Tuesday, July 14, 2015

ဗုဒ္ဓဘာသာဝင်တို့၏ ပြုပြင်စရာတွေ။



ဗုဒ္ဓဘာသာဝင်တို့၏ ပြုပြင်စရာတွေ။
=============
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးကို အကြောင်းပြုလျက် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်း
ခံပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို ကျင်းပလာခဲ့ကြပါသည်။ ယင်းသို့ ဘာသာရေးကို အကြောင်းပြုပြီး ကျင်းပ
ပင် ကျင်းပကြငြားသော်လည်း ဘာသာရေးအရ ထိထိမိမိ အကျိုးဖြစ်ထွန်းရေးသို့ ဦးတည်ရှေ့ရှုမှု 
အားနည်းခဲ့ကြသည်သာ များပါသည်။ ဘာသာရေးနှင့် မစပ်သော ပျော်ပွဲရွင်ပွဲ၊ အပိုပကာသန
ကိစ္စရပ်များကို ရှေ့တန်းတင်မှုများသာလျှင် လွှမ်းမိုးနေခဲ့ပါသည်။
ဘုရားရှင်ကို နှစ်နှစ်ကာကာ ကြည်ညိုတတ်လျှင် ဘုရားရှင်ကို အကြောင်းပြု၍ ကျင်းပသော
ဘုရားပွဲတွင် ဆူဆူညံညံ ဖြစ်စေမည့်ဇာတ်၊ အငြိမ့်၊ ဆိုင်း၊ ဗီဒီယိုတို့ကို ထည့်သွင်းကြမည် မဟုတ်ပါ။
ဘုရားရှင်သည် ဆူညံခြင်းကို နှစ်မြို့တော်မမူပါ။ ထို့ပြင် ဘုရားပွဲလာ ပရိသတ်များထဲက အချို့သူ
များသည် သေရည်သေရက် သောက်စားကြသည်။ ရံဖန်ရံခါ ခိုက်ရန်လည်း ဖြစ်ပွားတတ်သေးသည်၊
ထို့ကြောင့် “ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသာ ” ဟု ဆိုရမည့် ဘုရားပွဲတို့ကသာ များနေကြသည်။
ဆရာတော်ကြီး တစ်ပါးက “ တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ” ဟုပင် မိန့်တော်မူခဲ့ပါသည်။
ရှင်ပြုရဟန်းခံပွဲတို့တွင်လည်း ရှင်ပြုရဟန်းခံ ကိစ္စနှင့် လုံးဝမစပ်ဆိုင်သော ပျော်ပွဲရွှင်ပွဲများ
အပြိုင်အဆိုင် ထည့်သွင်းကြသည်။ ယင်းသို့ ပျော်ပွဲရွှင်ပွဲ ထည့်သွင်းခြင်းသည် ဘုရားရှင် အလိုကျ
ဟုတ်၏၊ မဟုတ်၏ကိုမူ အလှူရှင်တို့က အရေးထား စဉ်းစားခဲ့ဟန်မတူ။
ဓမ္မရေးရာအရ အနှစ်သာရရှိသော ရှင်ပြုရဟန်းခံပွဲဖြစ်ရမည်ဟု ဦးတည်သော အလှူရှင်များ
မှာမူ ရှိတော့ရှိပါ၏။ ရှားပါးပါသည်။ ထိုထက်ဆိုးသည်မှာ ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာကို
အကြောင်းပြုပြီး ၀က်၊ ကြက်၊ အမဲစသည် သတ္တ၀ါတို့၏ခန္ဓာနှင့် အသက်သေကျေ ပျက်စီးရခြင်းဖြစ်
၏။ အလှူပွဲလာဧည့်ပရိသတ်ကို ၀က်အချိန်မည်မျှ၊ ကြက်အချိန်မည်မျှ၊ အမဲအချိန်မည်မျှ ချက်ပြုတ်
ကျွေးမွေးလိုက်သည်ဟု ဂုဏ်ယူတတ်ကြ၏။ ကြက်၊ ၀က်တို့ကို သတ်ဖြတ်၍ ကျွေးမွေးခြင်းသည်
သတ္တ၀ါ ဝေနေယျတို့အပေါ် အနှိုင်းမဲ့ကြင်နာတော်မူသော မြတ်စွာဘုရားက နှစ်မြို့တော်မူပါမည်
လောဟူ၍လည်း အလှူရှင်တို့ အလေးထား စဉ်းစားခဲ့ဟန် မတူပေ။
ဘာသာရေးကို အကြောင်းပြု ကျင်းပသော ရှင်ပြုပွဲ၊ ရဟန်းခံပွဲတို့တွင် သတ္တ၀ါတို့၏အသက်
သေကျေပျက်စီးရခြင်းမှာ ကုသိုလ်မှုတွင် အကုသိုလ်မှု ပါဝင်ရောယှက်ခြင်းပင်ဖြစ်၏။ သတ္တ၀ါတို့၏
သွေးညှီနံ့မကင်းသောအလှူပွဲသည် ညစ်နွမ်းသောအလှူပွဲသာဖြစ်တော့သည်။ ဆရာတော်(ဘုန်းကြီး)
တို့က ကွပ်ကဲကြပ်မတ် သင့်ပါ၏။ ပဲ့ပြင်ဆုံးမ သင့်ပါ၏။ အလှူရှင်တို့ အလိုသို့ လိုက်လျောခွင့်ပြု
မနေအပ်ပေ။ ဗုဒ္ဓဘုရားရှင် အလိုကျသာ ဖြစ်သင့်ပါသည်။
ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်းခံပွဲ၊ ဘုန်းကြီးပျံပွဲများတွင် ပြုပြင်စရာတွေများလှကြောင်း ကျေးဇူး
ရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက မိန့်ကြားထားသည်မှာ == “ ဘုရားအလိုတော်မကျတာ
တွေကတော့ ဘုရားပွဲကျင်းပတာတွေ၊ ရှင်ပြုပွဲတွေ၊ ရဟန်းခံပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေ၊ အခြားအခြား
သော ဘာသာရေးပွဲတွေပါပဲ။ အများကြီး အများကြီး။ အဲဒီပွဲတွေ ကျင်းပပြီဆိုရင် ၀က်တွေသတ်၊
ကြက်တွေသတ်၊ နွားတွေသတ်နဲ့ သူတို့ အကုသိုလ်တွေထဲမှာ ဒီသတ္တ၀ါတွေက ၀င်သေပေးနေရ၊
အချောင် အဆစ်ပါနေကြရတယ်။ သဘာဝမကျလိုက်တာ။ ဒါတွေဟာ ပြုပြင်ကြရမှာတွေပဲ။ လမ်း
မှန်ရောက်အောင် ပြောပေးရမှာ၊ အသိမှန်ရအောင် ပြုပြင်ပေးကြရမှာပဲ။ ဒီလမ်းကြောင်းကြီးဟာ
ရိုးနေပြီဆိုပြီး မပြင်ဘဲနေလို့ မဖြစ်ဘူး။ ဆိုးသည်ထက်ဆိုး၊ နစ်သည်ထက် နစ်ကုန်ကြမှာပေါ့။”
မိမိတို့တတွေလည်း မိမိကိုးကွယ်ရာ ဘာသာတရားကို တကယ်တမ်း စိတ်ဝင်စားပြီး လိုက်နာ
ကျင့်သုံးကာ ကောင်းကျိုးတွေ စံစားခံစား နိုင်ပြီး နိဗ္ဗာန်တိုင်အောင် လျှောက်လှမ်းနိုင်ကြပါစေကုန်
သတည်း။ ။

0 comments:

Post a Comment