Friday, May 30, 2014

လူ့ဘ၀ဂုဏ်ရည်

လူ့ဘ၀ဂုဏ်ရည်

ဒီတရားတော်ဟာ ဣတိဝုတ်ပါဠိတော်၊
ပဉ္စပုပ္ပနိမိတ္တ သုတ္တန်မှ လာတယ်။ လူ့
ဘ၀ကို ဂုဏ်တင် ဟောထားတာဖြစ်ပါ
သည်။

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ မြတ်
စွာဘုရား သီတင်းသုံးနေတော်မူစဉ် မြတ်
စွာဘုရားက ရဟန်းတော်များအားဟော
ကြားသည်မှာ ချစ်သားတို့ နတ်ပြည်ရှိနတ်
သားနတ်သမီးများ စုတေခါနီးမှာ
၁။ သူတို့ပန်ထားတဲ့ သုံးဆောင်တဲ့ပန်းတွေ
ဟာ ညှိုးကုန်တယ်။
၂။ တောက်ပသစ်လွင်တဲ့သူတို့အ၀တ်အစား
တွေလည်းညှိုးကုန်တယ်။
၃။ သူတို့ရဲ့လက်ကတီးကြားမှ ချွေးများထွက်
လာကြတယ်။
၎။ မိမိတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေမှိန်လာ
ကြတယ်။
၅။ နတ်ပြည်နေရတာပျော်ရွှင်ခဲ့သလောက်
ယခုမူ ငြီးငွေ့လာ ပျင်းရိလာကြတာဖြစ်တယ်။
ဒီလိုဖြစ်လာရင် တစ်ခြားမှနတ်သားနတ်သမီး
များက လူ့ပြည်မှာဆိုရင် လူနာမေးလာမေး
ကြသလို စုတေကာနီး နတ်သား နတ်သမီး
အားလာရောက် အားပေးစကားပြောကြတယ်။
ဝိုင်းပြီးပြောကြတဲ့ စကားသုံးခွန်းမှာ
၁။ နတ်ဘ၀ကစုတေတယ်ဆိုရင် သုဂတိ
ဘ၀ကိုသွားပါတဲ့။
၂။ သုဂတိဘ၀ရောက်ပြီဆိုရင်လဲ ရသင့်ရ
ထိုက်တဲ့ ရကို ရရမဲ့ဆုလာဘ်ကြီးကိုမဖြစ်
မနေ ရအောင်ယူပါတဲ့။
၃။ မဖြစ်မနေရအောင်ယူလို့ရထားတဲ့လာဘ်
လာဘကြီးကိုလည်း ပျောက်ပျက်မသွားအောင်
အမြဲတည်ရှိနေအောင် သတိကြီးစွာနဲ့ထိန်းသိမ်း
စောင့်ရှောက်ပါတဲ့ ဒီသုံးချက်ကိုအားပေးစကား
ပြောကြားကြတယ်တဲ့။
ဤသုံးခွန်းသောအားပေးပြောကြားသောစကား
များ မသိနားမလည်သောကြောင့် ရဟန်းများ
က လျှောက်ထားသောအခါ မြတ်ဘုရားက
နတ်တို့စုတေလို့ပြောင်းသွားရမည့်ဘ၀ဆိုတာ
လူ့ဘ၀ကိုသာပြောတာဖြစ်ကြောင်း နတ်ပြည်
ဆိုတာ စားဝတ်နေရေးတွေ ဘာမျှ မပူရ ကံ
ကြောင့် စားရ ၀တ်ရ နေရတာတွေဖြစ်၍ ဒုက္ခ
ဆိုသည်မှာစုတေခါနီးမှသိကြရောက်ကြရတယ်။
လူ့ပြည်မှာကား စား ၀တ် နေ ရေး ဒုက္ခအမျိုးမျိုး
ခံရသည်ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တတရားစသည်
တို့ကို နတ်ပြည်မှာထက် ထင်လွယ် မြင်လွယ်
လက်ခံလွယ်ကြသည်။ ဘုရားသာသနာတော်လဲ
လု့ပြည်မှာသာထွန်းကားသောကြောင့် လူ့ပြည်
ကိုပြောခြင်းဖြစ်ပါသည်။

၂။ အချက်က မရရအောင်ယူရမည့် လာဘ်ကား
သဒ္ဓါတရားပင်ဖြစ်သည်။ သာသနာကိုကြည်ညို
တဲ့ သဒ္ဓါတရားဟာ လက်နဲ့တူတယ်။ လက်ရှိမှ
ဘာမဆို ရယူနိုင်တာ ဖြစ်တယ်။ နောက်တစ်ဖန်
စီးပွားဥစ္စာအရင်းအနှီးနဲ့လဲတူတယ်။ အရင်းအနှီး
များလေလေ အမြတ် များလေလေပဲ၊ တစ်ခါ ဒီ
သဒ္ဓါတရားဟာ မျိုးစေ့နဲ့လဲ တူတယ်။ မျိုးစေ့
ကောင်းကောင်းစိုက်မှအပင်ရှင်သန် အသီးအပွင့်
ကြီးထွားမြိုင်ဆိုင်သလိုသဒ္ဓါတရားတည်းဟူသော
မျိုးစေ့ရှိမှ ဒါန သီလ ဘာဝနာစသည် မြိုင်မြိုင်
ဆိုင်ဆိုင်သီးပွင့်နိုင်မှာဖြစ်တယ်။ ဒါ့ပြင်သဒ္ဓါတရား
ဟာ လမ်းစာရိက္ခာနဲ့တူပြန်သေးတယ်။ ဒီသဒ္ဓါ
တရားရှိမှ သံသရာတည်းဟူသောခရီးလမ်းမှာ
ဒါန သီလ ဘာဝနာတည်းဟူသော ရိက္ခာထုပ်
များ သယ်နိုင် ထုပ်နိုင် စားသောက်နိုင်မှာဖြစ်
တယ်။

၃။ အချက်မှာ မရမနေရအောင်ယူထားတဲ့ ဒီ
သဒ္ဓါတရားကိုတော့ ကောင်းစွာတည်အောင်
ဘယ်သူက ဘယ်လိုနည်းနဲ့ဖျက်ဖျက် မပျောက်
မပျက်စေရအောင် ကိုယ့်သန္တာန်မှာအမြဲတည်
တံ့နေ ကိန်းနေရမှာဖြစ်ကြောင်းကို မြတ်ဘုရား
က ရဟန်းတော်များအား ဟောကြားရှင်းပြခဲ့ပါ
တယ်။

ဒါနဲ့ ဒီသဒ္ဓါတရားမခိုင်မြဲပုံလေးကို ဥပမာတစ်ခု
ထုတ်နှုတ်ပြပါဦးမယ်။ ရှင်သီဝလိလောင်းလျာ
မယ်တော် သုပ္ပ၀ါသ မင်းသမီးဟာ ခုနှစ်ရက်
တိုင်တိုင် ဆွမ်းလောင်းလှူဆွမ်းကပ်ချင်လို့မြတ်
ဗုဒ္ဓထံ လျှောက်ထားတယ်။ မြတ်ဘုရားက ရှင်
မောဂ္ဂလာန် မထေရ်ကြီး၏ ဒကာက လျှောက်
ထားပြီး ဖြစ်နေတော့ လက်ဝဲတော်ရံ ရှင်မောဂ္ဂ
လာန်ကိုယ်တော်ကြီးကို သူ့ဒကာအားခုနှစ်ရက်
ဆိုင်းငံ့ပေးပါ့မည်အကြောင်းပြောကြားစေတယ်။
ဒီတစ်ခါမှာ ဒကာကြီးက ရှင်မောဂ္ဂလာန် ကိုယ်
တော်မြတ်ကြီးအား သူ၏ ၁။ အသက် ၂။ စီးပွား
ဥစ္စာ ၃။ သဒ္ဓါတရားတို့ကို ခုနှစ်ရက်အတွင်း
မပျက်စီးအောင်အာမခံနိုင်ပါ့မလားလို့လျှောက်
တော့ ရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးက သူ့
ဒကာကြီး၏ အသက်နှင့် စီးပွားဥစ္စာတို့ကို တန်
ခိုးတော်ဖြင့် ကြည့်၍ မပျက်စီးအောင် အာမခံ
ပေးနိုင်သော်လည်း ပုထုဇဉ်၏ သဒ္ဓါတရားကို
ဖြင့် အာမခံမပေးနိုင်ခဲ့ဘူးတဲ့။

ဒါကြောင့် ဒီသဒ္ဓါတရားဟာများစွာအရေးကြီး
လွန်းလို့ သူတော်ကောင်းတရား ခုနှစ်ပါးမှာ
သော်လည်းကောင်း သူတော်ကောင်းဥစ္စာ
ခုနှစ်ဖြာမှာသော်လည်းကောင်း၊ ဣနြေ္ဒငါးပါး
မှာသော်လည်းကောင်း ဗိုလ်ငါးပါးမှာသော်
လည်းကောင်း သဒ္ဓါတရားပါဝင်ဖော်ပြထား
ခြင်းဖြစ်တယ်။
( ကလေးမြို့ ဓမ္မရက္ခိတစာသင်တိုက် စာချ
ဆရာတော်ဟောကြားသည့် လူ့ဘ၀ဂုဏ်ရည်
တရားမှ )

သန်းရွှေဦး - ကလေး
လူ့ဘ၀ဂုဏ်ရည် ဆောင်းပါးမှ

ရတနာမွန်မဂ္ဂဇင်း
အတွဲ ( ၃၂ ) အမှတ် ( ၂ )

ဇရာ မရဏတရားတော်

ဇရာ မရဏတရားတော်

ရဟန်းများ ယောဂီများ ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်ရန် တိုက်တွန်းသောတရား
ဖြစ်သည်။ ဘုရားက ရဟန်းများအား မိမိ
ကိုယ်၌ ဖြစ်နေပျက်နေသော ဇရာ အိုခြင်း၊
မရဏ သေခြင်းတရားကိုဆင်ခြင်ရန် ဆုံးမ
တော်မူသော သမ္မသနသုတ်ကို ကိုးကား၍
ဆရာတော်က ဟောခြင်းဖြစ်၏။
ဆရာတော်က ခန္ဓာကိုယ်ရှိ ဇရာသဘော၊
မရဏသဘောသည် တေဇာ မီးဓာတ် ချည်း
ဖြစ်ပုံ။ တေဇာဓာတ်ကရင့်ကျက်အောင်လုပ်
ပြီး မရဏ အရောက်ပို့ပုံကို ရှင်းပြသည်။
ဇရာ မရဏသည် ဒုက္ခသစ္စာဖြစ်၏။ သုံးသပ်
ဆင်ခြင်သော ဉာဏ်က မဂ္ဂသစ္စာ ရင့်အောင်
ဆွေးအောင်လောင်တာက ဇရာ၊ ပျက်အောင်
ပျောက်အောင်လောင်တာကမရဏ၊တေဇော
ချည်းဖြစ်၏။ အရှိကို အသိနှင့် ကိုက်အောင်
နေခြင်းသည် သုံးသပ်ဆင်ခြင်ခြင်းဖြစ်သည်။
ထို့နောက် ဇရာမရဏ ဒုက္ခသစ္စာ ဘယ်က
လာသလဲ၊ ဆက်စဉ်းစားသည်။ သပဓိနိဒါနဟု
ခေါ်သော ခန္ဓာငါးပါးက လာသည်။ ခန္ဓာငါးပါး
မရှိလျှင် ဇရာမရဏ မရှိ။ ခန္ဓာငါးပါးရှိလို့ ဇရာ
မရဏ ရှိနေခြင်းဖြစ်သည်။ခန္ဓာငါးပါးချုပ်လျှင်
အကြောင်းချုပ်၍ အကျိုး ဇရာမရဏ ဒုက္ခ
ချုပ်သည်။ ဤသို့သိလျှင် နိရောဓနှင့် မဂ္ဂ သိ
သည်။ ပြီးမှ ဆရာတော်က တဏှာဆုတောင်း
ရှိ၍ခန္ဓာပေါ်ပုံကို အကျယ်ဖွင့်၍ ဟောတော်
မူသည်။ ဤတွင် တဏှာမရှိလျှင် ခန္ဓာမရှိနိုင်
ဆိုသောဉာဏ်အမြင်သို့ ရောက်သည်။ တဏှာ
ချုပ်အောင်သိတဲ့ ဉာဏ်က မဂ်ဉာဏ် မဂ္ဂသစ္စာ၊
ခန္ဓာချုပ်သွားတာက နိရောဓသစ္စာ။ ထို့နောက်
ခြောက်ဒွါရမှာ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊
စားတိုင်း တဏှာ ပီယသာတ။ ချစ်ခင်နှစ်သက်
သာယာခြင်းဖြစ်ပုံကို ဥပမာများဖြင့် ပြပါသည်။
ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှသာ သစ္စာတိုက်
တဲ့ မဂ်ဉာဏ်ဝင်လာမယ်။ ငါ့ခန္ဓာထဲ ဇရာမရဏ
ဖြစ်နေတာ ဘယ်ကလာပါလိမ့်လို့တွေးမှမတွေး
ဘဲ။ ဒါတွေကို မတွေးရင် ကိုယ့်ခန္ဓာ သမုဒယ
သစ္စာ ရှိမှန်းလည်းမသိဘူး။ ဤသို့ ရှုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် သုံးသပ်နည်းဟု ဆရာတော်
ကပြညွှန်ခြင်းဖြစ်၏။ ကိုယ့်ကိုယ်ကိုယ်မသုံးသပ်
မဆင်ခြင်မိလို့ နှလုံးသွင်းမှားနေကြတာဟုလည်း
ထောက်ပြထားသည်။ နှလုံးသွင်းမှန်မှဒုက္ခလမ်း
ဆုံးသည်။ ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ် နှလုံးသွင်း
မှားသည်။ ၀ိပဿနာ ရှုမှ နှလုံးသွင်းမှန်သည်။
သံသရာခရီးသည် သည် နှလုံးသွင်းမှားသူဖြစ်
သည်။ သံသရာခရီးသည် သည် သားခင်လို့မ၀၊
သမီးခင်လို့မ၀၊ ပစ္စည်းခင်လို့ မ၀နိုင်ဘဲ အငတ်
ဘ၀နှင့် သေသွားရသည်။
သိန်းပေါင်းတစ်ထောင် ချမ်းသာသူလည်း လို
နေသေးရင် ငတ်နေတာပဲဟု တစ်တစ်ခွခွ ဆို
သည်။ ခန္ဓာငါးပါး ရှိသည်။ ကိုယ့်ကိုယ်ကိုယ်
အတ္တ၊ နိစ္စ မြဲသည်၊ သုခချမ်းသာသည်၊ အာ
ရောဂျံ ကျန်းမာသည်၊ ခေမ ဘေးမရှိလို့ ထင်
နေသရွေ့နှလုံးသွင်းမှားနေကြတာ ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ခင်လို့၊ ချစ်လို့မ၀ဘဲ သေ
တဲ့ဘ၀ချည်းဖြစ်နေလို့ အငတ်ကြီး သေသည်
ဟု ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် နှလုံးသွင်း
မမှားရအောင် ဘုရားက ၀ိပဿနာရှုပါဟုတိုက်
တွန်းထားကြောင်း သမ္မာသနသုတ်ကို ညွှန်းပြီး
ဆရာတော်က ထပ်ဆင့်ဆုံးမတော်မူသည်။
ဝိပဿနာအလုပ်မှ တစ်ပါး ကယ်မည့်သူ မရှိ
ဟုလည်း ဆုံးဖြတ်ချက်ပေးသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာ ဆုမတောင်း
ကောင်းတာဆုတောင်းနေကြသည်။ ဆုတောင်း
မပြည့်လျှင် ဘုရားကို အပြစ်တင်ကြဦးမည်။
အမှန်က ၀ိပဿနာဉာဏ်နှင့် ခန္ဓာကို ရှုပြီး ဆင်
ခြင်မှသာ တဏှာဥပါဒါန် ကံမလာအောင် သံသ
ရာဖြတ် ခန္ဓာဖြတ်နိုင်မည်။ မဂ္ဂင်ပေါ်လာရင် တ
ဏှာသေတယ်၊ တဏှာသေရင် ခန္ဓာဆုံးတယ်
ဟုပြပြီး သစ္စာလေးချက် ပေါ်ပုံကို ဟောထားပါ
သည်။

ဆန်းလွင် - အရှင်အာဒိစ္စရံသီ
မိုးကုတ်အလုပ်စဉ်တရားအနှစ်ချုပ် ၁

ဗုဒ္ဓအကြောင်း ကြားလို့၊ သိလို့။ ဓမ္မအကြောင်း ကြားလို့၊ သိလို့။ သံဃာအကြောင်း ကြားလို့၊ သိလို့ သဒ္ဓါဖြစ်ပြီဆိုရင် ဒကာ ဒကာမတွေ နှလုံးသားထဲမှာ ဝေဒနာဝင်လာရင် ခုတင်က ရေနောက်အိုးထဲမှာ ပတ္တမြားထည့်လိုက်သလို (၁) ကိလေသာတွေအားလုံး ထိုင်ပြီး ငြိမ်သွားတယ်။

“ ဗုဒ္ဓအကြောင်း ကြားလို့၊ သိလို့။ ဓမ္မအကြောင်း ကြားလို့၊ 
သိလို့။ သံဃာအကြောင်း ကြားလို့၊ သိလို့ သဒ္ဓါဖြစ်ပြီဆိုရင်
ဒကာ ဒကာမတွေ နှလုံးသားထဲမှာ ဝေဒနာဝင်လာရင် 
ခုတင်က ရေနောက်အိုးထဲမှာ ပတ္တမြားထည့်လိုက်သလို 
(၁) ကိလေသာတွေအားလုံး ထိုင်ပြီး ငြိမ်သွားတယ်။
(၂) စိတ်အပေါ်မှာ ဖုံးနေတဲ့ နီဝရဏတွေ ဖယ်ပြီးတော့ 
စိတ်ကြည်လာတယ်။
(၃) ပူနေတဲ့ စိတ်တွေဟာ အေးသွားတယ်။
ရေလိုပဲ၊ အဲဒါကြောင့် ကိလေသာတွေကို အနည်ထိုင်စေတယ်။ 
နီဝရဏတွေကို ခွါပစ်စေတယ်။ ပူလောင်တဲ့ စိတ်ကို အေးချမ်း
စေတယ်။ အဲဒီလို ကြည်ညိုတဲ့သဒ္ဓါရှိရင် အားလုံးသော 
သူတော်ကောင်းတွေ မျက်မှောက်ဘ၀မှာ ဒီအကျိုး ၃-မျိုး 
ရရှိတယ်။

ဗုဒ္ဓအပေါ် ဓမ္မအပေါ် သံဃာတော်များအပေါ်မှာ သဒ္ဓါတရား 
ပျက်သွားပြီဆိုလို့ရှိရင် ကိုယ့်မှာ အဲဒီအကျိုး ၃-မျိုး ဆုံးရှုံး
သွားတယ်။ ဒီ ၃-မျိုးမရှိတော့ဘူးဆိုရင် ဘ၀မှာ ဘယ်နေလို့
ကောင်းတော့မလဲ။ ဒါကြောင့် ရတနာ ၃-ပါးအပေါ်မှာ သဒ္ဓါ
တရား ရောက်ကြစမ်းပါ။ ရောက်ရင် အကျိုး ၃-မျိုး လက်ငင်း
ရပါတယ်။ ”

- { ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး }

စိတ္တဇဝေဒနာဖြစ်ခြင်းအကြောင်းလေးချက်

စိတ္တဇဝေဒနာဖြစ်ခြင်းအကြောင်းလေးချက်

ပထမအချက်က ယောဂီကိုမနိုင်ဝန်ထမ်းခိုင်း
တာပဲ။ ၀ိပဿနာဟာဉာဏ်ပညာအလုပ်ဖြစ်
တဲ့အတွက် အခြေခံ ပညတ် ပရမတ်သဘော
တရားတွေကို ဟောကြား သင်ကြားပေးခြင်း
မရှိပဲ ရောက်လာတာနဲ့ ဂူထဲထည့်ပြီး မရပ်
မနား ထိုင်ခိုင်းတော့တာပဲ။ ဒါကြောင့် ယောဂီ
မှာ ဘာအသိပညာမှတိုးမလာဘဲ စိတ်ပင်ပန်း
ကိုယ်ပင်ပန်းတဲ့ ဒဏ်ကြောင့် စိတ္တဇ ဝေဒနာ
ဖြစ်သွားတာပဲ။

ဒုတိယအချက်က သေရည်သေရက် သောက်
ခဲ့တဲ့သူတွေဟာ အပေါ့ဆုံးအကျိုးအားဖြင့်ဖြစ်
ရာဘ၀မှာ စိတ္တဇဝေဒနာသည် ဖြစ်ရကြောင်း
အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဗုဒ္ဓဟောကြားထားတာ
ရှိတယ်။ ဒီယောဂီဟာ သေရည်သောက်ခဲ့တဲ့
အကုသိုလ်ရှိတယ်။ ဒါကြောင့်ဒီဘ၀အသက်
သုံးဆယ်မှာ စိတ္တဇဝေဒနာဖြစ်မယ်။ အသက်
သုံးဆယ်ပြည့်တာနဲ့ စာတွေ တအားကျက်
လည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ သူ့ပစ္စည်းတွေ
အခိုးခံရလည်း စိတ္တဇဝေဒနာ ဖြစ်မှာပဲ။ ရည်း
စားနဲ့ကွဲလည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ စာမေး
ပွဲကျလည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။ အိမ်ကနှင်
ချခံရလည်း စိတ္တဇဝေဒနာ ဖြစ်မှာပဲ။ တရား
အားထုတ်လည်း စိတ္တဇဝေဒနာဖြစ်မှာပဲ။
ဒီအချိန်မှာ တရားအားထုတ်လိုက်တော့တရား
အားထုတ်လို့ စိတ္တဇဖြစ်တယ်လို့ပြောစရာဖြစ်
သွားတာပေါ့။ အမှန်ကတော့ သုရာမေရကံ
အကျိုးပေးချိန်တန်လို့စိတ္တဇဝေဒနာဖြစ်ရတာ
ပါ။ မြိတ်မြို့မှာစိတ္တဇဝေဒနာသည်တစ်ယောက်
အကြောင်းကိုကြားဖူးတယ်။ တစ်နေ့တော့အိမ်
တစ်အိမ်ဟာသူခိုးအခိုးခံရတယ်။ ရှိသမျှပစ္စည်း
တွေ အတော်ပါသွားတယ်။

ဒီမိသားစုထဲကမိန်းကလေးတစ်ဦးဟာပါသွား
တဲ့ သူ့ပစ္စည်းတွေအကြောင်းပြောရင်းနေ့စဉ်
ငိုတယ်။ ရက်ကြာလာတဲ့အခါ စိတ္တဇဝေဒနာ
သည် ဖြစ်သွားလိုက်တာ အခုထိ ကုလို့ မရ
တော့ဘူး။ မိသားစုအားလုံးပစ္စည်းအခိုးခံရ
တာပဲ။ ပစ္စည်းတွေ အခိုးခံရတဲ့ အကြောင်း
ကြောင့် စိတ္တဇဝေဒနာဖြစ်မယ်ဆိုရင် တစ်မိ
သားစုလုံးဖြစ်ရမယ်။

အခုဒီမိန်းကလေးတစ်ယောက်တည်းဖြစ်
တယ်ဆိုတော့ စိတ္တဇဝေဒနာဖြစ်ရတာဟာ
ပစ္စည်းအခိုးခံရတာအဓိကမဟုတ်ကြောင်း
ထင်ရှားတယ်။ အဓိကကတော့သေရည်
သောက်ခဲ့တဲ့ကံကြောင့်ပဲ။

အခုလည်း တရားအားထုတ်တိုင်း စိတ္တဇ
ဝေဒနာဖြစ်ရမယ်ဆိုရင် ယောဂီတိုင်းစိတ္တဇ
ဝေဒနာဖြစ်ရမယ်။ ယခုယောဂီတိုင်းမဖြစ်ပဲ
တစ်သောင်းမှာတစ်ယောက်လောက်စိတ္တဇ
ဝေဒနာဖြစ်တယ်ဆိုတော့ တရားအားထုတ်
လို့မဖြစ်ဘဲ သေရည်သောက်ခဲ့လို့ဆိုတာ
ထင်ရှားပါတယ်။

စိတ္တဇဝေဒနာဖြစ်ခြင်းရဲ့ တတိယအချက်က
မရစဖူးအရထူးလာတဲ့သမာဓိကို အကျိုးမရှိ
တဲ့နေရာ အသုံးချမိတဲ့အတွက်ကြောင့်ပဲ။
တစ်ချို့တရားစခန်းတွေက သမာဓိကိုတော်
တော်လုပ်ခိုင်းတယ်။ တကယ်တော့ဒီသမာဓိ
ဟာရုပ်နာမ် အဖြစ်အပျက်ကို တည်ငြိမ်စွာ
ကြည့်တတ်ဖို့ပဲ။ ဒါပေမယ့် ယောဂီဟာကြည့်
နည်းကို မသိရှာဘူး။

ဒီတော့ သမာဓိကို မဟုတ်တဲ့နေရာမှာ သုံးမိ
တယ်။ဘယ်လိုပုံဖော်မိသလဲဆိုတော့ကြောက်
စရာ မကောင်းဆိုးဝါးပုံတွေကို မိမိသမာဓိနဲ့ ပုံ
ဖော်ပစ်လိုက်တယ်။ ဥပမာ ခုချိန်မှာ ငါ့နောက်
ကထန်းပင်အမြင့်လောက်ရှိတဲ့ မကောင်းဆိုးဝါး
ကြီးတစ်ကောင်ပေါ်ဏလာပြီးငါ့ကိုမယူသွားရင်
ဘယ်လိုလုပ်မလဲဆိုပြီးတွေးလိုက်တယ်။

တွေးတယ်ဆိုတာ မိမိရထားတဲ့သမာဓိနဲ့
မကောင်းဆိုးဝါးကို ပုံဖော်လိုက်တာပဲ။ သမာဓိ
ကအားကောင်းနေတော့ ပုံဖော်လိုက်တာနဲ့ပေါ်
လာတာပဲ။ ပေါ်လာတာနဲ့ ကြောက်ပြီး ထပြေး
လိုက်တာ အဲဒီက စပြီး စိတ္တဇဝေဒနာဖြစ်သွား
တာပဲ။ ဒါကြောင့် သမာဓိကို မဟုတ်တဲ့နေရာ
မှာမသုံးဘဲ ရုပ်နာမ်ရဲ့မမြဲမှုကို ကြည့်တဲ့နေရာ
မှာသာ သုံးရမယ့်အကြောင်းဆရာကသင်ပေး
ရတယ်။

စိတ္တဇဝေဒနာ ဖြစ်ခြင်းရဲ့ စတုတ္ထ အချက်က
တော့ ဘိုးတော်တွေ ၀ိဇ္ဇာတွေဖြစ်စေ မာရ်နတ်
ရဲ့အသင်းအပင်းများကဖြစ်စေ ကြောက်စရာ
လူသေကောင်တွေအရိုးစုတွေကို ကြံဖန်ပုံဖော်
ပြတတ်ကြတယ်။ အဲဒီလို အနှောက်အယှက်
တွေ မဖြစ်အောင်ကတော့ မေတ္တာဘာဝနာကို
နိုင်အောင်ပွားပြီးကာကွယ်ရတယ်။

မေတ္တာရှင် ရွှေပြည်သာ
ဂမ္ဘီရ၀ိပဿနာ ၅+၆
 —

စိတ်ဓါတ်ကြံ့ခိုင်ရေး

စိတ်ဓါတ်ကြံ့ခိုင်ရေး

ဘုန်းကြီးသည်မည်သူ့ကိုမျှ မိမိက နစ်နာ
အောင် မပြောခဲ့ မပြုလုပ်ခဲ့။ သို့သော်
မိမိဘာသာ တိုးတက်အောင်အလုပ်လုပ်
သောကြောင့်တိုးတက်၍နေသည်ကိုမနာ
လိုသောပုဂ္ဂိုလ်များကသူတစ်ပါး အထင်
လွဲအောင် ပြောကြ ဟောကြသောကြောင့်
အမျိုးမျိုး အထင်လွဲ အမြင်လွဲ ခံခဲ့ရသည်။

ထိုအချိန်ကပြောသူတွေ သူတို့ဒဏ်ကို
ဘုန်းကြီးမခံရဘဲ သူတို့သာခံကြရရှာသည်။
ဣသို့ ဣဿ မစ္ဆရိယတရားတွေဟာ ထိပ်
တန်းဘုန်းကြီးတွေမှာဣဿမစ္ဆရိယတရား
တွေရှိနေခြင်းဟာ အဆန်းမဟုတ်တော့ပါ။

ထိုကဲ့သို့ ကြုံလာသောအခါ သည်းခံတတ်
တဲ့လူအတွက်တော့ ပါရမီ ဆယ်ပါးတွင်
ခန္တီပါရမီ ကုသိုလ် အကြီးစားတစ်မျိုးကို ရ
ရှိပါသည်။

ထိုသို့ ခန္တီပါရမီကုသိုလ်ရပုံကို သတိပြုမိ
သောအခါ သူတို့မှာဖြစ်သော ဣဿသည်
မိမိမှာအလွန်အဖိုးတန်သောကုသိုလ်ကို ရ
နိုင်ဖို့အကြောင်းဖြစ်ပါတကားဟု တွေးနိုင်
သောကြောင့်ဝမ်းမနည်းဘဲ ၀မ်းသားအား
ရဖြင့်သည်းခံနိုင်သော သတ္တိတစ်မျိုးကိုရ
နိုင်ပါသည်။

တရားတော်၌ လောကဓံတရားရှစ်ပါးရှိ၏။
၁။ လာဘ = လာဘ်ရခြင်း။
၂။ အလာဘ = လာဘ်မရခြင်း။
၃။ ယသ = အခြွေအရံ ပေါများခြင်း။
၎။ အယသ = အခြွေအရံမရှိခြင်း။
၅။ နိန္ဒာ = ကဲ့ရဲ့ခံရခြင်း။
၆။ ပသံသာ = ချီးမွှန်းခံရခြင်း။
၇။ သုခံ = ကိုယ်စိတ်ချမ်းသာခြင်း။
၈။ ဒုက္ခံ = ကိုယ်စိတ်ဆင်းရဲခြင်း။
ဤလောကဓံရှစ်ပါးကို လူတိုင်းတွေ့ရ၏။
ထိုသို့တွေ့သောအခါ အကောင်းလေးပါး
နှင့်တွေ့လျှင် ၀မ်းမြောက်ကြပျော်ရွှင်ကြ
၏။ ထိုသို့ ပျော်ရွှင်ခြင်းကို တုန်လှုပ်ခြင်း
ဟု ခေါ်၏။ မကောင်းလေးပါးနှင့် တွေ့
လျှင် ၀မ်းနည်းကြ ငိုကြွေးကြ၏။ ထိုသို့
ဝမ်းနည်းနေခြင်းကို တုန်လှုပ်ခြင်းဟုခေါ်
၏။ သတ္တိရှိသူ စိတ်နေ မြင့်သူကား အ
ကောင်းနှင့်တွေ့လည်းသိပ်ပြီးမတုန်လှုပ်။
မကောင်းနဲ့တွေ့လည်း ကရုမစိုက်။ ကိုယ်
သွားမြဲလမ်းကိုသာ သွားလေ့ရှိသည်။

ခါတိုင်း ဥပုသ်ကိုမပျက်ပါစေနဲ့။ စကား
ပြောတိုင်းသစ္စာဖြစ်အောင် အထူးသတိ
ထား။ အိမ်တွင်းမှစ၍ သတ္တ၀ါများကို
မေတ္တာပို့ပါ။ ဘုရားကိုအသံထွက်၍ရှိခိုး
တာထက် ဘုရားအစစ်ရအောင်စိုက်ပြီး
အာရုံယူနိုင်လျှင် သာ၍ကောင်းသည်။

ကမ္ဘာအရပ်ရပ်၌ ကပ်အမျိုးမျိုးမှလွတ်
အောင် ကိုယ်စီကိုယ်င ကြိုးစားကြဖို့
တာဝန်ရှိသည်။ အစားအသောက်ချွေ
တာနိုင်သမျှချွေတာပါ။ ကိုယ်ကမဆင်း
ရဲသော်လည်း ဆင်းရဲတဲ့သူတွေအရပ်
ရပ်မှာများနေသည်။ ပေါ့ပေါ့ဆဆနေရ
မယ့်အချိန်မဟုတ်ပါ။ ကျန်းမာရေးကို
အားလုံး ဂရုစိုက်ကြပါ။ ဒေါသအစွန်း
မထွက်ပါစေနဲ့။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏
အဆုံးအမသြ၀ါဒများ

ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရား

ဘုန်းကံဟူသည်အဘယ်နည်း။
မင်္ဂလာရှိသောနေ့သစ်များကို မည်သည့်
အရာကမွေးဖွားဖန်တီးပေးနိုင်ပါသနည်း။
မိမိဘ၀သည် မိမိမျှော်လင့်သလိုဖြစ်မလာ
ခြင်းအတွက် မည်သူတွင်တာဝန်ရှိပါသနည်း။
အတွေးဆိုးဝင်လာလျှင် မည်သို့နိုပ်ကွပ်ဖယ်
ရှားမည်နည်း။

ဘုန်းကံ
ဘုန်းကံဟူသည် အကျင့်စရဏနှင့် အလုပ်၌
သာ တည်သည်။ ကိုယ်ကျင့်သိက္ခာ ကောင်း
မွန်သော် ဘုန်းကံကြီးမားမည်။ ကုသိုလ်မှုပြု
သော် ဘုန်းကံကြီးမားမည်။ မင်္ဂလာရှိမည်။
ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းသော် ဘုန်းကံ
နိမ့်မည်။ အကုသိုလ်မှုပြုသော် ဘုန်းကံနိမ့်
မည်။ အမင်္ဂလာဖြစ်မည်။

မိမိ၌သာတာဝန်ရှိ
လူသည် မိမိနှလုံးသားထဲက စေတနာ၊ ကံ၊
ဉာဏ်၊ ၀ီရိယတို့ကို အားကိုးရပေလိမ့်မည်။
မိမိ၏ဘ၀ကို မိမိကိုယ်တိုင်ဖန်တီးသည်။ မိမိ
၏ဘ၀သည် မိမိမျှော်လင့်ထားသလိုမဖြစ်ခြင်း
အတွက် မိမိ၌သာတာဝန်ရှိပါ၏။

မင်္ဂလာရှိသောနေ့သစ်
နေ့သစ်တစ်ခုကို အစပြိုးအိပ်ယာမှနိုးသည်
နှင့် ဤတစ်နေ့တာအတွင်း စိတ်ကောင်းနှင့်
ယှဉ်၍ ကြံတွေးမည်။ ပြောဆိုမည်။ ပြုလုပ်
မည်ဟု အဓိဋ္ဌာန်ချမှတ်၍ ယင်းအဓိဋ္ဌာန်အ
တိုင်း ကာယကံ၊ ၀စီကံ၊ မနောကံတို့ကိုဖြစ်
ပွားခွင့်ပြုလျှင် ယင်းနေ့သစ်သည် မင်္ဂလာ
အပေါင်း ခညောင်းကာ ကျက်သရေရှိသော
အချိန်အခါကောင်းဖြစ်ပါ၏။ ကောင်းသော
ကံသုံးပါးကသာလျှင် မင်္ဂလာရှိသောနေ့သစ်
များကို မွေးဖွားစေပါလိမ့်မည်။

အတွေးဆိုးဝင်လာလျှင်
မိမိ၏စိတ်အတွင်းသို့ ညစ်နွမ်းသောအတွေး
များဝင်လာလျှင် ညစ်နွမ်းမှန်းသိပါစေ။ မှား
ယွင်းသော အတွေးများ ၀င်လာလျှင် မှား
ယွင်းမှန်းသိပါစေ။ မကောင်းသောအတွေး
များ စိတ်အတွင်း၌ အုံကျင်းဖွဲ့စပြုသည်နှင့်
သတိ ပညာဖြင့် မောင်းနှင်ထုတ်ပါ။

ယင်းအတွေးဆိုး အတွေးမှားများမှသည်
ကာယကံဆိုး ၀စီကံဆိုးများ အဖြစ်
အရောက်မခံခြင်းသည် ဗုဒ္ဓဓမ္မကို လက်
တွေ့ကျင့်သုံးနေခြင်းဖြစ်ပါ၏။ တရားနှင့်
အညီနေထိုင်နေခြင်းဖြစ်ပါ၏။

အခြေခံကိုယ်ကျင့်တရား
မိမိကိုအကြောင်းပြု၍ သူတစ်ပါးကို မထိ
ခိုက်မနစ်နာစေလိုသော စေတနာ နှလုံး
သားဝယ် တည်ကိန်း စွဲမြဲနေလျှင် ငါးပါး
သီလစောင့်ထိန်းရန် မခဲယဉ်းတော့ပါ။
မိမိကြောင့်သူတစ်ပါးတို့ နှလုံးစိတ်ဝမ်း
ရွှင်လန်းချမ်းမြေ့ပါစေဟူသော စေတနာ
ကောင်းအရင်းခံဖြင့်ပြောဆိုဆက်ဆံလုပ်
ကိုင်ခြင်းသည် ကိုယ်ကျင့်တရားပင်ဖြစ်
ပါ၏။ ငါးပါးသီလဟူသော အခြေခံနိစ္စ
ဓူဝကိုယ်ကျင့်သီလကိုမှ မြဲမြံစွာစောင့်
ထိန်းနိုင်ခြင်းမရှိလျှင် ၀ိပဿနာဘာဝနာ
ပွားများခြင်းဟူသော အထက်အဆင့်
ဘာသာရေးကျင့်စဉ်ကို အကျိုးရှိအောင်
ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

မှန်ကန်သောသဘောတရား
ဗုဒ္ဓ၀ါဒ၌ အမျှော်ဖြင့်မြူဆွယ်မှု၊ အ
ကြောက်ဖြင့် ခြောက်လှန့်မှုတို့အတွက်
နေရာမရှိပါ။ မိမိလုပ်သောအလုပ် မိမိ၏
စေတနာ မိမိ၏အပြုအမှုဆောင်ရွက်ချက်
တို့ဖြင့်သာ မိမိ၏ဘ၀ကို ကောင်းအောင်
ဆိုးအောင် လုပ်နိုင်စွမ်းရှိသည် ဟူသော
သဘောတရားကား တရားမျှတ၏။ ရိုး
စင်းဖြောင့်မတ်၏ စိတ်ကောင်းနုလုံး
ကောင်းရှိသော လူသားတိုင်းလက်ခံနိုင်
သော သဘောတရားလည်းဖြစ်၏။

ဦးနှောက်နှင့် နှလုံးသား
လူသည် နုလုံးသားလည်းလှရမည်။
ဦးနှောက်လည်း မြင့်မားရမည်။ သို့မှသာ
မိမိအကျိုး သူတစ်ပါးအကျိုးကိုဆောင်
ရွက်နိုင်သော လူတော်လူကောင်းဖြစ်ပေ
မည်။ ထိုနှစ်ခုတွင် တစ်ခုသာ ရွေးချယ်
ရမည်ဆိုလျှင်မူ နှလုံးလှခြင်းကိုသာ တန်
ဖိုးထားသင့်ပါ၏။

သိမှုနှင့်ရှိမှု
တိုင်းပြည်နိုင်ငံတို့မည်သည် နယ်နိမိတ်
အကန့်အသတ်မရှိပါ။ ဓမ္မကို သိမြင်မှုဖြင့်
လောဘကို မထိန်းချုပ်နိုင်သော် ရှိမှုတွေ
နောက် ပန်းမောတကြီးလိုက်ရင်းလိုက်၍
မဆုံးစဉ်မှာပင် ဘ၀နိဂုံးအဆုံးသတ်ရတတ်
ပါ၏။ ရှိမှုတွေနောက်လိုက်ရင်း သိမှုမဲ့ဖြင့်
ချုပ်ငြိမ်းရသောဘ၀သည် တန်ဖိုးရှိပါမည်
လော။

လမ်းကောင်းလမ်းမှန်
မည်သည့်ဆင်းရဲဒုက္ခနှင့်ကြုံဆုံစေ မိမိ၏
ရုပ်နာမ်ခန္ဓာကို ရတနာသုံးပါးအားအပ်နှင်း
လျက်သီလကို စွဲမြဲစွာဆောက်တည်ပြီးမိမိ
၏ လုံ့လ၀ီရိယနှင့်ဉာဏ်အားကို အစွမ်း
ကုန် အသုံးချလျက် ဆင်းရဲ ဒုက္ခမှ လွတ်
မြောက်အောင် အားထုတ်ကြိုးပမ်းသွားခြင်း
လမ်းကောင်းလမ်းမှန် ဖြစ်ပါ၏။ မမြဲသော
သင်္ခါရလောက၀ယ် အခက်အခဲများ ဆုံး
ရှုံးမှုများ ဆင်းရဲဒုက္ခတွေ့ကြုံမှုများသည်
လည်း အမြဲမရှိတတ်ပါချေ။

ကာကွယ်ရေးတာဝန်
မကောင်းသော ကာယကံ ၀စီကံ မနော
ကံမှုတို့ကို မပြုဖြစ်အောင် သတိဖြင့်ရှောင်
ကြဉ်ခြင်းသည် မိမိကိုယ်ကို ကာကွယ်
စောင့်ရှောက်ခြင်းဖြစ်သလို သူတစ်ပါးတို့
ကိုလည်း ကာကွယ်စောင့်ရှောက်ခြင်းဖြစ်
ပါ၏။
လူသားမှန်သမျှ မိမိကိုယ်ကို ကာကွယ်
စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့မိမိ၏
အပြုအမှုကြောင့် သူတစ်ပါးတို့စိတ်ဒုက္ခ
မရောက်စေရန် စောင့်စည်းရမည့်တာဝန်
လည်းရှိပါ၏။

မင်းနန် မော်ကျွန်း
ဓမ္မလမ်းညွှန်စာစုမွန်

“ရင်ခုန်မိတာ သေမလို့”

“ရင်ခုန်မိတာ သေမလို့”
•••••••••••••••••••••
“စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ 
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့
“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ 
ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ
တအားနာမည်ကြီးနေတာပေါ့။

တစ်ခါတော့ ဘုရင်မင်းမြတ်ဟာ မိဖုရားကြီးနဲ့
သမီးတော်ကိုပါ ခေါ်ပြီး ဒီကိုယ်တော်လေးရဲ့
တရားပွဲကိုလာကြတယ်။ မင်းနဲ့ မိဘုရားဆိုတော့
သူတို့ဟာ ရှေ့ဆုံးက နေရာရတာပေါ့။
ဘုရင့်သမီးတော်ဟာ တရားနာရင်းနဲ့ ကိုယ်တော်လေးကို
မသိမသာစိုက်စိုက်ကြည့်တယ်။
ကိုယ်တော်လေးကလည်း သူနဲ့အနီးဆုံးမှာ
တရားနာနေတဲ့မင်းသမီးလေးကို အမှတ်မဲ့ခိုးကြည့်မိလိုက်တယ်။
အကြည့်ချင်းဆုံတော့ ရင်ခုန်တာပေါ့ကွာ။

အဲဒီမှာတင် ကိုယ်တော်လေးဟာ သတိလွတ်သွားပြီး
တရားကို ဆက်မဟောဘဲ မင်းသမီးလေးကို
စိုက်ကြည့်မိတဲ့အထိဖြစ်သွားတယ်။
မင်းကြီးဟာ ငယ်ရာက ကြီးလာတာဆိုတော့ သမီးတော်နဲ့
ကိုယ်တော်လေးအဖြစ်ကို ရိပ်မိတယ်။
ကိုယ်ချင်းလည်းစာဟန်တူပါရဲ့။
သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆွေးနွေး
တိုင်ပင်ကြပါစေ။ တင်းတိမ် (ကန့်လန့်ကာ)
ကာ ပေးလိုက်ကြလို့ အမိန့်ပေးလိုက်တယ်။

ကိုယ်တော်လေး လူဝတ်လဲမယ်ဆိုရင်လည်း
သဘောတူမယ့် သဘောထင်ပါတယ်။ တင်းတိမ်လည်း
ကာပြီးရော ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ
တစ်ယောက် လည်ပင်း တစ်ယောက်ဖက်ပြီး ငြိမ်သွားကြသတဲ့။
အတန်ကြာလို့ တင်းတိမ်ဖွင့်ကြည့်လိုက်တော့ နှစ်ဦးလုံး
“ရာဂမီး” လောင်ပြီး၊ ပွေ့ဖက်ရင်း သေဆုံးနေတာကို
တွေ့ကြရတယ်။

မင်းလည်း လူငယ်တစ်ယောက်ပဲ။
မင်းနှစ်သက်တဲ့ မိန်းကလေးကို မြင်ရရင် ရင်မခုန်ဘူးလား။
ခုန်တာပေါ့ဘုရား။
ကိုယ်ချစ်တဲ့မိန်းကလေးကို သေချာမြင်လိုက်ရတဲ့နေ့ဆိုရင်
ထမင်းတောင် မစားချင်တော့ဘူးဘုရား။
အဲဒါ ဘာသဘောလဲ မသိဘူး။

အေး...အဲဒါရှင်းပြချင်လို့ မေးတာ။
ကိုယ်ချစ်တဲ့သူကို မြင်ရရင် ရင်ခုန်သွားတာကိုပဲ
“စာရေးဆရာတွေ၊ ဒါရိုက်တာတွေ”က “အချစ်”လို့
တင်စားပြီး အချစ်ဝတ္တုတွေ ရေးကြတယ်။
အချစ်ဇာတ်ကားတွေ ရိုက်ကြတယ်။
ကြားလိုက်ဖူးပါသေးတယ်။ ရုပ်ရှင်ကား တစ်ကားနာမည်။
ဘာတဲ့ “ရင်ခုန်မိတာ အချစ်လား” တဲ့။
မင်းကြားဖူးတယ်မဟုတ်လား။

“ကြားဖူးတယ်ဘုရား။”

တကယ်တော့ ရင်ခုန်တယ်ဆိုတာ
“လောဘမီးက နှလုံးကိုသွားလောင်တာ”။
ဒါကြောင့် နှလုံးဟာ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်
တအားမြန်သွားတာပဲ။ စောစောက ကိုယ်တော်လေးနဲ့
မင်းသမီးလေးဟာ ရင်ခုန်ရင်းကနေသေသွားတာပဲ။
ဒါကြောင့် “ရင်ခုန်မိတာ အချစ်လား”လို့ မပြောနဲ့။
“ရင်ခုန်မိတာ သေမလို့”လို့ပြောကြ။
မသေချင်ရင် ရင်မခုန်ကြနဲ့ပေါ့ကွာ။

【(မေတ္တာရှင်-ရွှေပြည်သာ)၏ “လူငယ်များအတွက်
ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ -】

“မေတ္တာ”

“မေတ္တာ”

“မေတ္တာ” ဆိုတဲ့ ဥစ္စာဟာ ဘာများလဲလို့ အဲဒီပုဒ် အကြောင်းကို 
ပါဠိ အဋ္ဌကထာ ဋီကာမှာ ရှိတဲ့အထဲ ဘုန်းကြီးတို့ နည်းနည်း 
Commentary လုပ်ပြမယ်။ အဲဒီတော့ ရှေးဦးစွာ ပါဠိတော်မှာ 
အဋ္ဌကထာ ဋီကာ မဟုတ်ဘူး။ 
ပါဠိတော်မှာ “မေတ္တာ” ဆိုတဲ့ စကားလုံး ဟိုး “ဒီပင်္ကရာ”
ဘုရားခြေရင်းမှာ ဗျာဒိတ်လို့ခေါ်တဲ့ Confirmation ပေါ့၊
ဘုရားဖြစ်ဖို့ သေချာပြီဆိုတဲ့ အတည်ပြုချက် ရပြီးတဲ့အခါ
“သုမေဓာ” ရသေ့က ဘုရားဖြစ်လိမ့်မယ်ဆိုတဲ့
အတည်ပြုချက်တော့ ငါရပြီ၊ ဘုရားဖြစ်ကြောင်း
အကျင့်ကောင်းတွေဟာ ဘာလဲ ဆိုပြီးတော့ သူ
လိုက်ပြီးတော့ ရှာဖွေတာ ပါရမီဆိုတဲ့ ကျင့်စဉ်ဆယ်ပါးကို
သွားတွေ့တယ်၊ ဘာသွားတွေ့သလဲ..... “ပါရမီ”။

“ပါရမီ” ဆိုတဲ့ပုဒ်ကို ဘုန်းကြီးတို့ အဋ္ဌကထာ ဋီကာ မှာတော့
“ပရမာနံ ဥတ္တမပုရိသာနံ ကမ္မံ” ဒီလို တွေ့တယ်။
ဘုန်းကြီးတို့လည်း ကြိုက်တယ်။
“ပရမ” ကို “ဥတ္တမပုရိသ” လို့ ဘာသာပြန်တယ်။
“လူမြတ်” ပေါ့။
“ကမ္မံ” ဆိုတာ “စရဏံ” ပဲ။ လူမြတ်တို့ရဲ့ အကျင့်။
“ပါရမီ”ပုဒ်ကို ဘယ်လိုပြောချင်လဲ။
“လူမြတ်တို့အကျင့်”။
အဲဒီတော့ Noble conduct ပြောဖို့ ကောင်းတယ်။

သို့သော်လည်းပဲ အဲဒီပါရမီဆယ်ပါး ပါရမီ ဒီစာလုံးကို
ကမ္ဘာအရပ်ရပ် ပညာရှိတွေ ဘုန်းကြီးတို့ဆရာ ၊
ဆရာတော်ကြီး အရှင်သေဋ္ဌိလတို့ ၊
ဘုန်းကြီး အလွန်ကြည်ညိုတဲ့ ဆရာတော်ကြီး အရှင်နာရဒတို့ ၊
သဒ္ဓါတိဿတို့ ဒီဆရာတော်ကြီးတွေ ဟို Pali Text Society က
Rhys Davids တို့ အပါအဝင်ပေါ့လေ၊
ဒီ “ပါရမီ” ပုဒ်ကို ဘာသာပြန်တဲ့အခါမှာ “Perfection” လို့ပဲ
ဘာသာပြန်ကြတယ်၊ Perfect ဆိုတာက ပြည့်စုံတာ။

“သိဒ္ဓတ္တဂေါတမဗုဒ္ဓ”ဟာ ပရိသတ်ရေ ခြေနှစ်ချောင်းပေါက်တဲ့
သတ္တ၀ါတွေထဲမှာ အကျင့်ကောင်း မှန်သမျှနဲ့ ဘာဖြစ်လဲ.. ...
အပြည့်စုံဆုံးသော ပုဂ္ဂိုလ်ပဲ မဟုတ်လား။
Most perfect one ပေါ့။ ခြေနှစ်ချောင်းပေါက်တဲ့
လူထဲမှာရော နတ်ထဲမှာရော၊ ဗြဟ္မာထဲမှာရော၊
သူတော်ကောင်း အကျင့်မှန်သမျှ အကုန်လုံးနဲ့
ဘာဖြစ်လဲ.... ပြည့်စုံလို့ “Perfect one” လို့ခေါ်တယ်။

အဲဒီတော့ “Perfect” ဆိုတာဘာလဲ “ပြည့်စုံခြင်း”။
“Perfect one” ဆိုတာဘာတဲ့လဲ “ပြည့်စုံသူ” ဒီလို။
အဲဒါ တိုင်းပြည်တပြည်လုံး စီးပွားရေး ၊ကျန်းမာရေး ၊
ပညာရေး အကုန်လုံး ငြိမ်းချမ်းရေး ပြည့်စုံချင်ရင်
ဘာလုပ်ရမလဲ ပြည့်စုံတဲ့အကျင့်ကို ကျင့်။
Perfect အဲဒီအကျင့် ကျင့်မဲ့ ခေါင်းဆောင်တွေ
အကုန်လုံးလဲပဲ ဘာဖြစ်ဖို့လိုလဲ။
Perfect ဖြစ်ရမယ်။ ဘုန်းကြီးက ဒီလို ဆိုချင်တယ်။

အဲတော့ ကိုယ်ကိုယ်တိုင်က Lead လုပ်နေပြီးတော့
Imperfect ဖြစ်နေလို့ရှိရင် ကိုယ့်ရဲ့ Leadership အောက်မှာ
နေတဲ့ လူလည်းပဲ Imperfect ဖြစ်သွားနိုင်တယ်။
အဲဒါကြောင့် ကိုယ်ကိုယ်တိုင် Perfect ဖြစ်အောင် ကျင့်ပါ၊

ဒါကို ဘုန်းကြီးက ဆီလျှော်အောင် ဘယ်လိုပြောလိုက်သလဲ
ဆိုတော့ ခေါင်းဆောင်တို့ ကျင့်စဉ်တရား ဒီလိုလေး ပြောတာ။
အဲဒါကို U.N မှာ ပြောတယ်။
လာနားထောင်တဲ့ ပရိသတ်က ထိုင်ခုံမဆန့်ဘူး။
ထိုင်ခုံ ကုန်ပြီးတော့ မတ်တတ်တွေလည်း အများကြီး။
အဲဒါ ပြောလည်းပြီးတော့ တီးတဲ့ လက်ခုပ်သံက
U.N အမိုးများ ပွင့်ထွက်သွားမလား အောက်မေ့လိုက်တယ်နော်။
ပွင့်တော့ မပွင့်ပါဘူး။ အဲတော့ Leader တွေ အကုန်လုံး
Perfect ဖြစ်ဖို့ လိုတယ်။ ဒါလေး ပြောပြတာ။
ဒါ ဒီကနေ့ အဲဒီထဲက တစ်ခုကို ဘုန်းကြီးတို့
အချိန်လေးကြည့်ပြီးတော့ ပြောသွားတာ၊
အဲဒီတော့ “မေတ္တာ” သူလည်းပဲ ဘယ်ထဲပါလဲ?
ပါရမီထဲမှာ မပါဘူးလား?

ပါပါတယ်ဘုရား.....။

ခန္တီကော မပါဘူးလား?

ပါပါတယ်ဘုရား.....။

ခန္တီတော့ နောက်တစ်ပွဲကျမှ ပြောတော့မယ်။
ဒီကနေ့တော့ “မေတ္တာ” လောက်နဲ့ ဘုန်းကြီးတို့ ရပ်မယ်။
“မေတ္တာ” ချစ်တာကို မဆိုလိုပါဘူး။
မေတ္တာပုဒ်ကို ခုနက သုမေဓာ ဘုရားဖြစ်ဖို့ သေချာပြီဆိုတဲ့
အတည်ပြုချက် ဒါကို ဗမာတို့ နားလည်ထားတာက
ဘာတဲ့လဲ... “ဗျာဒိတ်စကား”၊ အင်္ဂလိပ်လိုကတော့
Conformation ပေါ့။ အဲဒါ ရပြီးတဲ့အခါ ငါ
Perfect ဖြစ်အောင် ဘာကျင့်မလဲ။

လောကမှာ ပြည့်စုံဆုံးသော လူတစ်ယောက် ပုဂ္ဂိုလ်
တစ်ယောက် ဖြစ်အောင် ငါ ဘာကျင့်မလဲ။
ကျင့်စဉ်တွေကို ရှာတော့ သုမေဓာရသေ့
ရှာတွေ့တာ ဆယ်ခုတွေ့တယ်။
အဲဒီထဲက တစ်ခုက.......

“ယထာပိ ဥဒကံ နာမ၊
ကလျာဏေ ပါပကေ ဇနေ။
သမံ ဖရတိ သီတေန၊
ပဝါဟေတိ ရဇော မလံ။
(အဘိ၊ဋ္ဌ၊၁။၅၂)

“မေတ္တာ” ဆိုတာ ရေနဲ့ တူတယ်။
ပရိသတ်ရေ နားလည်ဖို့ မခက်ဘူး။
“မေတ္တာ” ဆိုတာ
(ရေနဲ့ တူပါတယ်ဘုရား)၊

အဲဒါဆိုရင် နိုင်ငံခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊
ဘာသာရေးခေါင်းဆောင် Any leader ပေါ့။
ဘယ်ခေါင်းဆောင်မဆို ဘာလုပ်မလဲ။
ရေနဲ့ တူအောင် ကျင့်ရမယ်။
“မေတ္တာတရား လက်ကိုင်ထားတယ်”ဆိုရင်
ရေနဲ့အတူ ကျင့်ရမယ်။

ခုနက ရှေ့နားက ဆိုထားတဲ့ ပါဠိတော်အရဆိုရင်
ဒါဟာ Defence power ။
တစ်ဖက်က နှိပ်စက်လာတာ ၊ညှင်းဆဲလာတာ ၊
ဆဲရေးလာတာ ၊တိုက်ခိုက်လာတာတွေကို
ကာကွယ်ဖို့ရန်အတွက် အကောင်းဆုံး Defence power
ဟာ ဒီမေတ္တာတရား။

ဘယ်လိုကျင့်မလဲ..... မေတ္တာကျင့်တော့မယ် ဆိုလို့ရှိရင်
ချစ်တာကို မဆိုလိုဘူး။ “သဗ္ဗေသတ္တာ အဝေရာ ဟောန္တု” ကို
ပရိသတ်ရေ နောက်က ရွတ်။
Concept နှလုံးသားထဲက ခံယူချက်က ဘယ်လိုထားမလဲ....။

ငါသည် သတ္တလောကကြီး တစ်ခုလုံးအပေါ်မှာ
ရေနဲ့တူအောင် ကျင့်ရမယ်တဲ့။
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်းလူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးတယ်။

ပရိသတ်ရေ ပြန်နားထောင်....
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်း လူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးတယ်။
ရေဆိုတာက လူကောင်းတွေကိုရော ၊
လူဆိုးတွေကိုရော အညီအမျှ ပရိသတ်ရေ
ဘာဖြစ်စေသတဲ့လဲ..... အေးချမ်းစေတယ်။

“လူကောင်းတွေလည်းပဲ အေးချမ်းပါစေ” ဆိုရင်၊
“လူဆိုးတွေလည်းပဲ”။
“ငါနဲ့ တည့်တဲ့လူတွေလည်း အေးချမ်းပါစေ” ဆိုရင်
“ငါနဲ့ မတည့်တဲ့လူတွေလည်းပဲ အေးချမ်းပါစေ”
ရေလိုကျင့်ရမယ်။
“ငါနဲ့ Policy ကိုက်ညီတဲ့လူတွေလည်း အေးချမ်းပါစေ” ဆိုရင်
“ငါ့ Policy နဲ့ ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးလည်းပဲ
အေးချမ်းပါစေ” ပဲ။

သြော် ခံယူချက် သဘောထားကနော်။
ချစ်တယ်ဆိုတဲ့ စာလုံးကို ပရိသတ်ရေ သုံးချင်လည်းသုံး၊
နောက်မှသုံး။ ဒီခံယူချက်ကို နှလုံးသားထဲမှာရှိမှ
“သမံ ဖရတိ သီတေန၊ ပဝါဟေတိ ရဇော မလံ။ ရဇောမလံ”
- ခန္ဓာကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေး မှန်သမျှကိုလည်းပဲ၊
“သမံ”- အညီအမျှပဲ၊
“ပဝါဟေတိ”- ဖယ်ရှားပေးမယ်။

သြော် လောကကြီးရဲ့ အညစ်အကြေး ၊ဒုက္ခ ၊သုခမှန်သမျှ
အကုန်လုံး Sorrow and suffering ပေါ့။
လောကကြီးရဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတွေ ၊ဒုက္ခတွေ ၊
အကုန်လုံးကို ငါ့အမျိုးတွေ ငါနဲ့ Policy ကိုက်ညီတဲ့လူတွေ၊
ဒို့ဘက်တော်သားတွေ ဒုက္ခ မရောက်ပါစေနဲ့။
ရောက်နေရင် ဒုက္ခမှ လွတ်မြောက်ပါစေ ဆိုရင်
ငါနဲ့ မတည့်တဲ့လူတွေ ဆန့်ကျင်ဘက်တွေ ၊
Policy မတူတဲ့ လူတွေ ပရိသတ်ရေ.. ..
အကုန်လုံး အပေါ်မှာလည်းပဲ ဒီစိတ်ပဲ ထားရမှာပဲ
မဟုတ်လား။ နှစ်ချက် ပြောထားတယ်နော်။

“ငါ့ဘက်တော်သားတွေ အေးချမ်းပါစေ” ဆိုရင်
“တခြားဘက်တော်သား အားလုံးလည်းပဲ အေးချမ်းပါစေ”၊
“ငါ့ဘက်တော်သားတွေမှာ ဒုက္ခမဖြစ်ပါစေနဲ့” ဆိုရင်၊
“အခြား ကိုယ်နဲ့ ဆန့်ကျင်ဘက် ဘက်တော်သား
အားလုံးလည်းပဲ ဒုက္ခမဖြစ်ပါစေနဲ့”၊
အဲလို ရေလို တစ်ညီတည်း ကျင့်ရမယ်။

မန္တလေးက ထုတ်လုပ်တဲ့ ရေမျိုးစုံကို ရန်ကုန်ပို့လိုက်လို့
ရန်ကုန်သူ ရန်ကုန်သား သောက်တော့လည်းပဲ
အေးချမ်းခြင်းနှင့် ချိုးတော့လည်းပဲ သန့်ရှင်းခြင်းဟာ၊
မန္တလေးသူ မန္တလေးသားနဲ့ အတူတူပဲ၊
ရန်ကုန်သူ ရန်ကုန်သားလည်း ရတာပဲ မဟုတ်လား။

သြော် ဗမာ့ရေကို ကုလားပြည် ပို့လိုက်တော့လည်းပဲ
အေးချမ်းခြင်းနဲ့ သန့်ရှင်းခြင်းက ကုလားတွေအပေါ်
အကျိုးသက်ရောက်တာ အတူတူပဲ မဟုတ်လား။
Switzerland က ဟို A.B.M ဆိုတဲ့ တောင်ကြီးပေါ်က
ထွက်တဲ့ နှင်းရေလေးတွေ Switzerland က လူတွေ
ချိုးရင် သောက်ရင်လည်းပဲ ဒီအကျိုးပဲ ရတယ် မဟုတ်လား။
ရေနဲ့တူစွာ ကျင့်။ မေတ္တာကို ဘယ်လိုကျင့်.....

ရေနဲ့တူအောင် ကျင့်ရမှာပါဘုရား....။

အေး...
“ဥဒကံနာမ”- ရေမည်သည်ကား၊
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်းလူဆိုး နှစ်မျိုးစလုံးတို့ကို၊
“သမံ”- ထပ်တူညီမျှ၊
“သမံ”- အညီအမျှ၊
“သီတေန”- အအေးဓာတ်ဖြင့်၊
“ဖရတိ”- ဆွတ်ဖြန်းပေးမယ်၊
“မေတ္တာနာမ”- မေတ္တာဆိုတာဟာလည်းပဲ၊
“ကလျာဏေ ပါပကေ ဇနေ”- လူဆိုး၊လူကောင်း နှစ်မျိုးစလုံးတို့ကို၊
ပရိသတ်ရေ ဘယ်လိုလူတဲ့လဲ။
“ကလျာဏေ ပါပကေ ဇနေ”- လူကောင်း၊လူဆိုး နှစ်မျိုးစလုံးတို့ကို၊
နောက်တစ်ခါ လာသေးတယ်....
“ဟိတာဟိတေ”- ကိုယ့်အတွက် ကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့
ကိုယ့်အပေါ်မှာ ကောင်းကျိုးမပြုတဲ့ ပုဂ္ဂိုလ်။ ဘယ်နှစ်မျိုးလဲ?

နှစ်မျိုးပါဘုရား....။

ကိုယ့်ကိုဒုက္ခပေးတဲ့ လူရော၊ ကိုယ့်ကိုသုခပေးတဲ့ လူရော၊
ကိုယ့်ကို ထောက်ခံအားပေးတဲ့ လူရော၊
ကိုယ့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လူရော၊
နှစ်မျိုးစလုံး မဟုတ်လား။
အဲဒီလို “ဟိတာဟိတေ”- ကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်နဲ့ ဆိုးကျိုးပြုတဲ့
ပုဂ္ဂိုလ် ဒီနှစ်မျိုးတို့ကို၊
“မေတ္တာယ”- မေတ္တာတရားဖြင့်၊
“ဖရတိ”- ဖြန့်နှံရမယ်။
“မေတ္တာယ ပါရမိတံ ဂန္နာ”- အဲဒီမေတ္တာဓာတ်ရဲ့ အထွဋ်အထိပ်ကို
သင်ရောက်မယ်ဆိုရင်။
“သမ္ဗောဓိံ”- သမ္မာသမ္ဗောဓိဆိုတဲ့ လောကဓာတ်တစ်ခွင်လုံး
အပြည့်စုံဆုံးဆိုတဲ့ ဘုရားအဖြစ်သို့၊
“ပါပုဏိဿတိ”- ရောက်လိမ့်မယ်ရယ်လို့၊
“သတ္တာ”- နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။
“အဝေါစ”- ကရုဏာရှေ့ရှူ ဟောပြတော်မူခဲ့ပါပေသတည်း။

သာဓု … သာဓု … သာဓုပါဘုရား.။

(စာရိုက်ပူဇော်သူ - ကိုလှိုင်တိုး)
Dhamma Dãna Source ► ကိုလှိုင်တိုး &

တရားအားထုတ်ရင်းနဲ့ မောသလို အသက်ရှုကြပ်သလိုဖြစ်လာပါတယ်။ ဘယ်လိုမှားနေတယ်ဆိုတာ သိချင် ပါတယ်။

တရားအားထုတ်ရင်းနဲ့ မောသလို
အသက်ရှုကြပ်သလိုဖြစ်လာပါတယ်။
ဘယ်လိုမှားနေတယ်ဆိုတာ သိချင်
ပါတယ်။

မောသလို ကျပ်သလိုဖြစ်လာတယ်ဆိုတာ
မတရားအားထုတ်လို့ မကောင်းကျိုးဖြစ်
မှားတာပါ။

တရားအားထုတ်တဲ့သူတွေ သိသင့်တာက
အရှုခံအာရုံနဲ့ရှုတဲ့စိတ်နှစ်မျိုးပါ။ ယောဂီဆို
တဲ့မိမိက ရှုတဲ့စိတ်နဲ့သာဆိုင်တယ်။ ရှုတဲ့
စိတ်ကို သတိ သမာဓိအသိဉာဏ်ကောင်း
ဖို့ ကြိုးစားရမယ်။ အရှုခံအာရုံဆိုတာက သူ့
သဘာဝ အရှိ အတိုင်းပဲ၊ ထင်ရှားချင် ထင်
ရှားမယ်။ မထင်ရှားချင်ရင် မထင်ရှားဘူး။
အာရုံကိုပြုပြင်ပေးစရာမလိုပါဘူး။

များသောအားဖြင့် နာတဲ့အာရုံကို မနာအောင်
တင်းတာကို ပျော့တာ၊ ပူတာကို အေးတာဆို
တဲ့ အာရုံအစားထိုးလဲတာတွေ လုပ်နေတတ်
ကြတယ်။ နာလည်းနာတဲ့သဘော မနာလည်း
မနာတဲ့သဘောပေါ့။ အရှိအတိုင်းကိုကြည့်
တတ်၊ ကြည့်နိုင်ရမယ်။ တင်းတဲ့သဘောကို
လျော့တာနဲ့ လှုပ်တဲ့သဘောကို ငြိမ်တာနဲ့မ
ပြောင်းပစ်ရဘူး။

တရားအားထုတ်တဲ့သူဟာ ကိုယ်ကြည့်လိုတဲ့
အာရုံကိုလိုက်ကြည့်နေတာလား။ စောင့်ကြည့်
နေတာလား။ သေချာ စဉ်းစားပါ။ ဆရာသမား
ခိုင်းတဲ့ အာရုံပဲဖြစ်ဖြစ် ကိုယ်ကြည့်ချင်တဲ့အာရုံ
ပဲဖြစ်ဖြစ် လိုက်ကြည့်နေရင် လောဘပဲ။ အစ
ပိုင်း ကြည့်နိုင် ရှုနိုင်အား တင်းထားမှု ရှိတုန်း
တော့ ရှုလို့ရသလိုလို ဟုတ်သလိုလိုပေါ့။
တဖြည်းဖြည်းကြာလာတော့ လောဘရဲ့ဆိုးကျိုး
မောသလိုလို ပမ်းသလိုလို အသက်ရှုကြပ်သလို
လိုဖြစ်လာရော။ ဒါကြောင့်မကောင်းကျိုးဖြစ်တာ
မတရားအားထုတ်လို့ မှားတယ်ပြောတာပေါ့။

တရားကို စပြီးအားထုတ်ရင် စောင့်ကြည့်ရတယ်။
စောင့်ကြည့်တာက သတိသဘော။ စောင့်ကြည့်
ရင်မပင်ပန်းဘူး။ ဘောလုံးပွဲတစ်ပွဲကြည့်သလိုပေါ့။
ကိုယ်ကအေးအေးဆေးဆေး စောင့်ကြည့်နေရင်
နှစ်ဘက် ဘောလုံးသမားတွေရဲ့ ကစားကွက်တွေ
ကစားနည်းတွေနားလည်သဘောပေါက်တယ်။
အဲဒီလိုမှမဟုတ်ဘဲ တစ်ဘက်ဘက်ကို ကိုယ့်လူပဲ
ဆိုပြီး နိုင်စေချင်တဲ့ လောဘနဲ့ လိုက်ကြည့်နေရင်
ထိုင်ရမလို ထရမလို ကိုယ်လည်းပင်ပန်း စိတ်လည်း
ပင်ပန်းမှာပဲ။

သတိနဲ့ စောင့်ကြည့်လို့ အေးအေးဆေးဆေးချမ်း
သာမှုကို ရလာပေမယ့် ဉာဏ်မပါသေးရင်တော့
အာရုံရဲ့သဘောကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။
သတိနဲ့ရှုရင် ဘေးအာရုံတွေ မရောက်ဘူး။ ဒါပေ
မယ့် သတိအားနည်းလို့ တဖြည်းဖြည်း ကြာလာ
ရင် ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့ ကိုယ်ကောင်ကြီး လှုပ်လှုပ်
လှုပ်လှုပ်ဖြစ်ပြီး မှိန်းလိုက်နေတတ်တယ်။ မျော
လိုက်နေတတ်တယ်။ ဒီလိုဖြစ်တာလည်း အမှား
မို့ သတိထားပါ။

ဝိပဿနာဆိုတာ ဉာဏ်၊ ဖြစ်တိုင်းသိတာလည်း
ဉာဏ်ပါပဲ။ ဖြစ်တိုင်းသိဖို့ ဉာဏ်ပေါ်ဖို့ဆိုတာတစ်
လနဲ့ မလွယ်၊ တစ်ပါတ်နဲ့လည်း မလွယ်၊ တစ်ရက်
နဲ့လည်း မလွယ်ပါဘူး။ ဒါဆိုရင် ဉာဏ်ပေါ်ဖို့အချိန်
ဘယ်လောက် စောင့်ရမလဲ မေးဖို့ကောင်းတယ်။
အကြောင်းညီညွတ်လို့ကတော့ တစ်မိနစ်၊ တစ်
စက္ကန့်အတွင်းမှာပဲ ဉာဏ်ပေါ်နိုင်ပါတယ်။

ဉာဏ်ပေါ်အောင် သတိကခေါ်နိုင်ပါတယ်။ သတိ
ဆိုတာ သိပြီးသားတွေကို အမှတ်ရသိနေတာ။
ဒီသတိက ဉာဏ်ကိုခေါ်နိုင်တဲ့ သတိဖြစ်ဖို့အရေး
ကြီးတယ်။ သတိနဲ့နေရတာကိုပဲ ကျေနပ်ပြီးတော့
နေလို့ကတော့ ဉာဏ်မပေါ်နိုင်ပါဘူး။

သတိက ကိလေသာ နီဝရဏတွေကိုတားဆီးထား
တယ်။ အာရုံမှာ ပညတ်ကင်းဖို့ ပရမတ်ထင်ရှားဖို့
ရှုစိတ်မှာလည်း ကိလေသာကွာဖို့ဆိုရင် ဉာဏ်ပေါ်
လာမှဖြစ်တယ်။ သတိနဲ့ကြိုးစားကြည့်ရင်း ကြည့်
ရင်း ဂရုစိုက်အားကောင်းရင် ဉာဏ်ပေါ်လာပါတယ်။

အာရုံကိုလိုက်ကြည့်တာက လောဘ၊ စောင့်ကြည့်
တာက သတိ၊ ဖြစ်တိုင်းသိတာက ဉာဏ်လို့မှတ်ပါ။

လောဘနဲ့လိုက်ကြည့်မိရင်မှားတယ်။ သတိနဲ့သာ
စောင့်ကြည့် ဂရုစိုက်နိုင်လေ ဉာဏ်ပေါ်နိုင်လေပဲ။
လောဘနဲ့ သတိ ကွာခြားတာကို သိချင်ရင်ခါတိုင်း
လုပ်ရှု လိုက်ရှုနေတာမျိုး မလုပ်တော့ဘဲ မိမိကိုယ်
ကို အသာလေးသက်တောင့်သက်သာ နေရင်း နဂို
နေ နေရင်း ထင်ရှားတဲ့သဘောကို မရှုမှတ်ဘဲကြည့်
နေရုံ သိနေရုံ သဘောမျှလောက်သာ နေလိုက်စမ်း
ပါ။ တိုးတာ၊ ထိတာတွေဟာ နဂိုရှိအတိုင်းပေါ်နေပါ
တယ်။

အဲဒီလို နဂိုရှိအတိုင်း ကြည့်လို့တွေ့နေမှ သတိနဲ့ရှု
တာဖြစ်ပြီး မောသလို ကျပ်သလို ပင်ပမ်းမှုတွေကင်း
ပျောင် ချမ်းသာအစစ်ကို ရရောက်နိုင်ပါတယ်။

ဝိပဿနာသင်တန်းအမေးအဖြေများ ၁

ပါရမီများများရအောင်ယူ

ပါရမီများများရအောင်ယူ

ယခုဘ၀သည် ကုသိုလ်ပါရမီများများ
ရအောင်ယူဖို့ အလွန်အခွင့်ကောင်းသော
ဘ၀ ဖြစ်၏။ နောက်တစ်ကြိမ် လူပြန်ဖြစ်
စေကာမူ ယခုထက် ပို၍ မတရား အကု
သိုလ်တွေ သာ၍ တိုးပွားသော မိကောင်း
ဖကောင်း ဆရာသမားကောင်းနှင့် တွေ့ဖို့
မလွယ်သော လူ့ဘ၀ ဖြစ်လိမ့်မည်။ ဒါ
ကြောင့် နေ့တိုင်း ကုသိုလ်ပါရမီ တိုးပွား
အောင် ကြိုးစားသင့်ကြသည်။ လူမဖြစ်
ဘဲ အထက် နတ်ပြည်၌ ဖြစ်ရပြန်လျှင်
စည်းစိမ်ချမ်းသာ အားကြီးမယ်။ ဒါန၊
သီလ၊ ဘာဝနာ အထူးရဖို့မဖြစ်နိုင်။

ဒါကြောင့်ယခုဘ၀သည် ကုသိုလ်ပါရမီ
တိုးပွားအောင် ကြိုးစားရမယ့် ဘ၀ဆို
တာ အမြဲတွေးသင့်တယ်။

၂။ လောက၌ သားအမိ၊ သားအဖ၊
မောင်နှမ ညီအစ်မ ဆိုတဲ့ သံယောဇဉ်၊
သမီး၊ ခင်ပွန်းဆိုတဲ့ သံယောဇဉ်များနဲ့
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြ
ခြင်းသည် ပေမတဏှာ အကုသိုလ်များ
သာဖြစ်၏။ တရားမသိတဲ့သူများမှာ ထို
တဏှာ အကုသိုလ်ကြောင့် မတရား
စီးပွားရှာမှုစသောအကုသိုလ်တွေ တစ်
သက်လုံးတိုးပွားနေတတ်၏။ ခွဲရသည့်
အချိန်မှာ တွယ်တာမှုကြောင့် နောက်
ဘ၀၌ ပြိတ္တာလည်း ဖြစ်တတ်၏။

၃။ တရားသိတဲ့ သူကတော့ ချစ်ခင်
မှု အကုသိုလ်ကို သတိထား၍ ကုသိုလ်
အဆက်ဆက်တိုးပွားအောင် ဒါနပါရမီ၊
သီလပါရမီ၊ ကမ္မဋ္ဌာန်းဆိုတဲ့ ဘာဝနာပါ
ရမီကို နိဗ္ဗာန်အထိ မှန်း၍ ကိုယ်တိုင်
လည်းကြိုးစားတယ်။ သံယောဇဉ်ဖြစ်သူ
များကိုလည်းကြိုးစားဖို့တိုက်တွန်းတယ်။
တိုက်တွန်းတဲ့ အတိုင်းလည်း ကြိုးစား
တယ်။ သည်လို သံယောဇဉ်ကတော့
အကုသိုလ်ကြောင့် ကုသိုလ်များများရတဲ့
အတွက် အကျိုးရှိတယ်လို့ ဆိုရပါတယ်။

၎။ ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ
လည်းရှိတယ်။ များစွာသော လူတွေသည်
ကုသိုလ် ဒါနပြုတဲ့အခါ ဂုဏ်လိုချင်သူများ
ချီးမွှန်းခံချင် သည်ကုသိုလ်ကြောင့် သည်
ဘ၀မှာပဲ စည်းစိမ်ဥစ္စာတိုးပွားချင်၊ သူတစ်
ပါးအပေါ်မှာ မောက်မော် ကြွားဝါချင်၊ မိမိ
ဒါနပြုနိုင်သလို သူများ မပြုစေချင်၊ ဤ
ကုသိုလ်ကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ
ရချင် သည်လိုစိတ်တွေဟာ နောက်ထပ်
အကုသိုလ် လောဘ ဣဿာ မစ္ဆရိယ
တွေပဲ။ သည်အကုသိုလ်တွေဟာ ကု
သိုလ်အရင်းခံပြီးဖြစ်တဲ့ အကုသိုလ်များ
ဖြစ်တယ်။

၅။ လိမ္မာတဲ့ တရားသိတဲ့သူများမှာတော့
ကုသိုလ်ကြောင့် ကုသိုလ်ပဲထပ်၍ဖြစ်တယ်။
ဒါန ကုသိုလ်ဖြစ်တဲ့အခါ ဂုဏ်ပကာသန
လည်းမမျှော် လာဘ်လာဘနဲ့ နောင်ဘဝ
စည်းစိမ်လည်း မတောင့်တ လှူသင့်ပေး
သင့်လို့အပြစ်ကင်းတဲ့နေရာမှာ လှူတာပေး
တာပဲ။ သည်ကုသိုလ်ကြောင့် ဘုရားအစရှိ
တဲ့ သူတော်ကောင်းများသိမြင်တဲ့ နိဗ္ဗာန်ကို
မြင်ဖို့သာရည်ရွယ်တယ်။ ဘ၀စည်းစိမ်ရပြန်
လည်းထပ်၍ တိုး၍ဒါနပြုဖို့ပဲရည်ရွယ်တယ်။

ဒါနပြုတဲ့အခါ သီလလည်းစင်ကြယ်အောင်
ရုပ်ခန္ဓာ နာမ်ခန္ဓာကို စိုက်ပြီး အနိစ္စ ဒုက္ခ
အနတ္တလို့ ရှုတဲ့ ဘာဝနာလည်း ဖြစ်အောင်
ကြိုးစားတယ်။ သီလစောင့်တဲ့ အခါလည်း
ဒါနပါအောင် ဘာဝနာပါအောင် သတိထား
တယ်။ သည်လို အလိမ္မာများမှာတော့ ကု
သိုလ်ကြောင့် ကုသိုလ်တွေအများကြီးထပ်
၍ဖြစ်ခွင့်ရတယ်။ နိဗ္ဗာန်အထိခရီးရှည်လှ၏။
ပေါ့ပေါ့ဆဆနဲ့သွားတဲ့သူတွေ လမ်းဆုံးမ
ရောက်နိုင်ပါ။

မဟာဂန္ဓာရုံဆရာတော်ကြီး၏
အဆုံးအမသြ၀ါဒများ
 —

ကြည့်တတ်တော့ ဘာဝနာ

ကြည့်တတ်တော့ ဘာဝနာ

သီဟိုကျွန်းက တောကြီးတစ်တောထဲမှာ
ရဟန်းတစ်ပါးဟာ ၀ိပဿနာတရားကိုရှု
ပွား အားထုတ်နေတယ်။ ၀ိပဿနာနဲ့
အတူ အသုဘဘာဝနာကိုလည်း အချိန်
ပိုင်းနဲ့ ပွားများနေတယ်။ တစ်ရက်တော့
အရွယ်ကောင်း ရုပ်ချောအမျိုးသမီးတစ်
ယောက်ဟာ လင်နဲ့စိတ်ဆိုးပြီး မိဘအိမ်
ကိုဆင်းလာတယ်။ မိဘတွေရှိရာ ရွာ
ရောက်အောင် ဒီတောအုပ်ကြီးကိုဖြတ်ရ
သေးတယ်။

လူသူပင်းပြတ်တဲ့ တောအုပ်အလယ်ကို
ရောက်တဲ့အခါ အမျိုးသမီးနဲ့ရဟန်းပက်
ပင်းတွေ့ကြတယ်။ အရွယ်ကောင်းပြီး
ယောက်ျားပီသတဲ့ ရဟန်းကို တွေ့တဲ့
အခါ အမျိုးသမီးဟာ ဖောက်ပြန်လိုတဲ့
စိတ်တွေ ပေါ်လာတယ်။ ဒါကြောင့်
ရဟန်းကို မြူစွယ်လိုတဲ့ အနေနဲ့ ပြုံးပြ
လိုက်တယ်။

ဝိပဿနာကိုပွားများတဲ့ရဟန်းကိုတော့
ဝိညာဏက္ခန္ဓာက မလိမ်နိုင်တော့ဘူး။
ပြုံးပြတဲ့အမျိုးသမီးရဲ့ ဖြူဖွေးတဲ့သွား
တွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ပွား
များနေကျ အဋ္ဌိကခေါ် အရိုးစုကမ္မဋ္ဌာန်း
ဟာ တန်းပေါ်လာပြီး အမျိုးသမီးလို့
မမြင်တော့ဘဲ အရိုးစုကြီးကိုဘဲမြင်
တော့တယ်။ ဒီတော့လောဘဟာဝင်
လို့ မရတော့ဘူး။

တစ်ဖန်ဝိပဿနာပေါ်ဆက်တင်တော့
မြင်ရတဲ့ အရာမှန်သမျှဟာ ပရမတ်ရုပ်
အဆင်းသာဖြစ်တယ်။ ပုဂ္ဂိုလ် သတ္တ၀ါ
မဟုတ်ဘူး။ ဒီအဆင်း ရုပ်ဟာလည်း
အမြဲဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲ။
အဆင်းနဲ့ မျက်စိအကြည်ရုပ်တို့ တိုက်
ဆိုင်နေတုန်း ဖြစ်လာတဲ့ မြင်သိစိတ်
ဟာလည်း အမြဲတမ်း ဖြစ်ပျက်နေတဲ့
အနိစ္စ တရားပဲလို့လည်း ဉာဏ်နဲ့ သိ
လိုက်ရော အဲဒီအမျိုးသမီးရှေ့မှာတင်
လေးမဂ် လေးဖိုလ်ရပြီး ရဟန္တာ ဖြစ်
သွားတယ်။

အမျိုးသမီးလည်း မြူစွယ်လို့မရမှန်းသိ
တော့ သူ့လမ်းသူ ဆက်သွားတာပေါ့။
ခဏကြာတော့ အဲဒီ အမျိုးသမီးရဲ့
ယောက်ျား နောက်ကလိုက်လာတယ်။
ရဟန်းကိုတွေ့တော့မေးတယ်။ အမျိုး
သမီးတစ်ယောက်ဖြတ်သွားတာမမြင်
လိုက်ဘူးလားတဲ့။ ရဟန်းကဖြေတယ်။
အရိုးစုကြီးတစ်ခုဖြတ်သွားတာပဲမြင်
လိုက်တယ်တဲ့။

စကားတစ်ခွန်းရှိတယ်။
ဝမ်းမီးကောင်းသူတွေအတွက် စားသ
မျှဟာ အာဟာရဖြစ်သလို၊ ၀ိပဿနာ
သတိရှိနေသူအတွက် တွေ့သမျှကြား
သမျှဟာ ရှုပွားစရာတရားအာရုံချည်း
ပဲပေါ့။ ဒါကြောင့် ၀ိပဿနာရှုပွားလို
တဲ့သူအတွက် နေရာ၊ အချိန်၊ အာရုံ
ဘာမှရွေးစရာမလိုဘူးလို့ မှတ်ထားပေါ့။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ

ငွေတိုး

ငွေတိုး

အရှင်ဘုရား
ဘုရား တပည့်တော်မ၏ မေးခွန်းသည်
ဤကဏ္ဍနှင့်မပတ်သတ်လျှင်သော်လည်း
ကောင်း လောကီ အရေးမို့ ဖြေလို့ မသင့်
လျှင်လည်းကောင်း၊ မဖြေပါနှင့်၊ မေးသည့်
အတွက်လည်း စာနာစိတ်နှင့် ခွင့်လွှတ်
တော်မူပါ ဘုရား။ တပည့်တော်မသည်
ငယ်စဉ်ကတည်းက မိဘဆရာသမားများ
ရဲ့ ဆုံးမသွန်သင်မှုကြောင့် ဘာသာရေးကို
ကိုင်းရှိုင်းခဲ့သူဖြစ်ပါတယ်။ ကံကံ၏အကျိုး
တရားကိုလည်း သက်ဝင်ယုံကြည်သူဖြစ်
ပါတယ်ဘုရား။

တပည့်တော်မသည် စီးပွားရေးကြောင့်
လည်းကောင်း၊ သူများမှ အတင်းချေးငှါး
ခြင်းကြောင့်လည်းကောင်း ငွေတိုးပေးစား
နေရပါသည်။ သူတို့ဆီမှ ငွေတိုးယူနေရ
ခြင်းကို စိတ်မချမ်းမသာဖြစ်နေရပါသည်။
ဤငွေတိုးပေးစားခြင်းသည် တပည့်တော်
မအပေါ်တွင် မည်ကဲ့သို့သော အပြစ်ကြီး
လေးမှုဖြစ်နိုင်ပါသနည်း။ အပြစ် ရှိ၊ မရှိ
ကို ဖြေကြားပေးတော်မူပါဘုရား။

မမြင့်မြင့်အေး
မင်္ဂလာဇေယျုံ ၂ လမ်း
ရန်မျိုးအောင်အနောက်ပိုင်း
မိတ္ထီလာမြို့။

ဖြေ။ ။ငွေတိုးပေးစားတာ အပြစ် ရှိ၊ မရှိ
မေးရာမှာ ငွေတိုးပေးစားတဲ့ အလုပ်ဟာ
သမ္မာအာဇီဝ ကောင်းတဲ့ မကဲ့ရဲ့ထိုက်
တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လား
မိစ္ဆာအာဇီဝ- ပညာရှိသူတော်ကောင်းများ
ရဲ့ ကဲ့ရဲ့ ရှုတ်ချထိုက်တဲ့ ယုတ်ညံ့တဲ့
အသက်မွေးဝမ်းကျောင်း အလုပ်လားဆို
တာ ကြည့်ရပါ့မယ်။

တစ်ဦးက အသုံးလိုတဲ့အတွက် အခြား
တစ်ဦးထံက ခေတ္တငွေကိုယူတယ်။
အခြားတစ်ဦးက သူလိုတဲ့ငွေကို ထောက်
ပံ့ကူညီတယ်။ ပေးတယ်။ ငွေယူသူကပြန်
ပေးတဲ့အခါ ကူညီပေးကမ်းသူက သူငွေ
ပြန်ပေးရတဲ့အတွက် သင့်လျော်တဲ့အတိုး
ကိုယူတယ်။ဒါအရောင်းအ၀ယ်ကုန်သွယ်
တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီလိုကျေကျေနပ်နပ် ပေးကြယူကြတဲ့
အတွက် ဒီအတိုးပေးတဲ့အလုပ်ကို တစုံ
တရာ အပြစ်မြင်စရာမရှိဘူးလို့ယဆပါ
တယ်။ ဘေးလူအနေနဲပလဲ အပြစ်မြင်
စရာမရှိဘူးလို့ ယူဆပါတယ်။ ဘေးလူ
အနေနဲ့လည်း အမြင်မကြည်စရာဘာမှ
ကဲ့ရဲ့စရာ ရှိမယ်မထင်ပါဘူး။ ဒါကြောင့်
ငွေတိုးပေးစားတဲ့အလုပ်ကို သမ္မာအာဇီ
ဝ ကောင်းတဲ့အလုပ်လို့ ပြောရမှာဖြစ်ပါ
တယ်။

ဒီငွေချေးတဲ့အလုပ်ကို နိုင်ငံတော်အစိုးရ
ကိုယ်တိုင် အသေးစားငွေချေးဌာန၊ အ
ကြီးစားစီးပွားရေးဘဏ်၊ ငွေစုဘဏ်စ
သည်ဖြင့် ငွေချေးဌာနတွေဖွင့်ပြီး တရား
ဝင်လုပ်နေတာတွေ ပုဂ္ဂလိကလုပ်ငန်းရှင်
တွေကိုလည်း လိုင်စင်တွေထုတ်ပေးပြီး
ငွေချေးလုပ်ငန်းလုပ်ခွင့်ပေးထားတာတွေ
အများကြီးတွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့
အ၀ှမ်းချီကာ ကမ္ဘာဘဏ်ကြီးဖွင့်ပြီးတစ်
ကမ္ဘာလုံးကို ငွေချေးနေတာလည်း အထင်
အရှားပါပဲ။ ဒါကြောင့်ငွေချေးတဲ့အလုပ်ကို
လုပ်နေရတဲ့အတွက် ဘာမှစိတ်ပျက်၊ စိတ်
မချမ်းသာဖြစ်စရာ မရှိဘူးလို့ ပြောလိုပါ
တယ်။

ဒါနဲ့ပတ်သတ်လို့ နည်းနည်းဆက်ပြောစရာ
ကျန်သေးတဲ့အတွက် ဆက်ပြောရင်ဒီငွေ
ချေးတဲ့ အလုပ်ဟာ လောကီရေးရာကိစ္စဖြစ်
တယ်။ လောကီရေးရာ ကိစ္စမှန်သမျှ ဘယ်
ကိစ္စမှ တစ်ဖက်သတ် အကောင်းချည်းပဲလို့
မဆိုနိုင်တဲ့ နိယာမအစဉ်အလာအတိုင်းငွေ
ချေးတဲ့ နေရာမှာလည်း မျှမျှတတမယူပဲငါး
ကျပ်တိုးလောက် ယူရမယ့် နေရာမှာ တစ်
ဆယ်တိုးလောက်ယူရင်ခေါင်းပုံဖြတ်အမြတ်
ကြီးစား ဖြစ်သွားပြီး အဒိန္နာဒါနနယ်ပယ်ထဲ
ရောက်သွားကာ သမ္မာအာဇီဝမဖြစ်ဘဲ မိစ္ဆာ
အာဇီဝ နယ်ပယ်ထဲရောက်သွားပြီးလို့ဆိုရ
မှာဖြစ်ပါတယ်။

ပေးရသူအနေနဲ့ သူ့ငွေမယူမဖြစ်လို့သာ ယူ
ရတယ်။ အတိုးကလည်းများလိုက်တာဆိုပြီး
မကျေမနပ်စိတ်နဲ့ ကသိကအောက် ဖြစ်မှာ
အမှန်၊ မတန်တဆအတိုးယူသူအနေနဲ့လည်း
မျက်မျက်ကလေးရလိုက်တဲ့အခိုက် လှိုက်လှဲ
ဝမ်းသာကျေနပ်မှုဖြစ်ရပေမယ့် သူ့ဝမ်းသာမှု
ဟာ ဓမ္မမဟုတ်ဘဲ အဓမ္မဖြစ်နေတဲ့အတွက်
သကြားဖုံးထားတဲ့ အဆိပ်လုံး မျိုရသလို ဖြစ်
တာမို့ မကြာခင် သူ့ကို ၀မ်းနည်း ကြေကွဲမှု
ဆင်းရဲဒုက္ခကိုပေးမှာ သေချာလှပါတယ်။

ဒါကြောင့် ငွေချေးငှါးတဲ့အလုပ်ကိုလုပ်ရာမှာ
ကာလဒေသ ပုဂ္ဂလကို ထောက်ဆညှိနှိုင်း
ကာ သင့်လျော်သောအတိုးယူခြင်းဖြင့်သမ္မာ
အာဇီဝဖြစ်အောင်လုပ်နိုင်ကြပါစေလို့ ပြော
လိုက်ရပါတယ်။

ဟံသာသီရိ

ရတနာမွန် မဂ္ဂဇင်း
အတွဲ - ၂၅၊ အမှတ် ၁၀။

“ကာလာမသုတ္တန်ရဲ့ အနှစ်ချုပ်”ကို ကြည့်မယ်ဆိုရင် . . .

“ကာလာမသုတ္တန်ရဲ့ အနှစ်ချုပ်”ကို ကြည့်မယ်ဆိုရင် . . .
(၁) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ 
-တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။
-Tradition ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ 
-လူပြော၊သူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။ 
-စာထဲမှာပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။ူ
-Logic နည်းနဲ့လည်း မဆုံးဖြတ်နဲ့။
-အနုမာန အတွေးအခေါ်မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။
-ကြောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့လည်း မဆုံးဖြတ်နဲ့။
-ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
-ဖြစ်နိုင်တယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
-တို့ဆရာပြောတဲ့စကား ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။
-ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ဆုံးဖြတ်ပါတဲ့။

(၂) ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့
လက်ခံကျင့်သုံးလို့ မကောင်းကျိုးတွေ ပေးမယ်ဆိုရင်
ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်း စွန့်လိုက်ပါ။

(၃) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ်
ဆိုရင် ချက်ချင်း ကျင့်သုံးပါ။

(၄) အဲဒီလို မကောင်းတာတွေကိုစွန့်ပယ်၊
ကောင်းတာတွေကို ကျင့်သုံးတဲ့ အခါမှာ အားလုံးအတွက်
“မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ဥပေက္ခာ”ဆိုတဲ့
ဗြဟ္မစိုရ်တရားများ ပွားများအားထုတ် ပြီးတော့နေပါ။

၅) အဲဒီလို အားထုတ်ပြီးတော့ နေလို့ရှိရင်
နောင်ဘဝ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ၊
အကုသိုလ်ကံရဲ့အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊
ဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာဘုရားက ဒီလို
အဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့
ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား
ဟောကြားဆုံးမတဲ့တရားကို နာယူမှတ်သားပြီး
မိမိတို့ဘဝမှာ တကယ် ဆင်ခြင်စဉ်းစားရမှာက
-အပြစ်ရှိတဲ့အရာလား၊အပြစ်မရှိတဲ့အရာလား၊
-အကုသိုလ်လား ကုသိုလ်လား၊
-ပညာရှိတွေ ကဲ့ရဲ့တဲ့အရာလား၊ ချီးမွမ်းတဲ့အရာလား၊
-လက်တွေ့ကျင့်သုံးလို့ရှိရင်
ကောင်းကျိုးချမ်းသာကို ပေးတတ်သလား ၊
ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်တယ်။

ဒီ အတိုင်းအတာတွေနဲ့ ဆင်ခြင်
သုံးသပ်ပြီး ကိုယ်ပိုငဉာဏ်ဖြင့်ဆုံးဖြတ်ကာ
လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

နောက်ဘုရားမျှော်သူတို့ ဆင်ခြင်တွေးတော ရမည့် အချက်ကား အဘယ်နည်း။

နောက်ဘုရားမျှော်သူတို့ ဆင်ခြင်တွေးတော
ရမည့် အချက်ကား အဘယ်နည်း။

နောင်ပွင့် လတ္တံ့သော အရိမိတ္တေယျဘုရားရှင်
အား စောင့်စားပြီးမှ ကျွတ်တန်း ၀င်လိုသူများ
အနေဖြင့် အောက်ဖော်ပြပါအချက်များကို အ
လေးအနက် စောကြော ဆင်ခြင် သုံးသပ်သင့်
ပါသည်။

၁။ ဂေါတမဘုရားရှင်ကို ဖူးတွေ့ရသူတိုင်း
ကျွတ်တန်း ၀င်ပါသလား။

၂။ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရပါလျက် ဒေဝ
ဒတ်ကဲ့သို့ အ၀ီစိရောက်သွားသူများ ကျွတ်တန်း
မ၀င်သူများလည်း မရှိပါသလော။

၃။ မိမိ အနေဖြင့် နောင်ဘုရားမပွင့်မှီ စပ်ကြား
အသင်္ချေ အနန္တ ရှည်ကြာလွန်းသော သံသရာ
ခရီးရှည်ကြီး တစ်လျှောက် မည်သည့်ဘုံဘ၀သို့
ကျရောက်နိုင်မည်ကို မည်သို့အာမခံချက်ပေးနိုင်
ပါမည်နည်း။

၎။ အရိမိတ္တေယျမြတ်စွာဘုရားပွင့်ချိန်တွင် မိမိ
သည် လူ့ဘုံဘ၀ ရောက်မည်။ အရိမိတ္တေယျ
ဘုရားရှင်ကို မုချ ဖူးတွေ့ရမည်ဟုလည်း တစ်
ထစ်ချမျှော်လင့်၍ ရနိုင်ပါမည်လော။

မင်းနန် မော်ကျွန်း
ဓမ္မလမ်းညွှန် စာစုမွန်

နှာသီးဝမှာ တိုးတဲ့ရုပ်သဘောကို အေးအေး ဆေးဆေးကြည့်နေနိုင်ပါတယ်။ ဒါပေမယ့် ပျောက်ပျောက်သွားပါတယ်။ ဘာကိုဆက် ရှုရမလဲ ။

နှာသီးဝမှာ တိုးတဲ့ရုပ်သဘောကို အေးအေး
ဆေးဆေးကြည့်နေနိုင်ပါတယ်။ ဒါပေမယ့်
ပျောက်ပျောက်သွားပါတယ်။ ဘာကိုဆက်
ရှုရမလဲ ။

နှာသီးဝမှာ တိုးတဲ့ရုပ်ကို အေးအေးဆေးဆေး
ရှုနိုင်တယ်ဆိုတာ ထိုက်သင့်တဲ့ သတိသမာဓိ
တွေ ရှိနေလို့ပါ။ ထွက်လေ၀င်လေ အာနာပါန
ကမ္မဋ္ဌာန်းရုပ်အာရုံတရားဟာ ဓမ္မသဘာဝကို
က သတိသမာဓိတွေ ကောင်းလာလေလေ
ပျောက်သလိုဖြစ်လာလေလေ နောက်ဆုံး
ကွယ်ပျောက်သွားတဲ့အထိ ဖြစ်တတ်တယ်။

တခြားကမ္မဋ္ဌာန်းတွေကတော့ သတိသမာဓိ
တွေ ကောင်းလေလေ အာရုံထင်ရှားလေလေ
ပါ။ သဘာဝချင်းကွာတယ်။

ရုပ်တရားနှင့် နာမ်တရားမှာ ရုပ်ကကြမ်းတမ်း
တယ်။ ထင်ရှားတယ်။ နာမ်ကသိမ်မွေ့တယ်။
နူးညံ့တယ်။ မထင်ရှားဘူး။ ရုပ်ကိုမြင်နိုင်တဲ့
သတိနဲ့ နာမကိုမြင်နိုင်တဲ့ သတိလည်း အား
အစွမ်းချင်း ကွာခြားတာပေါ့။

အလုပ်ကြမ်းသမားတွေက ထမင်းကြမ်းကိုသုံး
ဇလုံ လေးဇလုံစားရမှ အားရကျေနပ်တယ်။
နူးညံ့သိမ်မွေ့သူတွေက ဆန်ပျော့နဲ့ချက်တဲ့
ထမင်းနုနုကို စားရမှသဘောကျတယ်။ စား
လည်း တစ်ပန်းကန်လောက်နဲ့ပြီးတာပါပဲ။

အဲဒီလိုပဲ ရုပ်တရားကို ကြည့်နေတဲ့ သတိ
သမာဓိတွေဟာ တဖြည်းဖြည်းနဲ့ အားကောင်း
လာတော့ နာမ်သဘောကိုပဲ လှမ်းကြည့်လိုက်
တော့တယ်။ ဒီတော့ ရုပ်အာရုံဟာ မရှိတော့
ဘူး။ ပျောက်သွားတယ်လို့ ယူဆလိုက်ကြတယ်။

စ စချင်း နာမ်တရားကိုတွေ့လိုက်ပေမယ့်ရုပ်
အာရုံကိုပဲ ကြည့်မယ်ဆိုတဲ့အသိကြောင့် ဟယ်
ဘာမှမရှိတော့ပါလား ရုပ်လည်းပျောက်သွားပြီ
လို့ အံ့သြမှုစိတ် ဖြစ်လာတယ်။ ကိလေသာဝင်
သွားတယ် ခေါ်တာပေါ့။ နာမ်တရားက အာရုံ
ထင်ရှားပေမယ့် ကိလေသာဝင်လိုက်တဲ့အတွက်
သတိ သမာဓိတွေ အားလျော့ပြီး အရှုခံနဲ့အရှု
ဉာဏ်လွတ်ထွက်သွားတယ်။

တကယ်ဆက်ပြီး ရှုရမှာက ရုပ်သဘော မရှိတာ
ကို သိနေတဲ့ နာမ်သဘော ဒီအာရုံနာမ်သဘော
ကိုပဲ ထပ်ခါထပ်ခါ ခဏတိုင်း ခဏတိုင်း သတိ
ကပ်ပြီး ဆက်ရှုနေရတယ်။ ဒါပေမယ့် ရုပ်ရဲ့တိုး
တဲ့ သဘောကိုပဲ ရှုရမှာလို့ အထင်နဲ့ပြန်ပြီးရှာနေ
တတ်ကြတယ်။ မတွေ့ရင်မှားတယ်လို့ ယူဆပြီး
မတိုး တိုးအောင် မထင်ရှား ထင်ရှားအောင် လုပ်
ယူတတ်ကြတယ်။ လုပ်ယူတာဟာ အမှားဆုံးပဲ။

ရုပ်ကိုမြင်တဲ့ သမာဓိဉာဏ်ထက်နာမ်ကိုမြင်တဲ့
သတိသမာဓိဉာဏ်က အဆင့်မြင့်တယ်။ ပိုပြီး
သတ္တိကောင်းတယ်။ နာမ်သဘောကိုတွေ့မိပါ
လျက် မရှုတတ်ဖြစ်ဖြစ် ရုပ်ကိုပဲရှုရမယ်ထင်လို့
ဖြစ်ဖြစ် ရုပ်ကိုပြန်ရှာရင် တက္ကသိုလ်ဘွဲ့ ရပြီးမှ
ဆယ်တန်းပြန်ဖြေသလို ဖြစ်နေတာပေါ့။
ထင်ရှားတဲ့ နာမ်သဘောကို သတိသမာဓိနဲ့ကပ်
ပြီး သိအောင် ကြိုးစားစမ်းပါ။

ထင်ရှားတဲ့ သဘောကိုကြည့်နေနိုင်မှ ၀ိပဿနာ
ဖြစ်မယ်။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်း အမေးအဖြေများ ၁

Wednesday, May 21, 2014

ဘုရားရှင်တို့၏ ဉာဏ်တော် ၁၀-ပါး နှင့် အသုံးချတော်မူပုံ

၁။ ဌာနာဌာန ကောသလ္လ ဉာဏ်တော်

အကြောင်းဟုတ်၊ မဟုတ်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၂။ ဝိပါက ဉာဏ်တော်

ကောင်းကျိုး ၊ မကောင်းကျိုးကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၃။ သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဉာဏ်တော်

သတ္တ၀ါတို့လားရာ ၊ရောက်ရာကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၎။ အနေကဓာတု နာနာဓာတု ဉာဏ်တော်

အထူးထူးသော ဓာတ်သဘောများကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၅။ နာနာဓိမုတ္တိက ဉာဏ်တော်

သတ္တ၀ါတို့၏ ဆန္ဒအလိုကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၆။ ဣနြ္ဒိယ ပရောပရိယတ္တိ ဉာဏ်တော်

လူ၊ နတ်၊ ဗြဟ္မာတို့၏ ဣနြေ္ဒအနုအရင့်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)



၇။ ဈာနဝိမောက္ခ သမာဓိသမာပတ္တိ (ဝါ) ဈာနဒိသံကိလေသ ဉာဏ်တော်

ဈာန်၊ ဝိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသောအရပ်သို့ပင် ကြွရောက် တော်မူပါသည်။)



၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်

ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို မဖောက်မပြန် ဧကန်မယွင်းသိမြင်တော်မူခြင်း။

(ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)



၉။ စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခု ဉာဏ်တော်

သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်းတို့ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)



၁၀။ အာသ၀က္ခယ ဉာဏ်တော်

အာသဝေါတရား၊ ကိလေသာမာန် ဘေးရန်ခပင်းကုန်ခန်းခြင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။

(သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်)