Friday, July 24, 2015

ဝင်​​လေထွက်​​လေကို ဗဟိုပြု၍ အပိုင်း(၁)

ဝင်လေထွက်လေကို ဗဟိုပြု၍... အပိုင်း (၁)
=======================
★ အာနပါနကမ္မဋ္ဌာန်းကို မသိနားမလည်သူတွေက သမထကမ္မဋ္ဌာန်းလို့ ထင်မှတ်စွပ်စွဲကြပါတယ်။ အာနပါန ကမ္မဋ္ဌာန်းဟာသမထ ၀ိပဿနာ စွယ်စုံရတဲ့ကျမ်းကြီးပါ။ သမထလိုရှုရင် သမထဖြစ်ပြီး ၀ိပဿနာလိုရှုရင် ၀ိပဿနာဖြစ်ပါတယ်။ ၀င်လေထွက်လေ လေကြောင်းနောက်ကိုလိုက်၍ ပုံသဏ္ဌာန်နိမိတ် အရိပ်အယောင်တွေကိုရှုရင် သမထဖြစ်ပါတယ်။ လေနောက်ကို မလိုက်ဘဲ နှာသီးဝလေထိရာ တစ်နေရာတည်းကနေ ထိမှုသဘော သိမှုသဘော လှုပ်ရှားမှုသဘောကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါး ထင်ရှားလာအောင် ရှုနေရင် ၀ိပဿနာဖြစ်ပါတယ်။ဘုရားရှင်တိုင်းဟာ အာပါနကမ္မဋ္ဌာန်းကိုပဲ ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော်မူကြပါတယ်။တခြားပင်တိုင်ကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ တစ်ဆူမှ မရှိပါဘူး။ နောင်လည်းမရှိပါဘူး။ ဒီအချက်ဟာ အာနပါနကမ္မဋ္ဌာန်းဟာ ဘယ်လောက်ကြီးကျယ်မြင့်မြတ်တယ် ဆိုတာကို ဖော်ပြနေပါတယ်။

★ ၀င်လေကို အာန၊ ထွက်လေကို အပါန လို့ခေါ်တာမို့ -၀င်လေထွက်လေ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းကို အာနာပါနကမ္မဋ္ဌာန်းလို့ ခေါ်တယ်။ နှာသီးဝ လေထိတဲ့နေရာလေးမှာ သတိကပ်ပြီးတော့ လေ၀င်လာရင် နှာသီးဝထိပြီးတော့ ၀င်သွားမယ်။
ဒီထိတဲ့နေရာလေးမှာ သတိကပ်၊ ထိတယ်ဆိုတာ တွန်းသွားတာ၊တိုက်သွားတာ ၊ကန်သွားတာ၊ ဒီသဘောပါပဲ။ နှာသီးဝ ထိသွားတဲ့ တစ်နေရာတည်းမှာပဲ စိတ်ကပ်ထားပြီးတော့၊ နှာသီးဝလို့ဆိုလိုတာက အများအတွက်ပေါ့နော်။ နှာခေါင်းရှည်တဲ့ ပုဂ္ဂိုလ်များက နှာသီးဝမှာထိပြီးတော့ ၀င်သွားမယ်။ နှာခေါင်းတိုတဲ့ ပုဂ္ဂိုလ်များကျတော့ အထက်နှုတ်ခမ်းလေးမှာ ထိပြီးတော့ ၀င်ထွက်သွားမယ်။ ဒီတော့ နှာသီးဝမှာ ၀င်ထွက်နေတဲ့ ပုဂ္ဂိုလ်ကလည်း နှာသီးဝမှာ စိတ်ကိုထား အထက်နှုတ်ခမ်းလေးမှာ ထိပြီးတော့ ၀င်ထွက်သွားနေတဲ့ ပုဂ္ဂိုလ်များကလည်း အထက်နှုတ်ခမ်းလေးမှာပဲ စိတ်ကိုကပ်ထား။
တခြားနေရာ မရွှေ့နဲ့တော့။

★ ၀င်လေထွက်လေ ထိသွားတဲ့ နှာသီးဝ (၀ါ) အထက်နှုတ်ခမ်း ဆိုတဲ့နေရာလေး တစ်နေရာတည်းမှာပဲ အပ်ဖျားတစ်ထောက်စာ လောက်မှာပဲ စိတ်ကိုကပ်ထားပြီးတော့ ၀င်သွားလို့ရှိရင် ‘၀င်တယ်’ ၊ထွက်သွားလို့ရှိရင် ‘ထွက်တယ်’။ ဒါလေးပဲ အေးအေးဆေးဆေး ရိုးရိုးလေးမှတ်နေယုံပါ။ ထိသွားတဲ့နေရာမှာ စိတ်ထားပြီး မှတ်နေတော့ ထိတဲ့သဘောလေး သိဖို့တော့လိုတယ်နော်။ ဆိုနေကျနှုတ်တက်နေလို့ စိတ်ကတော့ ၀င်တယ် ထွက်တယ် နဲ့ဆိုနေတယ်။ အာရုံကတခြား
ရောက်နေမယ်ဆိုရင် ကမ္မဋ္ဌာန်းတရားတိုးတက်မှာ မဟုတ်ပါဘူး။ဒါ့ကြောင့်အရေးကြီးတာက ထိတဲ့သဘောလေးကို သိနေဖို့ပါပဲ။ထိတာလေးကို သိနေပြီးဆိုရင် ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ တဖြည်းဖြည်း ဘာတွေသိလာမလဲ။ ထိတယ်ဆိုတော့ တွန်းတိုက်သွားတဲ့ သဘောလေး ရှိနေတယ်။ ဒီတော့ ကြမ်းတဲ့သဘောလေး
မာတဲ့သဘောလေး ပျော့တဲ့သဘောလေး ဒါလေးတွေသိမယ်။

★ ရှုမှတ်ရင်းရှုမှတ်ရင်းနဲ့က လေ၀င်သွားရင် အပြင်ဘက်ကလေက ၀င်လာဆိုတော့ အေးနေတဲ့သဘောလေးကို သိမယ်။ အတွင်းထဲကနေ လေကပြန်ထွက်သွားပြီဆိုရင် နွေးတဲ့သဘောလေးသိမယ်။မာတဲ့သဘော၊ ပျော့တဲ့သဘော၊ နွေးတဲ့သဘော၊ အေးတဲ့သဘောတွေ သိပေမယ့် ကိုယ်က နွေးတာလေးထင်ရှားလို့ ‘နွေးတယ်’ ၊ အေးတာလေးထင်ရှားလို့ ‘အေးတယ်’ ဒီလိုပြောင်းပြီးမမှတ်နဲ့။
ရှုပ်ယှက်ခတ်သွားမယ်။ သိပဲသိနေပါ။ အေးတာ၊ နွေးတာ၊ ကြမ်းတာ၊ ပျော့တာ ဒါလေးတွေကိုပဲ သိရုံပဲသိနေပြီးတော့ မှတ်တဲ့အခါမှာတော့
ရိုးရိုးလေးအတိုင်းပဲ ‘၀င်တယ်၊ ထွက်တယ်’ မှတ်နေပါ။

★ တချို့ကမှတ်နေရင်းနဲ့ ၀င်လေထွက်လေက မထင်ရှားပဲ ဖြစ်တတ်တယ်။ ဒါသဘာဝပါပဲ။ ၀င်လေ ထွက်လေရဲ့သဘောဟာ တဖြည်းဖြည်းနဲ့သိမ်မွေ့ပြီး မထင်ရှားတဲ့အဆင့်ကို ရောက်မှာပဲ။
ဒါကိုမှတ်နေရင်းနဲ့ မထင်ရှားတော့ဘူးဆိုရင် အတင်းအားစိုက်ပြီးတော့မထင်ရှား ထင်ရှားအောင် အတင်းအဓမ္မ အရှိန်မြှင့်ပြီး ရှူးရှဲရှူးရဲ လုပ်ရှူတတ်ကြပါတယ်။
ရှုမှတ်ရင်းနဲ့ အရှိန်ရလာလို့ လေက မထင်ရှားတော့ဘူးဆိုရင် လေမရှိတော့ဘူးလို့ ထင်နေကြတယ်။ကိုယ့်ရဲ့သမာဓိအားကောင်းလာတော့ လေကပိုပြီးသိမ်မွေ့သွားတယ်။လေးတွေထင်ရှား
တယ်ဆိုတာ အမှန်တော့ စိတ်ကြမ်းလို့ပါပဲ။တရားမမှတ်ခင် မိမိရဲ့စိတ်အစဉ်မှာ လောဘ ဒေါသ စတဲ့ နိဝရဏတရားတွေ၊ ကိလေသာတရားတွေက လွှမ်းမိုးနေတော့ ကိလေသာရှုတဲ့လေကကြမ်းတမ်းတယ်။
ရှုမှတ်ရင်းနဲ့ ‘၀င်တယ်’ တစ်ချက်မှတ် ၊ကိလေသာ တစ်ဖက်ကွာကျဆိုတော့၊ မှတ်နေရင်း မှတ်နေရင်းနဲ့ ကိလေသာအညစ်အကြေးတွေက တဖြည်းဖြည်းချင်း
နည်းနည်းလာတယ်။ပါးလာတယ်။

★ ဒီတော့ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိလေသာအညစ်အကြေး နည်းပါးသွားလို့ ၀င်လေ ထွက်လေ မထင်ရှားတာကို ကိုယ်က ထင်ရှားအာင် အတင်းလုပ်မယ်ဆိုရင် အဓိပ္ပာယ်က ဘယ်လို သက်ရောက်သွားသလဲဆိုတော့ ကိုယ့်စိတ်မှာ ကိလေသာ နည်းသွားတာကို သဘောမကျလို့ ကိလေသာများအောင် ထပ်လုပ်သလို ဖြစ်နေတယ်နော်။ ၀င်လေ ထွက်လေကို မထင်ရှား ထင်ရှားအောင် လုပ်တယ်ဆိုတာ တကယ်တော့ သိမ်မွေ့တဲ့ ဒေါသလေးပါ။ ဒေါသကိလေသာလေးပါပဲ။ ဒေါသကင်ချင်လို့ တရားအားထုတ်တာ ဒေါသဖြစ်နေတယ်ဆိုတော့ သဘာဝမကျတော့ဘူးနော်။ ကိုယ်ကလည်း မှတ်နေတဲ့ကြားထဲက ဘာလို့မထင်ရှားတော့တဲ့အတူတူ မထူးပါဘူးလေ ဂုဏ်တော်လေး
ပဲပွားနေတာ ကောင်းပါတယ်၊ မေတ္တာလေးပဲ ပို့နေတာ ကောင်းပါတယ်။ ပုတီးလေးပဲ စိတ်နေတာ ကောင်းပါတယ်ဆိုပြီးတော့ တချို့က ဒီလိုလည်းဖြစ်သွားတတ်တယ်။ လုပ်ငန်းခွင် ပြောင်းသွားတတ်တယ်။ ဒီလိုမဖြစ်ရဘူး။

★ တကယ်တော့ လေကမရှိတော့တာ မဟုတ်ပါဘူး။ ငါ့ရဲ့ သတိသမာဓိအားက သိမ်မွေ့တဲ့လေကို သိစွမ်းနိုင်လောက်အောင် အားမပြည့်သေးလို့သာ မသိသာတာပဲဆိုပြီး ကိုယ့်ရဲ့ သတိအား သမာဓိအားကို ပိုမြှင့်ပြီးတော့ သေသေချာချာစူးစိုက်ပါ။
လေက သိမ်သိမ်မွေ့မွေ့လေး ရှိနေပါတယ်။ အဲ့ဒီသိမ်သိမ်မွေ့မွေ့ ရှိနေတဲ့လေကိုပဲ သတိကပ်ပြီးတော့ ၀င်တယ် ထွက်တယ် လို့မှတ်ရပါမယ်။ရှုမှတ်အားကောင်းသွားရင် ယောကီပုဂ္ဂိုလ်များ အများအားဖြင့် အေးတဲ့သဘောလေးတွေ ထင်ရှားလာတာပဲ
များပါတယ်။ နှာသီးဝ လေထိတဲ့နေရာလေးမှာအေး၊ နှာခေါင်းတစ်ခု လုံးလည်းအေးလို့၊ အာခေါင်ထဲမှာလည်းအေးလို့၊ အဲ့ဒီအေးတဲ့ သဘောလေး တဖြည်းဖြည်းနဲ့ ပြန့်နှံ့သွားလိုက်တာ မျက်နှာပြင်တစ်ခုလုံးလည်း ပြန့် လည်ပင်းတွေပြန့် ခန္ဓာကိုယ်တစ်ခုလုံး
ခြုံပြီးတော့ အဲ့ဒီလို တစ်ကိုယ်လုံး အအေးတုံးကြီးလို ဖြစ်သွားတတ်ပါတယ်။

★ သတိအားသမာဓိအား ကောင်းလာပြီဆိုရင် ပဿဒ္ဓိလို့ခေါ်တဲ့ ငြိမ်းအေးမှုဆိုတာ ဖြစ်တတ်စမြဲပါ။ အဲ့ဒီလိုနှာသီးဝမှာလည်းအေး ပြီးတော့ အရသာရှိတဲ့ သဘောကို သာယာသွားလို့ရှိရင်လည်း သမာဓိပျက်သွားတတ်တယ်။ ကမ္မဋ္ဌာန်းပျက်သွားတတ်တယ်။
အဲ့ဒီတော့ မသာယာပဲ အေးနေလို့ရှိရင်လည်း အေးနေတဲ့ သဘောကိုပဲ သိနေပြီးတော့ ‘၀င်တယ်’ ‘ထွက်တယ်’ ပုံမှတ်ပဲ မှတ်နေပါ။
ဝင်လေထွက်လေဆိုတာကိုလည်း အရင်ပြောရဦးမယ်။ အာနပါနကို တချို့ကလည်း ထွက်လေ ၀င်လေလို့ပြောကြတယ်။ တော်တော်များများပဲ။ ဒီတော့ ကမ္မဋ္ဌာန်းအလုပ်ခွင်မှာ ၀င်လေကို ရှေ့ကထား ထွက်လေကိုနောက်ကထား ဒီလိုအစဉ်လေး
ထားရမယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းတွေမှာလည်း ဒီအတိုင်းပဲ ညွှန်ပြထားတယ်။

★ လောကီကျမ်းတွေမှာ အမိဝမ်းထဲက ကလေးတစ်ယောက် ကျွတ်လွတ်ထွက်မြောက်လာတဲ့အခါမှာ ကမ္မဇလေက လှုပ်လိုက်လို့ အမိဝမ်းရဲ့အပြင်ဘက် ထွက်လာတဲ့အခါ ကလေးရဲ့ ၀မ်းအတွင်းမှာ ရှိနေတဲ့လေတွေက ထွက်သွားမယ်။ ပြီးမှအပြင်ကလေတွေက
ကလေးရဲ့ဝမ်းထဲကိုဝင်မယ်။ ဒါ့ကြောင့် လောကီးကျမ်းတွေမှာ အမိဝမ်းထဲမှာ သန္ဓေတည်ပြီးမွေးဖွားလာတဲ့ သတ္တ၀ါတွေဟာ ထွက်လေကစတဲ့ အတွက်ကြောင့် အာနပါနဆိုတဲ့အထဲမှာ ‘အာန’ ဆိုတာကို ‘ထွက်လေ’ လို့ယူဆတယ်။ ၀င်လေကိုနောက်မှ
ဖြစ်တယ်လို့ ယူဆတယ်။ ဒါကြောင့် ပါနကို ၀င်လေ လို့ ယူဆပြီးပြောတယ်။ တချို့ပိဋကတ်ကျမ်းတွေမှာလည်း ထွက်လေ
ဝင်လေလို့ ရှိတော့ရှိပါတယ်။ သာသနာတော်ကျမ်းအလို ပဋိပတ်ကျင့်စဉ်အလိုအားဖြင့် ပြောမယ်ဆိုရင်တော့ ၀င်လေက စတာပဲပေါ့။ လူတစ်ယောက် အသက်ရှုလုပ်ငန်းတစ်ခုကို စစမ်းဟေ့ဆိုရင် ဘယ်ကစတုံး ၀င်လေကပဲ စမယ်။ ကိုယ့်ဟာကိုယ် ထွက်လေကစပြီး လုပ်ကြည့်ပေါ့။ တခါတည်း အားကုန်သွားသလို အားလျော့သွားသလိုပဲ။ ဒါ့ကြောင့် လေကိုဝအောင် ရှုပြီးတော့မှ ၀င်လေမှ ထွက်လေ ဆက်သွားတယ်။ ဒါ့ကြောင့် အာနပါနဆိုရင် ၀င်လေ ထွက်လေဆိုတဲ့ စကားလုံးလေးပဲ သုံးပါနော်။

အမိဝမ်းကထွက်ထွက်ချင်း ထွက်လေကပဲစစ ၀င်လေကပဲစစ စချင်တာစ အရေးမကြီးပါဘူး။ လောလောဆယ် လက်တွေ့ဘ၀မှာ ၀င်လေကို အရင်ရှုသွင်းပြီးမှ ထွက်လေကို ရှိုက်ထုတ်ပစ်တာဖြစ်တယ်။ဒါ့ကြောင့် လက်တွေ့ဘ၀နဲ့ တသားတည်းဖြစ်အောင်
‘၀င်လေ၊ ထွက်လေ’ လို့ပဲသုံးတာ အကောင်းဆုံးပေါ့နော်။

{ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(၀င်လေထွက်လေကို ဗဟိုပြု၍ တရားတော်မှကောက်နှုတ်ချက်)


Thursday, July 23, 2015

မေတ္တာ ဘာဝနာရဲ့ ဌာန်​​လေးချက်

မေတ္တာဘာဝနာရဲ့ ဌာန်လေးချက်
======================
ဟိတာကာရပ၀တ္တိလက္ခဏာမေတ္တာ
ဟိတူပသံဟာရ ရသာ
အာဃာတ၀ိနယရသာဝါ
သောမ္မဘာဝ ပစ္စုပဌာနာ
သတ္တာနံ မနာပဘာဝဒဿန ပဒဌာနာ။
"မေတ္တာရဲ့ လက္ခာဏာက သက်ရှိသတ္တ၀ါမှန်သမျှရဲ့ အကျိုးစီးပွားကို
ကျင့်ဆောင်းခြင်းတဲ့။ မိဘအပေါ်မှ သားသမီးအပေါ်မှ မဟုတ်ဘဲ
သက်ရှိသတ္တ၀ါတိုင်းရဲ့ အကျိုးစီးပွားကို ကျင့်ဆောင်မှသာ မေတ္တာ
ဘာဝနာအစစ်လို့ မှတ်ထားနိုင်တာပေါ့။
မေတ္တာရဲ့ပြုလုပ်တဲ့ ကိစ္စက အာဃာတ ကိုပယ်ဖျောက်ပေးခြင်းပဲ။
မေတ္တာရဲ့ထင်ရှားတဲ့ အချင်းအရာက စိတ်ထဲမှာ အမြဲတမ်း အေးချမ်းနေတာပဲ။
မေတ္တာဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းက သတ္တ၀ါတွေရဲ့ကောင်းကွက်ကို
ရှာကြည့်ကြည့်ရှုတတ်ခြင်းပဲ။ "..........
မင်္ဂလာရှိသော နံနက်ခင်းအချိန်အခါလေးဝယ် အားလုံး မေတ္တာဘာဝနာ လက်ကိုင်ထားပြီး သတ္တ၀ါတွေအပေါ်မှာ ကောင်းကွက်ကိုရှာပြီး ပေါင်းသင်းဆက်ဆံနိုင်ကြပါစေ။
အာဃာတ ရန်ငြိုးတွေ ပယ်ဖျောက်နိုင်ကြပါစေ။


မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်





မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်
============================================
★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။
★ မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ် ဆိုတာကို သတိထားဖို့လိုတယ်။ ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောပြရယ်ဆိုရင် - ပထမလုပ်ရမှာက ကိုယ့်ရဲ့သန္တာန်မှာ မေတ္တာဆိုတဲ့အရာကို တွေအောင်ရှာဖို့လိုတယ်။ အရပ်ထဲမှာပြောတဲ့ တဏှာရာဂနဲ့ချစ်တဲ့မေတ္တာနဲ့ ရောထွေးသွားတတ်တယ်။ ဘာက၀င်ပြီး မေတ္တာယောင် ဆောင်တတ်သလဲဆိုတော့ ရာဂက၀င်ပြီး မေတ္တာယောင် ဆောင်တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။
ပထမရွှေကျင် ဆရာတော်ဘုရားကြီးရေးတဲ့ “၀ဉ္ဇနာ ဒီပနီ” ကျမ်းထဲမှာ လှည့်စားမှုတွေကို ထင်ရှားစွာ ပြသထားတယ်။ မေတ္တာဆိုတာ
သူ့အကျိုးကို လိုလားတဲ့သဘော။ တဏှာဆိုတာ ကိုယ့်အကျိုးကို ဦးစားပေးတဲ့သဘော အင်မတန်မှ ကွဲပြားတယ်။ လူတွေက ဘယ်သူ့ကိုခင်ပါတယ် ချစ်ပါတယ်ပြောပြီး ဆန်းစစ်ကြည့်တော့ သူ့ကိုချစ်တာ မဟုတ်ဘူး။ သူ့ကိုမြင်ရင် ကိုယ်စိတ်ချမ်းသာတယ်။
ထိုစိတ်ချမ်းသာမှုလေးကို ချစ်တာနော်။ ဒါကိုလူတွေ မျက်စိလည်သွားကြတယ်။ ရှင်းအောင်ပြောရင် မေတ္တာဆိုတာ“မိတ္တဿ ဧသာ မေတ္တာ” မိတ်ဆွေသူငယ်ချင်းရဲ့ စိတ်နေစိတ်ထား အဲ့ဒါဟာမေတ္တာပဲ။
★ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်ကရှိနေပေမယ့် လေ့ကျင့်ပေးမှ အစွမ်းထက်မယ်။ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။အဲ့ဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲဆိုတော့ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြတ်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ ၀ိသုဒ္ဓိမဂ် ကျမ်းကြီးထဲက လေ့ကျင့်ခန်းတစ်ခုက မေတ္တာလေ့ကျင့်ခန်း ၀င်ပြီဆိုတာနဲ့ Meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ Meditation ပုံစံဖြင့် မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ ကောင်းပြီ.. လေ့ကျင့်မယ်ဆိုရင် ပုဂ္ဂိုလ်ကိုရွေးချယ်ရမယ်။ နံပါတ်(၁) အသက်ရှင်ဆဲပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်မျိုးရှိတဲ့အထဲမှ
သေသွားတဲ့ပုဂ္ဂိုလ်ကို မေတ္တာမပို့နဲ့။ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။မေတ္တာကိုလေ့ကျင့်ပြီး ယူချင်တယ်ဆိုရင် အသက်ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ ရွေးရမယ်။
★ အဲ့ဒီလိုရွေးတဲ့အခါမှာလည်းပဲ (၃)မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်၊ နောက်တစ်ဦးက ခင်လည်းမခင် မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရဲ့ရန်သူ။ လူတိုင်းဟာ ယေဘူယျအားဖြင့် ဒီသုံးမျိုး
ရှိနေမှာပဲ။ အဲ့ဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးမလဲ။ မေတ္တာ စပျိုးတော့မယ်ဆိုရင် ကိုယ်နဲ့ ခင်လည်းမခင်၊ မုန်းလည်းမမုန်းတဲ့ ပုဂ္ဂိုလ်ကိုရွေးမယ်ဆိုရင် မေတ္တာပျိုးဖို့ ခက်မယ်။ ဘာလို့လဲဆိုတော့ သူအပေါ်မှာ ခင်လို့မှမရဘဲကို။ သူ့ကိုပထမအနေနဲ့ ရွေးလို့မရဘူး။ရန်သူကိုရွေးမလားဆိုတော့ ရန်သူကိုရွေးရင် ဒေါသဖြစ်မှာပဲ။ ရန်သူကိုလည်း မရွေးနဲ့။ အဲ့ဒီတော့ “ပိယပုဂ္ဂလ” ဆိုတာ ကိုယ်ခင်မင်တဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။ရွေးထဲ့နေရာမှာ နောက်သတိထားရမှာက လိင်တူကိုပဲရွေးပါ။ လိင်ကွဲကို သွားမရွေးရဘူး။ အမျိုးသားဆို အမျိုးသားကိုရွေး အမျိုးသမီးဆို အမျိုးသမီးကိုရွေး။ လိင်မတူတာကိုရွေးရင် မေတ္တာဖြစ်မဲ့အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်။ အန္တရာယ်ရှိတယ်။ ဒါကြောင့် လိင်မတူတာ မရွေးရဘူး။
အဲ့ဒီလို ရွေးချယ်ပြီးပြီဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ။ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရား ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး မေတ္တာပို့လိုက်ဦး။ ကိုယ့်ကိုယ်မေတ္တာပို့တာက ဘာဝနာအတွက် မဟုတ်ဘူး။ လွယ်အောင် ပြင်ဆင်လိုက်တဲ့သဘောပဲ။
★ ဆိုပါဆို့ - မေတ္တာပို့တဲ့အခါမှာ ချမ်းသာပါစေလို့ ပြောချင်တာလား ကျန်းမာပါစေလို့ ပြောချင်တာလား။ အရာခပ်သိမ်း အဆင်ပြေပါစေလို့ပဲ ပြောပြောပေါ့။ အဲ့ဒီအတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်။ ယောင်္ကျားလေးဆို ယောင်္ကျားလေးသူငယ်ချင်းပေါ့။ မိန်းကလေးဆို မိန်းကလေးသူငယ်ချင်းရွေးပြီး တစ်ယောက်ထဲရှိတဲ့အချိန် ထိုပုဂ္ဂိုလ်ရဲ့ မျက်နှာကို စိတ်ထဲမှာပေါ်လာအောင် ပုံဖော်လိုက်။ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာပုံဖော်လိုက်။ သူ့ရဲ့ရွှင်ပြုံးတဲ့မျက်နှာ
ကြည်နူးတဲ့မျက်နှာလေးကို ကြည့်ပြီးတော့ “အစဉ်ထာဝရ ပြုံးနိုင်ပါစေ ချမ်းသာပါစေ ကျန်းမာပါစေ” ဆိုပြီး ကိုယ်လိုချင်တဲ့ စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲ့ဒီစိတ်ကလေး ထပ်တလဲလဲဖြစ်နေအောင် Repeatation လုပ်နေတာလို့ခေါ်တယ်။ထပ်ထပ်ပြီးတော့ဖြစ်နေတာ တစ်ခါတည်းမဟုတ်ဘူး။ အဲ့ဒီတော့ မေတ္တာထပ်ကျော့နေရတယ် ဘယ်နှစ်ခါထပ်ကျော့ရမလဲဆိုတော့ တစ်နာရီလုပ်ရင် တစ်နာရီလုံးထပ်ကျော့ရမယ်။
★ အဲ့ဒီလိုဓားများသွေးတဲ့အခါ ကျောက်နဲ့ပွတ်နေသလို ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ပိယပုဂ္ဂိုလ်ကို ပွတ်ပေးနေရတယ်။ အဲ့ဒါကို လေ့ကျင့်တာလို့ခေါ်တယ်။ အဲ့ဒီလို ပွတ်ပေးနေလိုက်တဲ့ အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင်
ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲ မြင်နေမယ်။ မျက်စိထဲက ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ မထွက်ဘူး။ အိပ်မယ်.. အိပ်မပျော်သေးခင် သူ့မျက်နှာပဲ မြင်ယောင်နေတယ်။ တခြားဟာ မမြင်တော့ဘူး။ စိတ်က အဲ့ဒီအပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲ့ဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ
မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဈာန်တောင် ရနိုင်ပါတယ်။
★ မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောက်မေ့နေတာ။ ဒါကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ဈာန်ရတယ်ဆိုတာ အဲ့ဒီအာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ပထမဈာန်ဆိုတာ အဲ့ဒီအာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ဈာန်ဆိုတာ ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို့ပေးနေတဲ့ ၀ိတက်လို့ခေါ်တဲ့
သဘောတရား (Initial application)၊ စိတ်က ထိုမျက်နှာလေးပေါ်မှာ ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။
★ “၀ိတက်” ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေရတာ။ “၀ိစာရ”ဆိုတာ အာရုံနဲ့စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးတဲ့သဘော၊ အဲ့ဒီအာရုံလေးနဲ့ စိတ်ကျေနပ်နေတာကို “ပီတိ”၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာငြိမ်းချမ်းနေတာက
“သုခ”၊ အဲ့ဒီအာရုံလေးကို စိတ်က ခွာလို့မရတာက “ဧကဂ္ဂ”၊ အဲ့ဒီ ၅ခု ဟန်ချက်ညီညီလုပ်နေပြီဆိုရင် ပထမဈာန်လို့ခေါ်တယ်။
ပထမဈာန်ရပီပေါ့။ ဒီထက် အစွမ်းမြင့်လိုက်တဲ့အခါကျတော့ တွေးနေစရာ မလိုတော့ဘူး။ “၀ိတက်” ဆိုတာ မလိုတော့ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ် စိတ်ထဲကကျေနပ်တာရယ်
ချမ်းမြေ့တာရယ် တည်ငြိမ်နေတာရယ် - ဒီသဘော ၄ မျိုးနဲ့
ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်။
★ နောက်တစ်ခါ ဒီထက်သမာဓိစွမ်းအားတွေ မြှင့်လိုက်တဲ့အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်စရာမလိုတော့ဘဲ ထိုအာရုံလေးအပေါ်မှာ ကျေနပ်နေတာရယ် နှစ်သက်နေတာရယ် တည်ငြိမ်နေတာရယ် ဒီအခြေအနေ သုံးရပ်ကလေးနဲ့
ထိုအာရုံပေါ်မှာ ရပ်တည်နေလို့ရှိရင် တတိယဈာန်လို့ခေါ်တယ်။ မေတ္တာပွားတဲ့သူဟာ အဲ့ဒီဈာန် ၃ဆင့်ထိအောင် ရနိုင်တယ်။ အဲ့ဒီဈာန် ၃ဆင့်ရသွားမှ “စေတောဝိမုတ္တိ” လို့ခေါ်တယ်။ “စေတောဝိမုတ္တိ”ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထား
တစ်ခုရောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။သာမန်မေတ္တာကို မေတ္တာလို့ပဲသုံးတယ်။ “စေတောဝိမုတ္တိ” ဆိုတဲ့စကားလေး ထည့်သုံးလိုက်ရင် ထိုမေတ္တာသည် ဈာန်အခြေအနေထိအောင် ရောက်နေတဲ့မေတ္တာကိုပြောတာ။
★ ကဲကောင်းပြီ “ပိယပုဂ္ဂလ” လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ပုဂ္ဂိုလ်နဲ့လေ့ကျင့်လိုက်လို့ အောင်မြင်သွားတဲ့မေတ္တာလေးကို ဒီတိုင်းမထားနဲ့ဦး။ မေတ္တာကိုဖြန့်ကျက်ဦး။ ထိုမေတ္တာလေးကို Transfer လုပ်ရမယ်။ ဘယ်သူ့အပေါ်မှာ Transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ မေတ္တာတရားဟာ လျော့ကျသွားတယ်။ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာထားတဲ့ စိတ်အခြေအနေဟာလည်း မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ သွားထားလိုက်လို့ အခြေအနေ ပြောင်းလဲသွားတယ်ဆိုရင် ဒီမှာပြန်လေ့ကျင့်ရမယ်။ မပြောင်းလဲဘူးဆိုရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေသွားပြီ။
★ ကဲ ပုဂ္ဂိုလ်နှစ်ယောက် ပြောင်းပြီးပြီနော်။ ပိယပုဂ္ဂလ နဲ့ မဇ္ဈတ္တ အလယ်အလတ်ပုဂ္ဂိုလ်ပေါ်မှာ ပြောင်းကြည့်လို့ အခြေအနေ မပြောင်းဘူးဆိုရင် နောက်တစ်ယောက်ပေါ်မှာ ပြောင်းကြည့်။ကိုယ်နဲ့မတည့်တဲ့ ရန်သူပုဂ္ဂိုလ်အပေါ် ပြောင်းကြည့်လိုက်လို့
ဒေါသဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ့ခိုင်သေးဘူး။ ပြန်ပြီးတော့ မေတ္တာကိုလေ့ကျင့်ပါ။ ပြန်လေ့ကျင့်ပြီးရင် ပြန်စမ်းသပ်လိုက်။ ထားလို့ရသွားပြီဆိုရင် ဒီမေတ္တာဟာ တော်တော်ခိုင်သွားပြီလို့ ပြောရမယ်။ ဒါက စမ်းသပ်တဲ့နည်း။ အဲ့ဒီလိုနည်းနဲ့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ(၄)ယောက်... နံပါတ်(၁)က မိမိကိုယ်တိုင်၊
နံပါတ်(၂)က ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်၊ နံပါတ်(၃)က ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊ နံပါတ်(၄)က ရန်သူ။ အဲ့ဒီလေးယောက်ကို ရန်သူလို့လဲ မမြင်တော့ဘူး ကိုယ့်ကိုယ်ကိုလည်း မမြင်တော့ဘူး။ ကိုယ့်မိတ်ဆွေလို့လဲ မမြင်တော့ဘူး။
ကိုယ့်ရန်သူလို့လဲ မမြင်တော့ဘူး။ အာလုံး ဒီလေးယောက်လုံးဟာ
တစ်မျိုးတည်းလို့ မြင်သွားပြီဆိုရင် အဲဒီလူရဲ့မေတ္တာဟာ အစွမ်းအထက်ဆုံး အဆင့်ကို ရောက်သွားပါပြီ။
★ အဲ့ဒါကို ဥပမာလေးတစ်ခု ပေးထားတယ်။ ဒီပုဂ္ဂိုလ်လေးယောက်ကို ဆိုပါဆို့ ရှေးတုန်းက လူကိုသတ်ပြီး ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်။ တောထဲမှာ နေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ်ပူဇော်တာ ခံလိုက်ရတယ်။ အဲ့ဒီမှာ လာပြီးတောင်းမယ်။ ယဇ်ပူဇော်ဖို့အတွက် တစ်ယောက် လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင်ရယ်၊ ကိုယ့်မိတ်ဆွေရယ်၊ သာမန်ပုဂ္ဂိုလ်ရယ်၊ ကိုယ့်ရန်သူရယ် ၄ယောက် ရှိတယ်။ အဲ့ဒီလေးယောက်ထဲက ဘယ်သူကိုပေးမလဲ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ။ တစ်ယောက်တော့ လိုက်ရမယ်။ ကိုယ့်စိတ်ထဲမှာ သြော်သူတို့ ၃ယောက်နေပါစေ။ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်ပါတယ်။
သူ့မေတ္တာက မဟုတ်သေးဘူး။ မမျှတဘူးလို့ပြောရမယ်။အဲ့ဒီလိုမဟုတ်ဘဲ ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုရင် ရန်သူအပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲ့ဒီလေးယောက်လုံးကို တစ်ယောက်မှမပေးဘူး။ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး ဆိုရင် အဲ့ဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်ခံ့တဲ့ မေတ္တာတရား ဖြစ်သွားပြီ..တဲ့ ဒီလိုဆိုလိုတာ။
★ အဲ့ဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုရင် ဒေါသ ဗျာပါဒတွေ လုံးဝလာတော့မှာ မဟုတ်ဘူး။ နောက်ဆုံးမှာ မေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ။ ထိုမေတ္တာ
စိတ်ဓာတ်မှာပါတဲ့ သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာ ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီးဖြစ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား။ ထိုမေတ္တာရဲ့တည်နေရာ နှလုံးသားက ရုပ်တရား။ ဟော.. ရုပ်နဲ့နာမ် နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါဝိပဿနာလမ်းကြောင်းထဲ စ ၀င်တာပဲ။
ဒါသမထကနေ ၀ိပဿနာပြောင်းတယ်လို့ခေါ်တယ်။
★ မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကိုရှုတာ။ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်နေရာ နှလုံးသားကို ရုပ်တရားကို ရှုတာက ရုပ်ကိုရှုတာ။ ဒီလိုရုပ်နဲ့နာမ်နဲ့ ကွာသွားပြီလို့ဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်။ အဲ့ဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာ့ကြောင့်ဖြစ်တာတုန်းလို့ အကြောင်းတရားကို လေ့လာသုံးသပ်တဲ့ အသိဉာဏ်တစ်မျိုး ထပ်ဆင့်ရလာပြီဆိုရင် ပစ္စယပရိဂ္ဂဟဉာဏ်။ အဲ့ဒီဉာဏ်နှစ်ပါးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ့သဘောတွေ တွေ့လာတယ်။ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ့လာတယ်။ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာစွမ်းအင်သတ္တိတွေ မရှိဘူးဆိုတာ သိလာတယ်။ ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူးဆိုတာ သိလာတယ်။ အနတ္တသဘောတွေ ပေါ်လာတယ်။
★ ဒီလိုမေတ္တာနဲ့ ပတ်သက်ပြီး ရုပ်နာမ်တွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရှုလာနိုင်တယ်။ ဒီလိုရှုလာနိုင်တာ သမ္မသနဉာဏ်လို့ခေါ်တယ်။ အဲ့ဒီကနေဆက်ပြီးတော့ ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိတဲ့အခါ ဥဒယဗ္ဗယဉာဏ်၊ ထို ဥဒယဗ္ဗဉာဏ်ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး။ ပျက်တာတွေက မြန်လွန်းအားကြီးတဲ့အတွက်ကြောင့် အပျက် အပျက်မြင်နေတာကို ဘင်္ဂဉာဏ် လို့ခေါ်တယ်တဲ့။ အဲ့ဒီလိုပျက်တာချည်းပဲ မြင်နေသည့်အတွက် ဉာဏ်ထဲမှာ ဘာပေါ်လာသလဲဆိုတော့ ပျက်တာဟာ ကြောက်စရာကြီးပါလားလို့ တွေးလာတယ်။ အဲ့ဒါ ဘယဉာဏ်လို့ခေါ်တယ်။ ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ ငြီးငွေ့စရာချည်း ပါလားဆိုပြီး အပြစ်တွေမြင်လာတယ်။ ပျက်နေတဲ့ အရာကြီးတွယ်တာစရာ ကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်။ ဒါက အာဒီန၀ဉာဏ်။
★ အပြစ်တွေမြင်လာတော့ မလိုချင်တော့ဘူး။ စွန့်လွတ်ချင်လာတယ်- နိဗ္ဗိဒါဉာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ် -မုစ္စိတုကမျတာဉာဏ် ၊ လွတ်ဖို့ရာ အတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ -ပဋိသင်္ခါဉာဏ်၊ ပြန်လည် စဉ်းစားရင်းက သင်္ခါရတရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျ ဖြစ်သွားပြီး၊ စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေရလာပြီး အသိဉာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သင်္ခါရုပေက္ခာဉာဏ်လို့ခေါ်တယ်။ အဲ့ဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီဆိုရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့် ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် အနာဂါမ်မဂ် ဆိုတာလည်း ပေါ်လိုက်ရော။ ဒေါသဗျာပါဒ ဆိုတာတွေ ဘယ်တော့မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။ အမုန်းတရားတွေ နှလုံးသားထဲမှာ လက်ကျန်မရှိတော့ဘူး။ အနာဂါမိမဂ် ရသွားတာနဲ့ တစ်ပြိုင်နက် ဒေါသက လုံးဝမရှိတော့ဘူး။ မေတ္တာတရားကို အခြေခံတဲ့ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက် ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး။
★ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက “ယဒိယံ မေတ္တာ စေတော့ ၀ိမုတ္တိ” စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ ဗျာပါဒဿစိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့၊ နိဿရဏံ- ထွက်ပေါက်ပါပဲတဲ့။ဒီနည်းနဲ့သာလျှင် စိတ်ရဲ့ထွက်ပေါက်ကို ရနိုင်တယ်။
ဒေါသဆိုတဲ့ အမုန်းတရား စိတ်ထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်တာ... ဒါဟာ ဒေါသဆိုတဲ့ စိတ်ရဲ့ ထွက်ပေါက်အစစ်ပေါ့။
(ပါချုပ်ဆရာတော်ဘုရားကြီး)
(စိတ်ရဲ့ထွက်ပေါက်များတရားတော်မှ ကောက်နှုတ်ချက်)

သူ့အကျိုးအတွက် မထင်မှတ်တဲ့ အပြုအမူလေးတစ်ခု





သူ့အကျိုးအတွက် မထင်မှတ်တဲ့ အပြုအမူလေးတစ်ခု
===================================
ဘုရားရှင်လက်ထက်က ရာဇဂြိုလ်မြို့ ပုဏ္ဏားကြီးတစ်ယောက်မှာ သမီးတစ်ယောက်ရှိပါတယ်။ နာမည်က "သုဘာ"တဲ့။ အဓိပ္ပာယ်က
"ရုပ်ရည်အဆင်း လှပတင့်တယ်သူ"လို့ အဓိပ္ပာယ်ရတယ်။ နာမည်နဲ့လူနဲ့ လိုက်အောင်လည်း သုဘာဟာ
လှပတင့်တယ် ချောမောလှသူပါ။ သူမရဲ့အလှတွေထဲမှာ
အဓိကအလှက မျက်လုံးပါတဲ့။ သူမရဲ့မျက်လုံးက
မြင်ရတဲ့သူကို သိပ်ဆွဲဆောင်မှု ရှိတာပါတဲ့။
သုဘာက အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။
သုဘာက သူ့မှာအလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့အပြစ်ကို မြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမပြုလိုက်တယ်။ ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။
တစ်ရက်တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်လာခဲ့တယ်။ တရားအားထုတ်ဖို့ပါပဲ။
လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းထိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့
ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က
သုဘာထေရီနဲ့ တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း
အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်စိတ် ဖြစ်သွားသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ဘူး။
ရှေ့ကနေ ကာတားထားလိုက်တယ်။ သူဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။ မဖယ်ရုံတင်မကဘဲ "အို နှမငယ် သင်ဟာ ငယ်လည်း ငယ်တယ်။ ရုပ်ရည်အဆင်းလည်းလှတယ်။ အခုလိုငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ၊ အဲ့ဒီသင်္ကန်းကြီးကိုဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ" လို့ ချစ်ရေးဆိုတယ်။
ဒီတော့ သုဘာထေရီက "အို အမျိုးသား စက်ဆုတ်ဖွယ် ရွံရှာဖွယ်တွေ ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ " လို့ မေးလိုက်ပါတယ်။ လူငယ်ကလည်း ချက်ချင်းပဲ "သင့်ရဲ့မျက်လုံးလေးကို ချစ်တာ" လို့ပြန်ဖြေလိုက်တယ်။ လူငယ်ရဲ့အဖြေစကားကို ကြားရတော့
သုဘာထေရီမက သူရဲ့မျက်းလုံးတစ်ဘက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်တယ်။ စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပဲပြထားပါတယ်။
ဘယ်လားညာလား ဆိုတာ ခွဲပြမထားပါဘူး။
မထင်မှတ်တဲ့အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန်ထွက်ခွာသွားပါတယ်။
ဒီနေရာမှာ သူဘာထေရီရဲ့ အပြုအမူကိုကြည့်ပြီး ရူးတာလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီအနေနဲ့ ဒီတစ်ခုတည်းပဲ ရွေးချယ်စရာရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။
တကယ်လို့ သုဘာထေရီ ဒီလိုမလုပ်ဘဲ နှုတ်နဲ့ပဲ တရားဟောနေမယ်ဆိုရင် လူငယ်က ကာယကံမြောက် ဗလက္ကာရ
ပြုတော့မှာပါ။ နေရာကလည်း လူသူ ကင်းမဲ့နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်ပါတယ်။ ကာယကံမြောက် ကျူးလွန်သွားမိရင်တော့ လူငယ်အတွက် အ၀ီစိငရဲမှာ ကျတော့မှာပါ။သုဘာထေရီက လူငယ်ရဲ့အကျိုးကိုငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါ။
သူဘာထေရီဟာ မျက်စိတစ်ဖက်တည်းနဲ့ မြတ်စွာဘုရား ရှိရာကို ထွက်ခွာခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကို ဖူးမြင်လိုက်တာနဲ့
ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်း ပြန်ဖြစ်သွားပါတယ်။ မျက်လုံးက ဘုရားရှင်ရဲ့တန်ခိုးကြောင့်
ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာတယ်။မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်တာကို သိပါတယ်။
ဒါ့ကြောင့် အရဟတ္တဖိုလ်ကို ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။ သုဘာထေရီလည်း
မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်အတိုင်း ဖြစ်နေတဲ့ပီတိကို ခွာပြီး ခန္ဓာကိုယ်ကို ဉာဏ်စိုက်ရှု့လိုက်တာ အရဟတ္တဖိုလ်ကို ရသွားပါတယ်။
သုဘာထေရီဟာ လူငယ်လေး အကျိုးကြည့်ပြီး သူရဲ့မျက်လုံးကို စွန့်ပစ်လိုက်တဲ့ မထင်မှတ်တဲ့ အပြုအမူလေးဟာ.......
(ကျမ်းကိုး ထေရီအဋ္ဌကထာ၊ သုဘာထေရီဝတ္ထု)
{ဆရာတော်ရဝေနွယ်(အင်းမ)}

Wednesday, July 22, 2015

တရားထိုင်လွန်သော် ....(အထူးသတိပြု)



တရားထိုင်လွန်သော် ....(အထူးသတိပြု)
============================
ယခုခေတ်တွင် တရားလိုက်စား အားထုတ်သူများ ပေါများလာသည်။ တရားလိုက်စား အားမထုတ်ဖူးသေးသူဆိုလျှင် ခေတ်မမီ လူရာမ၀င်သလို ဖြစ်လာသည်။ တရားအားထုတ်သူ များသလောက် တရားဟောသူ၊ တရားပြသူလည်း များလာသည်။ သို့ရာတွင် ဟောသူ၊ ပြသူ၊ လိုက်စားအားထုတ်သူများတွင် ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ကျသူဦးရေမှာ မများလှဟုထင်သည်။
ယင်းသည်မှာ ဒါန၊ သီလမျှနှင့် ပုတီးလက်စွဲသော လွန်ခဲ့သော ခေတ်ရှိ ဟောသူ၊ လိုက်စားသူများနှင့် ပြန်၍ အကောင်းအဆိုး၊ ယဉ် မယဉ်၊ သူတော်ကောင်း မကောင်းကို ပြန်လည် နှိုင်းယှဉ်၍ ပြခြင်းဖြစ်၏။ ဒါန၊ သီလမျှနှင့်ပုတီးလက်စွဲသော ခေတ်က လူများသည် ယခု ပုတီးဖယ်ချတရားအားထုတ်သူများထက်အစစသာ တာကို မည်သူငြင်းဆိုနိုင်အံ့နည်း။
တစ်ဖန် မျက်မှောက်ခေတ် ပုတီးဖယ်ချ၍ တရားခေတ်စားချိန်ကို ကြည့်ပါဦး။ မိမိ တစ်ချိန်က မြို့ကြီးတစ်မြို့တွင် တရားဟော၊ တရားပြနေစဉ် စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ဒေါက်တာအုန်းမောင် ရေးသားသော “ စိတ်သောက ပြဿနာများ ” စာအုပ်ကို ဒကာမကြီးတစ်ယောက် ကပ်လှူသည်နှင့် ဖတ်ရ၏။ ယင်းတွင် “ တရားထိုင်လွန်သော် ” ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်မိသည်။
စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ လာရောက်ကုသသော လူနာအားလုံးကို “မည်သည့်အကြောင်းကြောင့် စိတ်ရောဂါ စ၍ဖြစ်သနည်း” ဟု ကျွန်တော်တို့ မေးမြန်းရပါသည်။ လူနာခပ်များများသည် တရားထိုင်ရာမှ စ၍ဖြစ်သည်ဟု ဆိုကြသသည်။
တရားထိုင်ရင်း အကြားအမြင်များ ရလာသည် ထင်ပြီး စိတ်ပါနောက်၍ သွားကြလေသည်။ ထို့ကြောင့် တရားထိုင်လွန်ခြင်းသည် စိတ်ရောဂါကို ဖြစ်စေသည် ဟူ၍ ယေဘုယျ မှတ်ချက်ချမိသည်။
အို…………တရားပြသူ၊ တရားအားထုတ်သူ အပေါင်းတို့……………. ယင်းအချက်ကို ကွက်ကွက်ကွင်းကွင်း ရှုကြည့်ဆင်ခြင် ပါလော့။ တရားထိုင်လွန်သော်လို့ ဆိုထားသည်။ ယခုခေတ် တရားပြသူ၊ တရားအားထုတ်သူများသည် ထိုင်မှ တရားလို့ ယူဆသူများ၍ ကြာကြာထိုင်နိုင်မှ ဆရာက ကြိုက်နှစ်သက်၏။ အားထုတ်သူကလည်း ကြာကြာထိုင်နိုင်တာကို ဂုဏ်ယူပြောဆို၏။ ယင်းသည်ပင် ဘုရားရှင်ဝါဒ မဇ္ဈိမပဋိပဒါ မကျတော့၍ ရူးနိုင်သည့် တစ်ချက်ဖြစ်၏။
ဘုရားရှင်က လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးဣရိယာ မျှတစွာ အားထုတ်ဖို့ ညွှန်ကြားထားပါလျက် “ ထိုင် ” တာကို ဦးစားပေး အထိုင်ခိုင်းပြီး၊ ဘုရား ရဟန္တာများမှာပင် မကုန်တဲ့ အထိုင်ကြာ၍ ကိုယ်နာကျင်ကိုက်ခဲညောင်းညာမှု “ကာယိက ဒုက္ခ” တွေကို ကုန်အောင်၊ ဆုံးအောင်၊ ချုပ်အောင် “ ထိုင် ” မှုမဖျက်စေဘဲ အားထုတ်ခိုင်းခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ဖြစ်၏။
အားထုတ်ခိုင်းရာတွင် ရုပ်နာမ်ပရမတ်ကို ပြောမပြဘဲ သာမာန် ပညတ်အာရုံမျှ အားထုတ်ခိုင်းနေကြပြီး ပညတ်အာရုံ အမျိုးမျိုးမြင်မှုကို ဦးစားပေး၍ စစ်ဆေးဆုံးဖြတ် ခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ဖြစ်၏။မိမိသည် ယင်းစာအုပ်ကို တစ်ဖန် ဆက်ဖတ်ပြန်သည်။တရားမထိုင်ရ ဟူ၍ ကျွန်တော် မဆိုပါ။ ၀ိပဿနာ လိုက်စား၍ တရားထိုင်ခြင်းသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရားဟု ကျွန်တော် ယုံကြည်ပါသည်။ တရားလည်းထိုင်သည့်အခါ ထိုင်ပါ။
သို့သော် တစ်ဖက်စွန်းသို့ ရောက်အောင် အလွန်အကျွံ တရားကျင့်ခြင်းသည် ခံနိုင်ရည် မရှိသူတို့အဖို့ တကယ်ပင် စိတ်နောက်သွားနိုင်ပါသည်။ စိတ်နောက်သွားသော လူနာများကို ခပ်များများပင် တွေ့ရပါသည်။ မိန်းမ၊ ယောက်ျား၊ ဘုန်းကြီး အားလုံးတွေ့ရ၏။
အင်း……………စာရေးသူ၏ မှတ်ချက်သည် မှန်၏။ ဘုရားရှင်က အစွန်းနှစ်ပါး ဖယ်ရှား၍ မဇ္ဈိမပဋိပဒါ အလယ်လမ်းသွားရန် ညွှန်ကြား၏။ တရားပြသူအချို့နှင့် တရားအားထုတ်သူအချို့သည် ယင်းကို နားမလည် သဘောမပေါက်။ ထိုင်လျှင်ပြီးတာပဲ ယူဆသည်။ ယင်းအတိုင်းလုပ်သည်။ တစ်ဖက်စွန်းရောက်၍ စိတ်နောက် ရသည်။
ဘုရားရှင်သည် ကာယနုပဿနာ-ရုပ်ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုး၊ ဝေဒနာနုပဿနာ-ဝေဒနာကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုး၊ စိတ္တာနုပဿနာ-စိတ်ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုးနှင့် ဓမ္မာနုပဿနာ ရုပ်နာမ်မိဿက ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုးတို့ကို သတ္တ၀ါစရိုက် အကြိုက်လိုက်၍ အမျိုးမျိုးဟောခဲ့၏။
သို့ပါလျက် ယခုခေတ် တရားပြသူအများအပြားသည် ဘုရားရှင်၏ ယင်းနည်းအမျိုးမျိုးထဲမှဘုရားရှင်၏ညွှန်ကြားချက်နှင့်လည်းတကယ်မကိုက်ညီသော အထိုင်ကြာ၍ ကိုယ်နာကျင် ကိုက်ခဲ ညောင်းညာ တောင့်တင်းမှု ကာယိက ဒုက္ခ ကို ဘုရားရှင်၏ ညွှန်ကြားချက် ဝေဒနာကမ္မဋ္ဌာန်းလို လုပ်ပြီး နာကျင်ကိုက်ခဲ ညောင်းညာတောင့်တင်းမှု ကာယိက ဒုက္ခမကုန်မဆုံးမချုပ်ငြိမ်း ဘဲအထိုင်မဖျက် ရဟု အမိန့်ပေး၍ အားထုတ်ခိုင်းနေကြခြင်းသည် ရူးနိုင်သည်တစ်ချကရူးဆေးကြီး တစ်ခွက် ဖြစ်တော့၏။
တစ်ဖန် အထိုင်ကြာ၍ ကိုယ်နာကျင်ကိုက်ခဲ ညောင်းညာတောင့်တင်းမှု ကာယိကဒုက္ခကို အောင့်အည်းခံနိုင်သူအချို့မှာကျင့်သားရ၍၎င်းတို့မဖြစ်တော့သော အခါ ဝေဒနာကုန်ပြီ၊ ဆုံးပြီ၊ ချုပ်ပြီ၊ ငြိမ်းပြီ ဟု တရားရကြောင်း သတ်မှတ်ချက်ဒီဂရီ ပေးလိုက်ခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ပင်ဖြစ်၏။ တရားအားထုတ်သူသည် တရား ရ မရ ကိုယ်တိုင်သိရမည် ဖြစ်၏။ ဆရာကပြောမှ သိရမှုသည် မမှန်ကန်နိုင်။ မိမိ၏အမူအကျင့်၊ ကိလေသာအနည်းအများ၊ စိတ်နေစိတ်ထားဟာ တရားအားမထုတ်ခင်ကနဲ့ ယခုအားထုတ်ပြီးမှ ဘယ်လိုထူးခြားလဲဆိုတာ ချိန်ထိုးကြည့်လျှင် သိနိုင်သည်။
မိမိသည် ကိုယ်တိုင်တရားအားထုတ်ဆဲဖြစ်၍ သူတစ်ပါးတို့အားလည်း တရားပြလာသည်မှာ ဆယ်နှစ် ရှိခဲ့ပြီ။ ဓာတ်ကြီးလေးပါးကို အားထုတ်၍ ၎င်းကိုပဲပြသည်။ ယောဂီများကို ကြာကြာမထိုင်ခိုင်း။ ထိုင်နိုင်သလောက် ထိုင်ခိုင်းသည်။ ထိုင်ဆဲမှာ ပြောင်းနိုင်ခွင့်ပေးသည်။ ဣိရိယာပုတ် လေးပါး တစ်ပါးညောင်း တစ်ပါးပြောင်း အားထုတ်ခိုင်းသည်။ အထိုင်ကြာ၍ နာကျင်ကိုက်ခဲ တောင့်တင်းညောင်းညာမှု ကာယိကဒုက္ခကို မရှုခိုင်း။ ယင်းသို့ဖြင့် မိမိရော ယောဂီများပါ နာကျင်ကိုက်ခဲ တောင့်တင်းညောင်းညာမှု ကာယိကဒုက္ခနှင့် မတွေ့ရဘဲ တရားတိုးတက်၏။ ဘုရားရှင်၏ သတိပဋ္ဌာန်နိဒါန်းနှင့် ညီညွတ်လှ၏။
ဘုရားရှင်က မဟာသတိပဋ္ဌာန်သုတ်နိဒါန်းတွင်……………. ရဟန်းတို့……..နှစ်ကြောင်းနှစ်မြွာ မကွဲလာ၍ ဧကာပထ အမည်ရှိသော ဤလောကုတ္တရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော မဂ္ဂင်ခေါ်ငြား ၀ိပဿနာတရားသည် သတ္တ၀ါတို့၏-
၁။ ရာဂ အစရှိသော အညစ်ကြေး ၀ိသမလောဘ၊ အဘိဇ္ဈာ အရှိကုန်သော အညစ်အကြေးတို့မှ စင်ကြယ်မည်။
၂။ စိုးရိမ်ပူဆွေး၊ ငိုကြွေးမြည်တမ်းခြင်းတို့ကို လွန်မြောက်မည်။
၃။ ကိုယ်ဆင်းရဲမှု ကာယိကဒုက္ခနှင့် စိတ်ဆင်းရဲမှု စေတသိကဒုက္ခတို့ ချုပ်ငြိမ်းမည်။
၎။ မြတ်သော ဖြူစင်သော ကိလေသာ အညစ်အကြေးမှ ကင်းသော အရိယမဂ်ကို ရမည်။
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။
(မဟာသတိပဋ္ဌာနသုတ်၊ သုတ်မဟာဝါ)ဟုအကျိုးတရားများကို ပြ၍ အာမခံနှင့် ဟောထားခဲ့ပါ၏။မှန်ကန်စွာ အားထုတ်ကြ၍ ရှေးကပုဂ္ဂိုလ်များ ၎င်းအကျိုးများ ရသွားကြ၏။ ယခုလည်း အချို့ရဆဲ၊ နောင်လည်း အချို့ရလိမ့်ဦးမည်။ ယခုမူ စိတ်နောက်သွားနိုင်သည်ဟု ဆိုလာသည်။ ဘုရားရှင်၏ ညွှန်ကြားချက်နှင့် နည်းမကျ၍ ဟူ၍ မှတ်ပါ။
သို့ပါ၍ တရားအားထုတ်လိုသူသည် ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိ တဗ္ဗာ ဟူသော ဘုရားရှင်၏ ညွှန်ကြားချက်ကို ဦးထိပ်ရွက်လျက် ဆရာကောင်းကိုရှာ၍ နည်းခံအားထုတ်သဖြင့် အကျိုးထူးခံစားရပါစေသော်။ ဗုဒ္ဓတရား နည်းမှန်များ ညွှန်ကြားသူနှင့် တွေ့စေသော်။
( ဓမ္မဒူတ အရှင်ပညာဇောတ)

သောတာပန်ဆိုပေမယ့် မတရားတာသည်းမခံတဲ့ ၀ိသာခါ...။




သောတာပန်ဆိုပေမယ့် မတရားတာသည်းမခံတဲ့ ၀ိသာခါ...။
==========================================
ဝိသာခါရဲ့ လူသိနည်းတဲ့ မတရားရင် ငြိမ်မခံတတ်တဲ့ အကြောင်းပါ။ တစ်ခါတုန်းက ဝိသာခါရဲ့ အလုပ်သမားတွေက တိုင်းတပါးသွားပြီးတော့ ဝိသာခါဝတ်ဆင်ဖို့ ကျောက်မျက်ရတနာတွေဝယ်ယူပါတယ်။
အပြန်ကြတော့ ဝိသာခါနေတဲ့ ကောသလတိုင်းအဝင်က အခွန်အဖွဲ့က သတ်မှတ်ထားတဲ့ပမာဏထက် အများအပြားပိုလွန်ပြီးတော့ အခွန်ကောက်ပါတယ်။ ဒါက ကောသလမင်းကြီးက ကောက်ခိုင်းဟန်တူပါတယ်။ ဘုရင့်အမိန့်သာမရှိရင် ဝိသာခါလိုပုဂ္ဂိုလ်မျိုးကို သာမာန်အခွန်အရာရှိက မတရားမလုပ်ဝံ့လောက်ပါဘူး။
ပြောရမယ်ဆိုတော့ ကောသလမင်းကြီးက ဝိသာခါကို ဂျေဝင်နေဟန်တူပါယ်။ ရဟန်းတော်တွေက သူ့ထက် ဝိသာခါကို ပိုခင်ကြတာ ပြည်သူလူထုက သူ့ထက် ဝိသာခါကို ပိုပြီး လေးစားကြတာတွေကြောင့်ပေါ့လေ။
ဝိသာခါလိုပုဂ္ဂိုလ်အတွက် အခွန်ဘယ်လောက်ကောက်ခံလိုက်ပါစေ အရေးစိုက်နေစရာမလိုပါဘူး။ ဒါပေမယ့် ဝိသာခါက ဒါ မတရားလုပ်တာ။ ကောသလမင်းကို ထိပ်တိုက်တွေ့ပြီး ဖြေရှင်းမယ်ဆိုပြီး နန်းတော်ကို ခြွေရံသင်းပင်းတွေနဲ့ ကိုယ်တိုင်သွားပါတယ်။ ဘုရင်က ဝိသာခါကို လက်ခံပြီးတော့ မတွေ့ဝံ့ပါဘူး။
ဝိသာခါက သုံးရက်ဆက်ပြီးတော့ နန်းတော်ကို သွားပေမယ့် ဘုရင်က သုံးရက်လုံး ထွက်မတွေ့ပါဘူး။ မတရားတဲ့သူတွေက တရားသဖြင့် ပြုမူနေထိုင်တဲ့သူတွေကို မျက်နှာချင်းမဆိုင်နိုင်တာ ဓမ္မတာပါပဲ။

လောကဓံ နှင့် ပစ္စုပ္ပန်




လောကဓံ နှင့် ပစ္စုပ္ပန်
===============
ကံကြမ္မာဆိုတာ ချိုတစ်လှည့် ခါးတစ်လှည့်-အောင်မြင်လိုက် ရှုံးနိမ့်လိုက်ဆိုတဲ့ မြန်မာသီချင်းတစ်ပုဒ်ထဲကလို ဖြစ်ပါတယ်- ဒီတော့ ကျွန်တော်တို့  လူသားတွေအနေနဲ့  ဘဝလောကဓံ အချိုးအကွေ့တွေကို ခံနိုင်ရည်ရှိဖို့  လိုပါတယ်- လောကဓံကို ခံနိုင်စွမ်းရှိဖို့  စိတ်ကို ဖွံ့ ဖြိုးတိုးတက်အောင် ကြိုးစားရပါမယ်- စိတ်ကို တိုးတက်ဖွံ့ ဖြိုးအောင် လုပ်ဆောင်သူတွေဟာ ဘယ်လိုကြောင့် ဘဝမှာ အလွန် အေးချမ်းတည်ငြိမ်မှုရပါသလဲလို့  ဥပါသကာတစ်ယောက်က မြတ်ဗုဒ္ဓကို မေးလျောက်ခဲ့ပါတယ်-
မြတ်ဗုဒ္ဓက- " သူတို့ ဟာ အတိတ်အတွက် ပူဆွေးဝမ်းနည်းမှုမရှိ- ပြီးတော့ အနာဂတ်ကိုလည်း မတမ်းတ- လက်ရှိပစ္စုပ္ပန်က သူတို့ အတွက် ပြည့်စုံလုံလောက်နေတယ် ဒါကြောင့်သူတိုဟာအလွန်စိတ်တည်ငြိမ်အေးချမ်း မှုရတယ်- အနာဂတ်ကို တောင့်တနေပြီး အတိတ်အတွက် ပူဆွေးဝမ်းနည်းနေတဲ့ လူမိုက်တွေဟာဖြတ်တောက်ထားတဲ့ ကျူပင်နုနုလေးလို စိတ်ညှိုးနွမ်းရတယ်-ဟု မိန့် ကြားခဲ့ပါတယ်- လူတွေဟာ သူတို့  အနာဂါတ်အတွက် မကြာခဏ စိုးရိမ်ပူပန်ကြတယ်- ဒါဟာ သူတို့ ဘဝမှာ တွယ်တာမှုတွေများနေတဲ့အတွက် ဖြစ်ပါတယ်-
သူတို့  တွယ်တာတဲ့အရာတွေ ဆုံးရှုံးသွားမှာ စိုးရိမ်ကြတယ်- ဒါကြောင့် ဆုံးရှုံးမှုကို တစ်နည်းနည်းဖြင့် ကြိုတင်ကာကွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့  ဗေဒင်ဆရာတွေစီ သွားကြပါတယ်- ဒါပေမဲ့ အနာဂါတ်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ကြိုတင်ဟောကိန်းမထုတ်နိုင်တဲ့အတွက် ဒီလိုလုပ်တဲ့ အကြိမ်အတော်များများဟာ ရူးနှမ်းတဲ့ အလေ့ကျင့်မျှသာ ဖြစ်သွားပါတယ်- တစ်ဘက်ကကြည့်ရင် ကျွန်တော်တို့  ရဟန်းတွေ သီလရှင်တွေဟာ လူပုဂ္ဂိုလ်တွေနဲ့ စာရင် အနာဂါတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု နည်းပါတယ် ဘာကြောင့်လဲဆိုတော့ လူတွေလောက် တွယ်တာမှုတွေ မများလို့ ပါပဲ- အနာဂါတ်ကို တိုးလျှိုးတောင်းပန်သူဟာ ကံကြမ္မာရဲ့  ကျီစယ်စရာဖြစ်သွားရပါတယ်- စိုးရိမ်မှုတွေ အခက်ခဲတွေနှင့် ရင်ဆိုင်ရတဲ့အခါ ဗေဒင်ဆရာ နက္ခတ်ဆရာတွေနဲ့  တိုင်ပင်တဲ့ အလေ့ထ လူတစ်ချို့ မှာ ရှိကြတယ်- ကြိုတင်ဟောကိန်းကောင်းကောင်းထုတ်နိုင်တဲ့ ဗေဒင်ဆရာအချို့  ရှိပေမဲ့ အနာဂတ်နဲ့  ပတ်သက်တဲ့ ဟောကိန်းထုတ်နည်းကို တတ်ယောင်ဝါးလုပ်ပြီး မရိုးမသား ဖြတ်လမ်းနည်းနဲ့  ငွေရှာသူ အရေအတွက်ကများပါတယ်- အဲဒီလို ဗေဒင်ဆရာတွေဆီ သွားတဲ့သူတွေဟာ မသိစိတ်ကနေ နာကျင်မှုဒုက္ခကို သာယာနေပြီး သူတို့ အတွက် ကံစိုးမိုးမှောင်ကျမှုကို အနာဂတ်က ဆုတ်ကိုင်ထားတယ်ဆိုတဲ့စကား ကြားရတာ နှစ်ချိုက်နေကြဟန်ရှိပါတယ်- ဗေဒင်ဆရာတွေဟာ ဖောက်သယ်တွေရဲ့  ပင်ကိုယ်စရိုက်ကို အကဲခတ်ရာမှာ အလွန်လျင်ပြီး မကောင်းတဲ့ကြမ္မာဆိုး ကျရောက်မယ်ဆိုတဲ့ ကြောက်လန့် ဖွယ်ရာ ပုံတိုပတ်စတွေပြောကာ ရက်ရက်ရောရော အကူညီပေးကြပါတယ်- ဒီလို ယုံလွယ်သူများဟာ ကံဆိုးခြင်းတွေမှ ရှောင်းရှားရန် ငွေကြေးတွေကို ရိုးရာပူဇော်ပသမှုတွေ- အဆောင်- လက်ဖွဲ့ လို့ ဆိုတဲ့အရာတွေအတွက် အသုံးပြုကြပါတယ်- အခြားတစ်ဘက်အနေနဲ့  ကံကြမ္မာကောင်း ရောက်လာမယ်လို့  ပြောခံရတဲ့အခါ ငွေအများအပြားကို လောင်းကစားတွေ-ထီထိုးခြင်းစတာတွေမှာ အနိုင်ရဖို့ အသုံးပြုကြပြန်ပါတယ်- ဒီကိစ္စမှာ " လူမိုက်နဲ့ ငွေ အတူမနေ " ဆိုတဲ့ စကားကို ကျွန်တော် ပြေးပီးသတိရမိတယ်- တစ်ခါက ဗဒင်ဆရာတစ်ယောက် ဘုန်းကြီးကျောင်းကိုရောက်လာပြီး ' အရှင်ဘုရား -အရှင်ဘုရားရဲ့  အနာဂတ်ကို သိချင်ပါသလားဘုရား' လို့  မေးလျောက်ပါတယ်- သူ-ဘာအကြံဖန်လုပ်တယ်ဆိုတာကို ရဟန်းကသိတော့ " တို့ ရဟန်းတော်တွေအနေနဲ့  အနာဂတ်ကို မစိုးရိမ်ကြပါဘူး" လို့  ပြန်ဖြေလိုက်ပါတယ်- ဒီအခါ ဗေဒင်ဆရာဟာ လက်နှိပ်စက်ရိုက်နေတဲ့ မိန်းခလေးနှစ်ယောက်ကိုမြင်သွားပြီး အထက်ကအတိုင်း မေးပြန်ပါတယ်- ရဟန်းတော်ရဲ့  အဖြေကို နားစွန်နားဖျား အရင်ကြားထားတဲ့အတွက် သူတို့ လည်း အနာဂတ်အတွက် စိုးရိမ်စရာ မရှိပါဘူးလို့  ပြန်ပြောလိုက်ကြတယ်- ဗေဒင်ဆရာဟာ သူကို ဗေဒင်မေးမည့်သူ တစ်ယောက်မှ မရှိတဲ့အတွက် ဘုန်းကြီးကျောင်းထဲကနေထွက်သွားဖို့  ဆုံးဖြတ်လိုက်ပါတယ်- သူထွက်သွားသည့်နှင့် ရဟန်းတော်က " မင့်ရဲ့  ကံကြမ္မာအတွက် ငွေရမဲ့အခွင့်ရေး လွဲသွားပုံရတယ်- ရပေါက်ရလမ်း ရှိမရှိဆိုတာ ကိုယ့်အနာဂါတ်ကို ကြိုတွက်ကြည့်ပါအုံးကွယ်" လို့  မှတ်ချက်ချပြောဆိုလိုက်ပါတယ်- ဒီရိုးရှင်းတဲ့ပုံပြင်လေးက သူ့ တို့ ကိုယ်တိုင်ရဲ့  အနာဂါတ်ကိုတောင် ကြိုတင်ဟောကိန်မထုတ်နိုင်တဲ့ ဗေဒင်ဆရာတွေကို ကျွန်တော်တို့ က ဘယ်ပုံဘယ်နည်းနဲ့  အားကိုးလို့ ရမလဲဆိုတာကို ပြဆိုတာပါ- ချမ်းမြေ့ ပျော်ရွင်ပြီး အောင်အောင်မြင်မြင် နေနိုင်ခြင်းရဲ့  လျို့ ဝှက်ချက်ဟာ အခုပြီးအောင်လုပ်ရမဲ့ အရာကို ချက်ခြင်းထလုပ်ခြင်းမှာ တည်မှီကိန်းအောင်းပါတယ်- အတိတ်အနာဂါတ်အတွက် စိုးရိမ်ကြောင့်ကြဖို့  အချိန်မပေးသင့်ပါဘူး- လုပ်ပြီးသွားတာတွေကို ပြန်လည်ပြုပြင်လုပ်ဆောင်ဖို့  ကျွန်တော်တို့ အတိတ်ကို ပြန်မသွားနိုင်ပါဘူး- အဆက်မပြတ် ပြောင်းလဲနေပီး ကြိုတင်တွက်ဆလို့  မရတဲ့ ကမ္ဘာကြီးထဲက အခြေနေအရပ်ရပ်ကြောင့် အနာဂတ်မှာ ဖြစ်လာမဲ့အရာတွေကိုလည်း ကြိုတင်မျှော်မှန်းလို့  မရပါဘူး- လက်ရှိပစ္စုပ္ပန်ကို သတိနဲ့ ထိန်းချုပ်နိုင်တဲ့အပေါ်မှာ ထိရောက်တဲ့ တန်ဘိုးတွေ ရရှိဖို့  အချိန်တစ်ခဏချင်းလေးစီကို ဂရုစိုက်ပေးလိုက်ပါ- ဒီအမှန်တရားကို ယခင် အောင်မြင်ခဲ့တဲ့ အတွေးခေါ်ပညာရှင်အားလုံးက အမြဲတန်း လက်ခံထားခဲ့ကြတာပါ- သူတို့ ဟာ ပစ္စုပ္ပန်အချိန်အခါနှင့် အခွင့်အလမ်းကို လျစ်လျူရှုပြီး အတိတ်က အမှတ်ရစရာတွေ- အနာဂါတ်မျှော်လင့်ချက်တွေနှင့် အသက်ရှင်နေထိုင်ခြင်းဟာ အကျိုးမပြီး အချည်းနှီးဖြစ်တယ်ဆိုတာ မြင်ခဲ့ကြပါတယ်- အချိန်ကာလ ရွေ့ လျားလာပါပြီ-အလဟဿ ရပ်တန့် နေမှုကို စွန့် လွှတ်ကြပါစို့ - အောင်မြင်မှုမျော်လင့်ချက်တွေကနေ ဆုံးရှုံးမှု အမှတ်တရတွေအဖြစ် ပြောင်းလဲသွားမှာကို ငေးကြည့်မနေကြပါနဲ့ တော့-
ကျွန်တော်တို့ မှာ အောင်မြင်မှုကိုတည်ဆောက်တဲ့ စွမ်းအားအပြည့် ယနေ့ ပင် ရှိနေပါတယ်- အောင်မြင်ခြင်းမှတစ်ဆင့် ကြည်နူးဝမ်းသာမှု ခံယူရရှိမဲ့ နည်းလမ်းကို မြတ်ဗုဒ္ဓ လမ်းညွှန်ခဲ့ပြီးဖြစ်ပါတယ်- အခု အချိန်ကျနေပါပြီ- ရွေးချယ်ရန်အခွင့်လမ်း ကျွန်တော်တို့ မှာ ရှိနေပါပြီ- ကြီးကြီးမာမား အောင်မြင်ခဲ့တဲ့ အိန္ဒိယ ကဗျာဆရာ ပြဇာတ်ဆရာကြီး ကာလီဒါသက လက်ရှိပစ္စုပ္ပန်မှာ အကျိုးရှိရှိ နေထိုင်းခြင်းနဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင် အမှန်တရားပုံဖော်တဲ့ အောက်ကစာကြောင်းလေးတွေကို သက္ကတဘာသာနဲ့  ရေးထားခဲ့ပါတယ်- "မနေ့ ကဆိုတာ အိပ်မက်တစ်ခု ဖြစ်သွားခဲ့ပြီ မနက်ဖန်ဆိုတာ စိတ်ကူးယဉ်မှုတစ်ခုမျှသာ ဖြစ်တယ်- ဒါပေမဲ့ ဒီကနေ့  ကောင်းကောင်းနေထိုင်ခြင်းကတော့ မနေ့ တိုင်းကို ပျော်ရွှင်ဘွယ် အိပ်မက်ဖြစ်ဖို့ နှင့် မနက်ဖန်တိုင်းမှာ မျှော်လင့်ချက်ရှိတဲ့ ကျေနပ်အားရဘွယ် စိတ်ကူးစိတ်သန်းတွေ မွေးဖွားလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်- ဒီတော့ ယနေ့ ပစ္စုပ္ပန်ကိုပဲ ကောင်းကောင်း ရှုလိုက်ပါ" တဲ့-။

စိတ်ကိုလှအောင် ပြုပြင်ပါ။



စိတ်ကိုလှအောင် ပြုပြင်ပါ။
=================
ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဒေသနာတော်အရ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုကို
ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရ
ခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှ နည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ်ဖြူ
စင်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က စိတ်ညစ်နွမ်းနေလို့ရှိရင် အခြေအနေဆိုးတစ်
ခုကို ရင်ဆိုင်ရလိမ့်မယ်။ “ စိတ္တေ သံကိလိဌေ ဒုဂ္ဂတိ ပါဋိကင်္ခါ ” ဒုဂ္ဂတိဆိုတာ အပါယ်ငရဲ
အပါယ်ဆင်းရဲကို ရည်ညွှန်းတဲ့စကားဖြစ်သော်လည်း “ ဒုက္ခဿ ဂတိ ဒုဂ္ဂတိ ” ဆိုတဲ့ အဓိပ္ပါယ်
ဖွင့်ဆိုချက်အရ အပါယ်ငရဲကျတာဟာ ဒီထက်ပြင်းထန်တဲ့ ဆင်းရဲဒုက္ခ ဖြစ်တယ်။ သို့သော်
စိတ်ညစ်နွမ်းလို့ရှိရင် အပါယ်ငရဲမကျတောင်မှ ဒုက္ခတွေ ကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါ
ကြောင့်မို့ စိတ်ညစ်နွမ်းနေရင် ဒုက္ခကို ဖြစ်ပေါ်စေနိုင်တယ်။ ဒုက္ခ ရောက်နိုင်တယ်။ ဒုက္ခကိုသာ
မျှော်လင့်ရတယ်။ သို့သော် လူတွေမျှော်လင့်နေတာက သုခဆိုတော့ မိမိမျှော်လင့်တဲ့သုခ ရ
လာမှာ မဟုတ်ပါ။
တဖန် “ စိတ္တေ ၀်သုဒ္ဓေ သုဂတိ ပါဋိကင်္ခါ ” စိတ်စင်ကြယ် သန့်ရှင်းပြီဆိုရင် သုဂတိဘုံ
သို့မဟုတ် “ သုခဿ ဂတိ ” ချမ်းသာသုခ ဖြစ်ပေါ်လာဖို့ရာအတွက် မျှော်လင့်နိုင်တယ်။ ချမ်း
သာသုခ ဖြစ်လာနိုင်တယ်။ အဲဒီအဓိပ္ပါယ်ကို ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင် “ စိတ်ညစ်နွမ်းရင်
ဒုက္ခရောက်တယ်၊ စိတ်ဖြူစင်ရင် ချမ်းသာသုခ ရနိုင်တယ် ” လို့ ဆိုလိုပါတယ်။
အဲဒီတော့ မြတ်စွာဘုရားရဲ့ တရားတော်ဟာ စိတ်ကိုပြုပြင်ဖို့ဟောတဲ့ တရားတွေချည့်
ပဲ။ ဒီကနေ့ လောကသားတွေက အရေးတကြီး အလေးထားပြင်နေကြတာ ရုပ်ကိုပြင်နေကြ
တာပဲ ဖြစ်တယ်။ ခေါင်းပေါ်ကဆံပင်လေး လှအောင်ပြင်တယ်၊ မျက်နှာလှအောင်ပြင်တယ်၊
အ၀တ်အစားတွေ လှအောင်ပြင်တယ်၊ ပတ်ဝန်းကျင်တွေ လှအောင်ပြင်တယ်။ သို့သော် စိတ်ကို
လှအောင်ပြင်ဖို့ သတိမရကြပါ။ စိတ်ကို လှအောင်ပြင်ဖို့ဆိုတာ အချိန်ကုန် ငွေကုန်စရာလည်း
မလိုဆိုတာ မသိကြပါ။
စိတ်မှ မလှရင် ရုပ်လည်း မလှနိုင်ဘူးလို့ စိတ်ကိုအဓိကထားဟောတဲ့ ဒေသနာဖြစ်လို့
မြတ်စွာဘုရားရဲ့ ဒေသနာကို အပေါ်ယံလေ့လာတဲ့ ပုဂ္ဂိုလ်အချို့က ဗုဒ္ဓရဲ့ဟောပြောချက်ဟာ
သို့မဟုတ် ဗုဒ္ဓ၀ါဒဟာ စိတ်ကိုသာ အရှိတရားအဖြစ် လက်ခံတဲ့ဝါဒလို့ ခေါ်ကြတယ်။
မြတ်စွာဘုရားက အဲဒီလို မဟောပါဘူး၊ စိတ်သာရှိတယ်လို့ ဟောတာမဟုတ်ပါဘူး၊ စိတ်
ကို ပြင်ဆင်ရမယ်လို့သာ ဟောတာဖြစ်ပါတယ်။ စိတ်ကို ဖြူစင်အောင်ထားရမယ်လို့ ဟောတာ
ပါ။ စိတ်ကို ဖြူစင်အောင်လုပ်ရမယ်လို့ ဟောတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်း တို့ရဲ့သန္တာန်မှာ ဒီ စိတ်ရဲ့အညစ်
အကြေးတွေ ရှိနေသလား၊ ရှိနေလို့ရှိရင် တို့တစ်တွေ ဖယ်ရှားဖို့ ကြိုးစားရမှာဖြစ်ပါတယ်၊ ဖယ်
ရှားတဲ့ နည်းစနစ်တွေကို မှတ်သားပြီးတော့ လုံးဝမဖယ်နိုင်သေးရင်လည်း အားပျော့သွားအောင်၊
တဖြည်းဖြည်းချင်း ပါးသွားအောင်၊ နည်းနည်းသွားအောင် ဒီ စိတ်အညစ်အကြေးတွေကို ဖယ်
ရှားရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး၊ ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

လောကဓံတရား ရှစ်ပါးနှင့် လောကဓံကိုဆင်ခြင်ပုံ။




လောကဓံတရား ရှစ်ပါးနှင့် လောကဓံကိုဆင်ခြင်ပုံ။
=================
လောကဓံတရား ရှစ်ပါးမှာ (၁) လာဘ = ပစ္စည်းဥစ္စာရခြင်း။ (၂) အလာဘ = ပစ္စည်းဥစ္စာရခြင်း။
(၃) ယသ = အခြွေအရံ ပေါများခြင်း။ (၄) အယသ = အခြွေအရံ မရှိခြင်း။ (၅) နိန္ဒာ = အကဲ့ရဲ့ခံရ
ခြင်း။ (၆) ပသံသာ = အချီးမွမ်း ခံရခြင်း။ (၇) သုခံ = ချမ်းသာခြင်း။ (၈) ဒုက္ခံ = ဆင်းရဲခြင်းတို့ဖြစ်
ကြပါသည်။
ဗုဒ္ဓရှင်တော် မြတ်စွာဘုရားသည် လူမှန်သမျှ လောကဓံရှစ်ပါးနှင့် တွေ့ကြုံကြရမည် ဖြစ်သော
ကြောင့် လောကဓံနှင့် ကြုံတွေ့သည့်အခါ လိုက်နာဖွယ်တို့ကို အင်္ဂုတ္တိုရ်၊ အဌကထာ၊ ဒုတိယလောက
ဓမ္မသုတ်၌ ဟောကြားတော်မူခဲ့ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်သည် လောကဓံရှစ်ပါးအနက် “လာဘ” ပစ္စည်းဥစ္စာရခြင်းနှင့်ကြုံလျှင် “ဤပစ္စည်း
ကို ငါရပြီ၊ ငါ ရသော ဤပစ္စည်းသည် မတည်မြဲသောသဘော ရှိပါတကား၊ ဆင်းရဲအစုမျှ ပတကား”
ဟု မဆင်ခြင်သဖြင့် အမှန်အတိုင်း မသိပေ။ ထို့ကြောင့် သူရသော ပစ္စည်းက သူ၏စိတ်ကို သိမ်းကျုံး၍
ယူထား၏။ သူသည် ရလာသောပစ္စည်းကို နှစ်သက်သဘောကျ၏။ ပစ္စည်းမရလျှင် မနှစ်မြို့ မချမ်းမြေ့
သူသည် ယင်းသို့ရလျှင် နှစ်သက်သဘောကျ၍ မရလျှင် မနှစ်မြို့ မချမ်းသာ ဖြစ်တတ်သောကြောင့်
ဆင်းရဲမှ မလွတ်မြောက်နိုင်ပေ။ (အခြားလောကဓံတရားများနှင့်ကြုံရာ၌လည်း အလားတူပင်ဖြစ်မည်။)
ကိုယ်တွေ့ တရားအသိရှိသူ အရိယာသည်ကား လာဘ၊ ယသ၊ ပသံသာ၊ သုခဟူသောအကောင်း
လောကဓံ လေးပါးနှင့် တွေ့သည်ဖြစ်စေ၊ အလာဘ၊ အယသ၊ နိန္ဒာ၊ ဒုက္ခဟူသော အဆိုး လောကဓံ
လေးပါးနှင့် တွေ့သည်ဖြစ်စေ “မမြဲသောသဘော ရှိပါတကား၊ ဆင်းရဲ အစုမျှပါတကား၊ ပြောင်းလဲ
ဖေါက်ပြန်သောသဘော ရှိပါတကား” ဟု ဆင်ခြင်သဖြင့် အမှန်အတိုင်းသိ၏။ ထို့ကြောင့် မည်သည့်
လောကဓံကမျှ သူ၏စိတ်ကို သိမ်းကျုံးမယူနိုင်ပေ။ သို့ဖြစ်ရာ သူသည် အကောင်းလောကဓံကြောင့်
နှစ်သက်ဝမ်းမြောက်မှု မဖြစ်သလို အဆိုးလောကဓံကြောင့်လည်း မနှစ်မြို့ မချမ်းသာမှု မဖြစ်ပေ။
ထို့ကြောင့်ပင် သူသည် ဆင်းရဲမှ လွတ်မြောက်၏။ ဤကား ပုထုဇဉ်၊ အရိယာပုဂ္ဂိုလ် နှစ်မျိုးနှစ်စားတို့
လောကဓံတရားနှင့် ကြုံတွေ့ရာတွင် ခြားနားချက်ပင်ဖြစ်သည်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်လည်း တရားသဘောကို ကောင်းစွာသိရှိနားလည်
သဘောပေါက်ကြပြီး သူတော်ကောင်းတရားကို ပွားများအားထုတ်နိုင်ကာ နိဗ္ဗာန်ထိတိုင် ရရောက်နိုင်
ကြပါစေ ကုန်သတည်း။ ။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ချမ်းမြေ့မင်္ဂလာသင်စရာကို ကိုးကားရေးသားပူဇော်
ပါသည်။}

*** ပျော်ရွှင်စရာအကောင်းဆုံးမိသားစုဘ၀ကို ရရှိအောင် ကိုယ်တိုင်ရွေးချယ်ယူနည်း။



*** ပျော်ရွှင်စရာအကောင်းဆုံးမိသားစုဘ၀ကို ရရှိအောင် ကိုယ်တိုင်ရွေးချယ်ယူနည်း။
=======================
* ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။ အိမ်ဆိုတာက အိမ်ကောင်းရင်လည်း နေတဲ့သူက
ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။ 
ဒီမှာက လူသားတွေဖြစ်နေကြတော့ အမေနဲ့ သားတွေသမီးတွေ၊ အဖေနဲ့ သားတွေသမီးတွေ၊
ဘယ်လောက်အထိ တစ်ဦးနဲ့တစ်ဦး အပြန်ပြန်အလှန်လှန် ဆက်စပ်သလဲဆိုတာ ပြောပြချင်တာပါ။
အမေက သားသမီးအပေါ် မေတ္တာရှိရင် သားသမီးက သိနေတာပဲ၊ အမေက သားသမီးအပေါ် မကျေ
မနပ် ဖြစ်နေရင်လည်း သားသမီးက သိနေတာပဲ။ အမိဝမ်းကြာတိုက်ထဲမှာ သားသမီးရင်သွေးတွေ 
တည်းခိုနေကြတုန်းကဆိုရင် လူကနှစ်ကိုယ် မကွဲသေးဘူး၊ စိတ်ကသာ နှစ်ကိုယ်ကွဲနေတာပါ။ ဒီမိဘ
ဆီကနေ၊ အမေ့ဆီကနေ ဒီဓါတ်တွေက သားသမီးတွေဆီ သွားနေတာ။ ဒီသားသမီးတွေ ဆီကနေ
ဒီဓါတ်တွေကလည်း မိဘဆီ သွားနေတာပဲ၊ အပြန်ပြန်အလှန်လှန်ပေါ့။
တချို့အိမ်တွေမှာဆိုရင် အမိဝမ်းထဲမှာ သားတွေ၊ သမီးတွေ ရှိနေတဲ့အခါ အဖေနဲ့ အမေက
သားသမီးတွေကို ဂရုမစိုက်ဘဲ ရန်ဖြစ်ကြတယ်။ ရိုက်ကြတယ်။ သတ်ကြတယ်။ ဒီဝမ်းထဲက ကလေး
မွေးလာရင် ရန်ဖြစ်ချင်စိတ်တွေ အများကြီးဖြစ်ပြီပေါ့။ အလိုလိုနေရင်း ဆိုသလို ဒေါသကြီးတော့
တာပေါ့။ ၀မ်းထဲမှာ သားသမီး လွယ်ထားရင်းနဲ့ ဘောလုံးပွဲ ကြည့်ကြတယ်၊ လောင်းကစားတွေ
လောင်းကြတယ်၊ ဒီသားသမီးတွေ အရွယ်ရောက်လာတော့ ရန်မဖြစ်ဖို့၊ ဘောလုံးပွဲ မလောင်းဖို့၊
ဘယ်လိုမှ ပြောဆို ထိန်းသိမ်းလို့ မရတော့ပါဘူး။ ဗိုက်ကြီးတကားကားနဲ့ သွားချင်ရာသွားကြ၊ လာ
ချင်ရာလာကြ၊ စားချင်ရာစားကြ၊ သောက်ကြ၊ မူးကြနဲ့လေ၊ ဒါ့အပြင် ကိုးယိုးကားယား ရုပ်ရှင်ကား
တွေကြည့်တော့ မွေးလာတဲ့ သားသမီးက မူးမူးရူးရူး ကိုးယိုးကားယား ဖြစ်လာကြတာပေါ့။
ဘုန်းဘုန်းတို့ ကိုယ်ကိုယ်တိုင် မသင်ခဲ့ပေမဲ့ တတ်နေတဲ့ ဖဲရိုက်တဲ့ပညာဟာ ကိုယ်ကလိုက်ပြီး
အတတ်ပညာ တစ်ခုအနေနဲ့ သင်ခဲ့လို့ တတ်တာ မဟုတ်ပါဘူး။ ကိုယ့်အဖေနောက် ကိုယ်ဝန်ကြီးနဲ့
ကိုယ့်အမေကလိုက်ပြီး ဖဲဝိုင်းနားမှာ ထိုင်ပြီး ဖဲရိုက်တာကို ကြည့်ခဲ့လို့တတ်တာ။ ပတ်ဝန်းကျင်
ကောင်းရင်လည်း ၀မ်းကြာတိုက်ထဲက သားသမီးတွေကောင်းတယ်။ သားသမီးကောင်းတွေ ဖြစ်ချင်
တဲ့ သူတွေက မိဘကောင်းကိုရွေးပြီး ရောက်လာကြတယ်။ ဒီသားသမီး ကောင်းတွေကြောင့်၊ ကိုယ့်
ပတ်ဝန်းကျင်လည်း ကောင်းတဲ့ အခြေအနေတွေကို ပြောင်းသွားတယ်။ အဲဒီတော့ သားသမီးလည်း
သားသမီးအလျောက်၊ မိဘတွေကလည်း မိဘတွေအလျောက်၊ ကိုယ်လည်း ကိုယ့်ဘက်က ကိုယ်
စွမ်းနိုင်သလောက် ကောင်းအောင်ကြိုးစားပါ။ သူတို့လည်း သူတို့ဘက်က သူတို့စွမ်းနိုင်သလောက်
ကြိုးစားကြပါ၊ တဖြည်းဖြည်းနဲ့ အားလုံးများ ကောင်းသွားရင် လောကကြီးမှာ နေရထိုင်ရတာ ဘယ်
လောက်ပျော်စရာ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်မလဲ။ ဘုန်းဘုန်းတို့ ဘုရားရှင်ကိုယ်
တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ ဒီအကြောင်းမျိုးတွေ အများကြီး
ပြည့်ပြည့်စုံစုံ ပါပါတယ်။
အချိန်မီပါသေးတယ်။ မသိတုန်းက မှားခဲ့တဲ့ အမှားကို အပြစ်မဆိုသာပေမဲ့လည်း သိရက်နဲ့
ဆက်ပြီးမှားဖို့တော့ မဖြစ်သင့်တော့ဘူး။ ကိုယ်လည်းကောင်း၊ အများလည်းကောင်း၊ ကိုယ့်မိသားစု
လည်းကောင်း၊ အားလုံးကောင်းဖို့အတွက် ၀မ်းကြာတိုက်က ထဲက ဒီပုံဒီနည်းတွေနဲ့ မိဘတွေ သား
သမီးတွေ ကောင်းအောင် နေလာခဲ့ကြရင် လောကကြီး အလွန်ကိုပဲ ကောင်းသထက်ကောင်းလာ
မှာပါ။ အဲဒါကို နားလည်ပြီး ကိုယ့်အသိတရား ရှိသည့်အားလျော်စွာ သိတတ်တဲ့ အချိန်ကစပြီး ကိုယ့်
ကြောင့် သူကောင်း၊ သူ့ကြောင့် ကိုယ်ကောင်း၊ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ဆက်ဆံ
တတ်ပြီး အားလုံးနဲ့ အဆင်ပြေ၊ အားလုံးကောင်းကျိုး ချမ်းသာတွေရပြီး မိမိတို့ရည်မှန်းတဲ့ ရည်မှန်း
ချက်တွေကို ရရှိစံစား၊ ခံစားနိုင်၊ အောင်မြင်ပေါက်ရောက်နိုင်တဲ့ သူတော်ကောင်း သူတော်မြတ်တွေ
ဖြစ်ကြပါစေ ကုန်သတည်း။ ။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း 
အပိုင်း(၂) မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}