လောကဓံတရား ရှစ်ပါးနှင့် လောကဓံကိုဆင်ခြင်ပုံ။
=================
လောကဓံတရား ရှစ်ပါးမှာ (၁) လာဘ = ပစ္စည်းဥစ္စာရခြင်း။ (၂) အလာဘ = ပစ္စည်းဥစ္စာရခြင်း။
(၃) ယသ = အခြွေအရံ ပေါများခြင်း။ (၄) အယသ = အခြွေအရံ မရှိခြင်း။ (၅) နိန္ဒာ = အကဲ့ရဲ့ခံရ
ခြင်း။ (၆) ပသံသာ = အချီးမွမ်း ခံရခြင်း။ (၇) သုခံ = ချမ်းသာခြင်း။ (၈) ဒုက္ခံ = ဆင်းရဲခြင်းတို့ဖြစ်
ကြပါသည်။
ဗုဒ္ဓရှင်တော် မြတ်စွာဘုရားသည် လူမှန်သမျှ လောကဓံရှစ်ပါးနှင့် တွေ့ကြုံကြရမည် ဖြစ်သော
ကြောင့် လောကဓံနှင့် ကြုံတွေ့သည့်အခါ လိုက်နာဖွယ်တို့ကို အင်္ဂုတ္တိုရ်၊ အဌကထာ၊ ဒုတိယလောက
ဓမ္မသုတ်၌ ဟောကြားတော်မူခဲ့ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်သည် လောကဓံရှစ်ပါးအနက် “လာဘ” ပစ္စည်းဥစ္စာရခြင်းနှင့်ကြုံလျှင် “ဤပစ္စည်း
ကို ငါရပြီ၊ ငါ ရသော ဤပစ္စည်းသည် မတည်မြဲသောသဘော ရှိပါတကား၊ ဆင်းရဲအစုမျှ ပတကား”
ဟု မဆင်ခြင်သဖြင့် အမှန်အတိုင်း မသိပေ။ ထို့ကြောင့် သူရသော ပစ္စည်းက သူ၏စိတ်ကို သိမ်းကျုံး၍
ယူထား၏။ သူသည် ရလာသောပစ္စည်းကို နှစ်သက်သဘောကျ၏။ ပစ္စည်းမရလျှင် မနှစ်မြို့ မချမ်းမြေ့
သူသည် ယင်းသို့ရလျှင် နှစ်သက်သဘောကျ၍ မရလျှင် မနှစ်မြို့ မချမ်းသာ ဖြစ်တတ်သောကြောင့်
ဆင်းရဲမှ မလွတ်မြောက်နိုင်ပေ။ (အခြားလောကဓံတရားများနှင့်ကြုံရာ၌လည်း အလားတူပင်ဖြစ်မည်။)
ကိုယ်တွေ့ တရားအသိရှိသူ အရိယာသည်ကား လာဘ၊ ယသ၊ ပသံသာ၊ သုခဟူသောအကောင်း
လောကဓံ လေးပါးနှင့် တွေ့သည်ဖြစ်စေ၊ အလာဘ၊ အယသ၊ နိန္ဒာ၊ ဒုက္ခဟူသော အဆိုး လောကဓံ
လေးပါးနှင့် တွေ့သည်ဖြစ်စေ “မမြဲသောသဘော ရှိပါတကား၊ ဆင်းရဲ အစုမျှပါတကား၊ ပြောင်းလဲ
ဖေါက်ပြန်သောသဘော ရှိပါတကား” ဟု ဆင်ခြင်သဖြင့် အမှန်အတိုင်းသိ၏။ ထို့ကြောင့် မည်သည့်
လောကဓံကမျှ သူ၏စိတ်ကို သိမ်းကျုံးမယူနိုင်ပေ။ သို့ဖြစ်ရာ သူသည် အကောင်းလောကဓံကြောင့်
နှစ်သက်ဝမ်းမြောက်မှု မဖြစ်သလို အဆိုးလောကဓံကြောင့်လည်း မနှစ်မြို့ မချမ်းသာမှု မဖြစ်ပေ။
ထို့ကြောင့်ပင် သူသည် ဆင်းရဲမှ လွတ်မြောက်၏။ ဤကား ပုထုဇဉ်၊ အရိယာပုဂ္ဂိုလ် နှစ်မျိုးနှစ်စားတို့
လောကဓံတရားနှင့် ကြုံတွေ့ရာတွင် ခြားနားချက်ပင်ဖြစ်သည်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်လည်း တရားသဘောကို ကောင်းစွာသိရှိနားလည်
သဘောပေါက်ကြပြီး သူတော်ကောင်းတရားကို ပွားများအားထုတ်နိုင်ကာ နိဗ္ဗာန်ထိတိုင် ရရောက်နိုင်
ကြပါစေ ကုန်သတည်း။ ။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ချမ်းမြေ့မင်္ဂလာသင်စရာကို ကိုးကားရေးသားပူဇော်
ပါသည်။}
0 comments:
Post a Comment