Wednesday, July 22, 2015

စိတ်ကိုလှအောင် ပြုပြင်ပါ။



စိတ်ကိုလှအောင် ပြုပြင်ပါ။
=================
ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဒေသနာတော်အရ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုကို
ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရ
ခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှ နည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ်ဖြူ
စင်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က စိတ်ညစ်နွမ်းနေလို့ရှိရင် အခြေအနေဆိုးတစ်
ခုကို ရင်ဆိုင်ရလိမ့်မယ်။ “ စိတ္တေ သံကိလိဌေ ဒုဂ္ဂတိ ပါဋိကင်္ခါ ” ဒုဂ္ဂတိဆိုတာ အပါယ်ငရဲ
အပါယ်ဆင်းရဲကို ရည်ညွှန်းတဲ့စကားဖြစ်သော်လည်း “ ဒုက္ခဿ ဂတိ ဒုဂ္ဂတိ ” ဆိုတဲ့ အဓိပ္ပါယ်
ဖွင့်ဆိုချက်အရ အပါယ်ငရဲကျတာဟာ ဒီထက်ပြင်းထန်တဲ့ ဆင်းရဲဒုက္ခ ဖြစ်တယ်။ သို့သော်
စိတ်ညစ်နွမ်းလို့ရှိရင် အပါယ်ငရဲမကျတောင်မှ ဒုက္ခတွေ ကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါ
ကြောင့်မို့ စိတ်ညစ်နွမ်းနေရင် ဒုက္ခကို ဖြစ်ပေါ်စေနိုင်တယ်။ ဒုက္ခ ရောက်နိုင်တယ်။ ဒုက္ခကိုသာ
မျှော်လင့်ရတယ်။ သို့သော် လူတွေမျှော်လင့်နေတာက သုခဆိုတော့ မိမိမျှော်လင့်တဲ့သုခ ရ
လာမှာ မဟုတ်ပါ။
တဖန် “ စိတ္တေ ၀်သုဒ္ဓေ သုဂတိ ပါဋိကင်္ခါ ” စိတ်စင်ကြယ် သန့်ရှင်းပြီဆိုရင် သုဂတိဘုံ
သို့မဟုတ် “ သုခဿ ဂတိ ” ချမ်းသာသုခ ဖြစ်ပေါ်လာဖို့ရာအတွက် မျှော်လင့်နိုင်တယ်။ ချမ်း
သာသုခ ဖြစ်လာနိုင်တယ်။ အဲဒီအဓိပ္ပါယ်ကို ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင် “ စိတ်ညစ်နွမ်းရင်
ဒုက္ခရောက်တယ်၊ စိတ်ဖြူစင်ရင် ချမ်းသာသုခ ရနိုင်တယ် ” လို့ ဆိုလိုပါတယ်။
အဲဒီတော့ မြတ်စွာဘုရားရဲ့ တရားတော်ဟာ စိတ်ကိုပြုပြင်ဖို့ဟောတဲ့ တရားတွေချည့်
ပဲ။ ဒီကနေ့ လောကသားတွေက အရေးတကြီး အလေးထားပြင်နေကြတာ ရုပ်ကိုပြင်နေကြ
တာပဲ ဖြစ်တယ်။ ခေါင်းပေါ်ကဆံပင်လေး လှအောင်ပြင်တယ်၊ မျက်နှာလှအောင်ပြင်တယ်၊
အ၀တ်အစားတွေ လှအောင်ပြင်တယ်၊ ပတ်ဝန်းကျင်တွေ လှအောင်ပြင်တယ်။ သို့သော် စိတ်ကို
လှအောင်ပြင်ဖို့ သတိမရကြပါ။ စိတ်ကို လှအောင်ပြင်ဖို့ဆိုတာ အချိန်ကုန် ငွေကုန်စရာလည်း
မလိုဆိုတာ မသိကြပါ။
စိတ်မှ မလှရင် ရုပ်လည်း မလှနိုင်ဘူးလို့ စိတ်ကိုအဓိကထားဟောတဲ့ ဒေသနာဖြစ်လို့
မြတ်စွာဘုရားရဲ့ ဒေသနာကို အပေါ်ယံလေ့လာတဲ့ ပုဂ္ဂိုလ်အချို့က ဗုဒ္ဓရဲ့ဟောပြောချက်ဟာ
သို့မဟုတ် ဗုဒ္ဓ၀ါဒဟာ စိတ်ကိုသာ အရှိတရားအဖြစ် လက်ခံတဲ့ဝါဒလို့ ခေါ်ကြတယ်။
မြတ်စွာဘုရားက အဲဒီလို မဟောပါဘူး၊ စိတ်သာရှိတယ်လို့ ဟောတာမဟုတ်ပါဘူး၊ စိတ်
ကို ပြင်ဆင်ရမယ်လို့သာ ဟောတာဖြစ်ပါတယ်။ စိတ်ကို ဖြူစင်အောင်ထားရမယ်လို့ ဟောတာ
ပါ။ စိတ်ကို ဖြူစင်အောင်လုပ်ရမယ်လို့ ဟောတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်း တို့ရဲ့သန္တာန်မှာ ဒီ စိတ်ရဲ့အညစ်
အကြေးတွေ ရှိနေသလား၊ ရှိနေလို့ရှိရင် တို့တစ်တွေ ဖယ်ရှားဖို့ ကြိုးစားရမှာဖြစ်ပါတယ်၊ ဖယ်
ရှားတဲ့ နည်းစနစ်တွေကို မှတ်သားပြီးတော့ လုံးဝမဖယ်နိုင်သေးရင်လည်း အားပျော့သွားအောင်၊
တဖြည်းဖြည်းချင်း ပါးသွားအောင်၊ နည်းနည်းသွားအောင် ဒီ စိတ်အညစ်အကြေးတွေကို ဖယ်
ရှားရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး၊ ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment