Sunday, July 12, 2015

“သားသမီးကြောင့် မိဘများ ကောင်းရာသုဂတိ ရောက်နိုင်၊မရောက်နိုင်...”



“သားသမီးကြောင့် မိဘများ ကောင်းရာသုဂတိ ရောက်နိုင်၊မရောက်နိုင်...”
======================================
အမေး။ ။ ဘုန်းဘုန်းဘုရား သားသမီးကတော်ရင်၊ထက်မြက်ရင်၊လိမ္မာရင်မိဘများမှာက သုဂတိဘုံ ရောက်တယ်ဆိုတာလက်ခံနိုင်ပါသလားဘုရား။ဖြေကြားပေးစေလိုပါတယ်ဘုရား။
(မောင်ဇော်မျိုး-ရန်ကုန်)
အဖြေ။ ။သားသမီးများ တော်တယ်၊ထက်တယ်ဆိုတာဘာလဲ၊ စီးပွားရေးမှာ တော်ထက်တာကိုပြောတာလား၊စီးပွားရေးမှာ တော်ထက်ရုံမျှနဲ့ သားသမီးချမ်းသာပြီး ၊
သူဌေးဖြစ်ရုံမျှနဲ့မိဘတွေကိုသုဂတိဘုံရောက်အောင်အထောက်အပံ့မပေးနိုင်ပါ။
ဒါပေမဲ့ တစ်ချို့တော်ထက်တဲ့ အကျင့်သီလပြည့်စုံတဲ့သားသမီးတွေကြောင့် သုဂတိဘုံရောက်ကြရတဲ့
မိဘများလည်း ရှိပါသေးတယ်။
ဘုရားရှင်ဟောကြားထားတဲ့အတိုင်း သားသမီးများကမိဘများကို ကျေးဇူးတကယ်ဆပ်ချင်တယ်ဆိုရင်
မိကိုလက်ျာ၊ဖကိုလက်ဝဲ ပုခုံးပေါ်ထမ်းပြီးနှစ်ပေါင်းတစ်ရာကြာအောင်ပြုစု
လုပ်ကျွေးပါသော်လည်းကျေးဇူးဆပ်တယ်လို့မခေါ်ပါဘူး။
●အသက်ထင်ရှားရှိစဉ် ဒါနကုသိုလ်နည်းတဲ့မိဘများကိုဒါနကုသိုလ်ပြုတတ်အောင်ပြုနိုင်အောင်ဖန်တီးပေးစွမ်းဆောင်ပေးမယ်၊
●သီလမရှိတဲ့မိဘများကိုသီလစောင့်ထိန်းချင်စိတ်ရှိလာအောင်၊သီလစောင့်ထိန်းနိုင်အောင်စွမ်းဆောင်ပေးမယ်၊
●ဘာဝနာတရားမပွားသေးတဲ့မိဘများအားဘာဝနာပွားချင်စိတ်ဖြစ်လာအောင်
ပွားများနိုင်အောင် ဖန်တီးပေးမယ်စွမ်းဆောင်ပေးမယ်ဆိုရင်၊
မိဘများကိုကျေးဇူးဆပ်ရာရောက်တယ်လို့ ဘုရားရှင်ဟောကြားထားပါတယ်။
ဘုရားရှင် ညွန်ကြားသလို ဒါန၊ သီလ၊ ဘာဝနာမရှိတဲ့မိဘများအား ဒါန၊ သီလ၊ ဘာဝနာတရားများ
အားထုတ်ချင်စိတ်ပေါ်လာပြီးတကယ်လည်း ဒါန သီလ ဘာဝနာတရားများနဲ့
အချိန်ကုန်ကာ သေလွန်သွားမယ်ဆိုပါရင်မိဘများဟာ သုဂတိဘုံသို့ ရောက်နိုင်ပါတယ်။
ဒါဟာ တော်တဲ့၊ထက်တဲ့ သားသမီးများလို့ ခေါ်နိုင်ပါတယ်။
သာမန် စည်းစိမ်ချမ်းသာများ သဘောရှိသုံးဆောင်စေပြီး လိုလေသေးမရှိ ပြုစုရုံမျှနဲ့တော့
မိဘများသုဂတိဘုံသို့မရောက်နိုင်ပါ။တော်တဲ့ထက်တဲ့သားသမီးများလည်း
ဖြစ်မလာနိုင်ပါ။ ကြုံတုန်းပြောပါအုံးမယ်။သားသမီးများ တော်တယ်ထက်တယ်ဆိုလို့။
လောကမှာ သားသမီး သုံးမျိုး ရှိပါတယ်။
(၁) အတိဇာတ၊
(၂) အနုဇာတ၊
(၃)အ၀ဇာတ တို့ဖြစ်ကြပါတယ်။
●မိဘများထက် သီလ၊ သမာဓိ၊ပညာ ပိုလွန်တဲ့သားသမီးများကို “အတိဇာတ” လို့ခေါ်တယ်။
●မိဘနဲ့ သီလ၊သမာဓိ၊ပညာ တန်းတူရှိတဲ့ သားသမီးများကို “အနုဇာတ”လို့ ခေါ်တယ်။
●မိဘများထက် သီလ၊ သမာဓိ၊ ပညာယုတ်ညံ့တဲ့သူကိုတော့ “ အ၀ဇာတ”လို့ ခေါ်ပါတယ်။
ကိုယ်ဟာ ဘယ်အမျိုးအစားအထဲမှာပါတယ်ဆိုတာ ခွဲခြားသိဖို့ပါ။
သားသမီးတော်ထက်တဲ့အတွက်ဖခင်ကြီးသုဂတိဘုံရောက်သွာရတဲ့အကြောင်းကို
သဂြိုလ်ဘာသာဋီကာမှာ ဖတ်ရတဲ့အတိုင်းဖေါ်ပြပေးလိုက်ပါတယ်။
■တစ်ခါက “သောဏဂိရိ”ခေါ်တဲ့ တောင်ပေါ်ကျောင်းတစ်ကျောင်းမှာ ရဟန်းတောတစ်ပါး
သီတင်းသုံးတော်မူပါတယ်။ သူ့အမည်က အရှင်သောဏ၊ အာသဝေါကင်းကွာ ရဟန္တာတစ်ပါးဖြစ်တော်မူပါတယ်။ သူ့မှာ ဖခင်အိုကြီး ရဟန်းတစ်ပါးလည်းရှိပါတယ်။
ဖခင် ရဟန်းကြီးဟာ လူ့ဘ၀တုန်းက မိသားစုအတွက် မုဆိုးအလုပ်နဲ့ အချိန်ကုန်ခဲ့ပါတယ်။
အသက်ကြီးလို့ သာသနာ့ဘောင်ဝင်ပြီး သားတော်ရဟန်းထံမှာ ရဟန်းပြုပြီးနေပါတယ်။
ဖခင်ရဟန်းကြီး သေခါနီးအချိန်ရောက်တဲ့အခါ တောင်ခြေက ခွေးနက်ကြီးတွေ လာကိုက်နေသယောင်
နိမိတ်ထင်နေတဲ့အတွက် “ ဟဲ့..ချောက်ထုတ်ပါသားရဲ့”ဆိုပြီး ဆက်ကာဆက်ကာ အော်ဟစ်နေပါတယ်။
ဒီအသံကို သားရဟန်းကြားတော့ “ဘာဖြစ်တာလဲ ဦးဇင်းကြီး”မေးတော့
“ခွေးကြီးတွေ . .. ခွေးကြီးတွေ”လို့ ဖခင်ရဟန်းကြီးက ပြန်ပြောပြပါတယ်။
“ဒါဟာငရဲနိမိတ်တွေပဲ၊ ဒီအတိုင်းသေသွားလို့ကတော့ ငရဲရောက်မှာ သေချာနေပီ၊ ငါလို သားတစ်ယောက်လုံး ရှိနေပါလျှက်နဲ့ ဖခင်ရဟန်းကြီး ဘာ့ကြောင့် ငရဲကျရမှာလဲ”
လို့တွေးကာ ကိုရင်လေးတွေကို ပန်းခူးခိုင်းပြီး စေတီရင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေတော်မူပါတယ်။
ဖခင်ရဟန်းကြီးကိုတော့ ညောင်စောင်းနဲ့အတူ စေတီရင်ပြင်အရှေ့ကို ချထားစေပါတယ်။
အဲဒီအခါ သားရဟန်းက “ဦးပဇင်းကြီးအတွက် ပန်းပူဇော်ပေးထားပါတယ်၊ ကြည်ညိုပါ”လို့
တိုက်တွန်းလိုက်ပီးတဲ့နောက်ပိုင်း ဖခင်ရဟန်းကြီးဟာကြည်ညိုဝမ်းမြောက်ဆဲခဏမှာ ခွေးနက်ကြီးတွေ
မထင်တော့ဘဲ နတ်သမီးတွေ ထင်လာပါတယ်။
ဒီမှာ ဖခင်ရဟန်းကြီး ပြောလိုက်တာက “ဟဲ့...သား ဖယ်ပေးပါ၊ဖယ်ပေးပါ။
သားရဲ့ မိထွေးတွေ လာနေတယ်” လို့ ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျပြီး သေဆုံးသွားပါတယ်၊ သေလွန်တဲ့အခါ နတ်ပြည်သို့ ရောက်ရပါတယ်။ ဒါဟာ အတိဇာတလို့ဆိုတဲ့ သားရဟန်းရဲ့ တော်မှုထက်မှုကြောင့် ဖခင်ရဟန်းကြီး
ငရဲကျမဲ့ဆဲဆဲက သီသီလေးလွတ်ကာ နတ်ပြည်သို့ ရောက်ခဲ့ရတဲ့ သာဓကတစ်ခုပါ။
ဒါလောက်ဆိုရင် မေးသူရော ၊စာဖတ်နေသူများပါ သဘောပေါက်လောက်ပီထင်ပါရဲ့။။
-【ဆရာတော်ဦးကောဝိဒ(မြိတ်)】

0 comments:

Post a Comment