာမ်
ထိတာကရုပ်၊ သိတာကနာမ်
တွေးတာကရုပ်၊ သိတာကနာမ်
လို့မှတ်ထားပေါ့။ ဒီထဲကအာရုံကိုသိစိတ် နာမ်တရားကိုပဲ ဝိညာဉ်ကောင်းလို့ထင်
ပြီး မှန်းဆပြောနေကြတာပါ။ ခုလိုကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်
ပေါ့။
ရုပ်အနိစ္စ အမြဲမရှိလို့ဝိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အ
လုံးအခဲ အရည်အဖတ် အမှုန်အမွှားရယ်လို့မရှိလူး။ သဘောတရားမျှပဲရှိတယ်။
ရုပ်ရဲ့အဓိပ္ပါယ်ကတော့ ဖောက်ပြန်တဲ့သဘောတရားလို့ဖြစ်တယ်။ တစ်ခုခြင်း
ပြောရရင် ပထဝီဓာတ်ဟာ မာတဲ့သဘော ပျော့တဲ့သဘောလေးပဲပေါ့။
အာပေါဓာတ်ဟာဖွဲ့စည်းတဲ့သဘော ယိုစီးတဲ့သဘောလေးပဲပေါ့။ ဒီပရမတ်ရုပ်
တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ(၅၈၈၀) ကျော်ဖြစ်ပျက်
နေကြတယ်၊ သိတတ်တဲ့နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေ
တစ်သိန်းဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲပျက်နေတာပဲ ရပ်နားနေကြတယ်လို့
မရှိပါဘူး။
သံဃာဆိုတဲ့ စကားနှစ်လုံးကိုပြောလိုက်တဲ့အခါ သံကိုပြောသခိုက်မှာဖြစ်တဲ့ ရုပ်
တရား၊ နာမ်တရားတွေဟာ “ဃာ”ဆိုတဲ့ဒုတိယမြောက်စကားလုံးရောက်ချိန်ထိ
မခံကြတော့ဘူး။ “သံ”ဆိုတဲ့ စကားလုံးပြောပြီးချိန်မှာဘဲ ချုပ်ပျောက်ပျက်စီးသွား
ကြပြီ။ “ဃာ”ဆိုတဲ့ နောက်စကားလုံးကို နောက်ထပ်ရုပ်သစ် နာမ်သစ်နဲ့ပြောနေ
ရတာပေါ့။
ဒါ့ကြောင့် အမြဲတမ်းမရပ်မနားဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ မပျက်မစီး
အမြဲတည်နေတဲ့ ဝိညာဉ်ကောင်အဖြစ် ဘယ်မှာရှိနိုင်ပါ့မလဲ။
“ဒါဆိုရင် သေသွားတဲ့သူဟာ (၇)ရက်အတွင်း ဘယ်မှမသွားပဲ အိမ်ဝိုင်းထဲမှာပဲ
နေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား”
“ဘယ်ဟုတ်တော့မှာလဲ၊ အရင်းလဲ အဖျားထင်းဖြစ်ပေါ့။ ဝိညာဉ်ကောင်လို့မှမရှိ
ပါဘူးဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇)ရက် လာနေလို့ရပါ့မလဲ”
“ဒီလိုအမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ နောက်ဘဝကို ဘယ်လို
ကူးသွားသလဲဘုရား။ ဒီမှာ ဝိညာဉ်ကောင်မရှိဘူးဆို အခုဘဝပြုခဲ့တဲ့ ကုသိုလ်
ကံ၊ အကုသိုလ်ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုးကို ဘယ်သူတွေက ခံစားသလဲဘု
ရား”
ဗုဒ္ဓဘာသာဝင်တိုင်းလည်း အသေအချာသိသင့်၏။
ပုထုဇဉ်တွေသေရင် ရောက်နိုင်တဲ့ဘုံငါးမျိုးရှိတယ်။
လူဘုံရောက်နိုင်တယ်
နတ်ဘုံရောက်နိုင်တယ်
ငရဲဘုံရောက်နိုင်တယ်
ပြိတ္တာဘုံရောက်နိုင်တယ်
တိရစ္ဆာန်ဘုံရောက်နိုင်တယ်
“အသူရကာယ်နဲ့ ဗြဟ္မာဘုံရော မရောက်နိုင်ဘူးလားဘုရား”
“ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရ
ကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလိုဒေဝသဒ္ဒါဟာ ဗြဟ္မာလို့
လည်း ပြောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါ့ကြောင့် ပြိတ္တာ
ထဲမှာ ထည့်ထားတာ”
ဟိုဘက်ဘုံအသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်ဘဝက ရုပ်တရား နာမ်တရားတွေ
တစ်ခုမှပါမသွားကြဘူး။ ဒါပေမဲ့ ဒီဘဝက နာမ်နဲ့ကင်းတော့မဖြစ်ကြဘူး။ အသစ်
ထပ်ဖြစ်ကြရတာ။ ဒီဘက်ဘဝ နေ့ခင်း(၁၂)နာရိက သေမယ်ဆိုရင် ဟိုဘက်လူ့
ဘဝမိခင်ဝမ်းထဲမှာ (၁၂)တိတိမှာ သွားဖြစ်တယ်။ ရုပ်သစ်နာမ်သစ် အသစ်ဖြစ်
တာကိုပြောတာနော်။
ဒီဘက်ဘဝက ဝိညာဉ်ကောင်လေးက ဟိုဘက်ဘဝမိခင်ဝမ်းထဲဝင်သွားတာလို့
ထင်မနေနဲ့။
“သေသွားတဲ့ အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ဝေတဲ့ အမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ဘုရား”
“ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါပေမယ့် ဒီကုသိုလ်တွေက အလကားဖြစ်မ
သွားပါဘူး။ ဒီကုသိုလ်ရဲ့ကောင်းကျိုးကိုပြုတဲ့သူခံစားရမယ်။ ဘဝအဆက်ဆက်
တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးဟောင်းတွေကအများကြီးရှိ
တယ်။ သူတို့တတွေလဲ သာဓုခေါ်နိုင်တယ်”
“ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါ
တယ်။ ဒါ့ကြောင့် သေသူကိုရည်မှန်းပြီး လှူတဲ့အလှူကိုတော့ ဧကန်မုချပြုသင့်
ပါတယ်။ သေပြီး နတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ပဋိသန္ဓေဟာ တစ်
ဆက်တည်းနေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ပဋိသန္ဓေဆိုတာ နောက်ဘဝ
မှာ အသစ်ဖြစ်တဲ့စိတ်။ သူတို့နှစ်ခုကြားထဲမှာ ဘာမှမရှိဘူး။ ချက်ချင်းပဲ၊ သင်္ဂြိုလ်
မှာတော့ အနန္တရမေဝဆိုတဲ့ ပါဠိနဲ့ပြတယ်။
မြန်မာလိုတော့ ချက်ခြင်းပေါ့၊ ကျန်တဲ့ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်
မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်းသွားဖြစ်တာပဲ။ အိမ်နားမှာ (၇)ရက်
နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲရှိတယ်။ ဒီပြိတ္တာဘုံဘဝရောက်ခဲ့လျှင်
ကျွတ်လွတ်ပါစေဆိုတဲ့ စေတနာနဲ့ ဆွမ်းသွတ်တဲ့ ကုသိုလ်ကို ပြုကြတာဖြစ်
တယ်။
“ဒီဘက်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ဟိုဘက်ဘဝမှာ ဒီ
ကရုပ်နာမ်လည်းပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာကို ဆက်
ရှင်းပါဦးဘုရား”
“ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ်တယ်။ ဒီဇော
စေတနာတွေဟာ နာမ်တရားဖြစ်လို့ ဖြစ်ပြီးပျက်သွားတာမှန်ပေမယ့် နောက်ဘဝ
မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေ
ခဲ့တယ်။ ဒီစေတနာလို့ခေါ်တဲ့ ကံနဲ့ ခန္ဓာ ဒုက္ခမသိမှု အဝိဇ္ဖာ၊ ခန္ဓာအသစ်ကို လို
ချင်မှုတဏှာ ဒီသုံးပါးပေါင်းမိပြီး ဘဝသစ်ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ”
“ပုံစံနဲ့ပြောကြည့်မယ်။ ကျောင်းဒကာအနာထပိဏ်သေတယ်။ ကျောင်းလှူတဲ့ကု
သိုလ်ကြောင့် နတ်ပြည်မှာ နတ်သားလာဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓအလိုကျယူရ
မှာက နတ်သားလာဖြစ်တဲ့အခါမှာ အနာထပိဏ်ဘဝက ရုပ်တရား နာမ်တရားတွေ
နတ်ပြည်ကိုတစ်ခုမှ ပါမလာဘူး”
“ဒါပေမယ့် အနာထပိဏ်ရဲ့သေခြင်းနဲ့ ကင်းပြီးတော့လည်း နတ်သားလာမဖြစ်နိုင်
ပြန်ဘူး”
“သိပ်ခက်တယ်ဘုရား တပည့်တော်တို့ဉာဏ်နဲ့ မလိုက်နိုင်တော့ဘူး”
“ဒီလိုဆိုရင်လဲ ဥပမာပေးပြီး တစ်မျိုးကြိုးစားကြည့်မယ် ဋီကာကျော်ကျမ်းမှာ
တော့ ဘဝသစ်ဖြစ်ပုံကို ဥပမာသုံးမျိုး ပေးထားတယ်”
မီးတိုင်ရယ်
တံဆိပ်တုံးရယ်
ပဲ့တင်သံရယ်ပဲ။
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင်ထွန်းချင်တဲ့အခါ
ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအ
တိုင်မှာ တောက်လောင်နေတဲ့မီးဟာ ပထမတိုင်က ကူးလာတဲ့ မီးတွေလား။ ဒု
တိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့ မီးတွေလားဆိုတာပဲ။ တကယ့်
အမှန်က ပထမဖယောင်းတိုင်က မီးတွေဟာ ဒုတိယဖယောင်းတိုင်ကို ကူးမလာ
ပါဘူး။
ဒါပေမယ့် ပထမဖယောင်တိုင်က မီးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင်
ဟာ မီးမတောက်နိုင်ပါဘူး။ ထို့အတူ ကျောင်းဒကာအနာထပိဏ်ဘဝက ရုပ်နာမ်
တရားတွေဟာနတ်ပြည်ကို တစ်ခုမှကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအ
နာထပိဏ်နဲ့ ကင်းပြီးတော့လည်း နတ်ပြည်မှာ နတ်သားလာမဖြစ်နိုင်ပါဘူး။ အ
ကြောင်းအကျိုးဆက်သွယ်မှုလောက်ပဲ ရှိတယ်လို့ယူရမှာပေါ့။
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကိုကြည့်လိုက်ပါ။ သင်္ကန်းသား
ပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေး
ပြီး သင်္ကန်းခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ်ထင်သွားတာပါပဲ။ ဒီလိုထင်
တဲ့နေရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ်မဟုတ်ပါ
ဘူး။
ဒါပေမယ့် သံပြားက ဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့အတူ
နတ်ပြည်က နတ်သားဘဝဟာ လူ့ပြည်ကကျောင်းဒကာ အနာထပိဏ်မဟုတ်
ပါဘူး။ ရုပ်သစ် နာမ်သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် လူ့ပြည်က အနာထပိဏ်နဲ့
လည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါကတံဆိပ်တုံး ဥပမာပေါ့။
ပဲ့တင်သံ ဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင် ပ
ထမအသံက လိုဏ်ဂူနံရံကို ရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ၊ တတိယ ပဲ့တင်
သံများပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်
တဲ့ အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။
“ဒါပေမယ့် ပထမအော်သံနဲ့လည်း ကင်းပြီးမဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး
ဆက်စပ်မှုကတော့ ရှိနေပါတယ်။ ထို့အတူ နတ်သားဘဝဟာ အသစ်ထပ်ဖြစ်တဲ့
ရုပ်နာမ်ပေါ့။ လူ့ဘဝက အနာထပိဏ်ရဲ့ ရုပ်နာမ်နဲ့လည်း ကင်းပြီးတော့ မဖြစ်နိုင်
ပါဘူး။ ဒီလောက်ဆိုရင် ဝိညာဉ်ကောင်ပါမသွားပဲ ဘဝသစ်ဖြစ်ပုံကို နားလည်
လောက်ပြီ ထင်တယ်”
“မှန်ပါ နားလည်းပါပြီဘုရား”
“တကယ်နားလည်သွားတယ်ဆိုရင်တော့ သိပ်ဝမ်းသာတယ်. ဘာဖြစ်လို့လဲဆို
တော့ ရုပ်နာမ်တစ်ပါးပါးကို မပျက်မစီးအမြဲတည်တယ်လို့ အယူမှားတဲ့ သဿ
တဒိဋ္ဌိခံနေရင် ဝိပဿနာအားထုတ်တောင် တရားမရဘူး ဖြစ်တတ်တယ်။ အခု
လိုရှင်းရှင်းလင်းလင်းနားလည်သွားတယ်ဆိုရင် မဂိလမ်း ဖိုလ်လမ်း ပွင့်သွားတာ
ပေါ့။ ဒီအချက်နဲ့ပတ်သက်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဗုဒ္ဓဘာသာတွေ
ဟာ လူသေတာနဲ့ ပတ်သက်ရင် သဿတဒိဋ္ဌိဖြစ်တတ်တယ်လို့ ပြောခဲ့တာပါ။
“တပည့်တော်တို့ သဿတဒိဋ္ဌိလွတ်ပါပြီဘုရား”
မေတ္တာရှင်(ရွှေပြည်သာ)
(ဂမ္ဘီရဝိပဿနာ)
c/o ( MS )

0 comments:

Post a Comment